ဤကမ်းလှမ်းချက်ကို ကြားလိုက်ရချိန်တွင် ဝမ်ရွှမ်တယ်က အလောတကြီးပင် ဆိုလိုက်၏။ "အတော်ပဲပေါ့... တကယ့်ကို အဆင်ပြေပါတယ်"
ညွှန်ကြားရေးမှူးယန်၏ ဇနီးကို ကုသပေးခွင့်ရခြင်းမှာ တစ်သက်တွင် တစ်ခါသာ ကြုံရခဲသည့် အခွင့်အရေး ဖြစ်ပေသည်။ သူ၏ ဆေးပညာ လမ်းစဉ်၌ အောင်မြင်မှုများကို ထုတ်ဖော်ပြသရန် အကောင်းဆုံး အချိန်ပင် မဟုတ်ပါလား။
ယဲ့ပုဖန်ကလည်း အေးအေးလူလူပင် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော့်ဘက်ကလည်း ကန့်ကွက်စရာ မရှိပါဘူး"
ယန်ကျန့်သောက်က "ဒါဆိုရင် ကျွန်တော့်ဇနီးကို ကြည့်ပေးဖို့ ခင်ဗျားတို့ နှစ်ယောက်လုံးကို ဒုက္ခပေးရတော့မှာပဲ" ဟု ဆိုလေသည်။
သူ စကားပြောပြီးနောက် လျီဟုန်ရှို့သည် ရှေ့သို့ လှမ်းလာကာ သူတို့နှစ်ဦးအား ယဉ်ကျေးစွာ ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ သူမသည် စကားတစ်ခွန်းမျှ မဆိုသော်လည်း သူမ၏ ကိုယ်ပေါ်မှ မြင့်မြတ်သော အရှိန်အဝါများမှာ လူအများအား အလိုလို ရိုသေလေးစားမှု ဖြစ်ပေါ်စေလေသည်။
ဝမ်ရွှမ်တယ်က "ကျွန်တော် အရင်ဆုံး သခင်မလျီရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပါရစေ" ဟု ပြောလိုက်သည်။
ထို့နောက် သူသည် လျီဟုန်ရှို့အား သူ၏ ရှေ့တွင် ထိုင်ခိုင်းလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သူမ၏ သွေးခုန်နှုန်းကို အလွန်အမင်း အာရုံစိုက်၍ စမ်းသပ်တော့သည်။
သုံးမိနစ်ခန့် ကြာပြီးနောက် သူ၏ ညာလက်ကို ပြန်ရုပ်သိမ်းလိုက်ကာ "ညွှန်ကြားရေးမှူးယန်... ကျွန်တော့်ဘက်ကတော့ ရလဒ် ထွက်လာပါပြီ" ဟု ဆို၏။
ယန်ကျန့်သောက်က ယဲ့ပုဖန်အား လှမ်းကြည့်လိုက်သည်။ "လူငယ်လေး... မင်းအလှည့် ရောက်ပြီ"
လျီဟုန်ရှို့သည်လည်း မတ်တပ်ရပ်လိုက်ကာ ယဲ့ပုဖန်ထံသို့ လျှောက်သွား၍ သွေးခုန်နှုန်း အစမ်းသပ်ခံရန် ပြင်လိုက်သော်လည်း ယဲ့ပုဖန်က လက်ကာပြလိုက်သည်။ "မလိုပါဘူး... ခင်ဗျားဇနီးရဲ့ ရောဂါ အကြောင်းကို ကျွန်တော် သေချာ သိရှိပြီးသားပါ"
သူ၏ စကားကြောင့် လူတိုင်းမှာ အံ့ဩမှင်သက်သွားကြသလို လျီဟုန်ရှို့၏ မျက်နှာပေါ်တွင်လည်း အံ့ဩမှု အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
ယန်ကျန့်သောက်က မျက်မှောင်ကြုတ်လိုက်မိ၏။ "လူငယ်လေး... မင်းက သူမရဲ့ သွေးခုန်နှုန်းကိုတောင် မစမ်းသပ်ရသေးဘူးလေ။ အဲဒါက နည်းနည်းတော့ စောလွန်းမနေဘူးလား"
သူသည် မူလက ဤလူငယ်အပေါ် စိတ်ဝင်စားမှု အနည်းငယ် ရှိခဲ့သော်လည်း ယခုမူ စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်ထွက်လာချေပြီ။ ၎င်းမှာ အစွမ်းအစ အစစ်အမှန် မရှိဘဲ လူမြင်ကောင်းအောင် ဟန်ဆောင်နေခြင်းဟု သူ ယူဆလိုက်မိသည်။
မြေခွေးအိုကြီး ဝမ်ရွှမ်တယ်မှာမူ ထိုအခြေအနေကို မြင်သည်နှင့် ရင်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ တစ်ဖက်လူအပေါ် ယန်ကျန့်သောက်က မကျေမနပ် ဖြစ်သွားခြင်းမှာ သူ့အတွက် အကြီးမားဆုံးသော အသာစီးရမှုပင် မဟုတ်ပါလား။
ယဲ့ပုဖန်ကမူ ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ "ညွှန်ကြားရေးမှူးယန် အထင် မှားနေပါပြီ။ တိုင်းရင်းဆေးပညာမှာ ကြည့်၊ နားထောင်၊ မေး၊ စမ်းသပ် ဆိုတဲ့ နည်းစနစ် လေးမျိုး ရှိပါတယ်။ အခုလေးတင် ခင်ဗျားဇနီးရဲ့ အခြေအနေကို ကျွန်တော် ကြည့်ရှုစစ်ဆေးခြင်း နည်းစနစ်နဲ့ အဖြေရှာပြီးသားပါ"
"ဟမ့်..."
ယဲ့ပုဖန် စကားအဆုံးတွင် ဝမ်ရွှမ်တယ်က ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်တော့သည်။ "ကောင်လေး... ငါ ဆေးကုလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာတောင် ကြည့်ရှုစစ်ဆေးခြင်း နည်းစနစ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီလို့ မပြောရဲသေးဘူး။ မင်းက ဒီလောက် ငယ်ငယ်လေးနဲ့ အပြောကြီးလှချည်လား။ ကျန်တဲ့လူတွေ အားလုံးကို အပျော်တမ်းသမားတွေလို့ မင်း ထင်နေတာလား"
ယဲ့ပုဖန်က "အမှန်လား၊ အမှားလား ဆိုတာကတော့ လက်တွေ့ လုပ်ကြည့်ရင် သိရမှာပါပဲ" ဟု အေးဆေးစွာ ဆိုလိုက်သည်။
သူ၏ စကားကြောင့် လျီဟုန်ရှို့မှာ စိတ်ဝင်စားသွားကာ မေးလိုက်၏။ "လူငယ်လေး... ဒါဆို ပြောပြပါဦး။ ငါ့ရဲ့ ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်နေလို့လဲ"
ယဲ့ပုဖန်က ရှင်းပြလေသည်။ "ခြုံငုံကြည့်ရရင်တော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က တော်တော်လေး ကျန်းမာပါတယ်။ တစ်ခုတည်းသော ပြဿနာက ခင်ဗျားရဲ့ လည်ပင်းရိုး အဆစ်တွေမှာပဲ။ ခင်ဗျား ခံစားနေရတဲ့ လက္ခဏာတွေကတော့ ခေါင်းမူးတာ၊ အမြင်အာရုံ ဝေဝါးတာနဲ့ တစ်ခါတစ်ရံမှာ ပျို့အန်ချင်သလို ဖြစ်တတ်တာတွေပဲ မဟုတ်လား"
သူ၏ စကားအဆုံးတွင် လျီဟုန်ရှို့နှင့် သူမ၏ ခင်ပွန်းတို့မှာ မျက်နှာပျက်သွားကြတော့သည်။ တစ်ဖက်လူ ပြောဆိုသမျှမှာ ထပ်တူကျနေခြင်းကြောင့် ဖြစ်၏။
ယန်ကျန့်သောက်က ဝမ်ရွှမ်တယ်အား လှမ်းကြည့်လိုက်သည်။ "သခင်ကြီးဝမ်... ခင်ဗျားရဲ့ ရောဂါရှာဖွေမှု ရလဒ်ကရော ဘာလဲ"
"သူပြောတာ မှန်ပါတယ်။ သခင်မလျီမှာ ဇက်ကြောတက် ရောဂါ ရှိနေတာပါ"
ဝမ်ရွှမ်တယ်က ထိုသို့ ပြောလိုက်သော်လည်း ရင်ထဲတွင်မူ မွန်းကျပ်မှုများ ဖြစ်ပေါ်နေလေသည်။ တစ်ဖက်လူသည် သွေးခုန်နှုန်းကိုပင် မစမ်းသပ်ဘဲ သူနှင့် တူညီသော ရလဒ်ကို ဖော်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ဤသည်မှာ မည်သူက ပို၍ စွမ်းဆောင်ရည် မြင့်မားသည်ကို အစကတည်းက သိသာစေခဲ့ပြီး သူသည် အရှုံးဘက်သို့ စတင် ရောက်ရှိသွားချေပြီ။
ထို့နောက် သူက ထပ်လောင်း ပြောဆိုလိုက်ပြန်သည်။ "ဒါပေမဲ့... ဇက်ကြောတက် ရောဂါ ရှိတယ် ဆိုတာကို သိရုံလောက်နဲ့ကတော့ အပေါ်ယံ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကို ပိုပြီး နက်နက်နဲနဲ မသိဘဲနဲ့တော့ လုံးဝ ပျောက်ကင်းအောင် ကုနိုင်မှာ မဟုတ်ဘူး။ မဟုတ်ရင်လည်း တခြားနေရာတွေမှာ ကုသတာ ကြာလှပေါ့... ဒီအဘိုးကြီးရဲ့ ဆေးခန်းအထိ ရောက်လာစရာ မလိုပါဘူး"
ဤနေရာသို့ ရောက်သောအခါ သူသည် မိမိကိုယ်မိမိ ယုံကြည်မှုများ ပြန်လည် ရရှိလာဟန်ဖြင့် မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အသွင်တစ်ခု ပေါ်လာတော့သည်။
ယန်ကျန့်သောက် ဆိုသည်မှာ ဘယ်သူနည်း။
သူသည် တစ်နိုင်ငံလုံးရှိ ဆေးပညာလောကကို အုပ်ချုပ်နေသူဖြစ်ပြီး ဆေးပညာဆိုင်ရာ အရင်းအမြစ် အားလုံးကို လက်ဝယ်ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ ဇနီးကို ကုသပေးရန်အတွက် သမားတော်ပေါင်း များစွာက တိုးဝှေ့နေကြမည်မှာ သေချာလှပေသည်။
အကယ်၍သာ ၎င်းမှာ သာမန် ရောဂါတစ်ခု ဖြစ်ပါက ကြာလှပေါ့ ပျောက်ကင်းနေခဲ့ပြီ ဖြစ်သည်။ ယခုတိုင် မပျောက်ကင်းသဖြင့်သာ နတ်အပ်ဘုရင် ဆေးခန်းထံသို့ ရောက်လာရခြင်း မဟုတ်ပါလား။
ယဲ့ပုဖန်၏ နှုတ်ခမ်းစွန်းများမှာ အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားသည်။ ဒီအဘိုးကြီးက ကြွားချင်နေမှတော့ သူကပဲ ဗြောင်ကျကျ ဖွင့်ချပေးလိုက်တော့မည်။
"တကယ်တော့ ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ သခင်မလျီရဲ့ ခါးရိုးအာရုံကြောမကြီး လမ်းကြောင်းက မွေးရာပါ ကျဉ်းမြောင်းနေတာကြောင့်ပါ"
"ဒါ့အပြင်... အထဲမှာရှိတဲ့ အာရုံကြောတွေက ခရုပတ်ပုံစံ ဖြစ်နေတယ်။ ဆိုလိုတာက ခွဲစိတ်ကုသမှု လုံးဝ လုပ်လို့မရသလို ကုသမှု နည်းလမ်း အများအပြားကလည်း သူမနဲ့ မကိုက်ညီဘူး ဖြစ်နေတာပဲ"
ယဲ့ပုဖန် စကားပြောအပြီးတွင် ယန်ကျန့်သောက်ရော၊ ဝမ်ရွှမ်တယ်ပါ ထိတ်လန့်သွားကြတော့သည်။ ဇက်ကြောတက် ရောဂါကို အကဲခတ်ရုံဖြင့် သိနိုင်သည်မှာ ထားပါတော့...။ ယခုကဲ့သို့ အသေးစိတ် ကျလှသော အာရုံကြောများ၏ ပုံစံနှင့် မွေးရာပါ အခြေအနေကိုပါ သိမြင်နေခြင်းမှာ တကယ်ပဲ လူသားတစ်ယောက် လုပ်နိုင်သည့် အရာလား။
သူ့မှာ နတ်မျက်စိများ ရှိနေလို့လား။
အထူးသဖြင့် ဝမ်ရွှမ်တယ်မှာ ပို၍ပင် ထိတ်လန့်နေမိသည်။ သူသည် သုံးမိနစ် အပြည့် သွေးခုန်နှုန်းကို စမ်းသပ်ခဲ့ရပြီးမှ အသေအချာ စဉ်းစားကာ သူ၏ စွမ်းဆောင်ရည် အားလုံးကို အသုံးချပြီး ယခု ရလဒ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူကမူ သွေးခုန်နှုန်းကိုပင် မထိဘဲ တစ်ချက် ကြည့်ရုံဖြင့် ဤရလဒ်ကို ပြောနိုင်ခဲ့ချေပြီ။
၎င်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။ အကယ်၍ တစ်ဖက်လူမှာ ညွှန်ကြားရေးမှူးယန်၏ ဇနီးသာ မဟုတ်ပါက ယဲ့ပုဖန် တစ်စုံတစ်ယောက်နှင့် ပူးပေါင်း၍ သူ့ကို လိမ်နေသည်ဟု သူ သေချာပေါက် ယူဆမိပေလိမ့်မည်။
ယခုအခါ ယန်ကျန့်သောက်၏ ယဲ့ပုဖန်အပေါ် ထားရှိသော အမြင်မှာ လုံးဝ ပြောင်းလဲသွားချေပြီ။ အနှီ လူငယ်သည် အပြောကြီးနေခြင်း မဟုတ်ဘဲ အစွမ်းအစ အစစ်အမှန် ရှိနေခြင်း ဖြစ်ပေသည်။
"လူငယ်လေး... မင်းက တကယ့်ကို ထူးချွန်တာပဲ"
လျီဟုန်ရှို့ကလည်း ထောက်ခံလိုက်၏။ "ဒီလူငယ်လေးက တကယ့်ကို အံ့မခန်းပါပဲ။ ငါ့ရဲ့ ရောဂါကို ဆေးရုံကြီးပေါင်း များစွာမှာ စစ်ဆေးမှုတွေ အထပ်ထပ် လုပ်ခဲ့ပြီးမှ သိခဲ့ရတာ။ မင်းက တစ်ချက် ကြည့်ရုံနဲ့ သိနိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်"
ဇနီးမောင်နှံနှစ်ဦး၏ ချီးကျူးမှုကို ကြားရသောအခါ ဝမ်ရွှမ်တယ်မှာ အလွန်အမင်း မကျေမနပ် ဖြစ်သွားတော့သည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "ရောဂါရှာဖွေတာက အခြေခံ အဆင့်ပဲ ရှိသေးတာပါ။ သမားတော် တစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်ဖို့ပဲ" ဟု ဆိုလေသည်။
"မှန်ပါတယ်... ဒါက ပထမ အဆင့်ပဲ ရှိသေးတာမို့ ပြိုင်ပွဲရဲ့ ရလဒ်ကို မဆုံးဖြတ်နိုင်သေးပါဘူး"
ယန်ကျန့်သောက်က ထိုနှစ်ဦးအား ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်လုံးမှာ ကျွန်တော့်ဇနီးရဲ့ ရောဂါကို ကုသပေးနိုင်မယ့် နည်းလမ်းကောင်းတွေ ရှိကြလား"
ဝမ်ရွှမ်တယ်သည် အရှုံးဘက်သို့ ရောက်နေပြီ ဖြစ်ရာ အခြေအနေကို ပြန်လည် ဆယ်ယူရန်အတွက် အရင်ဆုံး ဦးအောင် ပြောလိုက်သည်။ "ဒီအဘိုးကြီး ဆေးကုလာတာ နှစ်တွေ မနည်းတော့ပါဘူး။ ဒီလောက် ဇက်ကြောတက် ရောဂါလေးကတော့ ငါ့ကို ဒုက္ခမပေးနိုင်ပါဘူး"
"တကယ်လို့ သခင်မလျီသာ ကျွန်တော့်ရဲ့ ဆေးခန်းမှာ ကုသမှု ခံယူမယ်ဆိုရင်... အနှိပ်အတတ်၊ အပ်စိုက်အတတ်နဲ့ ဆေးရည်တွေကို ပေါင်းစပ်အသုံးပြုပြီး သုံးရက်အတွင်းမှာ အမြစ်ပြတ် ပျောက်ကင်းစေရမယ်လို့ ကျွန်တော် အာမခံပါတယ်"
လျီဟုန်ရှို့၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမသည် အနောက်တိုင်း ဆေးပညာရှင်ပေါင်း များစွာနှင့် ပြသခဲ့ဖူးသော်လည်း ထိန်းသိမ်းကုသသည့် နည်းလမ်းမှလွဲ၍ ထိရောက်သော နည်းလမ်း မရှိခဲ့ချေ။
အနောက်တိုင်း ဆေးပညာအရ ဇက်ကြောတက် ရောဂါအတွက် အကောင်းဆုံး နည်းလမ်းမှာ ခွဲစိတ်ခြင်း ဖြစ်သော်လည်း သူမ၏ အခြေအနေမှာ ခွဲစိတ်ရန် မသင့်တော်ပေ။ ထို့ကြောင့်သာ ကူကယ်ရာမဲ့စွာဖြင့် "နတ်အပ်ဘုရင်" ဆေးခန်းသို့ ရောက်လာခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သုံးရက်အတွင်း ပျောက်ကင်းနိုင်မည် ဆိုပါက ၎င်းမှာ တကယ်ကို ကောင်းမွန်သော ကိစ္စပင်…။
ယန်ကျန့်သောက်ကလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ယဲ့ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "လူငယ်လေး... မင်းရဲ့ ကုသမှု အစီအစဉ်နဲ့ အာနိသင်ကိုလည်း ပြောပြပါဦး"
ယဲ့ပုဖန်က လက်နှစ်ချောင်းကို ကြက်ခြေခတ် ပုံစံဖြင့် မြှောက်ပြလိုက်သော်လည်း သူ စကား မပြောရသေးခင်မှာပင် ဝမ်ကော်အန်းက ဝင်ရောက် လှောင်ပြောင်လိုက်တော့သည်။
"ဆယ်လ တောင် ကြာမှာလား။ ငါ့အဖိုးရဲ့ သုံးရက်နဲ့ ယှဉ်ရင်တော့ အများကြီးကို ကွာခြားလွန်းနေတာပဲ"
အစောပိုင်းက သူ၏ အဖိုး အသာစီး မရခဲ့သည်ကို သူ အလွန် မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်ရာ အခြေအနေ အနည်းငယ် ပြန်လည် ကောင်းမွန်လာသည်နှင့် သူက ချက်ချင်းပင် လှောင်ပြောင်တော့သည်။
"အပိုတွေ ပြောမနေနဲ့... ဒါက ရိုင်းစိုင်းရာ ကျတယ်"
ဝမ်ရွှမ်တယ်က ဝမ်ကော်အန်းအား စိုက်ကြည့်ကာ ဟန့်တားလိုက်ပြီးမှ ဆက်ပြောလေသည်။ "သူက အသက် ၂၀ ကျော်ပဲ ရှိသေးတာလေ။ ဆေးပညာကို လေ့လာခဲ့တာလည်း နှစ်အများကြီး မရှိသေးဘူး"
"တကယ်လို့ သူသာ သခင်မလျီရဲ့ ရောဂါကို ဆယ်လအတွင်း ကုပေးနိုင်မယ် ဆိုရင်တောင် အဲဒါက တကယ့်ကို ရှားပါးပြီး တန်ဖိုးရှိတဲ့ စွမ်းဆောင်ရည် တစ်ခုပဲပေါ့"
ဝမ်ကော်အန်းက အမြန်အဆန်ပင် ပြန်ပြောလိုက်သည်။ "အဖိုး ဆုံးမတာ မှန်ပါတယ်... ကျွန်တော် မှားသွားပါတယ်။ သူ့ကို အဖိုးနဲ့ လာယှဉ်မိတာ ကျွန်တော့်အမှားပါ"
အဖိုးနှင့် မြေးတို့မှာ တစ်ဦးကို တစ်ဦး အပေးအယူတည့်စွာဖြင့် ဆုံးမနေသယောင် ပြုမူနေသော်လည်း တကယ်တမ်းတွင်မူ တစ်ဖက်လူကို သိမ်သိမ်မွေ့မွေ့ နှိမ်ချကာ မိမိတို့ကိုယ်မိမိ မြှောက်ပင့်နေကြခြင်းသာ ဖြစ်ပေသည်။
ယဲ့ပုဖန်ကမူ ဂရုမစိုက်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလိုက်သည်။ "ကျွန်တော်က ဘယ်တုန်းက ဆယ်လ ကြာမယ်လို့ ပြောလို့လဲ"
ဝမ်ကော်အန်းက လှောင်ပြောင်လိုက်ပြန်သည်။ "ဆယ်လ မဟုတ်ရင် ဆယ်ရက်ပေါ့... ဟုတ်လား"
ယဲ့ပုဖန်က ခေါင်းယမ်းပြကာ ပြောလိုက်၏။ "ဆယ်ရက် ဆိုတာကလည်း အရမ်း ကြာလွန်းပါတယ်။ ကျွန်တော် ပြောတာက... ဆယ်မိနစ်ပါ"
သူ၏ စကားအဆုံးတွင် ဘေးပတ်ဝန်းကျင်မှ လူများကြား၌ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ဒီလူငယ်လေးက ကြွားနေတာလား။ သခင်ကြီးဝမ်က သုံးရက် ကြာမယ်လို့ ပြောတာကို သူက ဆယ်မိနစ်တည်းနဲ့တဲ့..."
"ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဇက်ကြောတက် ရောဂါအကြောင်း ငါ သိတယ်။ အဲဒါက ကုရတာ အရမ်း ဒုက္ခများတာ။ ဘယ်လိုလုပ် ဆယ်မိနစ်တည်းနဲ့ ပျောက်နိုင်မှာလဲ..."
"မပြောနိုင်ဘူးလေ... ခုနက သူ ရောဂါရှာတုန်းက သွေးခုန်နှုန်းတောင် မစမ်းဘဲ မှန်အောင် ပြောနိုင်ခဲ့တာပဲ။ ငါတော့ ဒီလူငယ်လေးကို မျှော်လင့်ချက် ထားမိတယ်။ သူက တကယ့် ပညာရှင်ကြီး တစ်ယောက် ဖြစ်နေမလားပဲ..."
***