"ဆယ်မိနစ် ဟုတ်လား... ဒါက ဘယ်လို ကမ္ဘာကျော် ဟာသကြီးလဲ။ ငါ့အဖိုးက သုံးရက် ကြာမယ်လို့ ပြောတာကို မင်းက ဆယ်မိနစ်တည်းနဲ့တဲ့။ အခုခေတ်မှာ ကြွားလုံးထုတ်ရတာ တကယ်ပဲ အရင်းအနှီး မလိုတာကိုး" ဝမ်ကော်အန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ခဏမျှ မှင်သက်သွားပြီးနောက် ချက်ချင်းပင် နှာခေါင်းရှုံ့ လှောင်ပြောင်တော့သည်။
ဝမ်ရွှမ်တယ်ကလည်း ပို၍ပင် ခေါင်းယမ်းလိုက်ကာ "လူငယ်လေး... မင်း တကယ်ကို အနိမ့်အမြင့် မသိတာပဲ" ဟု ဆိုလေသည်။
ယဲ့ပုဖန်သည် အစောပိုင်းက လျီဟုန်ရှို့၏ ရောဂါအခြေအနေကို ကြည့်ရုံဖြင့် မှန်ကန်အောင် ပြောနိုင်ခဲ့သဖြင့် သူ အနည်းငယ် ဖိအားဝင်ခဲ့သော်လည်း ယခုမူ ထိုသို့ စိုးရိမ်ရန် မလိုတော့ဟု သူ ယူဆလိုက်သည်။ ဤလူငယ်သည် စွမ်းဆောင်ရည် အစစ်အမှန် မရှိဘဲ နှုတ်သီးကောင်း လျှာရှည်နေသူ တစ်ဦးသာ ဖြစ်ရမည်ဟု သူ တစ်ထိုက်တည်း ဆုံးဖြတ်လိုက်ချေပြီ။
လျီဟုန်ရှို့က "လူငယ်လေး... မင်း တကယ်ပဲ အတည်ပြောနေတာလား" ဟု မေးလိုက်၏။
ယဲ့ပုဖန်က "သေချာပေါက်ပေါ့... အမှန်လား၊ အမှားလား ဆိုတာကတော့ လက်တွေ့ လုပ်ကြည့်ရင် သိရမှာပါ" ဟု ပြန်ဖြေလေသည်။
ယန်ကျန့်သောက်သည်လည်း မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေသော်လည်း "ဒါဆိုရင် မင်း ငါ့ဇနီးကို ဘယ်လို နည်းလမ်းနဲ့ ကုသပေးမှာလဲ" ဟု မေးလိုက်သည်။
"အပ်စိုက်ကုသတဲ့ နည်းလမ်းပါပဲ။ ဒီရောဂါအတွက်ဆိုရင် အပ်အနည်းငယ် စိုက်လိုက်ရုံနဲ့ လုံလောက်ပါတယ်"
"အဓိပ္ပါယ် မရှိတာ"
ဝမ်ရွှမ်တယ်က ခေါင်းယမ်းလျက် ဆို၏။ "ငါ့ကိုယ်ငါ နတ်အပ်ဘုရင် လို့ ခေါ်ဆိုထားသလို ငါလည်း ဒီရောဂါကို အပ်စိုက်ပြီး ကုသနိုင်တယ်။ ဒါပေမဲ့ အနည်းဆုံး သုံးရက်တော့ ကြာလိမ့်မယ်။ အဲဒါတောင် ဆေးရည်တွေနဲ့ အနှိပ်အတတ်တွေရဲ့ အကူအညီ ပါမှနော်။ အပ်စိုက်နည်း တစ်မျိုးတည်းနဲ့ ဆိုရင်တော့ အနည်းဆုံး တစ်လခွဲလောက် ကြာမှာပဲ။ မင်းက ဆယ်မိနစ်တည်းနဲ့ ကုနိုင်တယ်လို့ ပြောနေတာက တကယ်ကို ဟာသပဲ"
ယဲ့ပုဖန်က "နတ်အပ်ဘုရင် ဆိုတဲ့ ဘွဲ့ထူးက ခင်ဗျားဘာသာ ပေးထားတာလို့ ခင်ဗျားကိုယ်တိုင် ပြောခဲ့တာပဲလေ။ ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆိုရင် အဲဒီ စာလုံးသုံးလုံးနဲ့ လုံးဝ မထိုက်တန်ပါဘူး" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။
"မင်း... မင်းလို နို့နံ့မစင်သေးတဲ့ ကောင်လေးက အပြောတော့ ကောင်းလှချည်လား"
ဝမ်ရွှမ်တယ်မှာ ဒေါသထွက်ချင်သော်လည်း နောက်ဆုံးတွင် သူ၏ အဆင့်အတန်းနှင့် မလျော်ညီဟု ယူဆကာ ထိန်းချုပ်လိုက်သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "ဆယ်မိနစ်ကို ထားလိုက်ဦး။ တကယ်လို့ မင်းသာ သခင်မလျီရဲ့ ရောဂါကို နာရီဝက်အတွင်း ပျောက်အောင် ကုနိုင်ရင် ဒီပွဲမှာ ငါ အရှုံးပေးလိုက်မယ်" ဟု ဆိုလေသည်။
"ကျွန်တော် ဆယ်မိနစ်လို့ ပြောရင် ဆယ်မိနစ်ပါပဲ။ တစ်မိနစ် ပိုသွားရင်တောင် ကျွန်တော် အရှုံးပေးပါတယ်"
ယဲ့ပုဖန်က လျီဟုန်ရှို့အား ကြည့်ကာ "သခင်မလျီ... ကျွန်တော် အပ်စိုက်နိုင်အောင် ဒီမှာ ခဏလောက် ထိုင်ပေးပါ" ဟု ပြောလိုက်သည်။
လျီဟုန်ရှို့မှာ ဘာမှ ထပ်မပြောတော့ဘဲ ကုလားထိုင်ကို ဆွဲယူကာ ထိုင်လိုက်သည်။ ယဲ့ပုဖန်သည် သူမ၏ နောက်ဘက်သို့ လျှောက်သွားပြီး အပ်အိတ်ကို ထုတ်ယူလိုက်သည်။ သူသည် ကြိုးကြာပျံ ရွှေအပ်များကို အသုံးမပြုဘဲ သာမန် ငွေအပ်များကိုသာ အသုံးပြုလေသည်။
ဤအခိုက်အတန့်တွင် မြင်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ လူတိုင်း၏ မျက်လုံးများမှာ လူငယ်လေး၏ လက်ထဲရှိ ငွေအပ်များပေါ်သို့ စူးစိုက်ကျရောက်နေပြီး သူသည် ထိုကဲ့သို့သော ဆေးပညာ အစွမ်းအစ အစစ်အမှန် ရှိ၊ မရှိကို ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။
ယဲ့ပုဖန်သည် အလွန်အမင်း အာရုံစူးစိုက်ထားပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် လျီဟုန်ရှို့၏ နောက်ကျောနှင့် လည်ပင်းရှိ အဓိက အပ်စိုက်မှတ် ဆယ်ဂဏန်းကျော်ဆီသို့ ငွေအပ်များကို ထိုးစိုက်လိုက်တော့သည်။
သူ၏ အပ်စိုက်သည့် နည်းစနစ်ကို မြင်လိုက်ရချိန်တွင် ဝမ်ရွှမ်တယ်၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားတော့သည်။ သူသည် အပ်စိုက်ကုသခြင်း ပညာ၌ နက်နဲသော အောင်မြင်မှုများ ရှိထားပြီး နတ်အပ်ဘုရင် ဟု ကျော်ကြားသော်လည်း ယခုကဲ့သို့သော အဆင့်အတန်းမျိုးကိုမူ သူ လုံးဝ မမှီနိုင်ကြောင်း ကောင်းကောင်း သိလိုက်ရချေပြီ။
မြန်ဆန်လှသော အရှိန်နှင့်အတူ တိကျလှသော အပ်ချက်များမှာ မည်သည့် အားစိုက်မှုမျှ မလိုအပ်သကဲ့သို့ ပြေပြစ်လှပလွန်းလှသည်။ တစ်ချက်ချင်းစီမှာ ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း အပ်စိုက်မှတ်များပေါ်သို့ အတိအကျ ကျရောက်နေလေသည်။
လျီဟုန်ရှို့၏ ဇက်ကြောတက် ရောဂါမှာ အနည်းငယ် ရှုပ်ထွေးသော်လည်း ရှေးဟောင်း ဆေးပညာဂိုဏ်း၏ ဆက်ခံသူ ယဲ့ပုဖန်အတွက်မူ ကြီးမားသော ဝေဒနာ မဟုတ်ပေ။ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးခြင်း၊ မူလချီစွမ်းအင်ဖြင့် သွေးကြောများကို သန့်စင်ပေးခြင်းနှင့် အပ်စိုက်နည်းစနစ်တို့ကို ပေါင်းစပ်လိုက်သောအခါ ကုသမှုမှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူလှပေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကုသမှု ပြီးဆုံးပြီဟု ခံစားလိုက်ရချိန်တွင် သူသည် ငွေအပ်များကို လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းလိုက်သည်။
"ပြီးပါပြီ... ဘယ်လို ခံစားရလဲခင်ဗျာ"
လျီဟုန်ရှို့သည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သော်လည်း ယခုအခါ သူမ၏ နားနှင့် မျက်စိများမှာ အလွန် ကြည်လင်သွားကာ ရက်ပေါင်းများစွာ ခံစားခဲ့ရသော ခေါင်းမူးခြင်းနှင့် ပျို့အန်ချင်ခြင်း ဝေဒနာများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူမ မတ်တပ်ရပ်ကာ လှုပ်ရှားကြည့်လိုက်သောအခါ အရင်က လှုပ်ရှားတိုင်း အမြဲတမ်း ဂျွတ်... ဂျွတ် ဟု အသံ မြည်နေတတ်သော သူမ၏ လည်ပင်းရိုးမှာ ယခုအခါ ချောဆီ အသစ် လူးထားသကဲ့သို့ ချောမွေ့သွားလေသည်။ အသံများ ပျောက်ကွယ်သွားရုံသာမက တကယ့်ကို သက်သောင့်သက်သာ ရှိလှပေသည်။
"နေကောင်းသွားပြီ... ငါ တကယ်ကြီး နေကောင်းသွားပြီ"
လျီဟုန်ရှို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ "ဒီသမားတော်လေးရဲ့ ဆေးပညာက တကယ့်ကို အံ့မခန်းပါပဲ။ ငါ တစ်ခါမှ ဒီလောက်အထိ လန်းဆန်းမှုကို မခံစားခဲ့ရဖူးဘူး"
သူမသည် သတိမထားမိဘဲ ယဲ့ပုဖန်အား ခေါ်ဆိုသော နာမ်စားကို "လူငယ်လေး" မှ "သမားတော်လေး" ဟု ပြောင်းလဲခေါ်ဆိုလိုက်ပြီး ရင်းနှီးမှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
"တကယ့်ကို အံ့ဩစရာပါပဲ ကျွန်တော် ခုနက အချိန်မှတ်ကြည့်တာ ဆယ်မိနစ် တိတိပဲဗျ။ တစ်စက္ကန့်တောင် မပိုဘူး"
"ကြည့်ရတာ ဒီသမားတော်လေးက တကယ့် ပညာရှင်ကြီးပဲ သခင်ကြီးဝမ်က သုံးရက် ကြာမယ်လို့ ပြောတာကို သူက ဆယ်မိနစ်တည်းနဲ့ ကုပေးနိုင်ခဲ့တာ။ နှစ်ယောက်စလုံး သမားတော်တွေ ဖြစ်နေတာတောင် ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ"
"ကိုယ့်ကိုယ်ကိုယ် နတ်အပ်ဘုရင် လို့တောင် ခေါ်နေသေးတယ် ငါ့အမြင်မှာတော့ ဒီသမားတော်လေးကမှ တကယ့် နတ်အပ်ဘုရင် စစ်စစ်ပဲ။ အပ်တစ်ချက်နဲ့တင် ရောဂါက အမြစ်ပြတ်သွားတာပဲ မဟုတ်လား..."
ဘေးမှ ကြည့်ရှုနေသူများမှာ နတ်အပ်ဘုရင် ဝမ်ဆေးခန်း၏ အမြတ်ကြီးစား ဆက်ဆံမှုများအပေါ် အစကတည်းက မကျေမနပ် ဖြစ်နေကြသူများ ဖြစ်သည်။ ယခုအခါ အခွင့်အရေး ရပြီဖြစ်ရာ သူတို့၏ ရင်ထဲရှိ မကျေနပ်မှုများကို အားရပါးရ ထုတ်ဖော်လှောင်ပြောင် လိုက်ကြတော့သည်။
"မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ဝမ်ရွှမ်တယ်မှာ သူ၏ မျက်စိရှေ့တွင် မြင်နေရသော်လည်း မယုံကြည်နိုင်သေးပေ။ သူက ခေါင်းယမ်းလျက် ဆို၏။
"ဒါက အထူးနည်းလမ်း တစ်ခုခုကို သုံးပြီးတော့ ရောဂါလက္ခဏာတွေကို ခေတ္တခဏ သက်သာအောင် လုပ်ထားတာပဲ ဖြစ်ရမယ်။ တကယ်တမ်းမှာတော့ ရောဂါက အမြစ်ပြတ်သွားတာ မဟုတ်သေးဘူး။ ဒီလို လှည့်ကွက်လေးတွေက တခြားလူတွေကို လိမ်လို့ ရချင်ရလိမ့်မယ်... ဒါပေမဲ့ ဒီအဘိုးကြီးကိုတော့ လိမ်လို့ မရဘူး"
သူက လျီဟုန်ရှို့အား ကြည့်ကာ "သခင်မလျီ... ခင်ဗျားရဲ့ သွေးခုန်နှုန်းကို ကျွန်တော် ထပ်ပြီး စမ်းသပ်ပါရစေဦး။ လက်တွေ့ စမ်းသပ်ကြည့်မှပဲ ခင်ဗျား တကယ် နေကောင်းသွားတာလား ဆိုတာကို သိနိုင်မှာပါ" ဟု ပြောလိုက်သည်။
ဝမ်ကော်အန်းကလည်း ထောက်ခံလိုက်၏။ "ဒါပေါ့။ ငါ့အဖိုးရဲ့ ရှေ့မှာ ဒီလို အဆင့်နိမ့် လှည့်ကွက်တွေနဲ့ လာပြနေလို့ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"
ယဲ့ပုဖန်က ပြုံးလိုက်ပြီး သူ၏ ငွေအပ်များကို ပြန်လည် သိမ်းဆည်းကာ ပြောလိုက်သည်။
"ကောင်းပြီလေ... အဘိုးကြီး... သူမရဲ့ သွေးခုန်နှုန်းကို စိတ်ကြိုက် စမ်းသပ်ကြည့်လိုက်ပါ။ တကယ်လို့ ခင်ဗျားမှာ သံသယတွေ ရှိနေသေးရင်တော့ ဘေးက ဆေးရုံမှာ သွားပြီး ထပ်စစ်ကြည့်လို့ ရပါတယ်"
ဝမ်ရွှမ်တယ်က "မလိုပါဘူး... ဒီအဘိုးကြီး တစ်ချက် စမ်းကြည့်လိုက်ရုံနဲ့ အဖြေထွက်ပါတယ်" ဟု ဆိုလေသည်။
"ငါ့ရဲ့ ခန္ဓာကိုယ်အကြောင်း ငါသိပါတယ်။ ငါ တကယ်ကြီး နေကောင်းသွားသလို ခံစားရတယ်" လျီဟုန်ရှို့က ထိုသို့ ပြောလိုက်သော်လည်း ဝမ်ရွှမ်တယ်၏ ရှေ့တွင် ပြန်လည် ထိုင်ပေးလိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို စမ်းသပ်ရန် ကမ်းပေးလိုက်သည်။
ဝမ်ရွှမ်တယ်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ရှိနေကာ သူမ၏ သွေးခုန်နှုန်း စမ်းသပ်မှတ်ပေါ်သို့ သူ၏ လက်ကို တင်လိုက်လေသည်။ နတ်အပ်ဘုရင်၏ အရှင်သခင် တစ်ဦးအနေဖြင့် သူသည် သူ၏ သွေးခုန်နှုန်း စမ်းသပ်ခြင်း ပညာရပ်အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိထားသည်။ ၎င်းမှာ ဆေးရုံကြီးများရှိ အဆင့်မြင့် ကိရိယာများနှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။
သို့သော် မကြာမီမှာပင် သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တောင့်ခဲသွားပြီး တဖြည်းဖြည်းနှင့် အလွန်အမင်း တည်ကြည် လေးနက်လာတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ နဖူးမှ ချွေးစေးများပင် စိမ့်ထွက်လာချေပြီ။
လွန်ခဲ့သော ဆယ်မိနစ်ကျော်ကမှ သူမ၏ သွေးခုန်နှုန်းကို သူ စမ်းသပ်ခဲ့ဖူးရာ ထိုစဉ်က ဇက်ကြောတက် ရောဂါ၏ သွေးခုန်နှုန်းမျိုးကို သူ ရှင်းလင်းစွာ ခံစားခဲ့ရသည်။ သို့သော် ယခုမူ ထိုလက္ခဏာများမှာ လုံးဝ ပျောက်ကွယ်သွားချေပြီ။ သူမ၏ သွေးခုန်နှုန်းမှာ လုံးဝ ပုံမှန်ဖြစ်နေပြီး မည်သည့် ရောဂါလက္ခဏာမျှ မရှိတော့ပေ။
"ဘာတွေ ဖြစ်နေတာလဲ... သူက တကယ်ပဲ လျီဟုန်ရှို့ ရဲ့ ရောဂါကို ဆယ်မိနစ်တည်းနဲ့ အမြစ်ပြတ်အောင် ကုပေးနိုင်ခဲ့တာလား"
ဝမ်ရွှမ်တယ်၏ ရင်ထဲ၌ ဤအဖြစ်မှန်ကို လက်ခံရန် အလွန်အမင်း ခက်ခဲနေသော်လည်း လက်ရှိ ခံစားနေရသော သွေးခုန်နှုန်းမှာမူ လိမ်ညာ၍ မရသော အမှန်တရားပင် ဖြစ်လေသည်။
ယဲ့ပုဖန်က လှောင်ပြောင်သည့် လေသံဖြင့် ဆိုလိုက်သည်။ "သခင်ကြီးဝမ်... ခင်ဗျား သွေးခုန်နှုန်းကို ဘယ်လောက်အထိ ထပ်စမ်းနေဦးမှာလဲ။ ခင်ဗျား စမ်းနေတဲ့ အချိန်က ကျွန်တော် ရောဂါကုပေးတဲ့ အချိန်ထက်တောင် ပိုကြာနေပြီနော်။ တကယ်လို့ ခင်ဗျား မယုံသေးဘူး ဆိုရင်လည်း ဘေးက ဆေးရုံကို သွားပြီးတော့သာ စစ်ခိုင်းလိုက်ပါတော့"
သူ၏ စကားကြောင့် လူအုပ်ကြီးကြားမှ ရယ်သံများ ပွင့်ထွက်လာတော့သည်။ လူအတော်များများက ဝိုင်းဝန်း အော်ဟစ်ကြ၏။ "သူက ဆယ်မိနစ်တည်းနဲ့ ကုပေးလိုက်တာကို ခင်ဗျားက သွေးခုန်နှုန်းကို ခုနစ်မိနစ်၊ ရှစ်မိနစ်လောက်အထိ စမ်းနေတာလား။ ဒါက ဘယ်တော့မှ ပြီးမှာလဲဗျ"
ဝမ်ရွှမ်တယ်၏ မျက်နှာအိုကြီးမှာ နီမြန်းသွားကာ လျီဟုန်ရှို့၏ လက်ကောက်ဝတ်ကို အနေခက်စွာဖြင့် လွှတ်ပေးလိုက်ရတော့သည်။
ယန်ကျန့်သောက်က "သခင်ကြီးဝမ်... ကျွန်တော့်ဇနီးရဲ့ ရောဂါက ဘယ်လို အခြေအနေ ရှိလဲ" ဟု မေးလိုက်သည်။
ဝမ်ရွှမ်တယ်က "သခင်မလျီရဲ့ ရောဂါက... တကယ်ပဲ ပျောက်ကင်းသွားပါပြီ" ဟု ပြန်ဖြေလေသည်။
သူသည် ဤစကားကို အလွန် ခက်ခဲစွာ ပြောဆိုခဲ့ရခြင်း ဖြစ်သည်။ အကြောင်းမှာ ၎င်းက သူ၏ အရှုံးကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဝန်ခံလိုက်ခြင်းပင် ဖြစ်သောကြောင့်တည်း။
"ဒီသမားတော်လေးရဲ့ ဆေးပညာက တကယ့်ကို ထူးချွန်တာပဲ။ ဟို နတ်အပ်ဘုရင် ဆိုတဲ့ လူထက် အများကြီး သာတယ်..."
"တကယ့်ကို ပါးရိုက်ခံလိုက်ရသလိုပဲနော်။ ငါတောင် သူတို့အစား ရှက်မိတယ်။ ကိုယ်တိုင်က မတတ်ဘဲနဲ့ တခြားလူကို လူလိမ်လို့ လိုက်ပြောနေသေးတာ။ တိုဖူးခဲနဲ့ ခေါင်းနဲ့ တိုက်ပြီး သေလိုက်တာကမှ ပိုကောင်းဦးမယ်..."
"ရလဒ်ကို မြန်မြန် ကြေညာလိုက်တော့ဗျို့။ ဒီပွဲမှာတော့ ဒီသမားတော်လေးက အနိုင်ရသွားပြီ"
ယန်ကျန့်သောက်သည်လည်း ဤရလဒ်ကို ကြားရသောအခါ အလွန်အမင်း အံ့အားသင့်သွားရသည်။ သူသည် ဆေးပညာလောကကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီး နာမည်ကျော် သမားတော်ပေါင်း များစွာကို တွေ့မြင်ခဲ့ဖူးသော်လည်း ယဲ့ပုဖန်ကဲ့သို့ အံ့မခန်း စွမ်းဆောင်နိုင်သူကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
ဘေးပတ်ဝန်းကျင်မှ အားပေးသံများကို ကြားရသောအခါ သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်သည်။ "အခြေအနေတွေက ဒီလို ဖြစ်နေပြီဆိုမှတော့... ပထမအချီရဲ့ ရလဒ်ကို ကျွန်တော် ကြေညာပါ့မယ်။ အနိုင်ရသူကတော့ သမားတော် ယဲ့ပုဖန်ပါ"
ရလဒ်ကို ကြေညာလိုက်သည်နှင့် ဝမ်မိသားစုမှ အဖိုးနှင့် မြေးတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပြာနှမ်းသွားတော့သည်။ တစ်ဖက်တွင်မူ ပတ်ဝန်းကျင်ရှိ လူများမှာ ယဲ့ပုဖန်အတွက် ဝမ်းသာအားရ လက်ခုပ်တီး အားပေးနေကြသည်။
ဝမ်ကော်အန်းက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။ "ဘာလို့ အော်နေကြတာလဲ။ ဒါက ပထမတစ်ချီပဲ ရှိသေးတာလေ သုံးပွဲနှစ်ပွဲနိုင် စနစ်ပဲ မဟုတ်လား။ ငါ့အဖိုးက ကျန်တဲ့ နှစ်ပွဲမှာ သေချာပေါက် ပြန်နိုင်မှာပဲ"
***