“ကျွန်တော်က ပထမပွဲမှာ နိုင်ခဲ့တာ ဆိုတော့ ဒုတိယပွဲ အတွက် လူနာကို ကျွန်တော် ကိုယ်တိုင် ရွေးလို့ ရမလား”
ယဲ့ပုဖန်က ယန်ကန့်သောက်နှင့် ဝမ်ရွှယ်တယ်တို့ကို ကြည့်ကာ ပြောလိုက်၏။ ယန်ကျန့်သောက်လည်း ဝမ်ရွှယ်တယ်ကို ကြည့်လိုက်လေသည်။
ဤပွဲ၌ သူက ဒိုင်လူကြီး ဖြစ်သော်လည်း ပြိုင်ဘက် နှစ်ဦး၏ စိတ်ဆန္ဒကို ဦးစားပေးဖို့ လိုလေသည်။ ဝမ်ရွှယ်တယ်သည် ပထမပွဲ၌ အရှက်ကွဲထားခဲ့သည် ဖြစ်ရာ ဒုတိယပွဲတွင် ယဲ့ပုဖန်ကို ဦးစွာ ယှဉ်ပြိုင်စေပြီး အရှက်ခွဲဖို့ ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်၏။
“အင်း… သူ့စိတ်ကြိုက် လုပ်ခိုင်းလိုက်ပါ”
“ဒါဆိုရင် ခုနတုန်းက ပြဿနာ တက်ခဲ့တဲ့ ဦးလေးကြီးတို့ ပြန်လာခဲ့ကြပါ။ ကျွန်တော် ဦးလေးတို့ကို အခမဲ့ ကုပေးပါ့မယ်”
ထိုအခါ လူအုပ်ကြားထဲတွင် ရောနှောနေသော လူလတ်ပိုင်း အမျိုးသား တစ်ဦးနှင့် ၎င်း၏ ဖခင်တို့ ထွက်လာလေသည်။ ယဲ့ပုဖန်က လူလတ်ပိုင်း အမျိုးသားအား ကနဦး၌ သူ၏ ဖခင်ကို အနီးရှိ စမ်းသပ်ခုတင်ပေါ်တွင် မှောက်လျက်အနေအထားဖြင့် တင်ထားရန် ညွှန်ကြားလိုက်သည်။ ထို့နောက် အပေါ်အင်္ကျီကို ချွတ်ခိုင်းလိုက်ရာ ဗလာကျင်းနေသော ကိုယ်အထက်ပိုင်း ပေါ်ထွက်လာတော့သည်။
ထို့နောက် သူသည် ငွေအပ်တစ်ချောင်းကို ထုတ်ယူကာ ကျောဘက်ရှိ အပ်စိုက်မှတ်တစ်ခုသို့ ထိုးစိုက်လိုက်သည်။ ယခင်ကကဲ့သို့ လျင်မြန်ခြင်း မရှိဘဲ ဤတစ်ကြိမ်တွင်မူ သူ၏ နည်းစနစ်မှာ ဖြည်းညင်း သေချာလှ၏။
ငွေအပ်ကို အပ်စိုက်မှတ်အတွင်း ထည့်သွင်းပြီးနောက် အထက်အောက် ဆွဲငင်ကာ အပ်မြီးပိုင်းကို လက်ဖြင့် ခပ်ဖွဖွ တောက်လိုက်သည်။
ထိုအခါ အံ့ဩဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ငွေအပ်မြီးပိုင်းသည် မော်တာတစ်ခု တပ်ဆင်ထားသကဲ့သို့ တဆတ်ဆတ် တုန်ခါနေတော့သည်။
"ဒါက... ချီစွမ်းအင်သုံး အပ်စိုက်အတတ်လား"
ဘေးလူများက ပွဲကြည့်ပရိသတ်အဖြစ်သာ ကြည့်နေကြသော်လည်း ဝမ်ရွှမ်တယ်မှာမူ အပ်စိုက်နည်းစနစ်၏ နက်နဲသော အနှစ်သာရကို ချက်ချင်း ရိပ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
ချီစွမ်းအင်သုံး အပ်စိုက်အတတ် ဆိုသည်မှာ ရှေးဟောင်း တရုတ်ဆေးပညာလောကမှ ဝေါဟာရတစ်ခု ဖြစ်သည်။ ထိုခေတ်အခါက ဆေးပညာ၊ သိုင်းပညာနှင့် မှော်အတတ်တို့မှာ တစ်ပေါင်းတည်း ဖြစ်ခဲ့ကြရာ သမားတော် အများစုမှာ သိုင်းပညာ ကျွမ်းကျင်ကြသူများ ဖြစ်ကြသလို အနည်းဆုံးတော့ ကိုယ်တွင်း၌ ချီစွမ်းအင်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
သို့သော် ယနေ့ခေတ် ဆေးပညာလောကတွင်မူ ထိုအတတ်ပညာမှာ ပျောက်ကွယ်သွားသည်မှာ ကြာလှချေပြီ။ သူကိုယ်တိုင်မှာ နတ်အပ်ဘုရင် ဟု ကျော်ကြားသော်ငြား ဤနည်းစနစ်ကို မတတ်မြောက်ပေ။ အသက် ၂၀ ဝန်းကျင်သာ ရှိသေးသော ဤလူငယ်လေးက ၎င်းကို လက်တွေ့ ပြသနေသည်ကို မြင်ရသောအခါ သူ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
သူ၏ အံ့ဩမှုမှာ ဤမျှနှင့် မကုန်သေးပေ။ ယဲ့ပုဖန်က အပ်ပေါင်း ဆယ်ဂဏန်းကျော်ကို ဆက်တိုက် ထိုးစိုက်လိုက်ပြီးနောက် ဝမ်ရွှမ်တယ်သည် ထိုအပ်စိုက်နည်းစနစ်၏ တကယ့် အသွင်အပြင်ကို ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။
သူ၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားကာ မေးစေ့မှ မုတ်ဆိတ်မွှေးများပင် တုန်ခါသွားတော့သည်။
"ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း... ဒါက တကယ်ပဲ ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်းပဲလား"
ဆေးပညာ လောကတွင် ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း ဆိုသည်မှာ နှစ်ပေါင်း ထောင်ချီတိုင်အောင် အပ်စိုက်အတတ်ပညာ၏ အထွတ်အထိပ်တွင် တည်ရှိခဲ့သော နည်းစနစ်ဖြစ်ပြီး အမြင့်ဆုံးအဆင့်ဟု ဆိုနိုင်သည်။ ကံဆိုးစွာဖြင့် ၎င်းမှာ မကြာသေးမီ နှစ်များအတွင်း ပျောက်ကွယ်သွားခဲ့ပြီး ရှေးဟောင်း ကျမ်းစာများထဲတွင်သာ အပိုင်းအစ အချို့ အဖြစ် တွေ့ရှိရခြင်း ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် ဝမ်ရွှမ်တယ်သည် အချိန်အတော်ကြာ စေ့စေ့စပ်စပ် အကဲခတ်ပြီးမှသာ ယဲ့ပုဖန် အသုံးပြုနေသည်မှာ ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း နည်းစနစ် စစ်စစ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူ၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။ သူတို့ ဝမ်မိသားစု၏ ဖီးနစ်ငါးသွယ် နေမင်းဆီသို့ အပ်စိုက်နည်းမှာ မဆိုးလှသော်လည်း ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်းနှင့် ယှဉ်လိုက်ပါက အဆင့်အတန်းချင်း လုံးဝ မတူတော့ဘဲ အဝေးကြီး လိုနေသေးသည် မဟုတ်ပါလား။
ယဲ့ပုဖန်က အစောပိုင်းတွင် သူတို့၏ မျိုးရိုးစဉ်ဆက် နည်းစနစ်ကို ဘာကြောင့် အထင်မကြီးခဲ့သနည်း ဆိုသည်ကို သူ အခုမှ နားလည်သွားတော့သည်။ ဤကဲ့သို့သော အထွတ်အထိပ် နည်းစနစ်ကို တတ်မြောက်ထားသူ တစ်ဦးအဖို့ အခြားနည်းစနစ်များကို အရေးလုပ်နေမည် မဟုတ်ချေ။
ဝမ်ကော်အန်းမှာမူ သူ၏ အဖိုး ဖြစ်သူ ဘေးမှနေ၍ တအံ့တဩ အော်ဟစ်နေသည်ကို ကြည့်ကာ မျက်နှာပျက်နေလေသည်။ ဤသို့ ပြုမူနေခြင်းမှာ အလွန် အရှက်ရစရာ ကောင်းသည်ဟု သူ ယူဆနေခြင်း ဖြစ်၏။ သူ၏ အမြင်တွင်မူ တစ်ဖက်လူ၏ အပ်စိုက်နည်းမှာ သူတို့နှင့် သိပ်မထူးခြားလှဘဲ အာနိသင်လည်း သိပ်ထူးမည် မဟုတ်ဟု တွေးနေမိသည်။
ဝမ်ရွှမ်တယ်ကမူ သူ၏ မြေးဖြစ်သူကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်မိသည်။ သူ၏ မြေးမှာ တကယ့်ကို အသုံးမကျသူ ဖြစ်ပြီး ဘာမှ မသိနားမလည်သဖြင့်သာ မကြောက်မရွံ့ ဖြစ်နေခြင်းပင်။
တစ်ဖက်လူက ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်းကိုတောင် ထုတ်သုံးလိုက်ပြီဆိုမှတော့ သူသည် လောင်းကစားပွဲ၏ ထက်ဝက်ကျော်ကို ရှုံးနိမ့်သွားပြီ ဖြစ်ရာ အနိုင်ရရှိရေး အတွက် ကံတရား အပေါ်မှာသာ မျှော်လင့်ချက် ထားရတော့မည်။
လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ယဲ့ပုဖန်သည် ဆယ်မိနစ် တိတိ ပြည့်ချိန်၌ ငွေအပ်များကို တစ်ချောင်းချင်း ပြန်လည် နုတ်ယူလိုက်သည်။
"ကဲ... အခု ထပြီး လမ်းလျှောက်ကြည့်လို့ ရပါပြီ"
"တကယ်လား... ကျွန်တော် တကယ်ပဲ နေကောင်းသွားတာလား"
လူလတ်ပိုင်း အမျိုးသားမှာ မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေသော်လည်း ယဲ့ပုဖန် ညွှန်ကြားသည့်အတိုင်း ခုတင်ပေါ်မှ ဖြည်းညင်းစွာ ထထိုင်လိုက်သည်။ ထို့နောက် ဖိနပ်စီးကာ မြေပြင်ပေါ်သို့ စမ်းသပ်၍ မတ်တပ်ရပ်ကြည့်လိုက်၏။
"တစ်လှမ်း... နှစ်လှမ်း... သုံးလှမ်း..."
လူအများ၏ စောင့်ကြည့်မှုအောက်တွင် ထိုလူလတ်ပိုင်း အမျိုးသားသည် တစ်လှမ်းပြီး တစ်လှမ်း လှမ်းကြည့်နေသည်။ အစပိုင်းတွင် အနည်းငယ် တောင့်တင်းနေပြီး သတိထားနေရသော်လည်း ဆယ်လှမ်းကျော် လျှောက်ပြီးနောက်တွင်မူ သူသည် လုံးဝ ပြန်လည် ကောင်းမွန်သွားကာ ခြေလှမ်းကျဲကြီးများဖြင့် စတင် လမ်းလျှောက်နိုင်တော့သည်။
"ကျွန်တော် နေကောင်းသွားပြီ တကယ်ကြီး နေကောင်းသွားပြီဗျ အား... ကျွန်တော် ပြန်လမ်းလျှောက်နိုင်ပြီဟေ့"
လူလတ်ပိုင်း အမျိုးသားမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားတော့သည်။ သူသည် အကြိမ် အနည်းငယ် ပတ်လျှောက်ကြည့်ပြီးနောက် ယဲ့ပုဖန်ထံသို့ ရုတ်တရက် လျှောက်သွားကာ ဒုတ်ခနဲ မြည်အောင် ဒူးထောက်ချလိုက်သည်။
"နတ်ဆေးဆရာလေး... ကျေးဇူးတင်ပါတယ်ဗျာ။ ဆရာက ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ"
သူ ဒဏ်ရာရကတည်းက နေရာအနှံ့ ဆေးကုသမှု ခံယူခဲ့ရသဖြင့် မိသားစု စုဆောင်းငွေများ အားလုံး ကုန်ဆုံးခဲ့ချေပြီ။ အထူးသဖြင့် အစောပိုင်းက ဝမ်ကော်အန်း၏ စကားများကြောင့် သူ လုံးဝ မျှော်လင့်ချက် ကုန်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ ယွမ် ၃၀၀,၀၀၀ ဆိုသည်မှာ သူတို့ မိသားစု လုံးဝ မတတ်နိုင်သော ပမာဏ မဟုတ်ပါလား။
"ဦးလေး... ထပါဗျာ။ ဒီလို လုပ်စရာ မလိုပါဘူး။ ကျွန်တော်က သမားတော် တစ်ယောက်ဖြစ်လို့ လူနာကို ကုသပေးဖို့က ကျွန်တော့် တာဝန်ပါပဲ"
ယဲ့ပုဖန်က လူလတ်ပိုင်း အမျိုးသားကို ဆွဲထူပေးလိုက်သည်။
"တွေ့လား... ဒါမှ တကယ့် သမားတော်စစ်စစ်။ ဒါမှ သမားတော် ကျင့်ဝတ်"
"နတ်အပ်ဘုရင် ဆိုတာ အလကားပဲ သူတို့ရဲ့ ဆေးပညာက အညံ့ကြီး။ သမားတော်လေးကိုတောင် မယှဉ်နိုင်ဘူး"
"သုံးပွဲနှစ်ပွဲနိုင် စနစ်မှာ သမားတော်လေးက နိုင်သွားပြီဟေ့။ ဆေးခန်းကနေ မြန်မြန် ထွက်သွားကြတော့။ အရည်အချင်းလည်း မရှိ ၊ ကျင့်ဝတ်လည်း မရှိတဲ့လူတွေက ဘယ်လိုမျက်နှာနဲ့ နတ်အပ်ဘုရင် လို့ ခေါ်နေရတာလဲ"
ခဏချင်းမှာပင် လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားပြီး ယဲ့ပုဖန်ကို အားပေးကာ ဝမ်ရွှမ်တယ်နှင့် သူ၏ မြေးကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြတော့သည်။
ဤအခိုက်အတန့်တွင် ဝမ်ရွှမ်တယ်၏ မျက်နှာမှာ ပြာနှမ်းနေလေပြီ။ အစောပိုင်းက အခမဲ့ ဆေးကုသပေးနေချိန်တွင် သူသည် အလွန် တက်ကြွနေခဲ့သော်လည်း မထင်မှတ်ဘဲ မျက်တောင်တစ်ခတ် အတွင်း သူ၏ ဆေးခန်းကြီး ဆုံးရှုံးသွားခဲ့ရချေပြီ။
ဝမ်ကော်အန်းသည်လည်း အရင်ကကဲ့သို့ မောက်မာခြင်း မရှိတော့ဘဲ "အဖိုး... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ တကယ်ကြီး ဆေးခန်းကို ပေးလိုက်ရမှာလား" ဟု တိုးတိုးလေး မေးရှာသည်။
ဝမ်ရွှမ်တယ်က ဘာမှ ပြန်မပြောသော်လည်း သူ၏ ဆေးခန်းကြီး ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ အကယ်၍ အခြားလူသာ အသိသက်သေ ဖြစ်နေပါက သူ ငြင်းခုံရန် အခွင့်အရေး ရှိကောင်းရှိနိုင်ပေလိမ့်မည်။
သို့သော် လောင်းကစား စာချုပ်တွင်လည်း ရှင်းလင်းစွာ လက်မှတ်ထိုးထားပြီးဖြစ်သလို သူ၏ ရှေ့တွင် ရပ်နေသူမှာလည်း တရုတ်နိုင်ငံ ဆေးပညာ စီမံခန့်ခွဲရေး ဦးစီးဌာန၏ အကြီးအကဲ ဖြစ်နေသဖြင့် သူ စကားမတည်ဘဲ နေရန် သတ္တိမရှိပေ။
"လူငယ်လေး... မင်းတို့လို မျိုးဆက်သစ်တွေက တကယ်ကို ထူးချွန်ကြတာပဲ။ မင်းလိုလူ ရှိနေမှတော့ တရုတ်ဆေးပညာလောကမှာ မျှော်လင့်ချက် ရှိပါသေးတယ်"
ယန်ကျန့်သောက်နှင့် သူ၏ ဇနီးတို့သည် ယဲ့ပုဖန်အား အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ထို့နောက် သူက ဝမ်ရွှမ်တယ်ဘက်သို့ လှည့်ကာ "သခင်ကြီးဝမ်... ဒီလောင်းကစားပွဲမှာ ရှောင်ယဲ့ကို အနိုင်ရသူအဖြစ် ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ခင်ဗျားမှာ ကန့်ကွက်စရာ ရှိလား" ဟု မေးလိုက်သည်။
"ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး။ သုံးပွဲနှစ်ပွဲနိုင် စနစ်မှာ ကျွန်တော် ရှုံးနိမ့်ခဲ့တာ အမှန်ပါပဲ။ ကျွန်တော် အရှုံးကို ဝန်ခံပြီး နတ်အပ်ဘုရင် ဝမ်ဆေးခန်း ကို လွှဲပြောင်းပေးပါ့မယ်"
ဤနေရာသို့ ရောက်သောအခါ ဝမ်ရွှမ်တယ်က လေသံပြောင်းလိုက်သည်။ "ဒါပေမဲ့... သုံးပွဲပြိုင်ဖို့ သဘောတူထားတာ ဆိုတော့ ပြိုင်ပွဲကိုတော့ အပြီးသတ်ရမယ် မဟုတ်လား"
ယန်ကျန့်သောက်က "ရလဒ်က ထွက်သွားပြီပဲဟာ။ ထပ်ပြိုင်ဖို့ လိုသေးလို့လား" ဟု မေးလိုက်၏။
"လိုအပ်တာပေါ့" ဝမ်ရွှမ်တယ်က ဆိုသည်။ "အချီနှစ်ချီ ပြီးသွားပေမဲ့ ကျွန်တော်ကတော့ ဘာမှ မလုပ်ရသေးဘူးလေ။ ဒီလူငယ်လေး ဆေးကုနေတာကိုပဲ ကြည့်နေခဲ့ရတာ။ ကျွန်တော့်ရဲ့ အရည်အချင်းကို ပြသခွင့်တော့ ရှိသင့်တာပေါ့"
သူ ထိုသို့ ပြောလိုက်မှ ယန်ကျန့်သောက်နှင့် ရှိနေသူ အားလုံးက သဘောပေါက်သွားကြတော့သည်။ ဤအဘိုးကြီးမှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားသဖြင့် အနည်းငယ် အရှက်ရနေခြင်း ဖြစ်၏။
နောက်ဆုံးတစ်ပွဲမှာ ရလဒ်အတွက် အရေးမကြီးသော်လည်း သူ၏ သိက္ခာကို ဆယ်ယူရန်အတွက် လိုအပ်နေခြင်းပင်။ မဟုတ်လျှင် လူငယ်လေး တစ်ယောက်၏ ဖိနှိပ်မှုကို လုံးဝ ခံလိုက်ရသည်ဟူသော သတင်းသာ ပျံ့သွားပါက သူသည် မြို့တော်တွင် ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။
ရိုးရိုးသားသား ပြောရလျှင် ဝမ်ရွှမ်တယ်သည် သူ၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ချင်နေခြင်း ဖြစ်သည်။
ယန်ကျန့်သောက်က "ရှောင်ယဲ့... မင်းရဲ့ သဘောထားကရော ဘယ်လိုလဲ" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "ကျွန်တော့်ဘက်ကတော့ ဘာမှ မဖြစ်ပါဘူး။ သခင်ကြီးက စိတ်ဝင်စားနေတယ် ဆိုမှတော့ နောက်ထပ် တစ်ချီ ဆက်ပြိုင်ကြတာပေါ့" ဟု ဖြေလိုက်သည်။
"ကောင်းပြီလေ... အစောပိုင်းက နှစ်ချီက တကယ်ကို ရိုးရှင်းလွန်းတယ်။ သိပ်မခက်ခဲလှဘူး။ တတိယအချီမှာတော့ ငါတို့ တကယ် ခက်ခဲနက်နဲတဲ့ ရောဂါဝေဒနာ တစ်ခုကို ရွေးချယ်မှ ဖြစ်မယ်"
ဝမ်ရွှမ်တယ်သည် ဤလူငယ်လေးကို အနိုင်ယူရန် မလွယ်ကူကြောင်း သဘောပေါက်သွားခဲ့ပြီ။ ထို့ကြောင့် သူ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော ဆေးပညာ အတွေ့အကြုံများကိုသာ အားကိုးရန် ဆုံးဖြတ်လိုက်ပြီး ခက်ခဲနက်နဲသော ရောဂါတစ်ခုကို ပြိုင်ပွဲ ခေါင်းစဉ်အဖြစ် ရွေးချယ်ချင်နေခြင်း ဖြစ်သည်။
"ကောင်းပါပြီ" ယဲ့ပုဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
ဝမ်ရွှမ်တယ်က လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်၏။ "အားလုံးပဲ... မိမိတို့မှာ ခက်ခဲနက်နဲတဲ့ ရောဂါဝေဒနာ တစ်ခုခု ရှိနေတယ်လို့ ယူဆတဲ့သူရှိရင် ရှေ့ကို ထွက်လာခဲ့ပါ။ ဒီအဘိုးကြီးက အခမဲ့ စစ်ဆေးကုသပေးပါ့မယ်"
"ကျွန်တော် လာမယ် ဆရာ... ကျွန်တော့်မှာ ခက်ခဲနက်နဲတဲ့ ရောဂါ ရှိပါတယ်"
သူ စကားပြောနေစဉ်မှာပင် အသက် ၂၀ ဝန်းကျင်ခန့်ရှိ လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို မြှောက်လျက် လူအုပ်ကြီးထဲမှ ထွက်လာခဲ့သည်။ သူသည် အပေါ်က ရှပ်အင်္ကျီအဖြူ၊ အောက်က ဘောင်းဘီတိုအပွနှင့် ဖိနပ်အပါးတို့ကို ဝတ်ဆင်ထားသည်။ သူ၏ ပုံစံမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သော်လည်း မျက်နှာတွင်မူ နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။
သူ၏ နောက်တွင် မုတ်ဆိတ်ဗလပွနှင့် လူလတ်ပိုင်း အမျိုးသား တစ်ဦး လိုက်ပါလာပြီး ကြည့်ရသည်မှာ ထိုလူငယ်၏ ဖခင် ဖြစ်ပုံရသည်။
ဝမ်ရွှမ်တယ်က သူ့အား တစ်ချက်ကြည့်လိုက်ကာ "ကောင်းပြီ... မင်း လက်တွေကို အောက်ချလိုက်လို့ ရပါပြီ။ မင်း ဘာဖြစ်နေတာလဲ... ဖြည်းဖြည်းချင်း ပြောပါဦး"
သို့သော် လူငယ်ကမူ သူ၏ လက်များကို မြှောက်ထားဆဲဖြစ်ပြီး "ဆရာ... ကျွန်တော့်ရောဂါက... လက်တွေကို အောက်ပြန်ချလို့ မရတာပါပဲ" ဟု ပြောလိုက်တော့သည်။
***