လူငယ်လေး၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။ အစောပိုင်းက ထိုလူငယ် လက်နှစ်ဖက်ကို အပေါ်မြှောက်၍ ထွက်လာသည်ကို မြင်သောအခါ အားလုံးက သူသည် ဆေးကုသခွင့် ခံယူချင်၍ လက်ထောင်ထားခြင်း ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းမှာ ရောဂါဝေဒနာတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ တကယ့်ကို ခက်ခဲ နက်နဲသော ရောဂါဆန်းကြီးပါပေ။
ထိုအခိုက်အတန့်တွင် မုတ်ဆိတ်ဗလပွနှင့် အမျိုးသားက တောင်းပန်တိုးလျှိုးလိုက်သည်။ "သမားတော်ကြီးတို့ခင်ဗျာ... ကျွန်တော့်သားကို ကယ်ပေးကြပါဦး"
ယန်ကျန့်သောက်က ယဲ့ပုဖန်နှင့် ဝမ်ရွှမ်တယ်တို့အား ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူ အရင်ကြည့်မလဲ"
"သခင်ကြီးဝမ် အရင်ကြည့်ပါစေ"
ယဲ့ပုဖန်သည် အစွန်းမရောက်လိုသလို တစ်ဖက်လူတွင်သာ အရည်အချင်းရှိပါက တစ်ပွဲ တစ်ချီ အနိုင်ရသွားမည်ကိုလည်း သူ စိတ်မရှိပေ။
ဝမ်ရွှမ်တယ်က လူငယ်အား မေးမြန်းတော့သည်။ "အခြေအနေက ဘယ်လိုလဲ... ဒီရောဂါက ဘယ်တုန်းက စဖြစ်တာလဲ"
မုတ်ဆိတ်ဗလပွက ရှင်းပြလေသည်။ "လွန်ခဲ့တဲ့ သုံးရက်က အိမ်က မီးသီး ပျက်သွားလို့ ကျွန်တော်နဲ့ ကျွန်တော့်သား အတူတူ ပြင်ခဲ့ကြတာပါ။ ကျွန်တော်က ဝိုင်ယာကြိုးတွေ ဆက်နေတုန်း သူက မီးသီးကို အပေါ်ကနေ မြှောက်ကိုင်ပေးထားရတယ်။ ပြင်ရတာ နည်းနည်း ကြာသွားလို့လား မသိပါဘူး... မီးသီးလည်း ပြင်ပြီးရော သူ့လက်တွေက အောက်ပြန်ချလို့ မရတော့ဘူးဗျာ။ ဒီရက်ပိုင်းအတွင်း ဆေးရုံကြီးတွေ အများကြီး သွားပြခဲ့ပေမဲ့ ဘာမှ အဖြေမထွက်ခဲ့ပါဘူး"
ဝမ်ရွှမ်တယ်သည် သူ၏ ညာလက်ကို မြှောက်ကာ လူငယ်၏ လက်ကောက်ဝတ်ပေါ် တင်၍ သွေးခုန်နှုန်း စမ်းသပ်တော့သည်။ လက်နှစ်ဖက်ကို အပေါ်မြှောက်ထားသည့် အနေအထားဖြင့် သွေးခုန်နှုန်း စမ်းသပ်သည့် မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် လူအုပ်ကြီးကြားမှ ရယ်သံအချို့ ထွက်ပေါ်လာသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်ရွှမ်တယ်က လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
မုတ်ဆိတ်ဗလပွက စိုးရိမ်တကြီး မေးလိုက်၏။ "ဆရာ... ကျွန်တော့်သား ဘယ်လိုနေလဲ။ ဒီရောဂါက ပျောက်ကင်းဖို့ မျှော်လင့်ချက် ရှိပါ့မလား"
"စိတ်မပူပါနဲ့... ဒီရောဂါက နည်းနည်းတော့ ခက်ခဲပေမဲ့ ဒီအဘိုးကြီး ကုသပေးနိုင်ပါတယ်။ အပ်အနည်းငယ် စိုက်လိုက်ရုံနဲ့တင် ပျောက်ကင်းသွားစေရမယ်"
ဝမ်ရွှမ်တယ်က ထိုသို့ပြောပြီးနောက် ယဲ့ပုဖန်အား လှမ်းကြည့်လိုက်သည်။ "လူငယ်လေး... မင်းရော ဘယ်လို ထင်လဲ"
"သခင်ကြီး အရင်ကုသပေးပါ... ခင်ဗျားသာ ဒီရောဂါကို ပျောက်အောင် ကုနိုင်မယ်ဆိုရင် ဒီတစ်ချီမှာ ကျွန်တော် အရှုံးပေးပါ့မယ်"
"ဟန်ဆောင်မှုတွေနဲ့ လူမြင်ကောင်းအောင် လုပ်နေတာပဲ"
ဝမ်ရွှမ်တယ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ဆိုလိုက်သည်။ တစ်ဖက်လူသည် ဤကဲ့သို့သော ရောဂါဆန်းကို တစ်ခါမှ မမြင်ဖူးသဖြင့် မည်သို့ ကုသရမည်ကို မသိသောကြောင့်သာ အခုလို သဘောထားကြီးဟန် ဆောင်နေခြင်းဖြစ်သည်ဟု သူ ယူဆလိုက်မိသည်။
ယဲ့ပုဖန်ကမူ ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးနေပြီး ထိုစကားများကို ဂရုမစိုက်ပေ။
ဝမ်ရွှမ်တယ်သည် သူ၏ ရွှေအပ်များကို ထုတ်ယူကာ လူငယ်၏ ပခုံး၊ ရင်ဘတ်နှင့် ကျောပြင်တို့တွင် စတင် ထိုးစိုက်တော့သည်။ နတ်အပ်ဘုရင်၏ ဆက်ခံသူ ပီသစွာပင် သူ၏ အပ်စိုက်နည်းမှာ ထူးခြားလှပေသည်။
သူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်တည်ငြိမ်ပြီး အင်အားသုံးမှုမှာလည်း လိုသည်ထက် မပိုပေ။ အပ်ချက်တိုင်းမှာ အတိအကျပင် ဖြစ်၏။
ဘေးမှ လူများကလည်း ခက်ခဲနက်နဲသော ရောဂါဆန်းကြီး ပျောက်ကင်းနိုင်ပါ့မလားဟု တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
မိနစ် ၂၀ ခန့် ကြာပြီးနောက် ဝမ်ရွှမ်တယ်သည် ရွှေအပ်များကို ပြန်လည် နုတ်ယူလိုက်ပြီးနောက် လက်ယမ်းပြကာ "ကဲ... ပျောက်သွားပြီ။ မင်းလက်တွေကို အောက်ချလိုက်တော့" ဟု အမိန့်ပေးလိုက်သည်။
"တကယ်ကို ကောင်းလိုက်တာ ကျေးဇူးတင်ပါတယ် ဆရာကြီးဝမ်"
မုတ်ဆိတ်ဗလပွမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသော်လည်း လူငယ်မှာမူ သူ၏ လက်များကို မြှောက်ထားဆဲဖြစ်ကာ စိုးရိမ်တကြီး ပြောလာသည်။
"ဆရာ... ကျွန်တော့်လက်တွေက အောက်ချလို့ မရသေးဘူးဗျ"
"ဘာ... အောက်ချလို့ မရဘူး ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝမ်ရွှမ်တယ်မှာ အံ့ဩသွားကာ သူ၏ လက်မောင်းကြွက်သားများကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ "ဒါက ပခုံးအဆစ် တောင့်တင်းတာနဲ့ ကြွက်သားတွေ အချိန်ကြာမြင့်စွာ တင်းမာနေလို့ ဖြစ်ရတဲ့ အခြေအနေပဲ။ ငါ့ရဲ့ ဖီးနစ်ငါးသွယ် နေမင်းဆီသို့ နည်းစနစ်နဲ့ မင်းရဲ့ သွေးကြောတွေ၊ ကြွက်သားတွေကို ရှင်းလင်းပေးလိုက်ပြီ ဆိုရင် ပုံမှန်ဆိုရင်တော့ အဆင်ပြေသွားရမှာ။ ဘာလို့ အောက်ချလို့ မရသေးတာလဲ"
လူငယ်က စိတ်ပူပန်စွာဖြင့် "ဆရာကြီးဝမ်... ကျွန်တော် တကယ်ပဲ ချလို့ မရသေးတာပါ" ဟု ထပ်ပြောလေသည်။
"ဒါ... ဒါ မဖြစ်နိုင်တာ"
ဝမ်ရွှမ်တယ်မှာ ခဏမျှ စဉ်းစားပြီးနောက် အပ်များကို ထပ်မံ ထိုးစိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ အပ်များကို ပြန်နုတ်ပြီးနောက် လူငယ်၏ ပခုံးကို ကြွက်သားပြေလျော့အောင် အနှိပ်အတတ်ဖြင့်ပါ ကုသပေးခဲ့သော်လည်း တစ်ဖက်လူမှာမူ လက်များကို အောက်ချနိုင်စွမ်း မရှိသေးပေ။
"နှိုင်းယှဉ်ချက် မရှိရင် နာကျင်မှု မရှိဘူး ဆိုတာ ဒါမျိုးပေါ့။ နတ်ဆေးဆရာလေး ကုပေးတုန်းက တစ်ယောက်ကို ဆယ်မိနစ်လောက်ပဲ ကြာတာကို ကြည့်ဦး..."
"ဟုတ်ပဗျာ... အခုတော့ ကြည့်ဦး။ ဒီအဘိုးကြီးမှာသာ ပင်ပန်းသွားတာ။ ရောဂါကတော့ ဘာမှ ထူးမလာဘူး..."
"ခုနကတော့ သူက ပြသခွင့် မရလို့ ဆိုပြီး ပြောနေသေးတာ။ အခု နတ်ဆေးဆရာလေးက အခွင့်အရေး ပေးလိုက်တော့လည်း ဘာမှ မတတ်နိုင်ဘူး။ သူကိုယ်တိုင်က ဆေးပညာ မပြည့်စုံတာကို ဘယ်သူ့ကို သွားအပြစ်တင်မှာလဲ..."
ဘေးပတ်ဝန်းကျင်မှ ဝေဖန်သံများကို ကြားရသောအခါ ဝမ်ရွှမ်တယ်၏ မျက်နှာအိုကြီးမှာ အသည်းရောင်ကဲ့သို့ နီမြန်းသွားတော့သည်။ သူ တတ်သမျှ မှတ်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း အာနိသင် မရှိခဲ့သည်မှာ အမှန်ပင်။
ဖခင်နှင့် သားမှာလည်း စိတ်မရှည်တော့သည့်ပုံ ပေါ်လာကြသည်။ လူငယ်က မကျေမနပ်ဖြင့် "ခင်ဗျား တကယ် ကုတတ်ရဲ့လား။ မကုတတ်ရင်လည်း ဖယ်ပေးတော့... နတ်ဆေးဆရာလေးကိုပဲ ကုခိုင်းတော့မယ်" ဟု ပြောလိုက်သည်။
မုတ်ဆိတ်ဗလပွကလည်း ထောက်ခံလိုက်၏။ "ဟုတ်တယ်... ခင်ဗျား မကုနိုင်ရင်လည်း မြန်မြန် ဖယ်ပေးပါ။ ဒီမှာ အချိန်လာမဖြုန်းပါနဲ့"
ယန်ကျန့်သောက်သည် ဝမ်ရွှမ်တယ်၏ အကျပ်ရိုက်နေမှုကို မြင်သောအခါ ရှေ့သို့ လှမ်းလာပြီး "သခင်ကြီးဝမ်... ရှောင်ယဲ့ကိုပဲ စမ်းကြည့်ခွင့် ပေးလိုက်ပါတော့လား" ဟု ညှိနှိုင်းပေးလိုက်သည်။
"ဒါဆိုလည်း... ကောင်းပါပြီ"
ဝမ်ရွှမ်တယ်မှာ မလိုလားသော်လည်း အခြား ရွေးချယ်စရာ မရှိတော့ပေ။ သူက နဖူးမှ ချွေးစေးများကို သုတ်ကာ ဘေးသို့ ဖယ်ပေးလိုက်ရတော့သည်။
ဝမ်ကော်အန်းက သူ၏ အဖိုးအား နှစ်သိမ့်လိုက်သည်။ "အဖိုး... စိတ်မပူပါနဲ့။ အဖိုးတောင် မကုနိုင်မှတော့ အဲဒီကောင်လေးလည်း သေချာပေါက် ကုနိုင်မှာ မဟုတ်ဘူး။ ဒါက ခက်ခဲနက်နဲတဲ့ ရောဂါဆန်းပဲ... ဘယ်သူမှ ကုနိုင်မှာ မဟုတ်ပါဘူး"
ဝမ်ရွှမ်တယ်က ဘာမှ ပြန်မပြောသော်လည်း သူ၏ ရင်ထဲတွင်မူ ထိုစကားကို အတော်လေး လက်ခံထားမိသည်။ အစောပိုင်းက ယဲ့ပုဖန် နှစ်ပွဲဆက်တိုက် နိုင်ခဲ့သော်လည်း ၎င်းတို့မှာ ခါးရိုးဒဏ်ရာနှင့် ဇက်ကြောတက် ရောဂါများသာ ဖြစ်ကြပြီး ယခုကဲ့သို့သော ရောဂါဆန်းနှင့် လုံးဝ မတူညီပေ။
ယဲ့ပုဖန်က ရှေ့သို့ လှမ်းလာရာ မုတ်ဆိတ်ဗလပွက မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
"နတ်ဆေးဆရာလေး... ကျေးဇူးပြုပြီး နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး။ အမှန်အတိုင်း ပြောရရင် သန်ဘက်ခါက ကျွန်တော့်သားရဲ့ စေ့စပ်ပွဲနေ့ဗျာ။ အဲဒီမတိုင်ခင် သူ့လက်တွေ အောက်ချလို့ ရအောင် လုပ်ပေးမှ ဖြစ်မယ်... မဟုတ်ရင် ဒီမင်္ဂလာ ပျက်စီးသွားလိမ့်မယ်"
"စိတ်မပူပါနဲ့... ကျွန်တော် အရင် ကြည့်ပါရစေဦး" ယဲ့ပုဖန်က လူငယ်၏ ရှေ့သို့ သွားကာ ဘာစကားမျှ မပြောဘဲ ထိုလူငယ်ကို သုံးပတ်ခန့် ပတ်၍ ကြည့်နေလေသည်။
လူတိုင်းမှာ ဇဝေဇဝါ ဖြစ်ကုန်ကြတော့သည်။
ဒီနတ်ဆေးဆရာလေး ဘာလုပ်ဖို့ ပြင်နေတာလဲ။ သွေးခုန်နှုန်းလည်း မစမ်း၊ အပ်လည်း မစိုက်ဘဲ လူကို ပတ်ကြည့်နေရုံနဲ့ ရောဂါက ပျောက်နိုင်လို့လား။
လူငယ်ကလည်း ထိတ်လန့်သွားကာ "နတ်ဆေးဆရာလေး... ဆရာ ဘာလုပ်နေတာလဲ" ဟု မေးလိုက်ရှာသည်။
ယဲ့ပုဖန်သည် ထိုလူငယ်၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ကာ ခပ်ဖျော့ဖျော့ ပြုံးလျက် ကြည့်နေပြီးနောက်... ရုတ်တရက် သူ၏ ညာခြေထောက်ကို မြှောက်ကာ လူငယ်၏ ဝမ်းဗိုက် အောက်ပိုင်းဆီသို့ ပြင်းထန်စွာ ကန်လိုက်တော့သည်။
"ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ။ နတ်ဆေးဆရာလေးက ဒီလူနဲ့ ရန်ငြိုးရှိလို့လား။ ဘာလို့ မျိုးဆက်ပြတ်စေမယ့် ကန်ချက်ကို သုံးရတာလဲ"
လူတိုင်းမှာ သူ၏ လုပ်ရပ်ကြောင့် လန့်ဖျပ်သွားကြသည်။ ထိုနေရာသည် ယောက်ျားတစ်ယောက် အတွက် မည်မျှ အရေးကြီးသည်ကို လူတိုင်း သိထားကြရာ ထိုကန်ချက်သာ ထိသွားပါက သေလျှင်သေ၊ မသေသော်လည်း နန်းတွင်းက မိန်းမစိုး တစ်ယောက် ဖြစ်သွားမည်မှာ သေချာလှပေသည်။
လူငယ်မှာမူ ပို၍ပင် ထိတ်လန့်သွားကာ စူးရှစွာ အော်ဟစ်လျက် သူ၏ လက်နှစ်ဖက်ကို အောက်သို့ အမြန်အဆန် ချလိုက်ပြီး သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို တင်းတင်းကျပ်ကျပ် ကာကွယ်လိုက်တော့သည်။
ယဲ့ပုဖန်၏ ကျင့်ကြံမှုမှာ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ ကန်ချက်မှာ အလွန် ရက်စက်ကြမ်းကြုတ်ပုံ ပေါ်သော်လည်း နောက်ဆုံးတွင် လူငယ်၏ လက်များအနီး၌ အတိအကျ ရပ်တန့်သွားခဲ့ပြီး မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
"ဆရာ ဘာလုပ်တာလဲ ရောဂါမကုနိုင်ရင်လည်း ထားလိုက်ပါတော့... ကျွန်တော်က ဆရာ့ကို ဘာမှ စော်ကားထားတာ မဟုတ်ဘဲနဲ့ ဘာလို့ ဒီလို မျိုးဖြုတ်ကန်ချက်နဲ့ ကန်ရတာလဲ"
လူငယ်မှာ အလွန်အမင်း ဒေါသထွက်သွားကာ ယဲ့ပုဖန်၏ လုပ်ရပ်အပေါ် မကျေမနပ် ဖြစ်သွားတော့သည်။
ထိုစဉ်မှာပင် မုတ်ဆိတ်ဗလပွက လျှောက်လာပြီး လူငယ်၏ ခေါင်းကို တစ်ချက် ရိုက်လိုက်သည်။ "မင်းကတော့လေ... နတ်ဆေးဆရာလေးက မင်းကို ဆေးကုပေးနေတာကို မမြင်ဘူးလား။ မြန်မြန် သူ့ကို တောင်းပန်စမ်း"
ထိုအခါမှသာ လူငယ်သည် သူ၏ လက်နှစ်ဖက်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် အောက်သို့ ပြန်ကျနေပြီ ဖြစ်ကြောင်း သတိထားမိသွားတော့သည်။
"နတ်ဆေးဆရာလေး... တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က လူမိုက်ဖြစ်လို့ ဆရာ့ကို အထင်မှားသွားမိတာပါ"
သူသည် အတိုင်းထက်အလွန် ဝမ်းသာသွားကာ ယဲ့ပုဖန်အား တောင်းပန်ရင်း သူ၏ ပါးကို သူကိုယ်တိုင် အားပါးတရ ပြန်လည် ရိုက်နှက်နေတော့သည်။
ယဲ့ပုဖန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ရပါတယ်... မင်းရဲ့ ရောဂါ ပျောက်သွားပြီဆိုရင်တော့ ပြန်လို့ ရပါပြီ" ဟု ဆိုလိုက်သည်။
ထိုအခါမှသာ ဘေးပတ်ဝန်းကျင်မှ လူများမှာ ဘာဖြစ်သွားသည်ကို သဘောပေါက်သွားကြပြီး ချက်ချင်းပင် ဟေးခနဲ အော်ဟစ် အားပေးလိုက်ကြတော့သည်။
"ကြည့်စမ်း... နတ်ဆေးဆရာလေးကို ကြည့်ဦး။ ဆေးလည်း မထိုး၊ ဆေးလည်း မတိုက်ဘဲ ရောဂါကို အလွယ်တကူ ကုပေးသွားတာပဲ"
"တကယ်ကို ထူးချွန်တာပဲ။ နတ်ဆေးဆရာလေး ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဟို နတ်အပ်ဘုရင် ဆိုတဲ့ လူထက် အများကြီး သာတာပေါ့..."
"နှစ်ယောက်စလုံးက တိုင်းရင်းဆေး သမားတော်တွေ ဖြစ်နေတာတောင် ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ ဟိုလူက နာရီဝက်နီးပါး အလုပ်ရှုပ်နေတာတောင် ဘာမှ ဖြစ်မလာဘူး။ နတ်ဆေးဆရာလေးကျတော့ ကန်မယောင် လုပ်ပြီး ရောဂါကို အမြစ်ပြတ်အောင် လုပ်ပေးသွားတာပဲ..."
***