ဝမ်ရွှမ်တယ်မှာ ဘေးမှနေ၍ ကြည့်ရင်း လုံးဝ ဇဝေဇဝါ ဖြစ်နေတော့သည်။ သူသည် လူနာကို ကုသပေးရန် အချိန်အတော်ကြာ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဘာအာနိသင်မျှ မရှိခဲ့ပေ။
သို့သော် တစ်ဖက်လူကမူ ကန်မယောင်နှင့် ဟန်ဆောင်လိုက်ရုံမျှဖြင့် လူနာမှာ လုံးဝ နေကောင်းသွားခဲ့ချေပြီ။ ဤထက် ပို၍ စိတ်ပျက်ဒေါသထွက်စရာ ကောင်းသောအရာ ရှိနိုင်ပါဦးမည်လော။
မုတ်ဆိတ်ဗလပွက မေးလိုက်၏။ "နတ်ဆေးဆရာလေး... ကျွန်တော့်သားရဲ့ ရောဂါက တကယ်တော့ ဘာဖြစ်တာလဲခင်ဗျာ။ နောက်ရော ပြန်ဖြစ်နိုင်သေးလား"
ယဲ့ပုဖန်က ရှင်းပြလေသည်။ "ဒီရောဂါက ကြည့်ရတာ ထူးဆန်းပေမဲ့ တကယ်တမ်းကျတော့ ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။ ပခုံးအဆစ် တောင့်တင်းတာနဲ့ ကြွက်သားတွေ အချိန်အကြာကြီး တင်းမာနေတာ ပေါင်းစပ်သွားလို့ နောက်ဆုံးမှာ လက်ကို အောက်ချလို့ မရတော့တာပါ”
“ဆရာကြီးဝမ်ရဲ့ ရောဂါရှာဖွေမှုက မှန်သလို သူပေးတဲ့ ကုသမှုကလည်း မှန်ပါတယ်။ သူက ပခုံးအဆစ် တောင့်တင်းတာနဲ့ ကြွက်သား တင်းမာတာတွေကို ကုသပေးပြီးသားပါ။ ကျန်နေခဲ့တဲ့ တစ်ခုတည်းသော အရာက စိတ်ပိုင်းဆိုင်ရာ ပြဿနာပဲ ဖြစ်တယ်”
“ကျွန်တော် ခုနက သူ့ကို မမျှော်လင့်ဘဲ လန့်သွားအောင် လုပ်လိုက်တာက အချိန်အတော်ကြာ ဖြစ်နေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အဟုန်ကို ချိုးဖျက်ပေးလိုက်တာပါပဲ။ အခု သူ့လက်က အောက်ကျသွားပြီဆိုတော့ ပြဿနာက ပြေလည်သွားပါပြီ။ နောင်ကျရင်လည်း ထပ်မဖြစ်နိုင်တော့ပါဘူး။ စိတ်အေးအေးထားပြီး ပြန်နိုင်ပါပြီ"
"ကျေးဇူးတင်ပါတယ် နတ်ဆေးဆရာလေးခင်ဗျာ"
သားအဖ နှစ်ဦးလုံးက ယဲ့ပုဖန်အား အထပ်ထပ် အခါခါ ကျေးဇူးတင်စကား ပြောဆိုပြီးနောက် လှည့်ထွက်သွားကြတော့သည်။ မထွက်ခွာမီ သူတို့သည် ဝမ်ရွှမ်တယ်အား အထင်အမြင် သေးသော အကြည့်တစ်ချက်ဖြင့် ကြည့်သွားခဲ့ကြသေး၏။
"ဒါက..."
ဝမ်ကော်အန်း၏ ဆေးပညာမှာ မမြင့်မားသော်ငြား ယဲ့ပုဖန်၏ ရှင်းပြချက်ကိုမူ သူ ရှင်းလင်းစွာ ကြားလိုက်ရသည်။
"ဒါက... ဒါက ငါ့အဖိုး ကုပေးလိုက်တာ သိသာနေတာပဲကို..."
ဝမ်ရွှမ်တယ်က လက်လှမ်း၍ သူ၏ မြေးဖြစ်သူကို တားဆီးလိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်၏။ "ထားလိုက်ပါတော့... ငါ ရှုံးသွားပါပြီ။ ငါ့ရဲ့ အရည်အချင်းက နိမ့်ကျနေတာပဲ"
ယဲ့ပုဖန်က ဝမ်ရွှယ်တယ်အား ကြည့်ကာ ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ "ဆေးကုသသူ တစ်ယောက်အနေနဲ့ ဆေးပညာကိုပဲ နှိုက်နှိုက်ချွတ်ချွတ် လေ့လာရမှာ မဟုတ်ဘဲ လူနာရဲ့ စိတ်ပညာကိုပါ ထည့်သွင်း စဉ်းစားရမယ်”
“ခင်ဗျားမှာတော့ ဒီအချက်က အများကြီး လိုအပ်နေသေးတယ်။ ခင်ဗျား တွေးသမျှက ငွေဘယ်လို ရှာရမလဲ ဆိုတာပဲ ရှိနေတော့ ဒီကိစ္စကို လျစ်လျူရှုမိသွားတာပဲ။ သမားတော် တစ်ယောက် ဆုပ်ကိုင်ထားရမယ့် ကျင့်ဝတ်တွေကိုလည်း ခင်ဗျား မေ့သွားခဲ့ပြီ"
ဝမ်ရွှမ်တယ်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ "လူငယ်လေး... မင်း ငါ့ကို နိုင်သွားရုံနဲ့ မင်းကိုယ်မင်း အဲဒီလောက် ကြီးကျယ်လှပြီလို့ မထင်နဲ့ဦး။ ငါလို သမားတော်ကြီး တစ်ယောက်ကို ဆုံးမဖို့ဆိုတာ မင်းလို မျိုးဆက်သစ် တစ်ယောက်အတွက် မဟုတ်သေးဘူး"
ယန်ကျန့်သောက်က ရှေ့သို့ လှမ်းလာပြီး ပြောလိုက်၏။ "သခင်ကြီးဝမ်... ခင်ဗျား ဒီလောင်းကစားမှာ ရှုံးသွားပါပြီ။ အရင် သဘောတူညီချက်အရ နတ်အပ်ဘုရင် ဝမ်ဆေးခန်းက အခုကစပြီး ရှောင်ယဲ့ရဲ့ အပိုင် ဖြစ်သွားပါပြီ"
ဝမ်ကော်အန်းက ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။ "မဖြစ်နိုင်တာ။ လုံးဝ မဖြစ်နိုင်ဘူး။ နတ်အပ်ဘုရင် ဝမ်ဆေးခန်းက ငါတို့ ဝမ်မိသားစု အပိုင်ပဲ။ ဘာလို့ သူ့ကို ပေးရမှာလဲ"
သူ စကားပြောအပြီး ယဲ့ပုဖန်နှင့် ယန်ကျန့်သောက်တို့ ဘာမှ မပြောရသေးခင်မှာပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်း အော်ဟစ်ကြတော့သည်။
"အရှက်မရှိလိုက်တာ စာချုပ်မှာလည်း လက်မှတ်ထိုးပြီးသားပဲဟာ... အခု ရှုံးသွားတော့မှ စကားပြန်ပြင်ချင်နေတာလား..."
"ဟုတ်ပဗျာ... ခုနကတော့ သူတို့ဘာသာသူတို့ အတင်း စာချုပ်ချုပ်ချင်နေပြီးတော့ အသိသက်သေတောင် ရှာခိုင်းသေးတာ။ အခု ရှုံးတော့မှ နောက်ဆုတ်ချင်နေတယ်။ အရှက်ဆိုတာ ရှိဦးမှပေါ့..."
"ဘာလို့ သူ့ကို ပေးရမှာလဲ ဟုတ်လား။ မင်းတို့ ရှုံးသွားလို့ပေါ့ကွ လောင်းကြေးထပ်ရင် ရလဒ်ကို လက်ခံရမှာက တရားမျှတမှုပဲ။ တကယ်လို့ မင်းတို့သာ နိုင်ရင်ရော သူ့ဆီက ပစ္စည်းတွေကို အတင်း လုယူကြမှာ မဟုတ်ဘူးလား..."
"မင်းတို့..."
ဝမ်ကော်အန်းက ပြန်လည် အော်ဟစ်ချင်သော်လည်း လူထု၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် မည်သို့မျှ ချေပနိုင်စွမ်း မရှိတော့ချေ။
ယန်ကျန့်သောက်၏ မျက်နှာအမူအရာမှာလည်း အေးစက်သွားကာ ဝမ်ရွှမ်တယ်အား ကြည့်၍ မေးလိုက်သည်။
"သခင်ကြီးဝမ်... ဒါက ဘာအဓိပ္ပာယ်လဲ"
"ကဲ... တော်ကြပါတော့။ မငြင်းကြနဲ့တော့"
ဝမ်ရွှမ်တယ်က လက်ယမ်းပြကာ လူအုပ်ကြီးနှင့် ဝမ်ကော်အန်းတို့ကို တားဆီးလိုက်သည်။ သူသည် တတိယအချီကို အတင်းအကျပ် ပြိုင်စေခဲ့သည်မှာ ဝမ်မိသားစုအတွက် ဂုဏ်သိက္ခာ အနည်းငယ် ပြန်ဆယ်ချင်သောကြောင့် ဖြစ်၏။ ယခုတော့ သူ၏ အစီအစဉ်မှာ ပျက်ပြားသွားခဲ့ချေပြီ။
အခွင့်အရေးကတော့ ရှိခဲ့ပါ၏။ သို့သော် ကံဆိုးစွာဖြင့် သူ ဆုပ်ကိုင်နိုင်စွမ်း မရှိခဲ့ပေ။
ဤအခြေအနေသို့ ရောက်မှသာ သူ ထပ်မံ ငြင်းဆန်နေမည်ဆိုပါက ဝမ်မိသားစု၏ ဂုဏ်သိက္ခာမှာ ပို၍ပင် ကျဆင်းသွားပေလိမ့်မည်။ ထို့ပြင် တစ်ဖက်မှ အသိသက်သေမှာလည်း ဆေးပညာ စီမံခန့်ခွဲရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဖြစ်နေသဖြင့် သူ လုံးဝ ရန်မစရဲသော ပုဂ္ဂိုလ် ဖြစ်ပေသည်။
"ငါ ဝမ်ရွှမ်တယ်က နတ်အပ်ဘုရင် တစ်ယောက်အနေနဲ့ အခြေခံ လောကစည်းမျဉ်းတွေကိုတော့ သိပါသေးတယ်။ လောင်းကစား စာချုပ် ချုပ်ထားပြီးပြီ ဆိုမှတော့ ငါ အရှုံးကို လက်ခံရမှာပေါ့။ ဒီနေ့ကစပြီး ဒီဆေးခန်းက ငါတို့ ဝမ်မိသားစုနဲ့ မပတ်သက်တော့ဘူး"
"ဒါမျိုးမှပေါ့။ ရှုံးရင်လည်း လူရိုးလို ရှုံးရတယ်..."
"နတ်ဆေးဆရာလေးက တကယ့်ကို တော်တာပဲ။ ငါတို့ရဲ့ မကျေနပ်ချက်တွေကို ရင်ဖွင့်ပေးသလိုပဲ..."
ဘေးမှ ကြည့်ရှုနေသူများမှာ အခမဲ့ ဆေးကုသမှုအတွက် လာရောက်သူများ ဖြစ်ကြပြီး အများစုမှာ ငွေကြေးမတတ်နိုင်သော သာမန်လူများ ဖြစ်ကြရာ နတ်အပ်ဘုရင် ဝမ်ဆေးခန်း၏ မောက်မာသော အပြုအမူများအပေါ် အလွန် မကျေမနပ် ဖြစ်နေခဲ့ကြသူများ ဖြစ်သည်။ ဝမ်မိသားစု ဤကဲ့သို့ အရှုံးကြီး ရှုံးသွားသည်ကို မြင်ရသောအခါ အားလုံးက ကျေနပ်အားရ ဖြစ်နေကြတော့သည်။
ယန်ကျန့်သောက်က လောင်းကစား စာချုပ်ကို ထပ်မံ ကိုင်မြှောက်လိုက်ပြီး ပြောလိုက်၏။
"သခင်ကြီးဝမ်... ခင်ဗျား ကိုယ်တိုင် ဝန်ခံပြီးပြီ ဆိုမှတော့ အခုကစပြီး နတ်အပ်ဘုရင် ဝမ်ဆေးခန်းမှာ ရှိသမျှ အရာအားလုံးက ရှောင်ယဲ့ရဲ့ အပိုင် ဖြစ်သွားပါပြီ။ လွှဲပြောင်းပေးခြင်း လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးပါ"
အစောပိုင်းက ချုပ်ဆိုခဲ့သော လောင်းကစား စာချုပ်တွင် ဝမ်မိသားစုသည် အဆောက်အအုံ တစ်ခုတည်းကို သာမက ဆေးခန်း တစ်ခုလုံးကို လောင်းကြေးထပ်ထားကြောင်း ရှင်းလင်းစွာ ရေးသားထားခြင်း ဖြစ်သည်။ ယခုအခါ ဆေးခန်း၏ စာရွက်စာတမ်း အားလုံးမှာ ယန်ကျန့်သောက်၏ လက်ထဲတွင် ရှိနေပြီဖြစ်ရာ ဝမ်မိသားစု အနေဖြင့် သော့များ လွှဲပြောင်းပေးရုံသာ ရှိတော့သည်။
"စိတ်မပူပါနဲ့... ငါက ကတိတည်တဲ့လူပါ။ ငါပြောပြီးရင် ဘယ်တော့မှ နောက်မဆုတ်ဘူး"
ဝမ်ရွှမ်တယ်က ဆက်ပြောလေသည်။ "ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်။ ဒီနတ်အပ်ဘုရင် ဆိုတဲ့ ဆိုင်းဘုတ်က ငါ့ရဲ့ ဘိုးဘေးတွေဆီက ဆင်းသက်လာခဲ့တာ။ အဲဒီအရာကိုတော့ ငါနဲ့အတူ ယူသွားချင်တယ်"
ယန်ကျန့်သောက်က ယဲ့ပုဖန်၏ သဘောထားကို သိရှိရန် လှည့်ကြည့်လိုက်သည်။ အကယ်၍ လောင်းကစား စာချုပ်အတိုင်း တိတိကျကျ လုပ်ဆောင်မည်ဆိုပါက ဝမ်မိသားစုတွင် ထိုဆိုင်းဘုတ်ကို ယူပိုင်ခွင့် မရှိပေ။
"အဲဒါကို ပေးမယူနဲ့ ဆေးခန်းတစ်ခုလုံးလို့ ပြောထားတာပဲဟာ... ဘာလို့ ဆိုင်းဘုတ်ကို ယူခွင့်ပြုမှာလဲ..."
"ဟုတ်တယ် ဒီဝမ်မိသားစုရဲ့ ဆိုင်းဘုတ်က ဧကရာဇ် ချန်လုံ ကိုယ်တိုင် ရေးပေးထားတာလို့ ကြားတယ်။ အဲဒါက တကယ့်ကို တန်ဖိုးကြီးတာလေ..."
ပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ အော်ဟစ်သံများကို ကြားသောအခါ ဝမ်ရွှမ်တယ်မှာ စိုးရိမ်တကြီး ဖြစ်လာပြီး ယဲ့ပုဖန်အား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေမိသည်။ ဤဆိုင်းဘုတ်မှာ တန်ဖိုးကြီးရုံ သာမက ဝမ်မိသားစု မျိုးရိုးစဉ်ဆက်၏ ပြယုဂ်လည်း ဖြစ်နေသဖြင့် ယဲ့ပုဖန်က ငြင်းပယ်လိုက်မည်ကို သူ အလွန် ကြောက်လန့်နေခြင်း ဖြစ်၏။
"ဆိုင်းဘုတ် တစ်ခုတည်းပဲဟာ... ယူချင်ရင် ယူသွားလိုက်ပါ။ ဒါက ကိစ္စမရှိပါဘူး"
ယဲ့ပုဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်ပြီးနောက် ထပ်လောင်း ပြောဆိုလိုက်သည်။
"ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အရာတွေက တန်ဖိုးရှိတာ မှန်ပေမဲ့ တစ်သက်လုံးတော့ အဲဒါတွေကိုပဲ မှီခိုနေလို့ မရဘူး။ သမားတော် တစ်ယောက်အနေနဲ့ လူနာတွေအပေါ် ထားရှိရမယ့် မေတ္တာတရားကို ခင်ဗျား မေ့သွားခဲ့ရင် သာမန်လူတွေကို ကုသပေးဖို့ ခင်ဗျား မေ့သွားခဲ့ရင် ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ ဆိုင်းဘုတ် ရှိနေပါစေဦးတော့ ဘာများ အသုံးကျမှာလဲ"
"လူငယ်လေး... ငါ မင်းကို ပြောပြီးသားပဲ။ ငါလို သမားတော်ကြီး တစ်ယောက်ကို ဆုံးမဖို့ မင်းမှာ တာဝန်မရှိဘူး"
ဝမ်ရွှမ်တယ်မှာ ယဲ့ပုဖန်၏ ဆိုလိုရင်းကို လုံးဝ နားမလည်ခဲ့ပေ။ သူ၏ အမြင်တွင်မူ တစ်ဖက်လူသည် အနိုင်ရသွားသဖြင့် သူ့အား လှောင်ပြောင်နေခြင်းဟုသာ ယူဆနေခြင်း ဖြစ်သည်။ စကား ပြောပြီးသည်နှင့် သူသည် နတ်အပ်ဘုရင် ဝမ်ဆေးခန်းမှ ဆိုင်းဘုတ်ကို ချက်ချင်း ဖြုတ်ယူခိုင်းလိုက်တော့သည်။
ဖြုတ်ပြီးနောက် သူက ယဲ့ပုဖန်အား တစ်ချက် လှမ်းကြည့်လိုက်ကာ "လူငယ်လေး... ဒီနေ့ ငါ ရှုံးသွားတာ မှန်ပေမဲ့ ဝမ်မိသားစုရဲ့ ဆေးခန်းဆိုတာ ဘယ်သူမဆို ဒီအတိုင်း ဝင်ပြီး စီမံခန့်ခွဲလို့ ရတဲ့အရာ မဟုတ်ဘူး ဆိုတာ မှတ်ထားလိုက်ပါ" ဟု ဆိုလေသည်။
ဝမ်ကော်အန်းကမူ သူ၏ ခြိမ်းခြောက်မှုကို ဗြောင်ကျကျပင် ထုတ်ဖော်လိုက်တော့သည်။ "ယဲ့ပုဖန်... မင်း စောင့်နေလိုက်စမ်း"
ပြောပြီးသည်နှင့် သူသည် ဝမ်မိသားစုဝင်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။ ယနေ့မှ စတင်၍ ဤဆေးခန်းမှာ တရားဝင် အမည်ပြောင်းလဲသွားကာ ပိုင်ရှင်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
ယဲ့ပုဖန်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။ သူ ယနေ့ လှုပ်ရှားခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ တစ်ဖက်လူအား သင်ခန်းစာ ပေးချင်သောကြောင့် ဖြစ်၏။
အကယ်၍သာ ဝမ်ရွှမ်တယ်သည် သူ၏ အမှားများကို နားလည်ပြီး ပြင်ဆင်နိုင်မည် ဆိုပါက သူ အနိုင်ရလျှင်ပင် ဝမ်မိသားစု၏ ဆေးခန်းကို ယူမည် မဟုတ်ပေ။ သို့သော် ယခု ကြည့်ရသည်မှာ ဝမ်မိသားစု တစ်ခုလုံးသည် ငွေကြေးနောက်သို့ လိုက်ရင်း သူတို့၏ သမားတော် စိတ်ဓာတ်ကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကာ သမားတော် တစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ကိုလည်း မေ့လျော့နေကြချေပြီ။ ထိုကဲ့သို့သော လူများအတွက်မူ သူ ထပ်မံ သနားနေတော့မည် မဟုတ်ချေ။
ပွဲကြည့်ပရိသတ်များမှာလည်း ထူးခြားသည့် အဖြစ်အပျက်များ မရှိတော့သဖြင့် လူစုကွဲသွားကြသည်။ ယန်ကျန့်သောက်က နတ်အပ်ဘုရင် ဝမ်ဆေးခန်း၏ အိမ်ခြံမြေ ပိုင်ဆိုင်မှု စာချုပ်များနှင့် အခြားသော အရာများကို ယဲ့ပုဖန်ထံသို့ ကမ်းပေးလိုက်သည်။
"လူငယ်လေး... မင်းက တကယ်ကို ထူးချွန်တာပဲ အခုကစပြီး ဒီဆေးခန်းက မင်းအပိုင် ဖြစ်သွားပြီ။ ကြိုးစားပြီးတော့ တိုင်းရင်းဆေးပညာ ပြန့်ပွားအောင် လုပ်ဆောင်ပေးပါဦး"
လျီဟုန်ရှို့က "ရှောင်ယဲ့... ငါ့ရဲ့ ရောဂါကို ကုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါက မြို့တော်သူ ဆိုတော့ အိမ်ခြံမြေ ဌာနက လူတချို့နဲ့ ရင်းနှီးတယ်။ အဲဒီတော့ လွှဲပြောင်းမှု ကိစ္စတွေကို ငါနဲ့အတူ သွားလုပ်ကြမလား" ဟု ကမ်းလှမ်းလာသည်။
ယန်ကျန့်သောက်ကလည်း "အိမ်ခြံမြေ ကိစ္စတွေက တော်တော်လေး လက်ဝင်တာ။ အဲဒီတော့ မင်းရဲ့ အန်တီလျီနဲ့ပဲ လိုက်သွားလိုက်ပါ" ဟု ထောက်ခံလေသည်။
၎င်းမှာ ထိုဇနီးမောင်နှံ၏ စေတနာ ဖြစ်ကြောင်း ယဲ့ပုဖန် သိထားသဖြင့် သူက ငြင်းဆန်ခြင်း မပြုခဲ့ပေ။ "ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူးယန်... ကျေးဇူးတင်ပါတယ် အန်တီလျီ"
"ဘာတွေကို ကျေးဇူးတင်နေတာလဲ။ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ"
ထိုအခိုက်အတန့်တွင် ယန်ကျန့်သောက်သည် ယဲ့ပုဖန်အား အထင်ကြီး လေးစားသော မျက်လုံးများဖြင့် ထပ်မံ ကြည့်လိုက်မိသည်။ "ကဲ... ခင်ဗျားတို့ နှစ်ယောက် သွားကြတော့လေ။ ငါလည်း လုပ်စရာတွေ ရှိသေးလို့ အရင် သွားနှင့်ပါ့မယ်" ပြောပြီးသည်နှင့် သူက နောက်သို့ လှည့်ကာ ထွက်ခွာသွားလေသည်။
လျီဟုန်ရှို့က "ရှောင်ယဲ့... မင်းမှာ ကားပါလား" ဟု မေးသည်။
"မပါပါဘူး... ကျွန်တော် မနေ့ကမှ မြို့တော်ကို ရောက်တာဆိုတော့"
"ဪ... ဒါဆိုလည်း ငါ့ကားနဲ့ပဲ လိုက်ခဲ့တော့လေ"
လျီဟုန်ရှို့သည် ယဲ့ပုဖန်အပေါ် အလွန် ရင်းနှီးဖော်ရွေစွာ ဆက်ဆံလေသည်။ သူမသည် ယဲ့ပုဖန်အား အနီးရှိ ဘီတယ် ကားလေးဆီသို့ ခေါ်ဆောင်သွားပြီး နှစ်ဦးသား အိမ်ခြံမြေ ဌာနသို့ လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ထွက်ခွာသွားကြတော့သည်။
***