ကုသမှုအပြီးမှာတော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးက အလျင်အမြန်ပင် ရင်းနှီးသွားခဲ့သည်။
လျီဟုန်ရှို့သည် အရာရှိကတော်တစ်ဦး၏ မောက်မာမှုမျိုး လုံးဝမရှိဘဲ အလွန်ပင် သဘော ကောင်းလှသည်။ ကားပေါ်ရောက်သည်နှင့် သူမက ယဲ့ပုဖန်ကို ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုလေတော့သည်။
"ရှောင်ယဲ့... မင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲကွယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ပြောင်မြောက်တဲ့ ဆေးပညာစွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်။ မြို့တော်မှာ နာမည်ကြီးလှတဲ့ နတ်အပ်ဘုရင်တောင် မင်းကို မယှဉ်နိုင်ဘူးဆိုတော့ ဒီပညာတွေကို ဘယ်သူ့ဆီက သင်ထားတာလဲ"
"ကျွန်တော့်ဆရာဆီက သင်ထားတာပါ..."
ဤသို့သော မေးခွန်းမျိုးနှင့် ကြုံလာရတိုင်း ယဲ့ပုဖန်အနေဖြင့် တကယ် မရှိသော ထိုဆရာ ဆိုသူကိုသာ အကြောင်းပြရတော့သည်။
"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာပဲ။ မင်းလို လူငယ်လေးတစ်ယောက် ရှိနေတာဆိုတော့ ငါတို့တိုင်းရင်းဆေးပညာအတွက် မျှော်လင့်ချက် ရှိလာပြီပေါ့"
စကားပြောရင်းနှင့်ပင် လျီဟုန်ရှို့သည် တရုတ်ပြည်မှ လူလတ်ပိုင်းအရွယ် အမျိုးသမီးများ၏ ထုံးစံအတိုင်း အောင်သွယ်လုပ်ချင်သည့် ရောဂါ ထလာတော့သည်။
"ရှောင်ယဲ့... မင်း ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ"
"၂၁ နှစ်ပါ ခင်ဗျ"
"ရည်းစားရော ရှိပြီလား။ အန်တီ ပြောပြမယ်... အန်တီ့မိတ်ဆွေတစ်ယောက်မှာ သမီးလေး တစ်ယောက် ရှိတယ်။ အရမ်းလှပြီး စိတ်ထားလည်း ကောင်းတယ်။ အရည်အချင်းလည်း ရှိပြီးတော့ အခု ဟွာချင့်တက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်နေတာ။ မင်းတို့နှစ်ယောက်ဆို သိပ်လိုက်ဖက်မှာ..."
တရစပ် ပြောဆိုနေသော လျီဟုန်ရှို့ကြောင့် ယဲ့ပုဖန်က ခါးသက်သက် ပြုံးလိုက်ရင်း "အန်တီလျီ... ကျွန်တော့်မှာ ရည်းစားရှိနေပါပြီဗျ" ဟု ဝင်ပြောလိုက်ရသည်။
"အို... တကယ့်ကို နှမြောစရာပဲကွယ်။ ဒါပေမဲ့ မင်းတို့အရွယ်တွေရဲ့ သံယောဇဉ်ဆိုတာက မခိုင်မြဲတတ်ပါဘူး။ တကယ်လို့ မင်းတို့များ လမ်းခွဲဖြစ်သွားရင် အန်တီ့ကို သေချာပေါက် ပြောနော်... အန်တီ တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
ယဲ့ပုဖန်၏ မျက်နှာတွင် အနက်ရောင်မျဉ်းကြောင်းများပင် ကျသွားတော့သည်။ အန်တီလျီက အောင်သွယ် လုပ်ရသည်ကို စွဲလမ်းနေသလားပင် မသိပေ။
သို့သော်လည်း သူမ၏ ဆန္ဒက သူနှင့်တော့ ပြည့်ဝလာမည် မဟုတ်ချေ။ သူ့မှာ ချစ်သူရည်းစားများ အများကြီး ရှိနေပြီဖြစ်ရာ နောက်ထပ် တစ်ယောက် မိတ်ဆက်ပေးစရာ အကြောင်းမှ မရှိတော့ပေ။
"ကျေးဇူးတင်ပါတယ် အန်တီလျီ"
သူက အတွေးထဲမှ ကျိတ်တွေးနေသော်လည်း အပြင်တွင်မူ ယဉ်ကျေးစွာပင် တုံ့ပြန်လိုက်သည်။
ထို့နောက် လျီဟုန်ရှို့က "ဒါနဲ့ ရှောင်ယဲ့... အန်တီ့ရဲ့ ဇက်ကြောရိုးက လုံးဝ သက်သာသွားပြီလား။ နောက်ပိုင်းရော ဆက်ကုဖို့ လိုသေးလားကွယ်... အန်တီက မင်းကို မယုံလို့တော့ မဟုတ်ဘူးနော်။ အန်တီ့အခြေအနေက နည်းနည်း ထူးခြားနေသလားလို့ မေးကြည့်တာပါ" ဟု မေးလိုက်သည်။
"ပုံမှန်ဆိုရင်တော့ ထပ်ကုစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ အန်တီ စိတ်ပူနေသေးတယ်ဆိုရင်တော့ မနက်ဖြန် ကျွန်တော့်ဆေးခန်းကို လာခဲ့ပါ။ ကျွန်တော် သေချာ ပြန်စစ်ဆေးပေးပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံးကိုပါ အားဖြည့်ပေးပါ့မယ်။ အန်တီ့အရွယ်မှာ ခန္ဓာကိုယ်ကို သေချာအားဖြည့်တာက အရမ်း ကောင်းပါတယ်။ အထူးသဖြင့် အသားအရေအတွက်ပေါ့။ အိုမင်းရင့်ရော်တာကိုလည်း သိသိသာသာ လျှော့ချပေးနိုင်တယ်ဗျ"
ယဲ့ပုဖန်သည် လူမှုအသိုင်းအဝိုင်းသို့ အသစ်ရောက်လာသော လူငယ်လေးတစ်ဦး မဟုတ်တော့ပေ။ မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးမှာ ဆေးပညာ စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၏ ဇနီးဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခြင်းက အမြဲတမ်း အကျိုးရှိပေလိမ့်မည်။
"တကယ်လား... အဲဒါဆို သိပ်ကောင်းတာပေါ့ကွယ်။ ကျေးဇူးပါပဲ ရှောင်ယဲ့ရယ်"
အိုမင်းရင့်ရော်မှုကို လျှော့ချပေးပြီး အလှအပအတွက်ပါ အထောက်အကူ ပြုနိုင်သည်ဟု ကြားလိုက်ရသဖြင့် လျီဟုန်ရှို့၏ မျက်နှာမှာ ဝမ်းသာပျော်ရွှင်မှုကြောင့် ချက်ချင်းပင် လင်းလက်သွားတော့သည်။
အမျိုးသမီးများ၏ အလှအပကို မြတ်နိုးမှုသည် မွေးရာပါပင် ဖြစ်သည်။ သုံးနှစ်အရွယ် ကလေးငယ်လေးမှ စ၍ အသက်ရှစ်ဆယ်အရွယ် အဘွားအိုများအထိ မည်သည့်မိန်းကလေးမျှ အလှအပ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။
"ဒါနဲ့ ရှောင်ယဲ့... အခု မင်းရဲ့ ဆေးခန်းမှာ ဆိုင်းဘုတ် မရှိသေးဘူးမလား။ ဆိုင်းဘုတ်နာမည် တစ်ခုခု ပေးသင့်တယ်။ အန်တီနဲ့ သိတဲ့လူတစ်ယောက်က မြို့တော်မှာ ဆိုင်းဘုတ်လုပ်တဲ့သူ ရှိတယ်။ သူက မင်းအတွက် မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်လိမ့်မယ်"
"ဒါဆို သိပ်ကောင်းတာပေါ့ဗျာ... ကျေးဇူးတင်ပါတယ် အန်တီလျီ"
ယဲ့ပုဖန်သည် မူလက ပိုင်ဆိုင်မှု စာရွက်စာတမ်းကိစ္စများ ပြီးပြတ်ပါက ဤကိစ္စကို ကိုယ်တိုင် လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သည်။ ယခု လျီဟုန်ရှို့၏ အကူအညီကြောင့် သူ့အတွက် အလုပ်တော်တော်လေး သက်သာသွားခဲ့ပေပြီ။
"ကျေးဇူးတင်နေစရာ မလိုပါဘူးကွယ်။ မင်းက မြို့တော်ကို အခုမှ ရောက်လာတာလေ။ နောက်ဆိုရင်လည်း အကူအညီလိုတာရှိရင် အန်တီ့ဆီသာ လာခဲ့ပါ"
လျီဟုန်ရှို့က ဆက်၍ "မင်းရဲ့ဆေးခန်းကို ဘယ်လိုနာမည် ပေးမလို့လဲ။ ဆိုင်းဘုတ်အတွက် လိုအပ်တာတွေ ပြောပြလေ... အန်တီ သူ့ဆီကို အခုချက်ချင်း ပို့လိုက်မယ်" ဟု ပြောလေသည်။
ယဲ့ပုဖန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "ကူယီမန် ဆေးခန်း လို့ပဲ ပေးလိုက်ပါဗျာ"
သူသည် ရှေးဟောင်းဆေးပညာဂိုဏ်း၏ အမွေခံဖြစ်ရာ ယင်းစာလုံးသုံးလုံးကို သူ၏ ဆေးခန်းအမည် အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ဆိုင်းဘုတ်အတွက် လိုအပ်ချက်များနှင့် အရွယ်အစားတို့ကို ပြောပြလိုက်သည်။
လျီဟုန်ရှို့ ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် တစ်ဖက်လူက ဆိုင်းဘုတ်ကို မနက်ဖြန် မနက်စောစော အရောက်ပို့ပေးမည်ဟု အာမခံလိုက်လေသည်။
စကားပြောနေကြရင်းဖြင့်ပင် သူတို့သည် မြို့တော် အိမ်ခြံမြေ စီမံခန့်ခွဲရေးဌာနသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။ ထိုဌာန၏ တာဝန်ခံမှာ လျီဟုန်ရှို့၏ မောင်အရင်းဖြစ်နေမှန်း ထိုအခါကျမှပင် ယဲ့ပုဖန် သိလိုက်ရသည်။
ယင်းအဆက်အသွယ်အပြင် ဝမ်ရွှမ်တယ်ကလည်း လွှဲပြောင်းပေးအပ်ခြင်း သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးပေးထားပြီး ဖြစ်ရာ သူတို့၏ လုပ်ငန်းစဉ်မှာ သဘာဝကျစွာပင် အလွန် မြန်ဆန်ချောမွေ့သွားတော့သည်။
လျီဟုန်ရှို့၏ အကူအညီဖြင့် မွန်းလွဲပိုင်း တစ်ခု အတွင်းမှာပင် ဆေးခန်းတစ်ခုလုံး၏ ပိုင်ဆိုင်မှုနှင့် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်း ကိစ္စရပ်များ အားလုံး ပြီးစီးသွားခဲ့သည်။ မနက်ဖြန် မနက်စောစောတွင် ဆေးခန်းကို တရားဝင် စတင်ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။
ကိစ္စအားလုံး ပြီးပြတ်သွားပြီးနောက် ယဲ့ပုဖန်သည် လျီဟုန်ရှို့နှင့်အတူ ညစာစားခဲ့ပြီး ဆေးခန်းသို့ ပြန်လာခဲ့သည်။
ဤနေရာမှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီဆိုသော်လည်း အထဲသို့ဝင်၍ သေချာ လေ့လာကြည့်ရှုရန် အချိန်မရခဲ့သေးပေ။
တံခါးကို ဖွင့်ဝင်လိုက်ရာ ဆေးခန်းမှာ သုံးထပ် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မြေညီထပ်သည် လူနာကြည့်ခန်းမဖြစ်ပြီး ဒုတိယထပ်မှာ ဆေးဝါးခန်း ဖြစ်သည်။ တတိယထပ်တွင်မူ အထူးဧည့်ခန်းနှင့် ဝမ်ရွှမ်တယ်၏ ယခင်အနားယူရာ အခန်းတို့ ရှိလေသည်။
ဆေးခန်းတစ်ခုလုံးမှာ အလွန် ကျယ်ဝန်းလှပြီး သုံးထပ်ပေါင်းလိုက်လျှင် စတုရန်းမီတာ တစ်ထောင် နီးပါးခန့် ရှိသည်။ အခြားအရာများကို ထည့်မတွက်လျှင်ပင် မြို့တော်ရှိ ဤအဆောက်အအုံ တစ်ခုတည်းကပင် ယွမ်သန်းတစ်ရာကျော် တန်ဖိုးရှိပေသည်။
ယဲ့ပုဖန်သည် ဤနေရာကို အတော်လေး သဘောကျမိသည်။ ဝမ်ရွှမ်တယ်သည် တံခါးဝရှိ ဆိုင်းဘုတ်ကိုသာ ဖြုတ်ယူသွားခဲ့ပြီး ကျန်သည့် မည်သည့်အရာကိုမျှ ယူဆောင်သွားခြင်း မရှိပေ။ ဆေးဝါးခန်းအတွင်းရှိ ဆေးဘက်ဝင်အပင်များပင် ပါဝင်ရာ သူ့အတွက် အလုပ်တော်တော်လေး သက်သာသွားခဲ့သည်။
ဝမ်ရွှမ်တယ်၏ အနားယူရာ အခန်းသည်လည်း အသုံးအဆောင်များ အပြည့်အစုံပါဝင်ကာ သေသပ် လှပစွာ ပြင်ဆင်ထားလေသည်။ ယဲ့ပုဖန်က သူ၏ သိုလှောင်လက်စွပ်ထဲမှ အိပ်ရာခင်းတစ်စုံကို ထုတ်ယူကာ လဲလှယ်လိုက်ပြီး ထိုအခန်း၌ပင် အနားယူလိုက်တော့သည်။
နောက်တစ်နေ့နံနက် သူနိုးလာပြီးနောက် ရေချိုးခန်းထဲ၌ ရေအရင်ချိုးလိုက်သည်။ သို့သော် သူ အပြင်သို့ ထွက်လာချိန်တွင် အောက်ထပ်မှ လှုပ်ရှားသံများကို ရုတ်တရက် ကြားလိုက်ရလေသည်။
"ဘာတွေဖြစ်နေတာလဲ။ ဝမ်မိသားစုက ဒီလောက် မြန်မြန် ပြန်လာတာလား"
ထိုသို့တွေးလိုက်ရင်း သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် လွှမ်းခြုံစစ်ဆေးလိုက်ရာ မကြာမီမှာပင် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
သူ အဝတ်အစားလဲပြီးနောက် အောက်ထပ် ဧည့်ခန်းမဆီသို့ ဆင်းလာခဲ့သည်။ စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရချိန်တွင်မူ ရင်ခုန်စရာ ကောင်းနေဆဲပင်။
ဤအခိုက်အတန့်၌ ဆေးခန်း၏ ဧည့်ခန်းမကြီးအတွင်းဝယ် သူနာပြုဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် မိန်းမချောလေး ၂၅ ဦးခန့် သေသပ်စွာ တန်းစီရပ်နေကြလေသည်။
သူတို့တစ်ဦးစီတိုင်းမှာ သွယ်လျသော ခါးလေးများ၊ ပြည့်ဖြိုးသော တင်ပါးများ၊ ရှည်လျားသော ခြေတံများ ပါရှိကြသည့်အပြင် သွယ်လျလှပသော မျက်နှာပေါက်များနှင့် မြင့်မြတ်သော အငွေ့အသက်များပါ ပေါင်းစပ်လိုက်သည့်အခါ မျက်စိပသာဒ အလွန်ဖြစ်လှပေသည်။
ရှေ့ဆုံးမှ ဦးဆောင်နေသော မိန်းကလေးမှာ အရပ်အမောင်း မြင့်မားပြီး ပြီးပြည့်စုံသော ကိုယ်လုံး ကိုယ်ပေါက် ရှိကာ သူနာပြုဝတ်စုံနှင့် အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။ သူမသည်ကား အခြားသူမဟုတ်... ကျူးချွဲအသင်း၏ ခေါင်းဆောင် စီတုတျန့်မော့ပင် ဖြစ်လေသည်။
အနှီ လှပသော မိန်းကလေးများကို မြင်လိုက်ရသောအခါ ကျွန်းနိုင်ငံမှ ဇာတ်ကားတိုလေးများတွင် ဘာကြောင့် ဤသို့သော ဝတ်စုံများ ဝတ်ဆင်၍ ရိုက်ကူးကြသည်ကို ယဲ့ပုဖန် သဘောပေါက်သွားတော့သည်။
လှပသော အမျိုးသမီးများနှင့် ဤဝတ်စုံတို့ ပေါင်းစပ်သွားသည့်အခါ အမျိုးသားတစ်ဦး၏ နှလုံးသားကို ရိုက်ခတ်မှုတစ်ခု အမှန်တကယ်ပင် ပေးစွမ်းနိုင်ပေသည်။ သို့သော်လည်း ကျူးချွဲအသင်းမှ အဖွဲ့ဝင်များ သူနာပြုဝတ်စုံ ဝတ်ဆင်ထားသည်က သူ့ကို အနည်းငယ်တော့ ရယ်ချင်စိတ် ဖြစ်စေသည်။
ထိုစဉ် စီတုတျန့်မော့က ခုန်ဆွခုန်ဆွဖြင့် ပြေးလာကာ ပြုံးရွှင်စွာဖြင့် "နည်းပြချုပ်... ဘယ်လိုလဲ။ ပျော်သွားလား... အံ့ဩသွားလားဟင်" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က သူမကို ကြည့်ကာ "ဒါ မင်းရဲ့ အကြံလား"
စီတုတျန့်မော့က ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ရင်း "ဘယ်လိုလဲ... နည်းပြချုပ် ကျေနပ်ရဲ့လား"
"ဘာကို ကျေနပ်ရမှာလဲ"
ယဲ့ပုဖန်က သူမအား စိုက်ကြည့်လိုက်ရင်း "ငါက ကျူးချွဲအသင်းက အဖွဲ့ဝင်တွေကို ဆေးခန်းမှာ သူနာပြုလုပ်ဖို့ ပြောင်းလိုက်တယ်ဆိုတာကိုသာ ဆရာကြီးစီတု သိသွားရင် ငါ့ဆေးခန်းကို လာဖျက်ဆီးပစ်လိမ့်မယ်"
စီတုတျန့်မော့က တခစ်ခစ် ရယ်မောလိုက်ပြီး "ရပါတယ်... ကျွန်မတို့ သုံးရက် ခွင့်ရထားတယ်လေ။ အားလုံးကလည်း ဘာမှလုပ်စရာမရှိတာနဲ့ ဒီကိုလာပြီး သူနာပြုလာလုပ်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတာ"
ဤလူများမှာ အားနေ၍မဟုတ်ဘဲ သူ့ကို ကူညီရန် တကူးတက လာရောက်ကြခြင်းဖြစ်မှန်း ယဲ့ပုဖန် ကောင်းကောင်း သိထားသဖြင့် ရင်ထဲတွင် အတော်လေး ပီတိဖြစ်သွားရသည်။
"ငါ ဆေးခန်းဖွင့်တာ မင်းတို့ ဘယ်လိုလုပ် သိတာလဲ"
"ဒါက မြို့တော်လေ... စတုတ္ထအကြီးအကဲ တစ်ယောက်အနေနဲ့ ဒီလောက်တောင် ပွဲဆူအောင်လုပ်ပြီး ဆေးခန်းကိုပါ တစ်ခါတည်း အနိုင်ရလိုက်တာကို ကျွန်မတို့ ရွှမ်ယွမ်စံအိမ်က မသိဘဲ နေပါ့မလား"
ယဲ့ပုဖန်က ဤကိစ္စအတွက် အံ့ဩမနေတော့ပေ။ သူက ထိုနေရာရှိ မိန်းကလေးများကို ကြည့်ကာ "ဒါပေမဲ့ ဒါက တိုင်းရင်းဆေးခန်းလေ... မင်းတို့က အနောက်တိုင်းဆေးရုံက သူနာပြုဝတ်စုံတွေ ဝတ်ထားကြတာဆိုတော့ ဘယ်လိုဖြစ်ရတာလဲ"
စီတုတျန့်မော့က ဇဝေဇဝါဖြင့် "အာ... ကျွန်မတို့က ဒါတွေ ဝတ်ရမှာ မဟုတ်ဘူးလား။ ဒါဆို ဘာဝတ်ရမှာလဲ"
ယဲ့ပုဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး "ထားလိုက်ပါတော့... လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် မင်းတို့က သုံးရက်ပဲ နေရမှာဆိုတော့လေ"
ဤသို့ဖြင့် ကူယီမန် ဆေးခန်းလေးသည် သမားတော် တစ်ဦးတည်းသာ ရှိသော်လည်း လှပသော သူနာပြုဆရာမလေး ၂၅ ဦး ခြံရံထားသည့် ဆေးခန်းငယ် တစ်ခု အဖြစ် တရားဝင် ဖွင့်လှစ်လိုက်လေတော့သည်။
***