ယဲ့ပုဖန်က သူ့ရှေ့ရှိ နူးညံ့သိမ်မွေ့သော မိန်းကလေးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး "ဒီအထဲမှာ ဆေးဖော်စပ်တတ်တဲ့သူ ရှိလား" ဟု မေးလိုက်သည်။
ယခုအခါ ဆေးခန်းတွင် သမားတော်နှင့် သူနာပြုများ ရှိနေပြီဖြစ်သော်လည်း ဆေးဖော်စပ်ပေးမည့်သူ လိုအပ်နေသေးပေသည်။
"ကျွန်မ လုပ်တတ်ပါတယ်"
ကျူးချွဲ နံပါတ် (၁၉) သည် လူအုပ်ထဲမှ ရှေ့ထွက်လာ၏။ "ကျွန်မအဘိုးက တိုင်းရင်းဆေးဆရာဟောင်း တစ်ယောက်ပါ။ ကျွန်မလည်း ဆေးပညာ နည်းနည်းပါးပါး လေ့လာထားဖူးတယ်။ အိမ်မှာတုန်းက အဘိုး ဆေးဖော်ရင် ခဏခဏ ကူညီပေးဖူးပါတယ်"
ယဲ့ပုဖန်က "ကောင်းပြီလေ... ဒါဆိုရင် နောက်ပိုင်း လူနာတွေအတွက် ဆေးဖော်စပ်ပေးဖို့ မင်းပဲ တာဝန်ယူလိုက်တော့" ဟု ပြောလိုက်သည်။
သူတို့ စကားပြောနေကြစဉ်မှာပင် လျီဟုန်ရှို့ အပ်နှံပေးထားသော ဆိုင်းဘုတ်လည်း ရောက်ရှိလာသည်။
ယဲ့ပုဖန်က ဆိုင်းဘုတ်ကို ကြည့်လိုက်၏။ တကယ်ကို သေသပ်လှပစွာ ဖန်တီးထားပြီး ရှေးဆန်ကာ ကျက်သရေရှိလှသည်။ ၎င်း၏ အငွေ့အသက်မှာ နတ်အပ်ဘုရင် ဆိုင်းဘုတ်ထက် လုံးဝ နိမ့်ကျမနေပေ။
သူက ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်။ ယခုအချိန်မှစ၍ နတ်အပ်ဘုရင် ဆေးခန်းသည် ကူယီမန် (ရှေးဟောင်းဆေးပညာဂိုဏ်း) အဖြစ် တရားဝင် ပြောင်းလဲသွားချေပြီ။
ထို့နောက် ဆေးခန်းကို တရားဝင် စတင်ဖွင့်လှစ်လိုက်သည်။ ဗြောက်အိုးဖောက်ခြင်း သို့မဟုတ် အခမ်းအနားများ ကျင်းပခြင်းမျိုး မရှိသော်လည်း မနေ့က ဆေးပညာပြိုင်ပွဲကြောင့် လူအများအပြားသည် နာမည်သတင်းကို ကြားသိပြီး လာရောက်ကြလေသည်။
မည်သို့ပင်ဆိုစေ နတ်အပ်ဘုရင်ထက် ဆေးပညာစွမ်းရည် သာလွန်သော သမားတော်ဆိုသည်မှာ သိပ်မရှိလှပေ။ ထို့အပြင် ဤနတ်ဆေးဆရာလေးက ပို၍ ဆက်ဆံရလွယ်ကူပုံပေါ်ပြီး ဈေးနှုန်းလည်း ကြီးကြီးမားမား မတောင်းဆိုချေ။
မကြာမီမှာပင် ကူယီမန် ဆေးခန်းလေး တရားဝင် စတင်လည်ပတ်လေတော့သည်။ ယဲ့ပုဖန်က လူနာများကို စမ်းသပ်ကုသပေးရန် တာဝန်ယူပြီး အခြားသူများကမူ စည်းကမ်းထိန်းသိမ်းရေး၊ သန့်ရှင်းရေး၊ ဆေးဖော်စပ်ရေးနှင့် ငွေရှင်းသည့် ကိစ္စများကို တာဝန်ယူကြသည်။
အားလုံး အလုပ်ရှုပ်နေကြစဉ်မှာပင် "ဆေးပညာ စစ်ဆေးရေး" ဟု စာတန်းထိုးထားသော ဗင်ကား တစ်စီးသည် ဆေးခန်းရှေ့တွင် လာရပ်လေသည်။
ကားရပ်သွားပြီးနောက် ယူနီဖောင်းဝတ်ဆင်ထားသူ အချို့ ဆင်းလာကြ၏။ သူတို့၏ လက်မောင်းရှိ ပခုံးတံဆိပ်များတွင်လည်း "ဆေးပညာ စစ်ဆေးရေး" ဟု ရေးသားထားသည်။
ထိုလူများထဲတွင် ဦးဆောင်လာသူမှာ အပြာရောင်ယူနီဖောင်းဝတ် ပိန်ပိန်ပါးပါး လူလတ်ပိုင်း တစ်ဦး ဖြစ်ပြီး မျက်နှာပေါ်တွင် မောက်မာသော အမူအရာ ရှိနေသည်။ သူက အရာရှိတစ်ဦးနှင့်ပင် တူနေ၏။
သူသည် ဆေးခန်းထဲသို့ ဝင်လာပြီး "ဒီမှာ ဘယ်သူ တာဝန်ခံလဲ" ဟု ကျယ်လောင်စွာ အော်မေးလိုက်သည်။
ယဲ့ပုဖန်က ဆေးစာရေးနေသော ဘောပင်ကို ချထားလိုက်ပြီး သူ့ကို မော့ကြည့်ကာ "ကျွန်တော်ပါပဲ... ဘာကိစ္စရှိလို့လဲ" ဟု ပြန်ဖြေလိုက်သည်။
ဤလူများသည် ဆေးလာကုခြင်း မဟုတ်ဘဲ ပြဿနာလာရှာခြင်း ဖြစ်ကြောင်းကို သူ ချက်ချင်း ရိပ်မိလိုက်သည်။ ဝမ်မိသားစု၏ လှုပ်ရှားမှုက ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မနေ့ကမှ ပြောင်းရွှေ့သွားပြီး ယနေ့မှာပင် တစ်စုံတစ်ယောက်က သူ၏ တံခါးကို လာခေါက်နေပြီ ဖြစ်သည်။ သို့သော် သူ၏ လုပ်ငန်းစဉ်နှင့် စာရွက်စာတမ်းများ အားလုံးမှာ ပြည့်စုံပြီးသား ဖြစ်ရာ တစ်ဖက်လူက တမင်သက်သက် ပြဿနာရှာရန် မဟုတ်လျှင် ပြဿနာ ရှိလာမည် မဟုတ်ချေ။
"ပုံမှန် စစ်ဆေးရေးပါ"
လူလတ်ပိုင်းက ပြောလိုက်သည်။ "မင်းတို့ ဆေးခန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်ထုတ်ခဲ့။ မင်းမှာ လိုအပ်တဲ့ အရည်အချင်း ရှိမရှိနဲ့ တရားမဝင် ဆေးကုသနေတာလား ဆိုတာကို ငါ စစ်ဆေးချင်တယ်"
ယဲ့ပုဖန်က "ခင်ဗျားတို့ စစ်ဆေးလို့ရပါတယ်။ ဒါပေမဲ့ အရင်ဆုံး ခင်ဗျားတို့က ဘယ်ဌာနကလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ခင်ဗျားတို့ရဲ့ သက်သေခံကတ်ပြားကို ပြပါ" ဟု ပြောလိုက်သည်။
ဆေးခန်းဖွင့်ပြီး နှစ်နာရီပင် မပြည့်သေးမီ စစ်ဆေးရန် လူရောက်လာခြင်း ဖြစ်သည်။ ဤကိစ္စ၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက်မှ မရှိဘူးဆိုလျှင် အရူးပင်လျှင် ယုံမည်မဟုတ်ပေ။
ဘေးဘက်မှ လူပုလေးတစ်ယောက်က ခုန်ထွက်လာပြီး "ငါတို့က ဘယ်ဌာနကလဲဆိုတာ မင်းနဲ့ ဘာဆိုင်လို့လဲ။ စစ်ဆေးတာကိုသာ ပူးပေါင်းပါဝင်စမ်းပါ" ဟု မောက်မာစွာ အော်ဟစ်လိုက်သည်။
ဤလူများသည် နည်းပြချုပ်အား ပြဿနာလာရှာခြင်း ဖြစ်ကြောင်း စီတုတျန့်မော့လည်း ရိပ်မိသွားသည်။ ရွှမ်ယွမ်စံအိမ်၏ အဖွဲ့ဝင် တစ်ဦး၊ ဓားသူတော်စင် စီတုချန်ခုန်း၏ မြေးမလေး တစ်ယောက်အနေဖြင့် သူမသည် ဤလူများကို ဂရုပင် စိုက်မည်မဟုတ်ချေ။
"ရှင့်မှာ အခြေခံ ယဉ်ကျေးမှုရော ရှိရဲ့လား။ မစစ်ဆေးခင် သက်သေခံကတ်ပြား အရင်ပြရမယ်။ အထောက်အထား မရှိရင် ဒီကနေ ထွက်သွားစမ်း"
လူပုလေးက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "ဟိုး... သူနာပြုမလေးကများ ငါ့ကို ဒီလို လာပြောရဲတယ်ပေါ့။ နင့်ကို ဖမ်းပစ်လိုက်မယ်ဆိုတာ ယုံလား"
စီတုတျန့်မော့က အထင်အမြင်သေးစွာဖြင့် "ဒါဆိုလည်း လာဖမ်းကြည့်လေ" ဟု ပြန်ပြောလိုက်သည်။
စကားများနေသံကို ကြားလျှင် အခြားသူများလည်း ဒေါသတကြီး အမူအရာများဖြင့် စုရုံး ရောက်ရှိလာကြသည်။ နည်းပြချုပ်က အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဤအကောင်များကို သူတို့က ချက်ချင်း ပညာပေးလိုက်တော့မည် ဖြစ်သည်။
ယဲ့ပုဖန်က လက်ကာပြကာ သူ၏ လက်အောက်ငယ်သားများကို တားဆီးလိုက်သည်။ သူသည် ယခုမှ ဆေးခန်း စတင်ဖွင့်လှစ်ခြင်း ဖြစ်ရာ မလွှဲမရှောင်သာသော အခြေအနေမျိုးမှလွဲ၍ ဤလူများနှင့် ပြဿနာ မတက်ချင်ပေ။
သူတို့ကို ဦးဆောင်လာသော လူလတ်ပိုင်းက "ငါတို့ စစ်ဆေးရေး ယူနီဖောင်း ဝတ်ထားတာ မမြင်ဘူးလား။ ဒီအဝတ်အစားတွေက ငါတို့ရဲ့ သက်သေခံပဲ။ မင်းကို ငါပြောမယ်... သေသေချာချာ ပူးပေါင်းပါဝင်။ မဟုတ်ရင် မင်းရဲ့ ဆေးခန်းကို အခုချက်ချင်း ချိပ်ပိတ်ပစ်မယ်" ဟု ခြိမ်းခြောက်လေသည်။
ယဲ့ပုဖန်က ခေါင်းခါလိုက်ပြီး "အဝတ်အစားက ဘာကိုမှ သက်သေမပြနိုင်ဘူး။ ဒါမျိုး တစ်စုံကို ယွမ်နည်းနည်း ပေးရင် ဝယ်လို့ရတယ်။ ခင်ဗျားတို့ စစ်ဆေးလို့ရပေမဲ့ သက်သေခံကတ်ပြားကိုတော့ မဖြစ်မနေ ပြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်မှာ ဘာမဆို လုပ်ရဲတဲ့ လိမ်လည်သူတွေက အရမ်း ပေါနေလို့ပဲ"
စီတုတျန့်မော့ကလည်း ထောက်ခံလိုက်သည်။ "ကြားတယ်မလား။ အထောက်အထားရှိရင် စစ်ဆေး။ မရှိရင် ထွက်သွား"
"မင်းတို့ကောင်တွေ တော်တော် မိုက်ရိုင်းတာပဲ"
ဦးဆောင်လာသူ လူလတ်ပိုင်းသည် သူတို့နှစ်ဦးကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီးနောက် သက်သေခံကတ်ပြား တစ်ခုကို ပစ်ပေးလိုက်သည်။
ယဲ့ပုဖန်က ကတ်ပြားကို ယူ၍ ကြည့်လိုက်သည်။ ကတ်ပြားက အစစ်ဖြစ်၏။
လူလတ်ပိုင်း အမျိုးသား၏ အမည်မှာ ကွမ်မင်း ဖြစ်ပြီး မြို့တော် ဆေးပညာ စီမံခန့်ခွဲရေး ဗျူရို၏ စျေးကွက် ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ငယ်ခေါင်းဆောင်တစ်ဦး ဖြစ်လေသည်။
ဖတ်ပြီးနောက် သူက ကတ်ပြားကို ပြန်ပေးလိုက်ပြီး အံဆွဲကိုဖွင့်ကာ မနေ့က သူလုပ်ဆောင်ထားသော စာရွက်စာတမ်း အားလုံးကို ထုတ်ပေးလိုက်သည်။ ကွမ်မင်းက ထိုစာရွက်စာတမ်း အားလုံးကို သေချာစွာ စစ်ဆေးကြည့်သော်လည်း မည်သည့် ပြဿနာမျှ ရှာမတွေ့ခဲ့ပေ။
သူက မျက်မှောင်ကြုတ်သွားပြီး "မင်းက အနောက်တိုင်း ဆရာဝန်လား၊ တိုင်းရင်း သမားတော်လား" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "ကျွန်တော်က တိုင်းရင်းဆေး သမားတော်ပေါ့။ မဟုတ်ရင် ကျွန်တော်က ဘယ်လိုလုပ် တိုင်းရင်းဆေးခန်း ဖွင့်မှာလဲ" ဟု ပြန်ဖြေသည်။
"တိုင်းရင်းဆေး ဟုတ်လား..."
ကွမ်မင်းက လှောင်ပြုံးပြုံးလိုက်သည်။ "မင်းရဲ့ ဇာတိရုပ် ပေါ်လာပြီ မဟုတ်လား။ မင်းလို လူငယ် တစ်ယောက်က ဘယ်လိုလုပ် တိုင်းရင်းဆေးဆရာ ဖြစ်နိုင်မှာလဲ။ မင်းက သိသိသာသာကို လိမ်လည်နေတဲ့ကောင်ပဲ။ ငါတို့နဲ့ လိုက်ခဲ့... အားလုံးကို ရှင်းရှင်းလင်းလင်း ဖြေရှင်းရမယ်"
ပြောပြီးသည်နှင့် သူက ဘေးရှိ လူများကို လက်ဝှေ့ယမ်းပြလိုက်ကာ "သူ့ကို ဖမ်းခေါ်သွားစမ်း" ဟု အမိန့်ပေးလိုက်သည်။
စီတုတျန့်မော့ ချက်ချင်းပင် ဒေါသထွက်သွားသည်။ "ရှင်တို့ ဘာလုပ်တာလဲ။ ရှင်တို့မှာ လူဖမ်းပိုင်ခွင့် ဘာအခွင့်အရေး ရှိလို့လဲ"
ကွမ်မင်းက "ဘာအခွင့်အရေး ရှိရမှာလဲ... သူ့လို သမားတော်အတုကို ဖမ်းပိုင်ခွင့် ရှိတာပေါ့။ မင်းတို့က ငါတို့ကို သုံးနှစ်အရွယ် ကလေးတွေလို့ ထင်နေတာလား။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းရင်းဆေး သမားတော် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အလုပ်သင်တောင် ပြီးသေးပုံမရဘူး။ လူလိမ်မဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ”
“ဒီမှာ တရားမဝင် ဆေးကုသနေတယ်လို့ တစ်ယောက်ယောက်က ငါတို့ကို သတင်းလာပေးတာ အံ့ဩစရာ မဟုတ်တော့ဘူး။ တခြားလူတွေက လိမ်စားရင် တိတ်တိတ်ပုန်း လုပ်ကြတာ။ မင်းလိုကောင်မျိုးကတော့ ဆေးခန်းဖွင့်ပြီးကို လိမ်ရဲတယ်။ မင်းက တကယ်ကို မောက်မာလွန်းတယ်"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အနီးနားတွင် စောင့်ဆိုင်းနေသော လူနာများ ချက်ချင်းပင် ပေါက်ကွဲသွားကြတော့သည်။
"အဓိပ္ပာယ်မရှိတာ... သမားတော်ယဲ့ရဲ့ ဆေးပညာစွမ်းရည်က အလွန်ပြောင်မြောက်တာ။ သူက ဘယ်လိုလုပ် လူလိမ် ဖြစ်နိုင်မှာလဲ..."
"ဟုတ်ပါ့... နတ်ဆေးဆရာလေးရဲ့ ဆေးပညာက ပြိုင်ဘက်ကင်းပဲ။ သူက ငါ့ရောဂါကို ကုသပေးခဲ့တာ..."
"မင်းတို့က ပြဿနာလာရှာတာ မဟုတ်လား။ မင်းတို့က ဝမ်မိသားစုဆီက အကျိုးအမြတ်တွေ ရထားလို့ နတ်ဆေးဆရာလေးကို လာပြီး အခက်တွေ့အောင် လုပ်နေတာပဲ..."
ထိုနေရာရှိ လူအများစုသည် မနေ့က ဖြစ်ရပ်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြသူများ ဖြစ်ရာ ဤလူများ၏ ရည်ရွယ်ချက်ကို အလွယ်တကူပင် ခန့်မှန်းမိသွားကြသည်။
ကွမ်မင်း၏ မျက်လုံးများထဲတွင် အထိတ်တလန့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက လျင်မြန်စွာပင် ဟန်ပြန်ဆယ်လိုက်သည်။
"ဘာတွေ လာဆူညံနေကြတာလဲ။ ငါတို့ ဥပဒေအရ စစ်ဆေးတာကလည်း အားလုံးရဲ့ ဘေးကင်းရေး အတွက်ပဲ။ ဆေးကုသတဲ့သူတိုင်းမှာ အရည်အချင်းစစ် လက်မှတ် ရှိရမယ်"
"ခင်ဗျားက လက်မှတ် လိုချင်တာလား။ ကျွန်တော့်ဆီမှာ ရှိတယ်" ယဲ့ပုဖန်က ပြောရင်း လက်လှမ်းကာ သူ၏ ဆေးကုသခွင့် လက်မှတ်ကို ပစ်ပေးလိုက်သည်။
ကွမ်မင်းသည် လက်မှတ်ကို ဖမ်းယူလိုက်ပြီး မှင်သက်သွားသည်။ တစ်ဖက်လူမှာ ငယ်ရွယ်သော်လည်း တကယ့် ဆေးကုသခွင့်လက်မှတ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် အနည်းငယ် လွဲချော်သွားခဲ့သည်။
သို့သော် အလွန်လျင်မြန်စွာပင် သူက ထိုဆေးကုသခွင့် လက်မှတ်ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး "ဒီလက်မှတ်က အတုပဲ။ ငါတို့နဲ့ လိုက်ခဲ့" ဟု ပြောလေသည်။
ယနေ့ သူလာရသည့် ရည်ရွယ်ချက်မှာ ပြဿနာရှာပြီး ဆေးခန်းကို ချိပ်ပိတ်ရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရမည်သာ ဖြစ်သည်။
ယဲ့ပုဖန်က "ခင်ဗျားက အတုလို့ ပြောလိုက်ရုံနဲ့ အတုဖြစ်သွားရောလား။ အဲဒီအပေါ်မှာ ခင်ဗျားတို့ ဌာနရဲ့ တရားဝင် တံဆိပ်တုံး ပါတာကို မမြင်ဘူးလား။ ဒါ့အပြင် ခင်ဗျားတို့က ဆေးပညာ စစ်ဆေးရေးဌာန သက်သက်ပဲ။ လူဖမ်းဖို့ ဘာအခွင့်အရေး ရှိလို့လဲ" ဟု ချေပလိုက်သည်။
"ဒါက တရားမဝင် ဆေးကုသမှုပဲ... ဒါဟာ ရာဇဝတ်မှုတစ်ခုပဲ။ ငါတို့က မင်းကို အရင်ဆုံး ကိုင်တွယ်ခွင့် ရှိတယ်။ ပြီးမှ တခြားဌာနတွေကို လွှဲပြောင်းပေးရမှာ"
ကွမ်မင်းက လှောင်ပြုံးပြုံးလိုက်ပြီး "ကောင်လေး... မြို့တော်ကို လာတဲ့ ပြင်ပလူတစ်ယောက်အနေနဲ့ မျက်စိဖွင့်ပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း ကြည့်ဖို့ ငါ အကြံပေးချင်တယ်။ ငါတို့နဲ့ ပူးပေါင်းပြီး အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြ။ မဟုတ်ရင်တော့ မင်း ဒုက္ခရောက်လိမ့်မယ်"
"ဝမ်မိသားစုရဲ့ ဆေးခန်းက နှစ်ပေါင်းများစွာ ဖွင့်လာတာတောင် ခင်ဗျားတို့ လာစစ်ဆေးတာ တစ်ခါမှ မမြင်ဖူးပါဘူး။ ကျွန်တော့် ဆေးခန်းကိုတော့ ဖွင့်ဖွင့်ချင်း လာတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အစစ်ဖြစ်တဲ့ လက်မှတ်ကိုတောင် အတုလို့ စွပ်စွဲသေးတယ်။ တကယ်ကို မဟုတ်မမှန် စွပ်စွဲချင်မှတော့ အကြောင်းပြချက် ရှာဖို့ ဘာခက်လို့လဲ"
ယဲ့ပုဖန်သည် ကွမ်မင်းကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ "ခင်ဗျားကို ဝမ်ရွှမ်တယ်က လွှတ်လိုက်တာ မဟုတ်လား" ဟု မေးလိုက်တော့သည်။
***