လျီဟုန်ရှို့က ဖုန်းကို ကွမ်မင်းတို့ထံသို့ ပြန်လှမ်းပေးလိုက်ပြီး "နင်တို့ ညွှန်ကြားရေးမှူးက နင်တို့နဲ့ စကားပြောချင်လို့တဲ့" ဟု ပြောလိုက်သည်။
"တော်တော် လေကြီးနေတာပဲ။ ဒီလိုအချိန်ရောက်မှ ဟန်ဆောင်နေသေးတယ်။ ခင်ဗျားက ကျုပ်တို့ ညွှန်ကြားရေးမှူးကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
ကွမ်မင်းက နှုတ်ခမ်းတွန့်ကာ မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
လျီဟုန်ရှို့က ဖုန်းကိုင်ခလုတ်ကို နှိပ်လိုက်သည်။
ဖုန်း၏ အခြားတစ်ဖက်မှ ကျန့်ယုံကျွင်းက ချက်ချင်းပင် ဟိန်းဟောက်လိုက်၏။ "ခွေးကောင်တွေ... မင်းတို့ထဲက ဘယ်သူ တာဝန်ခံလဲ။ မြန်မြန် ဖုန်းလာကိုင်စမ်း"
ဖုန်းထဲမှ အသံကို ကြားလိုက်ရသောအခါ ကွမ်မင်း၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားတော့သည်။ ညွှန်ကြားရေးမှူး၏ အသံနှင့် တကယ်ကို တူနေပေသည်။
သူက တုန်ရီနေသော လက်များဖြင့် ဖုန်းကို လှမ်းယူလိုက်ပြီး ဖုန်းပေါ်ရှိ နံပါတ်ကို တစ်ချက် ကြည့်လိုက်ရာ ရင်းနှီး ကျွမ်းဝင်နေသော ဂဏန်းစဉ် တစ်ခုကို တွေ့လိုက်ရသည်။ တကယ်ကို ညွှန်ကြားရေးမှူး ကျန့်ယုံကျွင်း ဖြစ်နေသည်။
"ညွှန်... ညွှန်... ညွှန်ကြားရေးမှူး..."
ဤအခိုက်အတန့်၌ သူ၏ နှလုံးသားမှာ လုံးဝကို ကျဆင်းသွားပြီး ခြေဖျားလက်ဖျားများ ချက်ချင်း အေးစက်သွားတော့သည်။ သူ့ရှေ့ရှိ ဤအမျိုးသမီးက သူတို့၏ အထက်လူကြီးကို တကယ် သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"မင်း ဘယ်သူလဲ။ နာမည်ပြောစမ်း"
ကျန့်ယုံကျွင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသာ ဖုန်းထဲမှ မဟုတ်လျှင် ထိုလူကို ပါးရိုက်မိလောက်ပြီ ဖြစ်သည်။
အသိဉာဏ်ကင်းမဲ့သော အရူးက အကြီးအကဲချုပ်၏ ဇနီးကို သွားပြီး ပြဿနာရှာမိလေရာ ဤသည်က မိမိကိုယ်ကို သေတွင်းတူးနေခြင်းသာ ဖြစ်ပေသည်။
"ကျွန်... ကျွန်တော်... ကွမ်... ကွမ်... ကွမ်မင်းပါ... ညွှန်ကြားရေးမှူး... ဘာများ ညွှန်ကြားစရာ ရှိလို့လဲ ခင်ဗျ"
ကွမ်မင်း၏ အမူအရာကို မြင်လိုက်ရသောအခါ အနီးနားရှိ လူပုလေးနှင့် အခြားလူများလည်း ဘာဖြစ်နေသည်ကို ရိပ်မိသွားကြပြီး အားလုံးမှာ အကြောက်လွန်ကာ အသံပင် မထွက်ရဲကြတော့ချေ။
သူတို့ထံတွင် ယခင်က မောက်မာမှုများ လုံးဝ မရှိတော့ဘဲ အသက်ကိုပင် ပြင်းပြင်း မရှူရဲကြတော့ပေ။
"မင်း ဘာလုပ်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ့ကိုလည်း လာမရှင်းပြနဲ့။ အတိုချုပ်ပြောရရင် မင်း ရှေ့မှာ ရှိနေတဲ့သူကို ကျေနပ်အောင် လုပ်ပေးရမယ်။ မဟုတ်ရင် ငါ အသေဆိုးနဲ့ သေရလိမ့်မယ်... ငါ မသေခင် မင်းကိုလည်း သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"
ဖုန်းကို စပီကာ ဖွင့်ထားဆဲ ဖြစ်ရာ ဤနေရာရှိ လူအားလုံးသည် ကျန့်ယုံကျွင်း၏ ဟိန်းဟောက်သံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
သူ၏ စကားများကို ကြားလိုက်ရသောအခါ ကွမ်မင်းနှင့် အခြားလူများမှာ တောင့်တင်းသွားပြီး သူတို့၏ မျက်နှာများ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားတော့သည်။ ယနေ့ သူတို့ မထိပါးအပ်သော သူတစ်ဦးကို ပြဿနာ သွားရှာမိပြီ ဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြသည်။
သူတို့ရှေ့ရှိ အမျိုးသမီးသည် သာမန်လူ လုံးဝ မဟုတ်နိုင်ပေ။ ထို့ကြောင့်သာ အမြဲတမ်း တည်ငြိမ်တတ်သော သူတို့၏ အထက်လူကြီးမှာ ဤမျှ ဒေါသပေါက်ကွဲနေခြင်း ဖြစ်သည်။
ကျန့်ယုံကျွင်းက စကားပြောပြီးသည်နှင့် ဖုန်းကို ချက်ချင်း ချလိုက်ရာ တစ်ဖက်မှ ဖုန်းကျသွားသော အသံသာ ထွက်ပေါ်လာတော့သည်။ ကွမ်မင်းသည် ထိုဖုန်းကို ပူလောင်နေသော အာလူးတစ်လုံးကို ကိုင်ထားရသကဲ့သို့ တုန်ရီစွာဖြင့် လျီဟုန်ရှို့ထံသို့ လှမ်းပေးလိုက်သည်။
"ခင်... ခင်ဗျားရဲ့... ဖုန်းပါ..."
လျီဟုန်ရှို့က သူမ၏ ဖုန်းကို ပြန်လုယူလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်ရင်း "ဘယ်လိုလဲ... အဆင်ပြေသွားပြီလား။ ယန်ကျန့်သောက်ဆီကို ငါ ထပ်ပြီး ဖုန်းဆက်ပေးရဦးမလား" ဟု မေးလိုက်သည်။
ကွမ်မင်း၏ ခြေထောက်များမှာ အကြောက်လွန်၍ တုန်ယင်နေချေပြီ။ ယခု သူ၏ ညွှန်ကြားရေးမှူးကို ဖုန်းဆက်လိုက်သည်ကပင် ပြဿနာ တက်နေပြီ ဖြစ်သည်။
အကယ်၍ ဆေးပညာ စီမံခန့်ခွဲရေး ဦးစီးဌာန၏ အကြီးအကဲချုပ်ထံသို့သာ ဖုန်းဆက်လိုက်ပါက သူ၏ ရာထူးမှာ မြဲတော့မည် မဟုတ်ချေ။
"မ... မ... မလိုတော့ပါဘူး"
သူက ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ခင်... ခင်ဗျား... မင်္ဂလာပါ... ကျွန်... ကျွန်... ကျွန်တော် တောင်းပန်ပါတယ်။ ခုနက ဖြစ်ခဲ့တာတွေ အားလုံးက... နားလည်မှု လွဲသွားတာပါ"
"နားလည်မှု လွဲတာ ဟုတ်လား။ ငါက ဒီဆေးခန်းအတွက် စာရွက်စာတမ်းတွေ အားလုံးကို လုပ်ပေးခဲ့တာ။ နင်က စာရွက်စာတမ်း မပြည့်စုံဘူးလို့ ပြောရုံတင် မကဘူး... သမားတော်ယဲ့ရဲ့ ဆေးကုသခွင့် လက်မှတ်ကိုတောင် သိမ်းသွားသေးတယ်။ အဲဒါ နားလည်မှု လွဲတာလား"
"တောင်းပန်ပါတယ်... ဒါ အားလုံး ကျွန်တော့်အမှားပါ။ စာရွက်စာတမ်းတွေကို အခုချက်ချင်း ပြန်ပေးပါ့မယ်"
ကွမ်မင်းက အလျင်အမြန်ပင် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဆေးကုသခွင့် လက်မှတ်ကို ထုတ်ယူပြီး ယဲ့ပုဖန်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။
"သမားတော်ယဲ့... ဒါက ခင်ဗျားရဲ့ လက်မှတ်ပါ။ သေချာ သိမ်းထားပါခင်ဗျာ"
ယဲ့ပုဖန်သည် ဤမျှ သေးသိမ်သော လူတစ်ယောက်နှင့် အချိန်သိပ်မဖြုန်းချင်ပေ။ သူက လက်မှတ်ကို ပြန်ယူလိုက်ပြီး "ဘာလဲ... ခင်ဗျားက ကျွန်တော့် ဆေးခန်းကို မချိပ်ပိတ်တော့ဘူးလား" ဟု လှောင်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
"မချိပ်ပိတ်တော့ပါဘူး။ မချိပ်ပိတ်တော့ပါဘူး။ ဆေးခန်းကို စိတ်ကြိုက် ဖွင့်လို့ရပါတယ်။ နောက်နောင် ဒီကို လုံးဝ ထပ်မလာတော့ပါဘူး"
ဤအခိုက်အတန့်၌ သူသည် နောင်တများဖြင့် ပြည့်နှက်နေချေပြီ။ တစ်ဖက်လူတွင် ဤမျှ ကြီးမားသော နောက်ခံရှိမှန်း သိခဲ့လျှင် ပြဿနာလာရှာရဲမည် မဟုတ်ပေ။
စာရွက်စာတမ်းများ ပြန်ရသွားပြီး ကိစ္စမှာ အခြေခံအားဖြင့် ပြီးပြတ်သွားသော်လည်း လျီဟုန်ရှို့မှာ ဒေါသထွက်နေဆဲပင်။ သူမက ထိုလူအုပ်ကို စိုက်ကြည့်ကာ "နင်တို့က ဆေးပညာ စီမံခန့်ခွဲရေး ဗျူရိုက စျေးကွက်စစ်ဆေးရေးမှူးတွေနော်... လူမိုက်တွေ၊ ဓားပြတွေ မဟုတ်ဘူး။ နေ့ခင်းကြောင်တောင်ကြီး သူများဆေးခန်းကို လာဖျက်ဆီးရဲတယ်။ တရားဥပဒေဆိုတာ မရှိတော့ဘူးလား”
“တို့ရဲ့ ကိုကြီးယန်က ဝန်ဆောင်မှုကောင်းကောင်းပေးဖို့နဲ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ကူညီဖို့ အကြိမ်ကြိမ် ပြောထားတာကို နင်တို့က လျစ်လျူရှုထားကြတာလား" ဟု ဆူပူ ကြိမ်းမောင်းလိုက်သည်။
ထိုနေရာရှိ လူများမှာ ခေါင်းငုံ့ကာ နာခံနေကြသော်လည်း "တို့ရဲ့ ကိုကြီးယန်" ဟူသော စကားကို ကြားလိုက်ရသောအခါ သူတို့၏ ရင်တတွတ်တွတ် ခုန်သွားပြီး ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
စောစောက ကျန့်ယုံကျွင်း ဘာကြောင့် ထိုမျှ ဒေါသထွက်နေရသည်ကို ယခုမှ သဘောပေါက်တော့၏။ သူမက ညွှန်ကြားရေးမှူးချုပ်ယန်၏ ဇနီး ဖြစ်နေလေသည်။
သူတို့က သူမကို လှောင်ပြောင်ခဲ့ကြသည်မှာ တကယ်ကို ရယ်စရာကောင်းလှသည်။ ယခုမူ သူတို့ကိုယ်တိုင် မည်မျှ ရယ်စရာကောင်းနေကြောင်းကို သိရှိသွားကြပြီ ဖြစ်သည်။
အထက်လူကြီး၏ ဇနီးကို လှောင်ပြောင်ရဲသည်မှာ သေကြောင်းကြံခြင်းမှလွဲ၍ အခြား ဘာဖြစ်နိုင်မည်နည်း။
"ကျွန်တော်တို့ တောင်းပန်ပါတယ် အန်တီယန်... တကယ်ကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ မှားသွားပါတယ်။ တကယ်ကို မှားမှန်း သိပါပြီ။ နောက်ဆိုရင် ဒီဆေးခန်းကို ပြဿနာလာရှာဖို့ လုံးဝ မဝံ့ရဲတော့ပါဘူး။ ဒီမှာ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော်တို့ ချက်ချင်း လာရှင်းပေးပါ့မယ်။ ဝန်ဆောင်မှု အကောင်းဆုံး ပေးပါ့မယ်။ ညွှန်ကြားရေးမှူးယန် စိတ်ကျေနပ်အောင် သေချာပေါက် လုပ်ပေးပါ့မယ်..."
သူတို့ စကားပြောနေစဉ် ခြေထောက်များမှာ တုန်ယင်နေပြီး အသံများမှာလည်း ငိုသံပါနေချေပြီ။ သူတို့ ယနေ့ ပျားအုံကို တကယ်ကို သွားထိုးမိခဲ့ခြင်းပင်။
သူတို့၏ အမူအရာကို မြင်လိုက်ရသောအခါ လျီဟုန်ရှို့လည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
"ငါ့ကို လာပြောနေလို့ ဘာထူးမှာလဲ။ ရှောင်ယဲ့ကို တောင်းပန်ကြ"
"သမားတော်ယဲ့... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။ ကျွန်တော်တို့က အထက်ဖား အောက်ဖိ လုပ်တဲ့ကောင်တွေပါ... မျက်စိကန်းနေလို့ပါ။ သေဖို့တောင် မတန်ပါဘူး... ခင်ဗျားက သဘောထားကြီးတဲ့သူမို့လို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ..."
ထိုလူအချို့မှာ ခေါင်းငုံ့ကာ စကားပြောနေရင်း မိမိကိုယ်ကို ပါးအကြိမ်ကြိမ် ရိုက်ချင်စိတ် ပေါက်နေကြပြီး စိတ်ထဲတွင် ဝမ်ကော်အန်း၏ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်ကို ကျိန်ဆဲနေကြတော့သည်။
ယနေ့ သူတို့ ဤနေရာသို့ ပြဿနာလာရှာခြင်းမှာ ဝမ်ကော်အန်း၏ မြှောက်ပင့်ပေးမှုကြောင့် ဖြစ်သည်။ ယဲ့ပုဖန်အား နောက်ခံမရှိသော နယ်မှ လူငယ်လေးတစ်ဦးဟုသာ သူတို့ ထင်မှတ်ထားခဲ့သော်လည်း သူ၏ နောက်ခံမှာ အကြီးအကဲချုပ်၏ ဇနီးဖြစ်နေလိမ့်မည်ဟု မည်သည့်အခါကမှ မထင်ထားခဲ့ပေ။
"ကောင်းပြီ... ခင်ဗျားတို့ အားလုံး ပြန်လို့ရပြီ။ ဝမ်မိသားစုကို ပြောလိုက်ပါ... သူတို့ရဲ့ ဆေးခန်းကို ပြန်လိုချင်ရင် ယောက်ျားပီပီ ရင်ဆိုင်ဖြေရှင်းပါ။ ဒီလို အောက်လုံးတွေ မသုံးဖို့ သွားပြောလိုက်"
"ကျေးဇူးတင်ပါတယ် သမားတော်ယဲ့... နားလည်ပါပြီ..."
အပြင်ဘက်ရှိ လူများက စကားပြောပြီးနောက် သူတို့၏ ကားပေါ်သို့တက်ကာ အရှက်တကွဲဖြင့် ထွက်ခွာသွားကြတော့သည်။
လျီဟုန်ရှို့က အံ့ဩတကြီးဖြင့် "ရှောင်ယဲ့... မင်းပြောတာက ဒီလူတွေကို ဝမ်မိသားစုက လွှတ်လိုက်တာလား" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က ခေါင်းညိတ်ပြလိုက်ပြီး "ဝမ်မိသားစုက ဆေးခန်း ဆုံးရှုံးသွားတော့ မကျေနပ်ဘူးလေ။ ဒါကြောင့် ကျွန်တော် ဆက်မလုပ်နိုင်အောင် ဒီလို အောက်လုံးတွေ သုံးတာပေါ့" ဟု ရှင်းပြလိုက်သည်။
လျီဟုန်ရှို့က ဒေါသတကြီးဖြင့် "တကယ်ကို အရှက်မရှိတဲ့ လူတွေပဲ။ ရှုံးတာက ရှုံးတာပဲကို ဒီလို ကိစ္စမျိုးကိုတောင် လုပ်ရက်တယ်" ဟု ကျိန်ဆဲလိုက်သည်။
"ထားလိုက်ပါ အန်တီလျီရယ်... ဒီလို သေးသိမ်တဲ့ လူတွေကို ဂရုစိုက်မနေပါနဲ့" ယဲ့ပုဖန်က ပြောရင်း လျီဟုန်ရှို့ကို အိမ်ထဲသို့ ခေါ်ဆောင်သွားလေသည်။
လျီဟုန်ရှို့ အထဲသို့ ဝင်လာသည်နှင့် စီတုတျန့်မော့နှင့် အခြားမိန်းကလေးများကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အံ့ဩတကြီးဖြင့် "ရှောင်ယဲ့... ဒီလောက်လှတဲ့ မိန်းကလေးတွေကို မင်း ဘယ်က သွားရှာလာတာလဲ။ ဒါက ဆေးခန်းမှန်း သိလို့သာပေါ့... မသိရင် အလှမယ်ပြိုင်ပွဲများ လုပ်နေသလား အောက်မေ့ရတယ်" ဟု ပြောလိုက်သည်။
"သူတို့က ကျွန်တော့် မိတ်ဆွေတွေပါ။ လာကူညီပေးကြတာ... ရက်အနည်းငယ်နေရင် ပြန်ကြတော့မှာပါ"
လျီဟုန်ရှို့က "မင်းမှာ ဒီလောက်လှတဲ့ မိန်းကလေးတွေ အများကြီး ရှိနေမှတော့ အန်တီ့ကို ရည်းစား မိတ်ဆက်ပေးဖို့ မလိုတာ မဆန်းပါဘူး" ဟု ရယ်မောကာ ပြောလိုက်သည်။
ယဲ့ပုဖန်က "အန်တီလျီ... ကျွန်တော် အန်တီ့ကျန်းမာရေးကို အရင်ဆုံး စစ်ဆေးပေးပါ့မယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူက လျီဟုန်ရှို့ကို သွေးစမ်းသပ်ပေးပြီး အနီးရှိ ကုတင်ပေါ်တွင် လှဲစေကာ အပ်စိုက် ကုသမှုဖြင့် သူမ၏ ချီလမ်းကြောင်းများ အားလုံးကို ရှင်းလင်းပေးပြီး ပိတ်ဆို့နေသော နေရာတိုင်းကို ပွင့်သွားစေသည်။
"ရှောင်ယဲ့... မင်းရဲ့ ဆေးပညာက တကယ်ကို အံ့ဩစရာပဲ။ မင်း ကုပေးပြီးသွားတော့ အန်တီ့ကိုယ်ပေါ်က ကျောက်တုံးကြီးတစ်ခုကို ဖယ်ချလိုက်သလို ပေါ့ပါးသွားတာပဲ။ အနည်းဆုံး ဆယ်နှစ်လောက် ပြန်ငယ်သွားသလိုတောင် ခံစားရတယ်"
ကုသမှုအပြီးတွင် လျီဟုန်ရှို့သည် ယဲ့ပုဖန်၏ ဆေးပညာစွမ်းရည်ကို အလွန်ပင် ကျေနပ် အားရသွားတော့သည်။
"အန်တီလျီ... ဒါလေး ယူသွားပြီး သုံးကြည့်ပါ။ အသားအရေအတွက် အရမ်းကောင်းတယ်"
ယဲ့ပုဖန်က လှပစွာ ထုပ်ပိုးထားသော အလှပြင်ဆေးရည်ဘူး ဆယ်ဘူးကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။
***