"မင်း..."
တွမ်းဟိုင်လျန်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။ မှုခင်းတပ်ဖွဲ့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့သမျှ မိမိ၏ မာနကို မြိုသိပ်ကာ သူတစ်ပါးကို တောင်းပန်ရုံမျှမက အလှောင်ပြောင်ခံရသည် အထိ အရူးလုပ်ခံရဖူးခြင်းမျိုး ဘယ်တုန်းကများ ရှိခဲ့ဖူးပါသနည်း။
သို့သော် သူ ဘာမှ လုပ်၍မရပေ။ အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် စစ်ဆေးမေးမြန်းရေး အခန်းထဲမှ လှည့်ထွက်လာခဲ့ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
မည်သို့ပင်ဖြစ်စေ ထိုလူက ယခု ထွက်သွားမည် မဟုတ်သဖြင့် သူ့ကို စောင့်ကြည့်ရန် လူချထားဖို့လည်း မလိုအပ်တော့ပေ။ သူ အပြင်သို့ ထွက်လာသည်နှင့် တံခါးဝတွင် စောင့်နေသော စခန်းမှူး ဖူကျင်းရှန်းကို မြင်လိုက်ရသည်။
"စခန်းမှူး... ကျွန်တော် အဲဒီကောင်လေးကို ပြောကြည့်ပြီးပြီ။ ဒါပေမဲ့ သူက ထွက်မသွားဘူးလို့ ငြင်းနေတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ"
"ခွေးကောင်... အသုံးမကျတဲ့ကောင်... ခွတီးခွကျကောင်။ ဒါတွေ အားလုံး မင်းလုပ်ထားတဲ့ ပြဿနာတွေချည်းပဲ"
စခန်းမှူး ဖူကျင်းရှန်းမှာ ဒေါသထွက်နေသော်လည်း ပြဿနာကို ဖြေရှင်းရမည်သာ ဖြစ်သည်။
"ငါ ကိုယ်တိုင် သွားမှ ရတော့မယ် ထင်တယ်"
သူက စစ်ဆေးမေးမြန်းရေး အခန်းတံခါးဝတွင် ခေတ္တရပ်ကာ ဘာပြောရမည်ကို စဉ်းစားလိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ကာ ပြုံးရွှင်သော မျက်နှာဖြင့် အထဲသို့ ဝင်သွားလေသည်။
"မင်္ဂလာပါ သမားတော်ယဲ့... ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က တုန်းချန်ခရိုင် ရဲစခန်းရဲ့ စခန်းမှူး ဖူကျင်းရှန်းပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် လက်အောက်ငယ်သားတွေက မျက်စိကန်းပြီး ခင်ဗျားကို ဒီကို ခေါ်လာမိတာပါ။ ကျွန်တော့်အနေနဲ့ ဒီနေရာကနေပဲ တရားဝင် တောင်းပန်ပါတယ်"
ယဲ့ပုဖန်က ခပ်ဟဟ ပြုံးလိုက်ပြီး "ဪ... စခန်းမှူးဖူကိုး။ ခင်ဗျားတို့ ရဲစခန်းရဲ့ ရုံးခန်း အဆောက်အအုံက တော်တော်လေး ကောင်းတာပဲ" ဟု ပြောလိုက်သည်။
စောစောက တွမ်းဟိုင်လျန်၏ အမူအရာ ပြောင်းလဲသွားပုံကို ကြည့်ခြင်းအားဖြင့် ရဲစခန်းမှ လူများသည် သူ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အထူးရေးရာဗျူရို၏ ကိစ္စကိုပါ သိရှိသွားပြီဖြစ်ကြောင်း သူ ခန့်မှန်းမိလေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ စခန်းမှူး ဖူကျင်းရှန်း၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဤလူ ဒေါသထွက်ကာ သူ၏ အဆောက်အအုံကိုပါ ဖျက်ဆီးပစ်မည်ကို စိုးရိမ်သွားတော့သည်။
သူက အမြန်ပင် "သမားတော်ယဲ့... ခင်ဗျား ဘာတွေများ မကျေနပ်တာ ရှိလို့လဲဆိုတာ ကျွန်တော့်ကို ပြောပြပါ။ ခင်ဗျား ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို သေချာပေါက် ပေးပါ့မယ်" ဟု ပြာပြာသလဲ ပြောလိုက်သည်။
"တကယ်တော့ အရမ်း ရိုးရှင်းပါတယ်။ ကျွန်တော်က အကြောင်းပြချက် မရှိဘဲ ပြဿနာရှာတတ်တဲ့လူ မဟုတ်ပါဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို ထွက်သွားစေချင်ရင် ရပါတယ်။ ဒါပေမဲ့ ကိစ္စတွေကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးရမယ်"
ယဲ့ပုဖန်က ဆက်၍ "ကျွန်တော့် ဆေးခန်းက တရားဝင် ဖွင့်လှစ်ထားတာပါ။ ဒါပေမဲ့ ဒီနေ့ လူမိုက်တွေ လာနှောင့်ယှက်တာကို ခံရတယ်။ ပြီးတော့ ခင်ဗျားလူတွေက အဲဒီကို ရောက်လာပြီးတော့ လူမိုက်တွေကို တစ်ယောက်မှ မထိဘဲ နစ်နာသူဖြစ်တဲ့ ကျွန်တော်တို့ကို ဖမ်းလာတယ်။ ဒီအခြေအနေ အတွက် ကျွန်တော့်ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား" ဟု မေးလိုက်သည်။
စခန်းမှူး ဖူကျင်းရှန်းက ရင်ဘတ်ကိုပုတ်ကာ "သမားတော်ယဲ့... စိတ်ချပါဗျာ။ ကျွန်တော် ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိတဲ့သူ မှန်သမျှကို လုံးဝ သက်ညှာမှာ မဟုတ်ပါဘူး" ဟု ကတိပေးလိုက်သည်။
"ကောင်းပြီလေ... သေချာ စုံစမ်းပြီးတော့ ကျွန်တော် ကျေနပ်လောက်တဲ့ ရှင်းပြချက်ရတဲ့အချိန်ကျမှ ကျွန်တော် ထွက်သွားပါ့မယ်"
ယဲ့ပုဖန်သည် လူသစ်လေး တစ်ယောက် မဟုတ်ပေ။ ဤလူ၏ လေလုံးမိုးလုံးများဖြင့် အလွယ်တကူ အရူးအလုပ်ခံရမည် မဟုတ်ချေ။
သူက ထပ်မံ ပြုံးလိုက်ပြီး "ဒါပေမဲ့ ကျွန်တော့်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။ အချိန် အရမ်း ကြာသွားရင်တော့ ဒီနေရာမှာ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်" ဟု ခြိမ်းခြောက်လိုက်သည်။
"ဒါက..."
သူ့ကို လှည့်စား၍ မရမှန်း သိလိုက်ရသဖြင့် စခန်းမှူး ဖူကျင်းရှန်းက "သမားတော်ယဲ့... ဒီကိစ္စတွေ အားလုံးက ကျွန်တော့် လက်အောက်ငယ်သားတွေကြောင့် ဖြစ်ရတာပါ။ ကျွန်တော် အခု တွမ်းဟိုင်လျန်ကို အရေးယူလိုက်ပါ့မယ်။ ဒါဆို အဆင်ပြေနိုင်မလား" ဟု မေးလိုက်သည်။
"အရေးယူမယ် ဟုတ်လား။ စခန်းမှူးဖူ... အဲဒါက တော်တော်လေး ပြင်းထန်တဲ့ ပြစ်ဒဏ်ပဲနော်"
ယဲ့ပုဖန်က အေးစက်စွာ ပြုံးလိုက်ပြီး "ဒီနေ့ ကိစ္စသာ တခြားလူ တစ်ယောက်ယောက်ဆိုရင် ရလဒ်က ထောင်ထဲ ရောက်သွားနိုင်တယ်။ ဒီလောက် ကြီးမားတဲ့ အကျိုးဆက် ဖြစ်နိုင်တဲ့ ကိစ္စကို အရေးယူရုံလေးနဲ့ ဖြေရှင်းလို့ ရပြီလား" ဟု ပြန်မေးလိုက်သည်။
"ကျွန်တော်..."
"ဒါဆိုရင် ခဏလောက် စောင့်ပေးပါ။ ကျွန်တော် အခုပဲ ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပြီး ခင်ဗျား ကျေနပ်အောင် လုပ်ပေးပါ့မယ်"
စခန်းမှူး ဖူကျင်းရှန်းက တစ်ဖက်လူ မကျေနပ်မည်ကို စိုးရိမ်စွာဖြင့် "သမားတော်ယဲ့... ကျွန်တော် ခင်ဗျားရဲ့ လက်ထိတ်ကို အရင် ဖြုတ်ပေးပြီးတော့ လက်ဖက်ရည် ကောင်းကောင်းလေး တစ်ခွက် ဖျော်တိုက်ပါ့မယ်။ ဒီမှာ ဖြည်းဖြည်းချင်း ထိုင်စောင့်နေပေးပါလား" ဟု အကူအညီတောင်းသလို ပြောလေသည်။
"ကောင်းပြီလေ... မြန်မြန်လုပ်"
ယဲ့ပုဖန်က လက်နှစ်ဖက်ကို ဆန့်ထုတ်ပေးကာ တစ်ဖက်လူကို လက်ထိတ် ဖြုတ်ပေးခွင့် ပြုလိုက်သည်။
ထို့နောက် စခန်းမှူး ဖူကျင်းရှန်းသည် အခြားတစ်ယောက်ကို ခေါ်ကာ ယဲ့ပုဖန်အတွက် သူ အမြတ်တနိုး သိမ်းဆည်းထားသော လက်ဖက်ရည်ကောင်းကောင်း တစ်ခွက် ဖျော်ပေးရန် အမိန့်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
အခန်းထဲမှ ထွက်လာပြီးနောက် သူက တွမ်းဟိုင်လျန်ကို ခေါ်လိုက်ပြီး "ဒီနေ့ တကယ် ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို အမှန်အတိုင်း ပြောစမ်း" ဟု မေးလိုက်သည်။
တွမ်းဟိုင်လျန်က တုံ့ဆိုင်းစွာဖြင့် "ဒီနေ့ ကျွန်တော် သတင်းပေး ဖုန်းတစ်ကော လက်ခံရရှိတယ်။ အဲဒီနေရာမှာ တရားမဝင် ဆေးကုနေတယ်ဆိုလို့ သွားစစ်ဆေးကြည့်တာပါ။ အဲဒီရောက်တော့ ကူယီမန် ဆေးခန်းက လူတွေက တခြားလူတွေကို ဒဏ်ရာရအောင် လုပ်နေတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့လို့ ဖမ်းလာတာပါ" ဟု ဖြေလိုက်သည်။
"ချီးပဲ... မင်းက ငါ့ကို အရူးများ မှတ်နေလား။ အဲဒီကို သွားတာ မင်းတစ်ယောက်တည်း မှမဟုတ်တာ။ တခြားလူတွေကို ခေါ်ပြီး မေးကြည့်ရဦးမလား"
စခန်းမှူး ဖူကျင်းရှန်းက ဒေါသတကြီးဖြင့် "ငါ မင်းကို ပြောမယ်... ယဲ့ပုဖန် ဆိုတဲ့ လူကို ငါတို့ သွားမထိရဲဘူး။ မင်းသာ အခု အမှန်အတိုင်း မပြောဘဲ ပြဿနာ ကြီးသွားရင် ဘယ်သူမှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဟု သတိပေးလိုက်သည်။
တွမ်းဟိုင်လျန်က တုံ့ဆိုင်းစွာဖြင့် "အဲဒီကောင်လေးက သာမန် သမားတော်လေး တစ်ယောက်ပဲ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
"သာမန် သမားတော်လေး ဟုတ်လား။ မနေ့ညကမှ သူက အထူးရေးရာဗျူရိုကို ဖျက်ဆီးပစ်ခဲ့တာ။ အခုလည်း ဒီမှာ အကောင်းပကတိ ထိုင်နေတယ်။ အဲဒီလိုလူမျိုးက သာမန် ဖြစ်နိုင်ပါ့မလား"
စခန်းမှူး ဖူကျင်းရှန်းသည် ယဲ့ပုဖန်၏ အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို မထုတ်ဖော်ရဲသော်လည်း သူ ပြောပြလိုက်သော အချက်အလက်များကပင် လုံလောက်နေပြီ ဖြစ်သည်။
တွမ်းဟိုင်လျန်မှာ မှင်သက်သွားတော့သည်။ သူ အလွယ်တကူ ခြယ်လှယ်နိုင်မည်ဟု မူလက ထင်မှတ်ထားခဲ့သော သမားတော်လေးတွင် ဤမျှ ကြီးမားသော နောက်ခံ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
စခန်းမှူး ဖူကျင်းရှန်းက "မြန်မြန် အမှန်အတိုင်း ပြောစမ်း... တကယ် ဘာဖြစ်ခဲ့တာလဲ" ဟု ထပ်မေးလိုက်သည်။
အခြေအနေက ဤသို့ ဖြစ်လာပြီဖြစ်ရာ တွမ်းဟိုင်လျန်လည်း ဆက်မဖုံးကွယ်ရဲတော့ဘဲ အမှန်အတိုင်း ဖွင့်ပြောပြလိုက်တော့သည်။
တကယ်တော့ သူ၏ ဇနီးသည် နတ်အပ်ဘုရင် ဝမ်မိသားစုနှင့် အနည်းငယ် ပတ်သက်မှုရှိပြီး ဆွေမျို းစပ်လိုက်လျှင် ဝမ်ရွှမ်တယ်၏ သားဖြစ်သူ ဝမ်ကျီမင်းကို ယောက်ဖဟု ခေါ်ရမည် ဖြစ်သည်။
လွန်ခဲ့သော နာရီအနည်းငယ်က ဝမ်ကျီမင်းသည် သူ့ထံ ဖုန်းဆက်ကာ ယဲ့ပုဖန်က ဆေးခန်းကို အနိုင်ရသွားကြောင်း ပြောပြပြီး ဆေးခန်းကို ပြန်ယူရန် ကူညီပေးဖို့ တောင်းဆိုခဲ့သည်။
နယ်မှလာသော သမားတော်လေးတစ်ယောက်မှာ ကြီးမားသော နောက်ခံ ရှိမည်မဟုတ်ဟု သူက ထင်မှတ်ကာ သူ၏ လူများကို ခေါ်၍ အပြေးအလွှား သွားရောက်ခဲ့ရာမှ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စခန်းမှူး ဖူကျင်းရှန်းက "အဲဒီ လူမိုက်တွေကရော... သူတို့က ဘယ်က ရောက်လာတာလဲ" ဟု မေးလိုက်သည်။
"သူတို့ကိုလည်း ဝမ်ကျီမင်းက ခေါ်လာတာပါ။ ကျွန်တော်နဲ့ တကယ်ကို ဘာမှ မဆိုင်ပါဘူး။ သူတို့ အရိုက်ခံနေရတဲ့ အချိန်မှာ ကျွန်တော်က ပူးပေါင်းပါဝင်ဖို့ ပေါ်လာရုံ သက်သက်ပါ"
"ခွေးကောင်... မင်းက ဘယ်သူလဲဆိုတာ မင်း မသိဘူးလား။ ဒီလိုကိစ္စမျိုးကိုတောင် လုပ်ရဲတယ်။ ရဲစခန်းအတွက် ဒီလောက်ကြီးတဲ့ ပြဿနာကို မင်း ရှာလာတာ။ အခုကစပြီး မင်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ။ အိမ်ပြန်ပြီးတော့ အရေးယူခံရမယ့် အချိန်ကိုသာ စောင့်နေတော့"
ပုံမှန်အားဖြင့် စခန်းမှူး ဖူကျင်းရှန်းသည် တွမ်းဟိုင်လျန်နှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း နတ်ကို ပင့်ရလွယ်သလောက် ပြန်ပို့ရ ခက်သည်ဟူသော သဘောတရားကို သူ ယခုမှ နားလည်သွားတော့သည်။ သူသာ သင့်လျော်သော ဆုံးဖြတ်ချက်တစ်ခု မချမှတ်နိုင်ပါက ယဲ့ပုဖန်၏ အခက်အခဲကို ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။
သူ့ကို နှင်ထုတ်ပြီးနောက် အခြားလူ နှစ်ယောက်ကို ခေါ်လိုက်သည်။ "မင်းတို့ နှစ်ယောက် အခုချက်ချင်း ဆေးရုံကို သွားပြီး အဲဒီ လူမိုက်တွေ အားလုံးကို ဖမ်းခဲ့"
"စခန်းမှူး... အဆင်ပြေပါ့မလား။ သူတို့ အားလုံးက ခြေထောက်ကျိုးလို့ ဆေးရုံတက်နေရတာလေ"
"ဘာအဆင်မပြေဖြစ်ရမှာလဲ။ အချုပ်ထဲမှာပဲ ဒဏ်ရာ ပျောက်အောင် ကုပါစေပေါ့"
"နားလည်ပါပြီ"
ထိုနှစ်ဦးက သဘောတူလိုက်ပြီး သူတို့၏ လူများကို စုစည်းကာ ဆေးရုံသို့ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။
တုန်းချန်ခရိုင် ဆေးရုံ၏ အရိုးအကြောကုသဆောင်တွင် ရွှေဆွဲကြိုးကြီးနှင့် သူ၏ လက်အောက်ငယ်သား ၂၀ တို့သည် ကျိုးသွားသော ခြေထောက်များကို ပြန်ဆက်ပြီးကာစဖြစ်ပြီး ယခုအခါ ဇိမ်ခံ သီးသန့်အခန်းတစ်ခုတွင် လှဲလျောင်းနေကြသည်။
သူက ဖုန်းကို ထုတ်ယူကာ ဝမ်ကျီမင်း၏ နံပါတ်ကို ခေါ်လိုက်သည်။ "ကျွန်တော်တို့ လုပ်ပြီးပြီ။ အဲဒီကောင်လေးကို ရဲစခန်း ခေါ်သွားပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ သတင်းအချက်အလက် အမှားတွေကြောင့် ကျွန်တော့် ညီအစ်ကိုတွေ အားလုံး ခြေထောက်တစ်ဖက်စီ ကျိုးကုန်တယ်။ ဒီဆုံးရှုံးမှုက တော်တော် ကြီးတယ်... ဒါကြောင့် ခင်ဗျား ငွေထပ်ပေးမှ ရမယ်"
"ပြဿနာ မရှိပါဘူး"
ဖုန်း၏ အခြားတစ်ဖက်တွင် ကိစ္စပြီးပြတ်သွားပြီဖြစ်ရာ ဝမ်ကျီမင်းမှာ အလွန် စိတ်ကြွနေလေသည်။ သူတို့ မိသားစု၏ ဆေးခန်းကို ပြန်ရနိုင်သရွေ့ ငွေအနည်းငယ် သုံးရသည်မှာ ဘာမှမဟုတ်ပေ။
"အရင်က ၁ သန်းလို့ သဘောတူထားတာလေ။ ငါ မင်းအတွက် ၂ ဆ တိုးပြီး ၂ သန်း ပေးမယ်"
"မရဘူး... ကျွန်တော့် ညီအစ်ကိုတွေ အားလုံး ခြေထောက်တစ်ဖက်စီ ကျိုးသွားတာဆိုတော့ သူတို့က လျော်ကြေး အနေနဲ့ အနည်းဆုံး ၂ သိန်းတော့ ရသင့်တယ်။ ကျွန်တော့် ခြေထောက်အတွက်ပါဆိုရင် ခင်ဗျား အနည်းဆုံး ၅ သန်းတော့ ပေးရမယ်"
ဝမ်ကျီမင်း ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင်မူ "ကောင်းပြီလေ... ခဏနေရင် မင်း ကတ်ထဲကို လွှဲပေးလိုက်မယ်" ဟု သဘောတူလိုက်သည်။
ဤဈေးနှုန်းမှာ ခန့်မှန်းထားသည်ထက် အနည်းငယ် ကျော်လွန်နေသော်လည်း ကိစ္စပြီးပြတ်သွားပြီဖြစ်ရာ လက်ခံနိုင်စရာ ရှိပေသည်။ ရွှေဆွဲကြိုးကြီး ဖုန်းချလိုက်သည်နှင့် သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
ဤတစ်ကြိမ်တွင် ခြေထောက်တစ်ဖက် ကျိုးသွားသော်လည်း ငွေ ဤမျှလောက်များများ ရသည်က တန်လှပေသည်။ သူ၏ လက်အောက်ငယ်သား တစ်ယောက်ကို ၁ သိန်းစီ ပေးလိုက်လျှင်ပင် သူ့အတွက် ၃ သန်း ကျန်ဦးမည် ဖြစ်သည်။
သူက သူ့တွက်ကိန်းနှင့် သူ ပျော်နေလေသည်။ သို့သော် ထိုစဉ်မှာပင် အခန်းတံခါး ပွင့်လာပြီး ရဲအရာရှိတစ်စု အခန်းအတွင်းသို့ အပြေးအလွှား ဝင်လာကြတော့သည်။
***