ရဲများ ဝင်လာပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ ရွှေဆွဲကြိုးကြီးကို တိုက်ရိုက် လက်ထိတ်ခတ်လိုက်ကြသည်။
"ဟေ့... ခင်ဗျားတို့ ဘာလုပ်တာလဲ။ ကျွန်တော်က လူနာဗျ"
ရွှေဆွဲကြိုးကြီးမှာ လုံးဝကို အထိတ်တလန့် ဖြစ်သွားတော့သည်။ အစောပိုင်းက ဝမ်မိသားစုက သူတို့ကို ထောင်ချခံရမည် မဟုတ်ကြောင်း အာမခံထားခဲ့သည် မဟုတ်ပါလား။
ဒါက ဘာတွေ ဖြစ်နေတာလဲ။
"ချီးတဲ့မှ လူနာ... ခြေထောက်ကျိုးတာလေးပဲ မဟုတ်လား။ အချုပ်ထဲဝင်ပြီးမှ ဆက်ကုလိုက်"
ဦးဆောင်လာသော လူလတ်ပိုင်း ရဲအရာရှိက လက်ဝှေ့ယမ်းပြလိုက်သည်နှင့် တစ်စုံတစ်ယောက်က ရွှေဆွဲကြိုးကြီးကို လူနာခန်းထဲမှ အတင်း ဆွဲထုတ်သွားလေသည်။ အခြားလူနာခန်းများတွင်လည်း အလားတူ အခြေအနေများ ဖြစ်ပွားနေပြီး သူ၏ လက်အောက်ငယ်သားများ အားလုံးလည်း ခေါ်ထုတ်ခံရလေသည်။
စခန်းမှူး ဖူကျင်းရှန်း ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲမှုအောက်တွင် သူ၏ လက်အောက်ငယ်သားများ၏ အလုပ်လုပ်နိုင်စွမ်းမှာ တိုးတက်လာခဲ့ပြီး ထိုလူများအားလုံးကို အလျင်အမြန် ဖမ်းဆီးကာ အချုပ်ထောင်ဆီသို့ ပို့ဆောင်လိုက်ကြသည်။
အစီရင်ခံစာကို လက်ခံရရှိပြီးနောက် သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး စစ်ဆေးမေးမြန်းရေး အခန်းသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ယဲ့ပုဖန်သည် အခန်းထဲတွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေလေသည်။
"သမားတော်ယဲ့... ကျွန်တော် ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပြီးပါပြီ"
ယဲ့ပုဖန်က လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ကာ အေးအေးဆေးဆေး တစ်ငုံ သောက်လိုက်ပြီး ပြန်ချထားလိုက်ပြီးနောက် "အခြေအနေက ဘယ်လိုလဲ... ပြောပါဦး" ဟု မေးလိုက်သည်။
"ဒီကိစ္စ အားလုံးကို တွမ်းဟိုင်လျန်က ကိုယ်ကျိုးအတွက် ကြိုးကိုင်ခဲ့တာပါ..."
စခန်းမှူး ဖူကျင်းရှန်းက တွမ်းဟိုင်လျန်နှင့် ဝမ်မိသားစု၏ ဆက်စပ်မှုကို ရှင်းပြလိုက်ပြီးနောက် ဆက်၍ "ဒီလို ပြည်သူ့ဝန်ထမ်းဆိုး တစ်ယောက်ကို ကျွန်တော် လုံးဝ ခွင့်မလွှတ်နိုင်ပါဘူး။ သူ့ရဲ့ ရာထူးကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သလို နောက်ပိုင်းမှာလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။ ဒါ့အပြင် ပြဿနာ လာရှာတဲ့ လူမိုက်တွေ အားလုံးကိုလည်း ဖမ်းဆီးပြီး အခု အချုပ်ထောင်ထဲကို ထည့်ထားပါပြီ" ဟု ရှင်းပြလေသည်။
ထိုနေရာအရောက်တွင် သူက မျှော်လင့်တကြီး အမူအရာဖြင့် "သမားတော်ယဲ့... ဒီရလဒ်ကို ခင်ဗျား ကျေနပ်ရဲ့လား" ဟု မေးလိုက်သည်။
"ခင်ဗျား ဘယ်လို ထင်လဲ"
ယဲ့ပုဖန်က စခန်းမှူး ဖူကျင်းရှန်းကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ရာ စခန်းမှူးမှာ အထိတ်တလန့် ခံစားလိုက်ရသည်။
"သမားတော်ယဲ့... ကျွန်တော် ကိုင်တွယ်ဖြေရှင်းပုံမှာ မသင့်တော်တာများ ရှိရင် ကျေးဇူးပြုပြီး ပြောပြပါ။ ကျွန်တော် ချက်ချင်း ပြင်ဆင်ပါ့မယ်"
ယဲ့ပုဖန်က "ပထမအချက်က... တွမ်းဟိုင်လျန်လို လူတစ်ယောက်က ဒီလောက် ပြင်းထန်တဲ့ ကိစ္စကို လုပ်ထားတာကို ရာထူးကနေ ရုပ်သိမ်းရုံလောက်နဲ့က နည်းနည်း သက်ညှာလွန်းမနေဘူးလား။ ပြီးတော့ ကျွန်တော်က အဲဒီ လူမိုက်တွေနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ သူတို့က ဘာလို့ ကျွန်တော့် ဆေးခန်းကို လာနှောင့်ယှက်တာလဲ။ ဘာလို့ ကျွန်တော့်ကို ပြဿနာ လာရှာတာလဲ" ဟု မေးလိုက်သည်။
"ဒါက..."
စခန်းမှူး ဖူကျင်းရှန်း၏ မျက်နှာထားမှာ တောင့်တင်းသွားပြီးနောက် ညှိုးငယ်စွာဖြင့် "ဒါက ဝမ်မိသားစုနဲ့ သက်ဆိုင်နေပုံ ရပါတယ်" ဟု ဖြေလိုက်သည်။
ယဲ့ပုဖန်က "ဒါဆိုရင် ဝမ်မိသားစုရဲ့ တာဝန်ရှိမှုတွေကို ဘာလို့ ဆက်မစုံစမ်းတာလဲ။ ကျွန်တော့် ဆေးခန်းကို လာနှောင့်ယှက်ဖို့ ဒီလူမိုက်တွေကို မြှောက်ပင့်ပေးတာက ဥပဒေနဲ့ မငြိစွန်းဘူးလား" ဟု ထပ်မေးလိုက်သည်။
"ဒါက... သမားတော်ယဲ့… ခုနက အရမ်း ကမန်းကတန်း ဖြစ်သွားတော့ ဒီကိစ္စကို သေချာ မစုံစမ်းရသေးလို့ပါ။ စိတ်မပူပါနဲ့... ကျွန်တော် လူလွှတ်ပြီး ချက်ချင်း ထပ်စုံစမ်းခိုင်းလိုက်ပါ့မယ်"
ရဲစခန်းမှူး တစ်ယောက်အနေဖြင့် စခန်းမှူး ဖူကျင်းရှန်းသည် သဘာဝကျစွာပင် ဤအချက်ကို မတွေးမိဘဲ မနေပေ။
သို့သော် ဝမ်မိသားစုဆိုသည်က မည်သူနည်း။
သူတို့သည် မြို့တော်ရှိ ထိပ်သီး တိုင်းရင်းဆေးပညာ မိသားစုတစ်ခု ဖြစ်ပြီး အာဏာရှိသော အဆက်အသွယ် ပေါင်းများစွာ ရှိလေသည်။ အကယ်၍ မလွှဲမရှောင်သာသော အခြေအနေမျိုး မဟုတ်ပါက သူသည် ဝမ်မိသားစုကို ပြဿနာ မရှာချင်ပေ။
အကယ်၍ ယဲ့ပုဖန်သာ ထပ်မံ မလိုက်လံ စုံစမ်းတော့လျှင် ဤကိစ္စမှာ သူ၏ အစီအမံအတိုင်း ဝါးလုံးခေါင်းထဲ လသာသလို ပြီးသွားလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် တစ်ဖက်လူက ထောက်ပြလာပြီဖြစ်ရာ ဤကိစ္စကို သေချာပေါက် ဆက်လက် စုံစမ်းစစ်ဆေးရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ယဲ့ပုဖန်က "စခန်းမှူးဖူ... ကျွန်တော်တို့ ဒီမှာ နေတာ အချိန်တော်တော် ကြာနေပြီ။ မြန်မြန် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ သည်းခံနိုင်စွမ်းက ကုန်ဆုံးနေပြီ" ဟု သတိပေးလိုက်သည်။
"နားလည်ပါပြီ... ချက်ချင်း ကိုင်တွယ်ဖို့ လူလွှတ်လိုက်ပါ့မယ်"
စခန်းမှူး ဖူကျင်းရှန်းမှာ ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်နေသော်လည်း ပေါက်ကွဲရန် နေရာမရှိသဖြင့် ဤကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန်သာ တတ်နိုင်တော့သည်။
မဟုတ်ပါက ကိစ္စ ပိုမို ကြီးထွားလာပါက သူကိုယ်တိုင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ တွမ်းဟိုင်လျန်ကို မဆိုထားနှင့်... သူ၏ ရာထူးပင်လျှင် မြဲတော့မည် မဟုတ်ပေ။
စစ်ဆေးမေးမြန်းရေး အခန်းထဲမှ ထွက်လာပြီးနောက် သူ ယုံရသော လက်အောက်ငယ်သားများကို ထပ်မံခေါ်ယူကာ ဝမ်မိသားစုထံသို့ သွားရောက်ပြီး လူဖမ်းရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
………………….
ဝမ်မိသားစု၏ စာကြည့်ခန်းအတွင်းတွင် ဝမ်ရွှမ်တယ်နှင့် ဝမ်ကျီမင်းတို့ ထိုင်နေကြလေသည်။
"အဖေ... ကိစ္စက ပြီးသွားပြီ။ အဲဒီကောင်လေးကို ယောက်ဖက ဖမ်းသွားပြီဆိုတော့ မကြာခင် အထဲရောက်သွားမှာ သေချာတယ်"
ဝမ်ရွှမ်တယ်က သူ၏ မုတ်ဆိတ်မွေးများကို သပ်ရင်း ကျေနပ်စွာဖြင့် "ကောင်းတယ်... သိပ်ကောင်းတယ်" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီကောင်လေးက တကယ်ကို လက်စောင်းထက်တယ်ဗျ။ ကျွန်တော် ရှာထားတဲ့ လူမိုက်တွေ အားလုံးကို ခြေထောက်တွေ ချိုးပစ်လိုက်တယ်"
ဝမ်ကျီမင်းက ဆက်၍ "ဒီကိစ္စကြောင့် ကျွန်တော်တို့ ဝမ်မိသားစုက ပိုက်ဆံ နည်းနည်း ပိုကုန်သွားပြီး အခကြေးငွေကို ၅ သန်းအထိ တိုးပေးလိုက်ရတယ်" ဟု ပြောလေသည်။
"သန်းအနည်းငယ်ဆိုတာ ဘာမှမဟုတ်ပါဘူး"
ဝမ်ရွှမ်တယ်က လုံးဝ ဂရုမစိုက်ပေ။ သူသည် အလွန်အမင်း ချမ်းသာ ကြွယ်ဝသည် မဟုတ်ပါလား။ ရှန်ကျန်း နတ်အပ်ဘုရင် ဆေးခန်းသည် ပြီးခဲ့သည့် နှစ်များအတွင်း အမှန်တကယ်ပင် ငွေများစွာ ရှာဖွေပေးနိုင်ခဲ့သည်။
ထို့နောက် သူက လှောင်ပြောင်သော အမူအရာဖြင့် "နယ်ကလာတဲ့ ကောင်လေးတစ်ယောက်က ငါတို့ မိသားစုရဲ့ ဆေးခန်းကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ရဲတယ်။ သူ တကယ်ကို စိတ်ကူးယဉ်လွန်းတယ်" ဟု ပြောလိုက်သည်။
ဝမ်ကျီမင်းကလည်း ထောက်ခံလိုက်သည်။ "သူက ငယ်လွန်းသေးတော့ သူ့နေရာသူ မသိဘူး။ ပြီးတော့ မြို့တော်မှာ ငါတို့ ဝမ်မိသားစုရဲ့ အင်အား ဘယ်လောက်ရှိလဲ ဆိုတာကိုလည်း မသိဘူး။ အခုတော့ ကောင်းရော... သူ အထဲမှာ ဆယ်နှစ်၊ ရှစ်နှစ်လောက် နေရလိမ့်မယ်။ နောက်ရက်အနည်းငယ်နေရင် ငါတို့ ဆေးခန်းကို ပြန်သွားသိမ်းကြတာပေါ့"
ဝမ်ရွှမ်တယ်၏ မျက်နှာတွင် အောင်ပွဲခံသည့် အမူအရာတစ်ခု ပေါ်လာ၏။ "ရှန်ကျန်း နတ်အပ်ဘုရင် ဆေးခန်းက ငါတို့ ဝမ်မိသားစု အပိုင်ပဲ။ ဘယ်သူမှ လုယူသွားလို့ မရဘူး"
ထိုနေရာအရောက်တွင် သားအဖနှစ်ဦးလုံး အတူတကွ ရယ်မောလိုက်ကြတော့သည်။
သို့သော် ထိုစဉ်မှာပင် တံခါးပွင့်လာပြီး အပြင်ဘက်မှ ရဲအရာရှိတစ်စု အပြေးအလွှား ဝင်လာကြသည်။ ဦးဆောင်လာသော လူလတ်ပိုင်း ရဲအရာရှိက "ဘယ်သူက ဝမ်ကျီမင်းလဲ" ဟု အော်မေးလိုက်သည်။
"ကျွန်တော်ပါ... ဘာကိစ္စရှိလို့လဲ"
ဝမ်ကျီမင်းက ဆိုဖာပေါ်မှ ထရပ်လိုက်သည်။ ဤလူများသည် ဆေးလာကုခြင်း သို့မဟုတ် အခြားကိစ္စ တစ်ခုခု အတွက် လာခြင်းဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း သူ့ကို လာဖမ်းခြင်း ဖြစ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
လူလတ်ပိုင်း ရဲအရာရှိက လက်ဝှေ့ယမ်းပြလိုက်သည်။ "သူပဲ... ဖမ်းခေါ်သွား"
သူ၏ အမိန့်ပေးသံအဆုံးတွင် လူငယ်ရဲအရာရှိ နှစ်ဦးက ချက်ချင်း လျှောက်လာပြီး ဝမ်ကျီမင်းအား တောက်ပနေသော ငွေရောင်လက်ထိတ်ကို တိုက်ရိုက် ခတ်လိုက်ကြသည်။
"ဟေ့... ခင်ဗျားတို့ ဘာလုပ်တာလဲ။ တစ်ခုခု နားလည်မှု လွဲနေတာလား။ ကျွန်တော့် ယောက်ဖက ခင်ဗျားတို့ရဲ့ လုပ်ဖော်ကိုင်ဖက်လေ..."
လူလတ်ပိုင်း ရဲအရာရှိက လုံးဝ မျက်နှာသာ မပေးချေ။ "ခင်ဗျားက အလုပ်လက်မဲ့တွေကို ငှားရမ်းပြီး ပုံမှန် စီးပွားရေးလုပ်ငန်းတွေကို နှောင့်ယှက်ဖို့ ခိုင်းစေတဲ့အတွက် ဖမ်းဆီးတာ ဖြစ်တယ်"
"အဓိပ္ပာယ်မရှိတာ... မင်းတို့က တို့ဝမ်မိသားစုက လူကို ဒီအတိုင်း ဖမ်းသွားလို့ ရမလား။ မင်းတို့ရဲ့ ညွှန်ကြားရေးမှူးချုပ်ဆိုတာ ငါ့ရဲ့ လူနာကွ"
ဝမ်ရွှမ်တယ်က စားပွဲကို ရိုက်ကာ အရှိန်အဝါ အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
နှစ်ပေါင်းများစွာအတွင်း သူ၏ ဆေးပညာစွမ်းရည်ကို အားကိုး၍ မြို့တော်တွင် အာဏာရှိသော အဆက်အသွယ် ပေါင်းများစွာကို သူ အမှန်တကယ်ပင် ရှာဖွေနိုင်ခဲ့သည်။ ဤသည်မှာလည်း သူ၏ ယုံကြည်ချက် အရင်းအမြစ်ပင် ဖြစ်လေသည်။
"တောင်းပန်ပါတယ်... ကျွန်တော်က အထက်က အမိန့်ကို နာခံရုံ သက်သက်ပါ"
လူလတ်ပိုင်း ရဲအရာရှိက ဝမ်ရွှမ်တယ်အား လုံးဝ မျက်နှာမထောက်ဘဲ "ခေါ်သွားစမ်း" ဟု တိုက်ရိုက် လက်ဝှေ့ယမ်း အမိန့်ပေးလိုက်သည်။
ပြောပြီးသည်နှင့် သူ၏ လက်အောက်ငယ်သားများက ဝမ်ကျီမင်းကို အပြင်သို့ ချက်ချင်း ခေါ်ဆောင်သွားကြတော့သည်။
"အဖေ... မြန်မြန် နည်းလမ်းရှာပြီး ကျွန်တော့်ကို ကယ်ထုတ်ပါဦး။ ကျွန်တော် ထောင်မကျခံနိုင်ဘူး"
ဝမ်ကျီမင်းမှာ လုံးဝ အထိတ်တလန့် ဖြစ်သွားတော့သည်။ အစောပိုင်းက ယဲ့ပုဖန်ကို ထောင်ထဲသို့ မည်သို့ပို့ရမည်နည်းဟု သူ တွေးနေခဲ့သော်လည်း သူကိုယ်တိုင် ယခုလို အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"စိတ်မပူပါနဲ့... ငါ သူတို့ အထက်လူကြီးတွေဆီ အခုချက်ချင်း ဖုန်းဆက်လိုက်မယ်။ မင်း မကြာခင် ပြန်ထွက်လာရမှာပါ"
ဝမ်ရွှမ်တယ်သည် သူတို့ကို တားဆီး၍ မရမှန်း သိလိုက်သဖြင့် ဤလူများကို သူ၏ သားအား အရင် ခေါ်သွားခွင့် ပြုလိုက်ပြီးမှ ကယ်ထုတ်ရန် နည်းလမ်းရှာရတော့မည်။
သူ့အမြင်တွင် ဤကိစ္စသေးသေးလေးမှာ ဘာမှမဟုတ်ပေ။ သူ သိသော အာဏာရှိ ပုဂ္ဂိုလ်ကြီးများထံ ဖုန်းဆက်လိုက်သရွေ့ သူ၏ သားမှာ မကြာမီ ပြန်ရောက်လာမည်သာ ဖြစ်သည်။
သို့သော် သူ လုံးဝ မမျှော်လင့်ထားသည်မှာ ဖုန်းအကြိမ်ကြိမ် ဆက်သော်လည်း ပယ်ချခံရခြင်း သို့မဟုတ် ဖုန်းမကိုင်ခြင်းတို့နှင့်သာ ကြုံတွေ့နေရခြင်းပင်။
ထိုလူများထဲတွင် သူပြောခဲ့သော မြို့တော် ရဲစခန်း၏ ညွှန်ကြားရေးမှူးချုပ်လည်း ပါဝင်သည်။ ပုံမှန်အားဖြင့် သူနှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း ဤတစ်ကြိမ်တွင်မူ တုံ့ဆိုင်းမှု တစ်စုံတစ်ရာ မရှိဘဲ ပြတ်သားစွာ ငြင်းပယ်ခံလိုက်ရသည်။
ဤကိစ္စကို တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းရမည်ဟု တိုက်ရိုက် ပြောဆိုလာခြင်း ဖြစ်သည်။
နောက်နေတာလား။
ညွှန်ကြားရေးမှူးချုပ်သည် စခန်းမှူး ဖူကျင်းရှန်း၏ အစီရင်ခံစာကို လက်ခံရရှိပြီးပြီ ဖြစ်သည်။ စော်ကားခံရသူမှာ အထူးရေးရာဗျူရိုကိုပင် ဖျက်ဆီးပစ်ခဲ့သော ရက်စက်သည့် ပုဂ္ဂိုလ်ကြီး ဖြစ်နေသည်။ ဤသို့သော အခြေအနေမျိုးတွင် ဘယ်သူကများ ဝမ်ကျီမင်းကို အလွယ်တကူ လွှတ်ပေးရဲမည်နည်း။
တစ်ဖက်လူက ဝမ်ရွှယ်တယ် ဖြစ်နေခြင်းကို မဆိုထားနှင့်... သူ၏ ဖခင်အရင်း ကိုယ်တိုင် ဖုန်းဆက်လျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။
ဝမ်ရွှမ်တယ်မှာ ခေတ္တမျှ မှင်သက်သွားတော့သည်။ ဘာတွေ ဖြစ်နေတာလဲ။
သူက တွမ်းဟိုင်လျန်ထံသို့ ချက်ချင်း ဖုန်းပြန်ဆက်လိုက်သော်လည်း ဖုန်းမှာ ဆက်သွယ်၍ မရတော့ပေ။
ဤအခိုက်အတန့်ရောက်မှသာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ဝမ်ရွှမ်တယ် သဘောပေါက်သွားတော့သည်။ ဝမ်မိသားစုသည် မထိပါးအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကို ပြဿနာ သွားရှာမိပြီ ဖြစ်ဟန်တူသည်။
မဟုတ်ပါက အထက်လူကြီးများက ဤသို့ လုံးဝ တုံ့ပြန်မည် မဟုတ်ချေ။ သို့သော်လည်း သူက ထိုသူမှာ ယဲ့ပုဖန် ဖြစ်လိမ့်မည်ဟုမူ မတွေးမိသေးပေ။
***