ထို့နောက် ယဲ့ပုဖန်က ရဲစခန်းတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အစအဆုံး ပြန်လည် ပြောပြလိုက်ပြီး အဆုံးတွင် "အခုဆိုရင် ပြဿနာလာရှာတဲ့ လူမိုက်တွေပဲဖြစ်ဖြစ်၊ နောက်ကွယ်က ဝမ်မိသားစုပဲဖြစ်ဖြစ် သူတို့နဲ့ ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်သွားရပြီ။ ငါတို့က အဲဒီကို သွားပြီး ခဏထိုင်၊ လက်ဖက်ရည် သောက်ရုံလေးပဲဆိုတော့ မကောင်းဘူးလား" ဟု မေးလိုက်သည်။
ကျူးချွဲ နံပါတ် (၁၃) က အနည်းငယ် နားမလည်နိုင်စွာဖြင့် "နည်းပြချုပ်... ကျွန်မတို့က အထူးဌာန ဖြစ်ပေမဲ့လည်း ဒေသခံ အာဏာပိုင်တွေနဲ့ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ကြပါဘူး။ သူတို့က ကျွန်မတို့ကို ဒီလောက်အထိ ကြောက်စရာ မလိုဘူး မဟုတ်လား" ဟု မေးလိုက်သည်။
"သူတို့က ငါတို့ရဲ့ အထူးအဆင့်အတန်းကို ကြောက်တာ မဟုတ်ဘူး။ နည်းပြချုပ် တစ်ယောက်တည်းကို ကြောက်နေတာ"
စီတုတျန့်မော့သည် အထူးရေးရာဗျူရို ကိစ္စကို စီတုချန်ခုန်းထံမှ သိရှိထားပြီးဖြစ်ရာ ကျူးချွဲအသင်းကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
"အဲဒီ ရဲစခန်းမှူးက နည်းပြချုပ် သူတို့ရဲ့ အဆောက်အအုံကိုပါ ထပ်ဖြိုပစ်မှာကို စိုးရိမ်လို့ အဲဒီလောက် ကြောက်နေတာနေမှာပေါ့"
"တကယ်လား... အထူးရေးရာဗျူရိုမှာ သိုင်းပညာရှင်တွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်။ နည်းပြချုပ်က ဘယ်လိုများ လုပ်လိုက်တာလဲ..."
"နည်းပြချုပ်က တကယ်ကို အံ့ဩစရာကောင်းတာပဲ။ ရှင်က ကျွန်မရဲ့ အိုင်ဒေါလ်ပဲ... တခြားဘယ်သူမှ မရှိတော့ဘူး..."
"နည်းပြချုပ်က အရမ်း အစွမ်းထက်တာပဲ။ လက်တစ်ချောင်းတောင် မလှုပ်လိုက်ရဘဲ ရဲစခန်းက ကိစ္စအားလုံးကို အကုန် ရှင်းပေးသွားတယ်..."
မိန်းကလေးများ အားလုံး တက်ကြွစွာ ဆွေးနွေးနေကြပြီး ယဲ့ပုဖန်ကို ကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင် လေးစား အားကျမှုများ ပြည့်နှက်နေလေသည်။
စီတုတျန့်မော့က နောက်ပြောင်လိုသော လေသံဖြင့် "နည်းပြချုပ်... ရှင်က လူငယ်တစ်ယောက်ပဲကို ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ" ဟု မေးလိုက်သည်။
ကျူးချွဲ နံပါတ် (၁၉) က ရယ်မောလိုက်ပြီး "ဟုတ်ပါ့... နည်းပြချုပ်လို ပြည့်စုံလွန်းတဲ့ ယောက်ျား တစ်ယောက်ကို မြင်ဖူးသွားမှတော့ ကျွန်မတို့ နောက်ပိုင်း ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ ရတော့မှာလဲ။ နည်းပြချုပ်အနေနဲ့ ကျွန်မတို့အပေါ် တာဝန်ယူရမယ်" ဟု ပြောလေသည်။
"ဟုတ်တယ်... နည်းပြချုပ်က ကျွန်မတို့အပေါ် တာဝန်ယူရမယ်..."
အခြား မိန်းကလေးများကလည်း ဝိုင်းဝန်း အော်ဟစ်လိုက်ကြသည်။
ဤအခိုက်တွင် ယဲ့ပုဖန်၏ မျက်နှာတွင် အနက်ရောင် မျဉ်းကြောင်းများ ကျသွားတော့သည်။ အပြင်လူတွေသာ ဒါကို မြင်သွားလျှင် သူက သူ၏ လက်အောက်ငယ်သားများကို တစ်ခုခု လုပ်ထားသည်ဟု တကယ်ကို ထင်သွားကြပေလိမ့်မည်။
"ကဲပါ... အားလုံး အပြင်ထွက်ပြီး ဆုံဖြစ်တာ ရှားပါတယ်။ သောက်ကြရအောင်... အားလုံး အတူတူ သောက်ကြမယ်"
ပြောပြီးနောက် သူက သူ၏ ခွက်ထဲသို့ ဝိုင်ငဲ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ အခြား မိန်းကလေးများလည်း ထိုနည်းတူပင် ခွက်ထဲမှ ဝိုင်များကို အကုန်သောက်လိုက်ကြသည်။
ဝိုင်တစ်ခွက် သောက်ပြီးနောက် အားလုံး သီချင်းစဆိုကြပြီး စီတုတျန့်မော့က မိုက်ခရိုဖုန်းကို ပထမဆုံး ယူလိုက်သည်။
"ငါတို့ နည်းပြချုပ်အတွက် ကျွန်မ ရှင့်ကိုပဲ ချစ်တယ် ဆိုတဲ့ သီချင်းလေး ဆိုပြပါ့မယ်"
တေးဂီတ စတင်လာပြီးနောက် သူမ သီချင်း စဆိုလေသည်။ ထိုမိန်းကလေးမှာ အဆိုအတော်လေး ကောင်းပြီး ပုံစံတကျ ရှိလှသည်။
အစပိုင်းတွင် သူမ တစ်ယောက်တည်း ဆိုနေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ကျူးချွဲအသင်း တစ်ဖွဲ့လုံး စုရုံးလာကာ မိုက်ခရိုဖုန်းဖြင့် အသံကုန် အော်ဆိုကြပြီး သူတို့၏ မျက်လုံးများအားလုံးက မျက်နှာချင်းဆိုင်ရှိ ယဲ့ပုဖန်ထံသို့သာ ကျရောက်နေတော့သည်။
သီချင်းဆုံးသွားသောအခါ ကျူးချွဲအသင်း တစ်ဖွဲ့လုံးသည် ယဲ့ပုဖန်ထံသို့ ရုတ်တရက် အပြေးအလွှား သွားရောက်ကာ သူ့ကို ဝိုင်းထားလိုက်ကြသည်။
တစ်စုံတစ်ယောက်က သူ၏ ပါးကို အရင်ဆုံး နမ်းလိုက်ရာမှ စတင်ပြီးနောက် သူသည် မိန်းကလေးများ၏ နီစွေးသော နှုတ်ခမ်းများကြားတွင် နစ်မွန်းသွားတော့သည်။
ယဲ့ပုဖန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။ ဤမိန်းကလေးများ၏ စိတ်အားထက်သန်မှုရှေ့တွင် သူ တကယ်ကို မငြင်းဆန်နိုင်သလို ထွက်လည်း မပြေးနိုင်ခဲ့ပေ။
အဆုံးသတ် ရလဒ်မှာမူ သူ၏ ချောမောသော မျက်နှာပေါ်တွင် နှုတ်ခမ်းနီရာ ၂၅ ခု ဖုံးလွှမ်းသွားခြင်းပင် ဖြစ်သည်။
"နည်းပြချုပ်... ရှင် ဒီပုံစံနဲ့ဆို အချောဆုံးပဲ"
သူတို့၏ လက်ရာကို မြင်လိုက်ရသောအခါ ကျူးချွဲအသင်း တစ်ဖွဲ့လုံးမှာ တခစ်ခစ် ရယ်မောနေကြတော့သည်။
အားလုံး ပျော်ရွှင်နေကြစဉ်မှာပင် သီးသန့်အခန်း၏ တံခါးမှာ ဝုန်းခနဲ အကန်ခံလိုက်ရပြီး ပွင့်သွားလေသည်။
ချက်ချင်းဆိုသလိုပင် အနီရောင် ရင်ဖုံးအင်္ကျီ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် အပြင်ဘက်မှ ယိုင်နဲ့နဲ့ ဝင်လာပြီး ဒုတ် ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ကယ်ကြပါဦး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ကြပါဦး..."
ထိုမိန်းကလေးမှာ ထိတ်လန့်နေပုံရပြီး လူတိုင်းထံမှ အကူအညီ တောင်းခံနေလေသည်။
ထိုစဉ်မှာပင် ကိုယ်ရံတော် ဟု ယူဆရသော အနက်ရောင် ဝတ်စုံပြည့်နှင့် လူ လေးငါးယောက်ခန့် အပြင်ဘက်မှ ပြေးဝင်လာကြသည်။ ဦးဆောင်လာသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် နှုတ်ခမ်းမွေး စူးစူးနှင့် လူတစ်ယောက် ဖြစ်လေသည်။
"နံစော်နေတဲ့ ခွေးမ... မင်းက ငါတို့ သခင်လေးကိုတောင် ရိုက်ရဲတယ်ပေါ့။ သေချင်နေတာလား။ မြန်မြန် ငါတို့နောက်ကို လိုက်ခဲ့စမ်း..."
ဤလူများအားလုံးမှာ မောက်မာကြပြီး သီးသန့်အခန်းထဲရှိ အခြားသူများကို လုံးဝ ဂရုမစိုက်ဘဲ ထိုမိန်းကလေးထံသို့ တိုက်ရိုက် လျှောက်သွားကြသည်။
"ကယ်ကြပါဦး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ကြပါဦး။ သူတို့ အားလုံးက လူမိုက်တွေပါ။ သူတို့ ကျွန်မကို ခေါ်သွားတာ လုံးဝ ခွင့်မပြုပါနဲ့နော်..."
ထိုမိန်းကလေးမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးပြီး အတော်လေး လှပသော်လည်း လက်ရှိအချိန်တွင် သူမ၏ မျက်နှာပေါ်တွင် အထိတ်တလန့် အမူအရာများ အပြည့် ရှိနေသည်။
နှုတ်ခမ်းမွှေးစစနှင့် သူ၏ လူများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် သနားစရာကောင်းပြီး ခိုကိုးရာမဲ့နေသည့် အရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။
"ရပ်လိုက်စမ်း... ယောက်ျားကြီး တစ်ယောက်က မိန်းမတစ်ယောက်ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်များ ထင်နေကြတာလား”
စီတုတျန့်မော့က ထိုလူများရှေ့တွင် ရပ်ကာ မိန်းကလေးကို သူမနောက်တွင် ကွယ်ထားပေးလိုက်သည်။
သီးသန့်အခန်းထဲတွင် အလင်းရောင် မှိန်နေသဖြင့် နှုတ်ခမ်းမွှေးစစနှင့် လူသည် ယခုမှသာ သူ၏ ရှေ့ရှိ မိန်းကလေးများ အားလုံးမှာ အလွန် လှပကြကြောင်း သတိပြုမိသွားပြီး သူ၏ မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားတော့သည်။
"ကောင်မလေး... မြန်မြန် ဖယ်လိုက်စမ်း။ သူက ငါတို့ သခင်လေး အလိုရှိတဲ့လူပဲ"
"နင့်သခင်လေးက ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ သူက မလိုက်ချင်ဘူးဆိုရင် နင်တို့ အတင်းအကျပ် ခေါ်သွားလို့ မရဘူး"
"ကောင်မလေး... မင်းက ဘယ်သူ့ကို သွားရှုပ်နေလဲဆိုတာ တကယ်ကို မသိတာပဲ။ မင်းက သခင်လေးရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတယ်ပေါ့... ဒါဆိုရင် မင်းကိုပါ တစ်ခါတည်း ခေါ်သွားရတာပေါ့"
နှုတ်ခမ်းမွှေးစစနှင့် လူ၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူ့အမြင်တွင် စီတုတျန့်မော့ကဲ့သို့သော လှပသည့် မိန်းမချောလေးကို သူ၏ သခင်ထံသို့ ဆက်သနိုင်ပါက ဆုလာဘ်များစွာ ရရှိမည်မှာ သေချာလှပေသည်။
သေချာသည်မှာ သူ လုံးဝ ဦးနှောက်မရှိသူတော့ မဟုတ်ပေ။ အစောပိုင်းက သီးသန့်အခန်းထဲရှိ အခြေအနေကို သူ အကဲခတ်ခဲ့ပြီး ဖြစ်သည်။
ယဲ့ပုဖန်သည် ဆိုဖာပေါ်တွင် ထိုင်နေသဖြင့် သူ မမြင်တွေ့ခဲ့ရပေ။ သူနာပြုဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးများကိုသာ မြင်တွေ့ခဲ့ရသဖြင့် ဆေးရုံတစ်ခုခုမှ သူနာပြုများ ဤနေရာတွင် လာရောက် ဆုံစည်းကြခြင်း ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သူ၏ သခင်၏ အဆင့်အတန်းနှင့် နောက်ခံအရ သာမန် သူနာပြုများကို သဘာဝကျကျပင် အရေးစိုက်မည် မဟုတ်ချေ။ ထိုသို့ တွေးလိုက်ရင်း သူက စီတုတျန့်မော့ကိုပါ တစ်ခါတည်း ခေါ်သွားရန် ရည်ရွယ်ကာ သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်လေသည်။
"နင်က သေချင်နေတာပဲ"
စီတုတျန့်မော့၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် စင်တီမီတာ အတော်အတန်မြင့်သော ဒေါက်မြင့်ဖိနပ် စီးထားသည့် သူမ၏ ခြေတံရှည်ကြီးဖြင့် နှုတ်ခမ်းမွှေးစစနှင့် လူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်ချလိုက်တော့သည်။
ဘုန်း…
"အား..."
နှုတ်ခမ်းမွှေးစစနှင့် လူသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ထိုကန်ချက် တစ်ချက်တည်းကြောင့်ပင် သီးသန့်အခန်း အပြင်ဘက်သို့ လွင့်စင်သွားကာ… ဒုတ် ဟူသော အသံနှင့်အတူ စင်္ကြံနံရံကို သွားဆောင့်မိလေသည်။
ထိုအချိန်တည်းမှာပင် ကျူးချွဲအသင်းမှ အခြားအဖွဲ့ဝင်များသည်လည်း သက်ညှာမနေကြတော့ဘဲ ကျန်ရှိနေသော အမျိုးသား သုံးဦးကိုလည်း အပြင်သို့ လွင့်စင်သွားအောင် ကန်ထုတ်ပစ်လိုက်ကြသည်။
နှုတ်ခမ်းမွှေးစစနှင့် သူ၏ လူများသည် သူနာပြုဝတ်စုံနှင့် ဤလှပသော မိန်းကလေးများတွင် ဤမျှ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်များ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သူတို့အားလုံးမှာ မျက်ရည်ကျသည် အထိ အရိုက်ခံလိုက်ရပြီး ဖရိုဖရဲ ဖြစ်သွားကြလေသည်။
"နင်တို့ ခွေးမတွေ... အားလုံး စောင့်နေလိုက်စမ်း"
ရက်စက်သော ခြိမ်းခြောက်စကားကို ဆိုပြီးနောက် နှုတ်ခမ်းမွှေးစစနှင့် လူသည် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ဘေးရှိ သီးသန့်အခန်းတစ်ခုထဲသို့ ဝင်သွားလေသည်။ လူပိုခေါ်ရန် သွားခြင်း ဖြစ်ပုံရပေသည်။
သူတို့ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ရင်ဖုံးအင်္ကျီနှင့် မိန်းကလေးက အလျင်အမြန်ပင် "အစ်မတို့... မြန်မြန် ပြေးကြပါ။ အဲဒီ လူဆိုးတွေက လူအများကြီးပဲ။ မကြာခင် သူတို့ ပြန်လာလိမ့်မယ်" ဟု သတိပေးလိုက်သည်။
"သူတို့ကို ဂရုစိုက်မနေနဲ့။ သူတို့ လာရင် ငါတို့ ထပ်ပြီး ရိုက်ထုတ်ပစ်လိုက်မယ်"
စီတုတျန့်မော့သည် သဘာဝကျကျပင် ဤသာမန်လူများကို ဂရုစိုက်မည် မဟုတ်ချေ။ သူမက ထိုမိန်းကလေးကို ဆွဲခေါ်လာကာ ဆိုဖာပေါ်ရှိ ယဲ့ပုဖန်အား ပြရင်း "ဒါက ငါတို့ရဲ့ ဘော့စ်ပဲ။ သူသာ မင်းကို ကူညီချင်တယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။
အပြင်လူများရှေ့တွင် သူ့ကို နည်းပြချုပ်ဟု မခေါ်ရန် ယဲ့ပုဖန်က ဤမိန်းကလေးများကို အစောပိုင်းက သတိပေးထားခဲ့သဖြင့် သူတို့က အခေါ်အဝေါ်ကို ဘော့စ်အဖြစ် ပြောင်းလဲခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။
"ရှင်..."
ထိုမိန်းကလေးမှာ အစပိုင်းတွင် လန့်သွားပြီး ဤနေရာတွင် အမျိုးသားတစ်ဦး ရှိနေမှန်း ယခုမှသာ သတိပြုမိသွားပုံရသည်။ သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် "မင်္ဂလာပါ ဘော့စ်" ဟု နှုတ်ဆက်လိုက်သည်။
"ကျွန်တော့် နာမည်က ယဲ့ပုဖန်ပါ... သမားတော် တစ်ယောက်ပါ။ ကျွန်တော့်ကို သမားတော်ယဲ့ ဒါမှမဟုတ် အစ်ကိုယဲ့လို့ ခေါ်လို့ရပါတယ်"
ယဲ့ပုဖန်က ထိုမိန်းကလေးအား "မင်း နာမည် ဘယ်လိုခေါ်လဲ။ ခုနက ဘာတွေ ဖြစ်ခဲ့တာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ နာမည် လျိုယွင်ပါ။ ရှန်းရှီးကနေ မြို့တော်ကို လာပြီး ဒီ KTV မှာ စားပွဲထိုး လာလုပ်တာပါ။ ခုနက ဘေးအခန်းကို သောက်စရာတွေ သွားပို့ရင်းနဲ့ လူဆိုးတွေနဲ့ ဆုံခဲ့တာပါ။ အဲဒီ သခင်လေးဆိုတဲ့လူက ကျွန်မကို အတင်း သောက်ခိုင်းပြီး သူ့လက်တွေကလည်း မကင်းမရှင်း လုပ်လာတယ်”
“အဲဒီအချိန်က ကျွန်မ အရမ်းလန့်သွားပြီး အလောတကြီးနဲ့ သူ့ခေါင်းကို ဝိုင်ပုလင်းနဲ့ ရိုက်ခွဲလိုက်တယ်။ ပြီးတော့ အပြင်ကို ပြေးထွက်လာတာ..."
ကိစ္စက ရိုးရှင်းလှပြီး ကြားလိုက်သည်နှင့် အားလုံး သဘောပေါက်သွားကြသည်။ ထိုစဉ်မှာပင် ခြေသံများ ဆူညံစွာ ထွက်ပေါ်လာပြီးနောက် အပြင်ဘက်မှ လူတစ်စု အပြေးအလွှား ဝင်ရောက်လာကြသည်။
သူတို့ကို ဦးဆောင်လာသူမှာ အရက်နံ့များ ဟောင်နေသော လူငယ်တစ်ဦးဖြစ်ပြီး သူက "ဒီနေ့... ငါ ကျင်းကျောက်ရဲ့ လူတွေကို ဘယ်သူကများ ရိုက်ရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့" ဟု မောက်မာစွာ အော်ဟစ်လိုက်လေသည်။
***