သေမင်းတမျှ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် မြူခိုးလူသား လှုပ်ရှားလိုက်သည့် ရှပ်ရှပ်တိုးသံတစ်ခုသာ ထွက်ပေါ်နေသည်။
"ဟေး... ဟေး... အေးအေးဆေးဆေး စကားပြောကြရအောင်လေ... အေးအေးဆေးဆေးပေါ့..."
ဇိုမို ရင်ထဲတွင် တုန်လှုပ်နေသော်လည်း အတင်းပြုံးပြလိုက်သည်။
တစ်ဖက်လူ၏ စွမ်းအားမှာ သူ့အတွက် ခန့်မှန်းရခက်လွန်းလှသည်။ ထို့အပြင် ဤရေခဲမြူထုကြီးတွင်လည်း ထူးခြားသော ဂုဏ်သတ္တိများ ရှိနေနိုင်သည် မဟုတ်ပါလော။
"ပေးစမ်း"
သူမ၏ အသွင်အပြင်ကဲ့သို့ပင် သူမ၏ အသံမှာလည်း အလွန်အမင်း အေးစက်လှသည်။
"ဘာကို ပေးရမှာလဲ..."
ဇိုမိုက နားမလည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ရှင့်ဆီကနေ ကျွန်မ မျိုးနွယ်ဝင်တွေရဲ့ အနံ့ကို ရနေတယ်..."
မြူခိုးလူသား အမျိုးသမီး၏ ဖန်သလင်းကဲ့သို့ မျက်ဝန်းများက ဇိုမိုအား စိုက်ကြည့်နေသည်။ သူမ၏ အသံမှာ ရေခဲတောင်ကြီးတစ်ခုကဲ့သို့ အေးစက်ပြီး မည်သည့် စိတ်ခံစားချက်မျှ မပါဝင်ပေ။
"မင်းရဲ့ မျိုးနွယ်ဝင်တွေ အနံ့ ဟုတ်လား..."
ဇိုမို ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် သူ၏ မျက်လုံးထောင့်မှနေ၍ အာဂွီ၏ မျက်ဝန်းထဲတွင် ခရမ်းရောင် စွမ်းအင်တစ်ခု ဖျတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရသည်။ အာဂွီ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည်နာလန်ထူလာနေပြီး သူမ၏ ကိုယ်ထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ခရမ်းရောင် စွမ်းအင်များကလည်း ဇီဝစွမ်းအားအချို့ ပြန်လည်ရရှိလာပုံရသည်။
ထို့အပြင် မြူခိုးလူသား အမျိုးသမီးသည် အာဂွီမှာ သိပ်ပြီး မစွမ်းဆောင်နိုင်ဟု ထင်ပုံရသည်။ သူမအား ချည်နှောင်ထားသော ရေခဲမြူစီးကြောင်းများမှာ အားအနည်းဆုံး ဖြစ်နေသည်။
အာဂွီ အနည်းငယ် ပြန်လည်နာလန်ထူလာကတည်းက သူမ၏ ထူးဆန်းသော စွမ်းအားကို မည်သည့်အခါမျှ ထပ်မံအသုံးမပြုခဲ့ပေ။
သို့သော် အာဂွီ၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းကို မြင်လိုက်ရသောအခါ ဇိုမို၏ ရင်ထဲ၌ မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဝင်းခနဲ ပေါ်လာသည်။ သူ၏ ဦးနှောက်မှာ အလျင်အမြန် လည်ပတ်လိုက်ပြီးနောက် အမြန်ပင် ပြောလိုက်သည်။
"အာ... ဟုတ်သားပဲ... ဒါဆို ငါက မြူခိုးလူသား တစ်ယောက် ဖြစ်နေလို့လား... တကယ် စိတ်မကောင်းပါဘူး... ငါ့ရဲ့ မှတ်ဉာဏ်တွေက အဖျက်ခံထားရလို့လေ... အာ... ငါက တကယ်ပဲ မြူခိုးလူသား တစ်ယောက်လား..."
သူ၏ ရည်ရွယ်ချက်မှာ အာရုံလွှဲရန်နှင့် အချိန်ဆွဲရန်သာ ဖြစ်သည်။ သို့သော် သူ ပြောပြီးသွားသောအခါ သူ့ကိုယ်သူ တကယ်ပဲ မြူခိုးလူသား ဖြစ်နေနိုင်မလားဟုပင် တွေးမိသွားသည်။ သူ့စိတ်ထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုတစ်ခု မြင့်တက်လာသည်။
"ရှင် မဟုတ်ဘူး..."
မြူခိုးလူသားက အေးစက်စွာ တုံ့ပြန်လိုက်သည်။
စိတ်လှုပ်ရှားမှုတို့ ပြန်လည်ငြိမ်သက်သွားပြီး စိတ်ပျက်မှု အနည်းငယ်က အစားထိုးဝင်ရောက်လာသည်။
"ဒါဆိုရင်တော့ ငါလည်း မသိတော့ဘူး..."
မြူခိုးလူသား အမျိုးသမီး၏ နီလာရောင် မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမ ခေါင်းငုံ့ကာ အတွေးထဲ နစ်ဝင်သွားသည်။ ရုတ်တရက် ဇိုမို၏ လက်စွပ်ထဲမှ ထူးခြားသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။
ဇိုမို အံ့ဩတုန်လှုပ်စွာ အာမေဍိတ် ပြုလိုက်သည်။
မြူခိုးလူသား အမျိုးသမီးသည် ဇိုမို၏ အာမေဍိတ်သံကြောင့် သတိထားမိသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
ထိုအချိန်မှာပင် တိတ်ဆိတ်နေသော အာဂွီ၏ ကိုယ်ပေါ်မှ ရေခဲမြူကွင်းဆက်များမှာ မည်သည့် အရိပ်အယောင်မျှ မပြဘဲ ရုတ်တရက် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။
ဖျန်းခနဲ အသံနှင့်အတူ ရေခဲမြူစီးကြောင်းများမှာ အပြာနုရောင် မြူခိုးများအဖြစ် ကြေမွသွားသည်။ အာဂွီ၏ ညာလက်မှာ အနည်းငယ် မြင့်တက်လာသည်။ သူမ၏ ခန္ဓာကိုယ်မှာ ထူးဆန်းသော ပုံစံဖြင့် လိမ်ဖယ်သွားသည်။
သူမသည် ကြိုးဆွဲခံထားရသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ထူးဆန်းသော အနေအထားသို့ ရောက်သွားသည်။ သူမ၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းများမှာ ပိုမိုတောက်ပလာသည်။
မည်သည့်အသံမျှ မကြားရ မည်သည့်အလင်းမျှ မမြင်ရပေ။
ဇိုမို၏ ရှေ့တွင်ရှိသော မြူခိုးလူသား အမျိုးသမီးမှာ အားအင်များ ကုန်ခမ်းသွားသည့်အလား သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားတော့သည်။
ဇိုမို ဝေ့ရှန်းနှင့် ကျုံးရူတို့၏ ပတ်ပတ်လည်မှ ရေခဲမြူစီးကြောင်းများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွတ်ကျသွားသည့်အလား သက်ပြင်းချလိုက်မိကြသည်။ သူတို့၏ မျက်လုံးများမှာ အာဂွီအား အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။ အာဂွီကမူ သူတို့၏ အကြည့်များကို သတိမထားမိဘဲ ဘာမှမလုပ်ခဲ့သည့်အလား ဇိုမို၏ ဘေးတွင် တိတ်ဆိတ်စွာ ပြန်ရပ်နေသည်။
ဝေ့ရှန်းက ဇိုမိုအား မေးလိုက်သည်။
"အာဂွီ ပြန်ကောင်းလာပြီလား..."
"ငါလည်း မသိဘူး..."
ဇိုမို မျက်နှာရှုံ့မဲ့ရင်း လက်ကို ဖြန့်ပြလိုက်သည်။
ဇိုမို ခံစားနေရသော တုန်လှုပ်မှုမှာ ဝေ့ရှန်းနှင့် ကျုံးရူတို့ထက် များစွာသာလွန်သည်။
သူ၏ စိတ်ထဲတွင် ဆူနာမီလှိုင်းကြီးတစ်ခု တိုက်ခတ်နေသကဲ့သို့ပင်။ မိမိ၏ မျက်စိကိုပင် မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ အာဂွီ တိုက်ခိုက်သည်ကို မြင်ဖူးသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်သော်လည်း ယခင်က ဇိုမိုမှာ အခြားသူများကဲ့သို့ပင် အာဂွီ၏ တိုက်ခိုက်မှုနည်းလမ်းကို နားမလည်ခဲ့ပေ။
သို့သော် ယခုအကြိမ်တွင်မူ သူ မှတ်မိသွားသည်။
ရှန်စွမ်းအား…။
အာဂွီ အသုံးပြုနေသည်မှာ ရှန်စွမ်းအားပင်။
သူ့၏ မဟာနေမင်း ရှန်စွမ်းအား နှင့် လုံးဝကွဲပြားသော ရှန်စွမ်းအားတစ်မျိုး ဖြစ်သော်လည်း ဤသည်မှာ သံသယဖြစ်စရာမလိုဘဲ ရှန်စွမ်းအား ဖြစ်ကြောင်း သူ သိလိုက်သည်။
ယခင်က ဇိုမိုမှာ စွမ်းအားသုံးမျိုးကို ကျင့်ကြံခဲ့သော်လည်း ရှန်စွမ်းအားနှင့် ပတ်သက်လျှင် ဘာမျှမသိခဲ့သဖြင့် အာဂွီအသုံးပြုသည်မှာ ရှန်စွမ်းအား ဖြစ်ကြောင်း မမှတ်မိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူကိုယ်တိုင် ရှန်စွမ်းအားကို ကျင့်ကြံနေပြီ ဖြစ်သဖြင့် အာဂွီ၏ စွမ်းအားကို ချက်ချင်း သိမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဇိုမို ယခုခံစားနေရသော တုန်လှုပ်မှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြရန် မဖြစ်နိုင်ပေ။ အာဂွီမှာ အမှန်တကယ်ပင် ရှန်စွမ်းအားကို ကျင့်ကြံထားသူ ဖြစ်နေသည်။ ထိုအချိန်တွင် မရေမတွက်နိုင်သော မေးခွန်းများမှာ သူ့ဦးနှောက်ထဲသို့ တိုးဝင်လာသည်။
ခြေရာခံများအားလုံးက သူနှင့် အာဂွီအကြားတွင် မသိနားမလည်နိုင်သော ဆက်နွှယ်မှုတစ်ခု ရှိနေကြောင်း ညွှန်ပြနေသည်။ သူမသည် သူ၏ အတိတ်ကို သိနေနိုင်ခြေ အလွန်များသည်။ သူမသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ပဉ္စဓာတ် ဖန်ပုလဲလုံး ပင်လျှင် အာဂွီနှင့် တစ်စုံတစ်ရာ ဆက်နွှယ်နေပုံရသည်။
သူ လင်းစွမ်းအားကို ကျင့်ကြံနိုင်သည် မိုခန္ဓာကို တည်ဆောက်နိုင်သည် လက်ဆယ်ချောင်းထောင် ထဲသို့ပင် ဝင်ရောက်နိုင်သည်။ ယခင်က သူလျစ်လျူရှုထားခဲ့သော ဤခြေရာခံများမှာ ယခုအခါတွင် အလွန်ပင် ရှင်းလင်းသွားခဲ့လေပြီ။ ထို့အပြင် အသိစိတ်ဝိညာဉ် တည်ငြိမ်ခြင်း နတ်အလင်း နှင့် မဟာနေမင်း ရှန်စွမ်းအား တို့မှာလည်း တစ်ပုံစံတည်းပင် ဖြစ်သည်။
သူ၏ ဇာစ်မြစ်သည် ရှန်စွမ်းအားနှင့် သေချာပေါက် နီးကပ်သော ဆက်နွှယ်မှု ရှိနေရမည်။
သို့သော်လည်း...။
ဇိုမို နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်နှာထားမှာ ပြောင်းလဲသွားသည်။
ရှန်စွမ်းအားဆိုတာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့တာ မဟုတ်လား…။
ဘုံလေးပါးကောင်းကင်သည် ရှေးဟောင်းမျိုးနွယ်စုဝင်များအား လိုက်လံအမဲလိုက်နေကြောင်း ရုတ်တရက် သတိရလိုက်သောအခါ ဇိုမိုမှာ မသိလိုက်ဘဲ တစ်ကိုယ်လုံး တုန်တက်သွားသည်။
ထို့နောက် တစ်စုံတစ်ယောက်က သူ၏အသွင်အပြင်ကို ပြောင်းလဲပစ်ခဲ့ပြီး သူ၏မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ခဲ့ပုံကို တွေးမိလိုက်သည်။ ထိုအခိုက် ထူထပ်သော မြူခိုးများထဲတွင် မှောင်မိုက်ပြီး အန္တရာယ်ရှိသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
“ဒါက…”
ဇိုမို၏ ရင်ထဲ၌ တုန်လှုပ်သွားရသဖြင့် သူဆက်ပြီး မတွေးဝံ့တော့ပေ။ သူ့တွင်ရှိသော မေးခွန်းများအားလုံးကို သူမှတ်သားထားလိုက်သည်။
သူ အမှန်တရားကို သေချာပေါက် ရှာဖွေရမည်။ သူ၏ အကြည့်မှာ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော အာဂွီပေါ်သို့ ကျရောက်သွားပြီးနောက် နူးညံ့သွားသည်။ အာဂွီသည် သူမ၏ခန္ဓာကိုယ်ဖြင့် သူ့အတွက် တိုက်ခိုက်မှုများကို ကာကွယ်ပေးခဲ့သော ပုံရိပ်မှာ မနေ့ကကဲ့သို့ပင် သူ၏စိတ်ထဲ၌ ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူ ရေတိမ်သန္ဓေသားကို ရှာတွေ့ရမည် ဖြစ်သည်။
သူ၏ ပုံမှန်အမူအရာကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဇိုမို၏အကြည့်မှာ ပြတ်သားသွားပြန်သည်။ ဇိုမိုအား အမြဲစောင့်ကြည့်နေသော ဝေ့ရှန်းနှင့် ကျုံးရူတို့မှာလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။ သူတို့နှစ်ဦး၏ မျက်နှာများကို မြင်သောအခါ ဇိုမို သူတို့စိုးရိမ်မည်ကို မလိုလားသဖြင့် ပြုံးပြလိုက်သည်။
ထိုအချိန်မှာပင် သူ၏လက်စွပ်ထဲမှ ထွက်ပေါ်လာခဲ့သော ထူးဆန်းသော တုန်ခါမှုကို သူ ရုတ်တရက် သတိရသွားသည်။ သူ အလျင်အမြန်ပင် လက်စွပ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။
ဒါပဲ…။
ဇိုမို၏ မျက်သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
မည်သည့်အချိန်မှ စဖြစ်သွားမှန်း မသိရဘဲ လက်စွပ်၏ ထောင့်တစ်နေရာရှိ အရိုးပုံကြီးမှာ မီးလောင်နေသော သံပူခဲကြီးများကဲ့သို့ ရဲရဲနီနေတော့သည်။
ကျောက်စိမ်းနက်ရောင် အရိုးများ…။
ထိုထူးဆန်းသော တုန်ခါမှုမှာ ဤကျောက်စိမ်းနက်ရောင် အရိုးများဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဇိုမိုမှာ အံ့အားသင့်စွာဖြင့် ကျောက်စိမ်းနက်ရောင် အရိုးများအားလုံးအား အပြင်သို့ ထုတ်လိုက်သည်။
အနီရင့်ရောင် သန်းနေသော အရိုးများကို ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ရေခဲမြူများမှာ သွေးနံ့ရသော ငါးမန်းများအလား ထိုအရိုးများဆီသို့ ရုတ်တရက် တိုးဝှေ့လာကြသည်။
ဇိုမို၏ရှေ့တွင်ရှိသော ဤကျောက်စိမ်းနက်ရောင် အရိုးပုံကြီးသည် စွမ်းအားကြီးသော ဝဲဂယက်တစ်ခု သို့မဟုတ် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ရေခဲမြူများကို အဆက်မပြတ် ဝါးမြိုနေသည်။
ရှုး... ရှုး... ရှုး...
စုပ်ယူခံနေရသော ရေခဲမြူများမှာ မြည်ဟည်းနေသော မြူခိုးစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
ဇိုမိုနှင့် အခြားသူများမှာ အံ့အားသင့်နေကြသည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာမူ အံ့ဩရုံသာ ရှိသော်လည်း နေမင်းနတ်ကျောင်းတော်၏ ဖြစ်ရပ်များကို မသိရှိကြသဖြင့် ဤအရိုးများကို ရတနာတစ်ခုဟုသာ ထင်နေကြသည်။
ဇိုမိုကမူ အမှန်တကယ်ပင် ထိတ်လန့်သွားရသည်။
ဤကျောက်စိမ်းနက်ရောင် အရိုးများ၏ ဇာစ်မြစ်ကို သူ့ထက်ပိုသိသူ မရှိပေ။ ထိုအရာများမှာ နေမင်းနတ်ကျောင်းတော်၏ ရှန်လောင်ကျွမ်းခြင်း နယ်မြေတွင် သူတွေ့ရှိခဲ့သည့် အရာများ ဖြစ်သည်။
ထိုစဉ်က ဤအရိုးများ၏ အရောင်နှင့် ထူးခြားသော အရည်အသွေးကို မြင်သောကြောင့် သူယူလာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းသောင်းချီနေသော်လည်း ပုပ်သိုးခြင်းမရှိသည်ကို ကြည့်ပြီး ဤအရာမှာ ရတနာတစ်ခု ဖြစ်ရမည်ဟု ထင်မှတ်ကာ ယခုအချိန်အထိ သိမ်းထားခဲ့ခြင်း ဖြစ်သည်။
မြူခိုးလူသား အမျိုးသမီး ပြောခဲ့သော "မျိုးနွယ်ဝင်တွေရဲ့ အနံ့" ဆိုသည့် စကားနှင့် ယခုမြင်တွေ့နေရသော ထူးခြားသည့် မြင်ကွင်းကို ကြည့်ရင်း ဇိုမို ချက်ချင်းသဘောပေါက်သွားသည်။
ဤကျောက်စိမ်းနက်ရောင် အရိုးများသည် မြူခိုးလူသားများ၏ ဘိုးဘေးတစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။ ထို့နောက် ၎င်းတို့မှာ နေမင်းနတ်ကျောင်းတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရှန်လောင်ကျွမ်းခြင်း နယ်မြေတွင် အကျဉ်းချခံထားရခြင်း ဖြစ်ပေလိမ့်မည်။
သတိလစ်နေသော မြူခိုးလူသား အမျိုးသမီးမှာ ရုတ်တရက် ညည်းတွားသံနှင့်အတူ နိုးလာသည်။
သုံးဦးသား၏ မျက်နှာများ ချက်ချင်းပြောင်းလဲသွားပြီး မြူခိုးလူသား အမျိုးသမီးအား စစ်ဆေးရန် သူတို့မေ့သွားခဲ့ကြောင်း သတိထားမိလိုက်ကြသည်။
ဇိုမိုအနေဖြင့် အာဂွီ၏ တိုက်ခိုက်မှုအောက်မှ တစ်စုံတစ်ယောက် အသက်ရှင်ကျန်ရစ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အာဂွီ၏ မျက်လုံးများမှာ ယခုအခါတွင် လုံးဝမှိန်ဖျော့သွားပြီး ပုံမှန်အတိုင်း သစ်သားတုံးကဲ့သို့ အမူအရာမဲ့ ဖြစ်သွားပြန်သည်။ နိုးလာသော မြူခိုးလူသား အမျိုးသမီးအား သူမ လုံးဝတုံ့ပြန်ခြင်း မရှိပေ။
“တောက်…”
သုံးဦးသား တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ အထူးသဖြင့် ဇိုမိုပင်။ သူသည် ရှန်စွမ်းအားကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်ဆက်တွဲ မြင်ကွင်းကြောင့် သူတို့အားလုံး အံ့အားသင့်သွားရသည်။
မြူခိုးလူသား အမျိုးသမီး၏ မျက်နှာပေါ်တွင် မျက်ရည်များကို မြင်တွေ့ရသည်။
ထိုမျက်ရည်များမှာ ပြတ်ကျသွားသော ပုတီးကုံးမှ ပုတီးစေ့များကဲ့သို့ တစ်လုံးပြီးတစ်လုံး ကျဆင်းလာသည်။ ထိုအပြာနုရောင် မျက်ရည်စက်လေးများသည် သူမ၏ မျက်ဝန်းမှ ထွက်လာသည်နှင့် အပြာနုရောင် ပုတီးစေ့လေးများအဖြစ် ပြောင်းလဲသွားသည်။ မြေပြင်ပေါ်သို့ ကျလိုက်သောအခါ ဂျောက်ဂျက်ဟူသော အသံလေးများ ထွက်ပေါ်လာသည်။
ဇိုမိုနှင့် အခြားသူများမှာ တစ်စုံတစ်ယောက် ဤကဲ့သို့ ငိုကြွေးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် သူတို့နေရာမှာတင် မှင်သက်နေကြသည်။
"မြူခိုးလူသားရဲ့ မျက်ရည်တွေပဲ။ မင်းလို ကောင်လေးက ဘယ်လိုလုပ် ဒီလောက်ကံကောင်းနေရတာလဲဆိုတာ ငါ တကယ်နားမလည်တော့ဘူး"
အသိစိတ်ပင်လယ်ထဲတွင် ပုယောင်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
"ကံကောင်းတယ် ဟုတ်လား..."
ဇိုမို သိပ် နားမလည်ပေ။
“မြူခိုးလူသားတွေက အေးစက်တဲ့ စရိုက်ရှိကြတယ်… သူတို့ထဲက အများစုက တစ်သက်တာလုံးမှာ တစ်ခါတောင် မငိုကြဘူး။ မြူခိုးလူသားတွေ ငိုတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေက ပုတီးစေ့လို ဖြစ်သွားပြီး မြူခိုးလူသား မျက်ရည် လို့ ခေါ်ကြတယ်။ အဲဒါက ရေဓာတ်အမျိုးအစားထဲမှာ အစွမ်းထက်ဆုံး ရတနာတွေထဲက တစ်ခုပဲ။ ဒါပေမဲ့ ပိုအရေးကြီးတာက… မြူခိုးလူသားတစ်ယောက်က တစ်စုံတစ်ယောက်ရဲ့ ရှေ့မှာ ငိုလိုက်ပြီဆိုရင် အဲဒီလူက သူတို့ရဲ့ ချစ်ကြည်ရေးကို ရရှိသွားပြီလို့ အဓိပ္ပာယ်ရတယ်…”
ပုယောင်သည် သိက္ခာရှိစွာဖြင့် သူသိထားသော ဗဟုသုတများကို ရှင်းပြနေသည်။
"တကယ်လား..."
ဇိုမို သိပ် မယုံကြည်ပေ။
"ဒါ အမှန်ပဲ..."
ဝေ့က တည်ကြည်စွာ ပြောလိုက်သည်။
ဇိုမို နောက်ဆုံးတွင် သူ၏စိုးရိမ်စိတ်များကို လျှော့ချလိုက်နိုင်သည်။ သူသည် ဝေ့ရှန်းနှင့် ကျုံးရူတို့အား တိုက်ခိုက်ခြင်းမပြုရန် အချက်ပြလိုက်သည် ထိုနှစ်ဦးမှာ နားမလည်သော်လည်း တိုက်ခိုက်ရန် ပြင်ဆင်ထားသည်များကိုမူ ရုပ်သိမ်းလိုက်ကြသည်။
မြူခိုးလူသား အမျိုးသမီးသည် ခဏမျှသာ ငိုပြီးနောက် ရပ်လိုက်သည်။ ဘေးတွင်ရပ်နေသော ဇိုမိုသည် ထိုအရိုးများက ရေခဲမြူများကို မည်မျှအထိ စုပ်ယူလိုက်သည်ကိုပင် မသိတော့ပေ။
အရိုးများ၏ အရောင်မှာ ရဲရဲနီနေရာမှနေ၍ အပြာနုရောင်သို့ ပြောင်းလဲသွားသည်။ ထိုအရိုးများသည် ဖန်သလင်းကဲ့သို့ ကြည်လင်နေပြီး အံ့ဩဖွယ်ကောင်းသော အပြာရောင်အလင်းများ ထွက်ပေါ်နေသည်။
ရုတ်တရက် ပတ်ဝန်းကျင်တွင် ရှပ်ရှပ်တိုးသံများ ထွက်ပေါ်လာသည်။ ရေခဲမြူများထဲတွင် မရေမတွက်နိုင်သော မြူခိုးလူသား ပုံရိပ်များမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြသည်။ ဇိုမိုနှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။
မြူခိုးလူသားများသည် ဒီရေတက်လာသည့်အလား အရပ်မျက်နှာ အနှံ့အပြားမှ ရောက်ရှိလာကြပြီး ဇိုမိုတို့အဖွဲ့အား အလယ်တွင် ဝိုင်းထားလိုက်ကြသည်။
ဇိုမိုသည် ပုယောင် ပြောခဲ့သော "မြူခိုးလူသား၏ ချစ်ကြည်ရေးကို ရရှိခြင်း" ဆိုသည့် စကားကိုသာ စိတ်ထဲ၌ ထပ်တလဲလဲ ရွတ်နေမိသည်။
သို့သော် မြူခိုးလူသားများ၏ နောက်ထပ် လုပ်ဆောင်ချက်ကြောင့် ဇိုမိုမှာ အံ့ဩသွားရသလို သက်ပြင်းလည်း ချနိုင်သွားသည်။ မြူခိုးလူသားများအားလုံးသည် ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ပင် စနစ်တကျ ဒူးထောက်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ရှိနေသည်။
ဇိုမိုမှာ မိမိကိုယ်မိမိ မည်မျှအရေးပါသည်ကို သိထားသဖြင့် မြူခိုးလူသားများမှာ သူ့အား ဒူးထောက်နေခြင်း မဟုတ်ကြောင်း ရိပ်မိလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ ဒူးထောက်နေသည်မှာ ထိုဖန်သလင်း အရိုးပုံကြီးကို ဖြစ်သည်။
သူ ဝေ့ရှန်းနှင့် ကျုံးရူတို့အား အသာအယာ ဆွဲကာ ဘေးသို့ အမြန်ရှောင်ပေးလိုက်သည်။ ဤကဲ့သို့သော အချိန်တွင် အခြေအနေကို နားလည်တတ်ရန် အလွန်အရေးကြီးပေသည်။
ဂျွတ်... ဂျွတ်...
ဘေးသို့ ရှောင်လိုက်သည်နှင့် နောက်ဘက်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ဇိုမို လှည့်ကြည့်လိုက်သောအခါ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မှင်သက်သွားရသည်။
ထိုဖန်သလင်း အရိုးများမှာ လှုပ်ရှားနေကြပြီး အားလုံး ထရပ်နေကြသည်။ အရိုးတစ်ခုမှာ နောက်ထပ်အရိုးတစ်ခုပေါ်သို့ ပျံတက်သွားပြီး အရိုးစုတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ မမြင်ရသော လက်တစ်စုံက ထိုအရိုးများအား တစ်ခုနှင့်တစ်ခု ပြန်လည်ဆက်စပ်ပေးနေသည့်အလားပင်။
ဖော်ပြရန် ခက်ခဲသော ကြောက်မက်ဖွယ်ရာ ခံစားချက်တစ်ခု ဇိုမို၏ရင်ထဲ၌ မြင့်တက်လာသည်။ တစ်ကိုယ်လုံးတွင်ရှိသော အမွေးအမျှင်များမှာလည်း ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။
***