ဝေ့ရှန်းနှင့် ကျုံးရူတို့သည်လည်း ထိုအရိုးစုကြောင့် အံ့ဩတုန်လှုပ်နေကြသည်။ သာမန်အချိန်တွင် မာနကြီးလှသော ငတုံးငှက်မကြီးပင်လျှင် ယခုအခါတွင်မူ အလွန်ပင် လိမ်မာနေချေပြီ။
ထိုအရိုးစု သာမန်မဟုတ်သည်မှာ ထင်ရှားလှပေသည်။ သူတို့အားလုံးထဲတွင် တစ်ဦးတည်းသော တည်တည်ငြိမ်ငြိမ် ရှိနေသူမှာ အာဂွီသာ ဖြစ်သည်။
အာဂွီသည် ဇိုမို၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမရှေ့တွင် ဖြစ်ပျက်နေသမျှကို လျစ်လျူရှုထားလေသည်။
ဖန်သလင်း အရိုးစုမှာ ကြည်လင်နေသည်။ အရိုးတစ်စစီတိုင်းမှာ အနုပညာလက်ရာ တစ်ခုကဲ့သို့ပင်။ တစ်ကိုယ်လုံးမှာ လက်ရာမြောက်လှပြီး လှပလွန်းနေသည်။
နောက်ဆုံးအရိုးတစ်စ အရိုးစုတွင် ကပ်တွဲသွားသောအခါ တစ်ကိုယ်လုံးမှာ မျက်စိကျိန်းလောက်သည့် အပြာရောင်အလင်းများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ထိုအပြာရောင် အလင်းတန်းများမှာ ရေလှိုင်းများအလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုအလင်းနှင့် ထိတွေ့မိလိုက်သော မြူခိုးလူသားများမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
ဇိုမို ရှန်လောင်ကျွမ်းခြင်း နယ်မြေမှ ကောက်ယူလာခဲ့သော ကျောက်စိမ်းနက်ရောင် အရိုးများမှာ အစုံအလင် မရှိသေးပေ။ ခေါင်းခွံ နံရိုးတစ်ချောင်းနှင့် လက်ချောင်းရိုး တစ်ချောင်း လိုအပ်နေသေးသည်။
သို့သော်လည်း ဤမပြည့်စုံသော အရိုးစုမှနေ၍ မည်သည့်ဟန်ချက်ပျက်ယွင်းမှုကိုမျှ မတွေ့ရပေ။ ၎င်းမှာ မပြည့်စုံသော်လည်း ပြီးပြည့်စုံနေသည့်အလားပင်။ ဝေ့ရှန်းနှင့် ကျုံးရူတို့၏ မျက်နှာထားများမှာ ခက်ထန်နေသည်။ ဤရေခဲမြူ ပင်လယ်ကြီး ရုတ်တရက် အသက်ဝင်လာသကဲ့သို့ သူတို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ဇိုမိုသည်လည်း ရေခဲမြူ၏ အပြောင်းအလဲကို သတိထားမိလိုက်သည်။ သူ အံ့အားသင့်သွားရသည်။
"ဒါက ရှန်စွမ်းအားပဲ"
ထိုအရိုးစုမှ ထွက်ပေါ်လာသော ရှန်စွမ်းအားမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှသဖြင့် သတိထားမိရန်ပင် ခက်ခဲလှသည်။
အကယ်၍ ဇိုမိုကိုယ်တိုင် ရှန်စွမ်းအားကို ကျင့်ကြံမနေခဲ့ဘဲ အခြားသူများထက် ရှန်စွမ်းအားအပေါ် ပို၍ အကဲဆတ်ခြင်း မရှိခဲ့ပါက သူလည်း သတိထားမိလိမ့်မည် မဟုတ်ပေ။
ထိုအရိုးစုမှ ရှန်စွမ်းအား ထွက်ပေါ်လာခြင်းကို ဇိုမို သိပ်ပြီး အံ့ဩမနေတော့ပေ။ နေမင်းမျိုးနွယ်စု၏ ရှန်လောင်ကျွမ်းခြင်း နယ်မြေမှ ကောက်လာခဲ့သည့် အရိုးဖြစ်သဖြင့် ရှေးဟောင်းခေတ်မှ ရှန်စွမ်းအားနှင့် ဆက်နွှယ်နေမည်မှာ ပုံမှန်သာဖြစ်သည်။
သူအံ့ဩနေရသည်မှာ ဤအရိုးစုထဲတွင် ဇီဝအသက်ဓာတ် အစအနလေးတစ်ခု ရှိနေသေးခြင်းကြောင့် ဖြစ်သည်။
အရိုးစုမှ ထွက်ပေါ်လာသော ရှန်စွမ်းအားမှာ အားနည်းပြီး နူးညံ့သော်လည်း ထိုအထဲ၌ ပါဝင်နေသော ဇီဝစွမ်းအားကို ဇိုမို ခံစားနိုင်နေသည်။ ဤဇီဝစွမ်းအားမှာ အလွန်ပင် အားနည်းလှသော်လည်း ၎င်းမှာ အမှန်တကယ်ပင် အသက်ဓာတ် ဖြစ်ပေသည်။
ဇိုမိုသည် ထိုအရိုးစုကို မယုံသင်္ကာဖြင့် ကြည့်နေမိသည်။
"ဒါ နောက်ပြောင်နေတာလား။ နှစ်ပေါင်း သောင်းချီနေပြီဖြစ်တဲ့ အရိုးစုတစ်ခုက ရုတ်တရက် အသက်ပြန်ရှင်လာတယ်ဆိုတာ... တကယ့်ကို ရယ်စရာပဲ"
ကံကောင်းထောက်မစွာပင် ထိုအရိုးစုမှာ ထပ်မံ၍ ပြောင်းလဲခြင်း မရှိတော့ပေ။ ၎င်း၏ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။
မြေပြင်ပေါ်တွင် ဝပ်တွားနေကြသော မြူခိုးလူသားများ ထရပ်လိုက်ကြသည်။ အသက်ကြီးပုံရသော မြူခိုးလူသား အချို့မှာ ဂရုတစိုက်ဖြင့် ရှေ့သို့တိုးလာကြပြီး ထိုအရိုးစုကို မယူကာ ရေခဲမြူများထဲသို့ ပျောက်ကွယ်သွားကြသည်။
သက်လတ်ပိုင်းအရွယ် မြူခိုးလူသား တစ်ဦးက ဇိုမိုတို့ရှေ့သို့ လျှောက်လာပြီး ထူးဆန်းသော ဦးညွှတ်မှုတစ်ခု ပြုလုပ်လိုက်သည်။
"လေးစားရတဲ့ ဧည့်သည်တော်တို့... ကျွန်တော်တို့ မြူခိုးလူသားတွေရဲ့ နောင်မျိုးဆက် အဆက်ဆက်ဟာ အရှင်တို့ ကျွန်တော်တို့ မျိုးနွယ်စုအပေါ် လုပ်ဆောင်ပေးခဲ့တဲ့ ကျေးဇူးကို အမြဲအောက်မေ့နေမှာပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် အရှင်တို့က ကျွန်တော်တို့ မိတ်ဆွေတွေပါပဲ"
ဇိုမိုသည် ကျောက်စိမ်းနက်ရောင် အရိုးများအား မြူခိုးလူသားများ သယ်သွားသဖြင့် အနည်းငယ် နှမြောသွားသည်။ သို့သော် ဤသည်မှာ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်တစ်ခုကို ဖြေရှင်းလိုက်ခြင်းလည်း ဖြစ်သည်။ သူ အမြန်ပင် ပြန်ပြောလိုက်သည်။
"သိပ်ပြီး အားနာစရာကြီးဗျာ... ဒါက တိုက်ဆိုင်မှုသက်သက်ပါ"
"စကားလုံးတွေနဲ့တင် ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ကျေးဇူးတင်မှုကို ဖော်ပြဖို့ မလုံလောက်ပါဘူး... အားလုံးပဲ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မျိုးနွယ်စုမှာ ဧည့်သည်အဖြစ် ရက်အနည်းငယ်လောက် လာရောက်နေထိုင်ပေးကြပါဦး... ဧည့်ခံခွင့်ပေးကြပါ"
ဇိုမို အနည်းငယ် ဒွိဟဖြစ်သွားရသည်။
"အားနာပါတယ်... ကျွန်တော်တို့ ရေတိမ်သန္ဓေသားကို ရှာဖို့ လိုအပ်နေလို့ပါ..."
ထိုလူက အာဂွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြေအနေကို သဘောပေါက်သွားပုံရသည်။
သူ ပြုံးလိုက်ရင်း ဆိုသည်။
"အရှင် မစိုးရိမ်ပါနဲ့... ကျွန်တော်တို့ ရေတိမ်သန္ဓေသားတွေ ပေါက်တဲ့နေရာတွေကို အများကြီးသိပါတယ်..."
ပြောပြီးသည်နှင့် သူသည် ဘေးမှ မြူခိုးလူသား တစ်ဦးအား လေသံတိုးတိုးဖြင့် စကားအချို့ ပြောလိုက်သည်။ သူတို့ပြောဆိုသည့် ဘာသာစကားမှာ ထူးဆန်းလှသဖြင့် ဇိုမိုတို့အဖွဲ့ နားမလည်ကြပေ။
ထိုမြူခိုးလူသားမှာ နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ သူသည် ဇိုမိုတို့အဖွဲ့အား ရိုသေစွာ ဦးညွှတ်ပြီးနောက် လှည့်ထွက်သွားကာ ရေခဲမြူများအတွင်းသို့ ပျောက်ကွယ်သွားလေသည်။
"ရေတိမ်သန္ဓေသားတွေ သွားခူးဖို့ သူ့ကို ကျွန်တော် တာဝန်ပေးလိုက်ပါတယ်... ဒီတိမ်ပင်လယ်ဒေသမှာ ရေတိမ်သန္ဓေသားတွေက ရှားပါးတဲ့အရာ မဟုတ်ပေမဲ့ ခူးယူတဲ့နည်းစနစ်ကိုတော့ လူနည်းစုပဲသိပါတယ်... ရေတိမ်သန္ဓေသားတွေကို ခူးပြီးတာနဲ့ ချက်ချင်းသုံးရင် အကောင်းဆုံးဖြစ်ပေမဲ့ ကျွန်တော်တို့မျိုးနွယ်စုမှာတော့ ခူးပြီးသွားရင်တောင် အာနိသင်မပျက်အောင် ထိန်းသိမ်းထားနိုင်တဲ့ အထူးနည်းစနစ်တွေ ရှိပါတယ်"
ထိုလူက ဇိုမိုအား ရှင်းပြသည်။
ဇိုမို၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသော အမူအရာ ပေါ်လာပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်"
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာလည်း ဝမ်းသာလွန်း၍ မနေနိုင်ကြတော့ပေ။ သူတို့မှာ ခရီးဝေးကြီးထိ အားအင်များစွာ စိုက်ထုတ်လာခဲ့ရသော်လည်း ယခုမူ မည်သည့်အားစိုက်ထုတ်မှုမျှမလိုဘဲ ပန်းတိုင်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထိုလူက လက်ကာပြရင်း ဆိုသည်။
"အရှင် ကျွန်တော်တို့မျိုးနွယ်စုအပေါ် ထားခဲ့တဲ့ကျေးဇူးနဲ့ ယှဉ်ရင် ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး"
သူ ဇိုမိုအား ဖိတ်ခေါ်လိုက်သည်။
"ဧည့်သည်တော်တို့... ကြွပါခင်ဗျာ"
ဇိုမို၏ မျက်နှာမှာ ရုတ်တရက် ထူးဆန်းသွားသည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူ နှောင့်နှေးစွာ ပြောလိုက်သည်။
"ဟိုလေ... အဲဒါက..."
ထိုလူမှာ ဇဝေဇဝါ ဖြစ်သွားသည်။
"အရှင်... တစ်ခုခုရှိရင် ပြောပါခင်ဗျာ"
ဇိုမို၏ မျက်နှာဟောင်းကြီးမှာ အနည်းငယ် နီမြန်းလာပြီး မြေပြင်ပေါ်ရှိ မြူခိုးလူသား မျက်ရည်များအား လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါ... အဲဒါလေးတွေကို အရင်ကောက်လို့ ရမလားဗျ..."
…
ဇိုမို၏ စကားကြောင့် စောစောက ငိုခဲ့သော မြူခိုးလူသား အမျိုးသမီးလေးမှာ ရှက်သွေးဖြာသွားသည်။
သက်လတ်ပိုင်း အမျိုးသားကမူ တဟားဟား ရယ်မောလိုက်သည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ မြူခိုးလူသားမျက်ရည်များမှာ သူ့လက်ထဲသို့ ပျံတက်လာကြသည်။ ထို့နောက် ဇိုမိုအား လှမ်းပေးလိုက်သည်။
ဇိုမို ပြုံးစိစိဖြင့် ထိုအရာများအား ဂရုတစိုက် သိမ်းလိုက်သည်။
ဒီမြူခိုးလူသားမျက်ရည်တွေက ရတနာကောင်းတွေပဲ…။
ပုယောင်ဆီမှ "ရတနာကောင်း" ဟူသော မှတ်ချက် ရခဲ့သည့်အတွက် သာမန်ရတနာများ မဟုတ်သည်မှာ သေချာသည်။
ထိုလူ၏နောက်သို့ လိုက်ပါသွားစဉ် အရိုးထဲအထိ စိမ့်ဝင်နေသော ရေခဲမြူများမှာ သူတို့အား သိသွားသည့်အလား ပြောင်းလဲသွားသည်။ ၎င်းမှာ သက်သောင့်သက်သာရှိသော အေးမြသည့် အငွေ့အသက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုလူမှာ အလွန်ဖော်ရွေလှပြီး လမ်းတစ်လျှောက်တွင် မြူခိုးလူသားမျိုးနွယ်စုအကြောင်းကို ဧည့်သည်တော်များအား မနားတမ်း မိတ်ဆက်ပေးနေသည်။
မြူခိုးလူသားတို့၏ သမိုင်းကြောင်းကို သိထားပြီးသားဖြစ်သော ဇိုမိုအတွက်မူ ထူးဆန်းမနေသော်လည်း ဝေ့ရှန်းနှင့် ကျုံးရူတို့မှာမူ နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသည့် ရှေးဟောင်းမျိုးနွယ်စုဝင်များ ဟုတ်ပါသလော။
"ဒါဆိုရင် အဲဒီအရိုးစုက..."
ဇိုမို ဂရုတစိုက် စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။ ဤသည်မှာ တားမြစ်ထားသော အကြောင်းအရာ ဖြစ်မည်ကို သူစိုးရိမ်သော်လည်း စပ်စုလိုစိတ်ကို မထိန်းနိုင်ပေ။
"အဲဒါက ကျွန်တော်တို့မျိုးနွယ်စုရဲ့ တိုတမ် ပါပဲ... သူ့အမည်က လန် တဲ့"
ထိုလူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ လက်ခနဲ ပေါ်သွားသည်။
ထို့နောက် သက်ပြင်းချလိုက်ရင်း ဆိုသည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း သောင်းချီကတည်းက ကျွန်တော်တို့မျိုးနွယ်စု ဒီနယ်မြေကို ပြောင်းရွှေ့လာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ တိုတမ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်... သူဘယ်ရောက်သွားလဲဆိုတာ ကျွန်တော်တို့ ဘာမှမသိခဲ့ရဘူး... အဲဒီအချိန်ကစပြီး မြူခိုးလူသားတွေရဲ့ ရှန်စွမ်းအားက တဖြည်းဖြည်း အားနည်းလာခဲ့တာ... ဒါကြောင့် ကျွန်တော်တို့လည်း လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး ဒီတိမ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးမှာပဲ နေထိုင်ခဲ့ရတာပါ"
"တိုတမ် ဟုတ်လား"
ဇိုမို နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူ ထိုအရိုးစုနှင့်ပတ်သက်၍ မျိုးစုံ ခန့်မှန်းခဲ့သော်လည်း မျိုးနွယ်စုတစ်ခု၏ တိုတမ် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မြူခိုးလူသားများ လန် နှင့် အဆက်အသွယ်ပြတ်တောက်သွားချိန်တွင် နေမင်းနတ်ကျောင်းတော်သည် လန်အား ဖမ်းဆီး၍ ရှန်လောင်ကျွမ်းခြင်းနယ်မြေတွင် အကျဉ်းချထားလိုက်ခြင်း ဖြစ်ရမည်။
နေမင်းမျိုးနွယ်စုမှာ ဆုတ်ယုတ်ပျက်စီးသွားပြီး သူတို့၏ နောက်ဆုံးနတ်ကျောင်းတော်မှာလည်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ သို့သော် သူတို့ဖမ်းဆီးထားခဲ့သော လန် မှာမူ မယုံနိုင်စရာကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့ပေသည်။
ဇိုမို ဤအကြောင်းကို ပြောပြသောအခါ အားလုံး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။။
ထိုလူက ခေါင်းညိတ်လိုက်သည်။
"ဒါဆို နေမင်းမျိုးနွယ်စုရဲ့လက်ချက်ပေါ့... ကျွန်တော်တို့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေပေမဲ့ ကျွန်တော်တို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကိုတော့ သတင်းအချက်အလက် စုဆောင်းဖို့ ရေခဲမြူအပြင်ဘက်ကို စေလွှတ်လေ့ရှိပါတယ်... အပြင်လောကမှာ ရှေးဟောင်းမျိုးနွယ်စုဝင်တွေ အားလုံး မျိုးတုံးကုန်ပြီလို့ ကြားရတယ်... အမှန်ပဲလား" ဟု မေးသည်။
ထိုလူ၏ နာကျင်နေသော မျက်နှာထားကို ကြည့်ရင်း ဇိုမို မည်သို့ နှစ်သိမ့်ပေးရမှန်းမသိသဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်သည်။
ထိုလူ တိတ်ဆိတ်သွားသည်။
ဤသတင်းမှာ အတည်ဖြစ်သွားသဖြင့် သူ၏ နောက်ဆုံးမျှော်လင့်ချက်လေးမှာလည်း ပျောက်ကွယ်သွားရပြီဖြစ်သည်။ ခဏအကြာတွင် သူ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သူတို့ ဘာလို့မျိုးတုံးသွားကြတာလဲ"
ဇိုမို ခေါင်းခါလိုက်သည်။
"ကျွန်တော်လည်း မသိပါဘူး... အကြောင်းပြချက်တွေ အများကြီး ရှိမှာပေါ့"
သူသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘုံလေးပါးကောင်းကင်မှ ရှေးဟောင်းမျိုးနွယ်ဆက်များအား နှစ်ပေါင်းထောင်ချီ၍ လိုက်လံသတ်ဖြတ်နေသည့်အကြောင်းကို ထိုလူအား မပြောပြလိုပေ။
သူသည် ထိုလူ၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"အခု လန်ကို ပြန်ရှာတွေ့ပြီဆိုတော့ မြူခိုးမျိုးနွယ်စုလည်း အရင်ကလို အင်အားတွေ ပြန်ရလာမှာပါ... ဒါက အချိန်တစ်ခုပဲ လိုအပ်တာပါ"
ဤစကားကို ကြားသောအခါမှ ထိုလူ ပြုံးပြနိုင်တော့သည်။
"ဟုတ်ပါတယ်… လန် ရှိနေသရွေ့ ကျွန်တော်တို့မျိုးနွယ်စုက ဆက်လက်ရှင်သန်နေမှာပါ"
သူသည် လန် အပေါ်တွင် အပြည့်အဝ ယုံကြည်မှုရှိနေသည်။
မကြာမီမှာပင် သူတို့သည် မြူခိုးမျိုးနွယ်စု၏ လူစုလူဝေးရှိရာ နေရာသို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်တွင် ဇိုမိုတို့အဖွဲ့ ရှေ့၌ အရွယ်အစား အမျိုးမျိုးရှိသော အပြာရောင်ရေကန်များ ပေါ်လာကြသည်။
ထိုရေကန်များမှာ နက်မှောင်သော အပြာရောင် ဖြစ်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် မှန်ချပ်ပေါင်း ထောင်သောင်းချီ ရှိနေသည့်အလား ထင်မှတ်ရသည်။ အချို့ရေကန်များပေါ်တွင် အပြာရောင်မြူခိုးလုံးလေးများ လွင့်မျောနေပြီး ထိုမြူခိုးများထဲ၌ မြူခိုးလူသားတို့၏ ပုံရိပ်များကို ခပ်ရေးရေး မြင်တွေ့နေရသည်။
"ဒါတွေက ကျွန်တော်တို့မျိုးနွယ်စုရဲ့ မြူခိုးရေကန် တွေပါ"
ဇိုမိုတို့အဖွဲ့ စပ်စုနေသည်ကို မြင်သောအခါ ထိုလူက ရှင်းပြသည်။
"လန် ပျောက်ကွယ်သွားတော့ ကျွန်တော်တို့ရဲ့ တိုတမ်လည်း မရှိတော့ဘူး... ယုံကြည်ရာ ကိုးကွယ်ရာလည်း မရှိတော့သလို ရှန်စွမ်းအားကိုလည်း မထုတ်လုပ်နိုင်တော့ဘူး... ဒါကြောင့် ဘိုးဘေးတွေက အခုအချိန်အထိ မျိုးနွယ်စု ရှင်သန်နိုင်အောင် ဒီ မြူခိုးရေကန် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို ကြိုးစားပမ်းစား တီထွင်ခဲ့ကြတာပါ"
"တော်လိုက်တာ"
ဇိုမို စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ပိုင်ကျင့်စဉ်ကို တီထွင်နိုင်သူတိုင်းမှာ အလွန်စွမ်းဆောင်ရည်ရှိသူများ ဖြစ်ပေသည်။
လမ်းတစ်လျှောက်ရှိ မြူခိုးလူသားများမှာ ဇိုမိုတို့အား မြင်သောအခါ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။
မြူခိုးရေကန်ဒေသမှ ထွက်လာသောအခါ ဖန်သလင်းများဖြင့် တည်ဆောက်ထားသည့်အလား ကြည်လင်နေသော အပြာရောင်အဆောက်အဦးကြီးများကို မြင်တွေ့လိုက်ရသည်။
နံရံများပေါ်တွင် အလင်းတန်းများ လက်နေသည်။ ထိုအလင်းအလွှာမှာ အပြင်လူတို့၏ အကြည့်အား ပိတ်ဆို့ထားသည်။
အဆောက်အဦးပုံစံမှာ ရိုးရှင်းသော်လည်း မီးခိုးရောင် ဆေးချက်လေးများဖြင့် ရေးဆွဲထားသော နံရံပန်းချီများမှာ ထူးကဲသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဤနေရာတွင် မြူခိုးလူသား အရေအတွက် ပိုများသော်လည်း ဇိုမိုတို့အဖွဲ့ အံ့ဩစရာတစ်ခုကို တွေ့လိုက်ရသည်။
ဤနေရာရှိ မြူခိုးလူသားများ၏ စွမ်းအားမှာ သူတို့စတင်တွေ့ခဲ့သော မြူခိုးလူသားများထက် များစွာအားနည်းနေခြင်းပင်။ ရုတ်တရက် ဇိုမိုသည် ယဇ်ပလ္လင်တစ်ခုပေါ်တွင် တင်ထားသော အရိုးစုကို မြင်လိုက်ရသည်။
ပတ်ပတ်လည်တွင် မြူခိုးလူသားများက ရိုသေကိုင်းရှိုင်းစွာ ဝတ်ပြုနေကြသည်။ အရိုးစုမှ ထွက်ပေါ်လာသော ရှန်စွမ်းအားမှာ ပို၍အားကောင်းလာသည်ကို ဇိုမို အံ့ဩစွာ တွေ့လိုက်ရသည်။
"နှမြောစရာကောင်းတာက ကျွန်တော်တို့ လန်ကို ဆုံးရှုံးခဲ့တာ ကြာသွားပြီ... မျိုးနွယ်စုထဲမှာလည်း ယဇ်ပုရောဟိတ် မရှိတော့ဘူး... ကျွန်တော်တို့ နေ့တိုင်းဝတ်ပြုပြီး လန် အမြန်ဆုံးပြန်လည်နာလန်ထူလာဖို့နဲ့ မျိုးနွယ်စုကို ကာကွယ်ပေးနိုင်ဖို့ပဲ မျှော်လင့်နေရတာပါ"
ထိုလူက စိတ်မကောင်းစွာ ပြောလိုက်သည်။
"သိပ်မကြာခင် ဖြစ်လာမှာပါ..."
ဇိုမို ထူးဆန်းစွာ ဝင်ပြောလိုက်သည်။ ထိုလူ ခဏရပ်သွားပြီးနောက် ပြုံးပြလိုက်သည်။
သူပြောလိုက်ချိန်တွင် ဇိုမို တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ယဇ်ပလ္လင်ပေါ်မှ အရိုးစုမှာ သူ့အား ကြည့်နေသည့်အလားပင်။ သူ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသော်လည်း သေချာကြည့်လိုက်သောအခါ ခံစားချက်မှာ ပျောက်ကွယ်သွားသည်။
သူ စိတ်လှုပ်ရှားလွန်းနေပုံရသည်။ လန်မှာ ခေါင်းခွံလည်းမရှိ မျက်လုံးလည်းမရှိဘဲ သူ့အား မည်သို့ ကြည့်နိုင်ပါမည်နည်း။
သူ ခေါင်းခါရင်း ပြုံးကာ အကြီးဆုံးအဆောက်အဦးဆီသို့ ဦးတည်သွားသော ထိုလူ၏ နောက်သို့ လိုက်ခဲ့သည်။
"ဒါက ကျွန်တော်တို့မျိုးနွယ်စုရဲ့ အစည်းအဝေးခန်းမပါ"
ထိုလူက အားနာစွာဖြင့် ဆိုသည်။
"ကျွန်တော်တို့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဆိုတော့ ဧည့်သည်တွေ လက်ခံဖို့ အဆောက်အဦး သီးသန့်မရှိပါဘူး... အားလုံးပဲ အဆင်ပြေသလို နေကြပါဦး... ချို့ယွင်းချက်ရှိရင်လည်း ခွင့်လွှတ်ပေးကြပါ"
ဇိုမိုတို့အဖွဲ့လည်း “အားနာလွန်းနေပါပြီ” ဟု ပြန်လည်ပြောဆိုလိုက်ကြသည်။
အစည်းအဝေးခန်းမအတွင်း၌ အဖြူရောင်မြက်ခင်းအလွှာကို သန့်ရှင်းစွာခင်းထားပြီး စားပွဲပေါ်တွင်လည်း သစ်သီးမျိုးစုံဖြင့် ပြည့်နှက်နေသည်။
အဖြူရောင်ကော်ဇောပေါ်သို့ လှမ်းနင်းလိုက်သောအခါ အေးမြသော အရှိန်အဝါက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်းပျောက်ကွယ်သွားသည်။
“ပစ္စည်းကောင်းပဲ…”
ဇိုမို၏ မျက်လုံးများမှာ ဝင်းခနဲ လက်သွားတော့သည်။
***