ရွှမ်ခုန်းဘုရားကျောင်း…။
ခန်းမကြီးအတွင်း၌ ဘီဟန်သည် မြေပြင်ပေါ်တွင် ဝပ်တွားနေသည်။ သူသည် အရပ်မရှည်သလို ခန္ဓာကိုယ်မှာလည်း ပိန်ပါးပြီး ပါးပြင်များမှာ ချိုင့်ဝင်နေသည်။ သူ၏ ရုပ်ရည်မှာလည်း အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေသည်။
"ဘီဟန်... မင်း ဒီကျောင်းတော်ကို ရောက်လာတာ ဘယ်နှစ်နှစ် ရှိပြီလဲ..."
ထူထဲသော ကန့်လန့်ကာများ၏ နောက်ကွယ်မှ နွေးထွေးပြီး သြဇာညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဆယ့်ခုနစ်နှစ်ပါ..."
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဘီဟန်က ပြန်ဖြေလိုက်သည်။
"ဆယ့်ခုနစ်နှစ်တောင် ရှိပြီပဲ... အချိန်တွေ ကုန်တာ သိပ်မြန်တာပဲ..."
ဂိုဏ်းချုပ်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
"မင်းက တော်တယ်... ဒီနှစ်တွေအတွင်း မင်းရဲ့ တိုးတက်မှုကို ငါ မြင်ပါတယ်... ငါ တကယ်ကို ဝမ်းသာမိတယ်..."
ဘီဟန် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
"ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေထဲမှာ ရှောင်ကျဲကလွဲရင် မင်းတစ်ယောက်တည်းပဲ ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် တစ်ယောက် ဖြစ်လာနိုင်တာ..."
ကန့်လန့်ကာနောက်ကွယ်မှ ထွက်ပေါ်လာသော ဂိုဏ်းချုပ်၏ အသံတွင် ထူးဆန်းသော စွမ်းအားတစ်ခု ပါဝင်နေပြီး နှလုံးသားထဲအထိ စိမ့်ဝင်သွားလောက်အောင် နွေးထွေးလှပေသည်။
"ရှောင်ကျဲက သွေးကောင်းကင်နယ်မြေမှာ တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တယ်... မင်းလည်း ကောင်းကောင်း လုပ်နိုင်မယ်ဆိုတာ ငါ သိတယ်..."
ဘီဟန် စကားတစ်ခွန်းမျှ ပြန်မပြောပေ။
"မင်းရဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါ က သိပ်ပြီး ပြင်းထန်လွန်းတယ်... အဲဒါက ငါ့ကို စိုးရိမ်စေတယ်..."
ဂိုဏ်းချုပ်၏ စကားလုံးများတွင် စိုးရိမ်မှုတို့ အပြည့်ရှိနေသည်။
"မင်းကို နေ့တိုင်း တရားစာတွေ ရွတ်ခိုင်းခဲ့တာက မင်းရဲ့ ကြမ်းတမ်းတဲ့ စွမ်းအင်တွေကို လျော့ပါးသွားအောင် မျှော်လင့်ခဲ့လို့ပဲ... မင်းကို တိုက်ပွဲထဲ မစေလွှတ်ရဖို့ ငါ အမြဲ မျှော်လင့်ခဲ့တာ... ဒါပေမဲ့ အခုတော့..."
ဂိုဏ်းချုပ် သက်ပြင်းချလိုက်ပြန်သည်။ ခဏအကြာတွင် သူ တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
"သွားတော့... မင်းရဲ့ ဦးလေး ဖြစ်တဲ့ တင်းကျန်း က တိမ်ပင်လယ်နယ်မြေမှာ အန္တရာယ်နဲ့ ကြုံရလိမ့်မယ်... တပ်ရင်းကို ခေါ်သွားပြီး သူ့ကို စစ်ကူပေးလိုက်... အသေးစိတ် အချက်အလက်တွေကို တင်းကွမ် ဆီမှာ မေးလို့ရတယ်... မင်း သွားနိုင်ပြီ..."
ဘီဟန် တိတ်ဆိတ်နေဆဲပင်။ သူ သုံးကြိမ်တိုင်တိုင် ဦးချလိုက်ပြီးနောက် လှည့်ထွက်သွားသည်။
ခန်းမကြီး၏ တံခါးမကြီးမှာ လေတိုက်ခြင်း မရှိဘဲ သူ့အလိုလို ပိတ်သွားသည်။ ခန်းမတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ တကယ်ပဲ ဘီဟန်ကို စေလွှတ်ဖို့ လိုလို့လား... သူက အန္တရာယ်ရှိတဲ့ လူတစ်ယောက်ပါ"
"ဒီကိစ္စက သိပ်အရေးကြီးတယ်... ငါတို့ ပေါ့ဆလို့ မရဘူး..."
"တိမ်ပင်လယ်နယ်မြေက အလယ်အလတ်အဆင့် နယ်မြေတစ်ခုပဲ မဟုတ်လား... အဲဒီမှာ အစွမ်းထက်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး..."
"ထျန်းဟွမ်းတောင် အဲဒီမှာ အခက်တွေ့ခဲ့တာ... ရှန်ဝူးဟိုင်က ထျန်းဟွမ်းရဲ့ ထိပ်တန်းပညာရှင်တွေထဲမှာ မပါပေမဲ့ သူက ဝိညာဉ်သန္ဓေအဆင့် ရှိတဲ့သူပဲ..."
"ဒါပေမဲ့ ဘီဟန်က..."
"သူက ဓားတစ်လက်ပဲ... ရက်စက်တဲ့ ဓားတစ်လက်ပေါ့... သူက ငါတို့လူတွေကို အန္တရာယ်မပြုအောင် ငါတို့ သတိထားရမယ်... ဒါပေမဲ့ အခုလို ကမောက်ကမဖြစ်နေတဲ့ အချိန်မှာတော့ ဒီဓားကို ထုတ်သုံးဖို့ အချိန်တန်ပြီ"
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်။
…
ဇိုမိုတစ်ယောက် အဖြူရောင်မြက်ခင်းကော်ဇောကို စိတ်ဝင်တစား ငေးမောကြည့်ရှုနေသည်။
မြူခိုးလူသားမျိုးနွယ်စု ခေါင်းဆောင် ဘင်းယာယိုက ရိပ်မိသွားပြီးနောက် အပြုံးဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါတွေက တိမ်ပိုးမြက်တွေနဲ့ ရက်လုပ်ထားတဲ့ တိမ်ကော်ဇောတွေပဲ။ တိမ်ပိုးမြက်တွေက တိမ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာမှ ပေါက်တာဆိုတော့ ခူးဆွတ်ရတာ တော်တော် လက်ဝင်တယ်။ ဒါပေမဲ့ အခက်ခဲဆုံးအပိုင်းက အဲဒါတွေကို ပြုပြင်ရတဲ့အဆင့်ပါပဲ။ တိမ်ပိုးမြက် အမျှင်လေး တစ်မျှင်ချင်းစီကို အချောသတ်နိုင်ဖို့ လပေါင်းများစွာ ကြိုးစားအားထုတ်ရတာမျိုးပါ"
ထိုသို့ ရှင်းပြလိုက်သောအခါ ဇိုမိုနှင့်အဖွဲ့မှာ အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ခရီးလမ်းတစ်လျှောက်တွင် ဇိုမိုသည် ထိုအလယ်အလတ်အရွယ် လူ၏အမည်ကို သိရှိခဲ့ရသည်။ သူကား မြူခိုးလူသား မျိုးနွယ်စုခေါင်းဆောင် ဘင်းယာယိုဖြစ်ပြီး ဇိုမိုနှင့် စတင်တွေ့ဆုံခဲ့သူမှာ သူ၏သမီး ဘင်းယွဲ့ပင် ဖြစ်သည်။
စကားပြောဆိုပြီးသည်နှင့် ဘင်းယာယို လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ရှိ တိမ်ကော်ဇောမှာ လက်တစ်ဝါးစာခန့်အထိ ကျုံ့ဝင်သွားပြီး သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။
ထို့နောက် ထိုကော်ဇောအား ဇိုမိုထံ ကမ်းပေးလိုက်ရင်း စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်။
"ညီလေးဇိုကို ဘာလက်ဆောင် ပေးရမလဲဆိုတာ ကျွန်တော် တော်တော်လေး စဉ်းစားနေခဲ့တာ။ ဒါကို ကြိုက်နှစ်သက်တယ်ဆိုမှတော့ ဒီတိမ်ကော်ဇောကို ညီလေးဇိုပဲ ယူလိုက်ပါတော့"
ဇိုမိုမှာ ထိတ်လန့်သွားပြီး လက်ကာပြလျက် ငြင်းဆန်လိုက်သည်။
"မဖြစ်ပါဘူး... မဖြစ်ရပါဘူး။ ခင်ဗျားတို့ မျိုးနွယ်စုက ကျွန်တော်တို့အတွက် ရေတိမ်သန္ဓေသား ရှာပေးနေတာနဲ့တင် ကျွန်တော် ကျေးဇူးအထူးတင်ရှိလှပါပြီ..."
ဘင်းယာယို၏ ရှင်းပြချက်အရ ဤတိမ်ကော်ဇော၏ တန်ဖိုးကို ဇိုမို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ တိမ်ပိုးမြက်တစ်မျှင်ချင်းစီအတွက် ထိုမျှ အားစိုက်ထုတ်ရမည်ဆိုပါက ဤမျှ တန်ဖိုးကြီးလှသည့် လက်ဆောင်ကို ဇိုမို မယူရဲပေ။
ထိုစဉ် အသိစိတ်ပင်လယ်ထဲမှ ပုယောင်က အလျင်အမြန်ပင် အော်ပြောလိုက်သည်။
"ဒါက ပစ္စည်းကောင်းပဲ... လက်ခံလိုက်"
"ကောင်းတာတော့ ငါလည်း သိတာပေါ့..."
ဇိုမိုက ဂရုမစိုက်ဟန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"မင်းက ဘာမှနားမလည်ဘဲနဲ့..."
ပုယောင်က မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။
"ဒါကို ကပ်ဘေးတွေ ကျော်ဖြတ်တဲ့နေရာမှာ အသုံးချလို့ ရတယ်ကွ"
ကပ်ဘေး…။
ဇိုမို၏ စိတ်ထဲ၌ လှုပ်ခတ်သွားသော်လည်း သူ ထပ်မမေးနိုင်ခင်မှာပင် ဘင်းယာယိုက ပြုံးလျက် ဆက်ပြောလာသည်။
"ညီလေးဇို... မငြင်းပါနဲ့တော့။ ဒီတိမ်ကော်ဇောက စိတ်ကို တည်ငြိမ်စေပြီး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိတယ်။ ကျွန်တော်တို့ မြူခိုးလူသားတွေက မွေးရာပါ အေးစက်တဲ့စိတ်ဓာတ်ရှိကြတာမို့ ဒါက ကျွန်တော်တို့အတွက်တော့ အသုံးမဝင်လှပါဘူး။ တိမ်ပိုးမြက်တွေကို ပြုပြင်ရတာက ကျွန်တော်တို့ လူငယ်တွေ ရေခဲမြူ ကျင့်စဉ် ကျင့်ကြံဖို့အတွက်ပဲလေ။ အဲဒါတွေကို လွှင့်ပစ်ရမှာ နှမြောတာနဲ့ ကော်ဇောရက်လုပ်ထားကြတာပါ။ ပြီးတော့ ညီလေးဇိုက ကျွန်တော်တို့ဆီ လန်ကို ပြန်လည်သယ်ဆောင်လာပေးခဲ့တယ်။ ခုနကလည်း အယွဲ့က ညီလေးကို စော်ကားမိခဲ့သေးတယ်... အဲဒါက တကယ်ကို..."
ဘင်းယာယို၏ စကားကြောင့် သူ၏နောက်ကွယ်ရှိ ဘင်းယွဲ့မှာ ရှက်သွေးဖြာသွားတော့သည်။
"ဒီတိမ်ကော်ဇောက အမှတ်တရ လက်ဆောင်လေး တစ်ခုပါပဲ... ဘာပဲဖြစ်ဖြစ် ညီလေးဇို လက်ခံပေးရမယ်"
ဘင်းယာယို၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်။
ထိုအခြေအနေကို မြင်တွေ့ရသောအခါ ဇိုမိုလည်း ထပ်မငြင်းနိုင်တော့ဘဲ လက်ခံလိုက်ရတော့သည်။
ရှောင်မိုကောမှာ သာမန်အားဖြင့် အရှက်မရှိ လောဘကြီးတတ်သူ ဖြစ်သော်လည်း အပြင်လူများနှင့်သာ ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက သူ့အား မိတ်ဆွေအဖြစ် စစ်မှန်စွာ သတ်မှတ်လာပြီဆိုလျှင် သူသည်လည်း ထိုမျှအထိ အရှက်မရှိ မလုပ်ရဲတော့ပေ။
ငါ့ရဲ့ စိတ်နှလုံးက အဲလောက်အထိတော့ မမည်းမှောင်သေးပါလား...။
ဇိုမို မိမိကိုယ်မိမိ လှောင်ပြောင်သရော်လိုက်ရင်း လက်စွပ်ထဲမှ ကြေးနီရောင်မျက်နှာဖုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဘင်းယာယိုအား ကမ်းပေးလိုက်သည်။
"ဒီမျက်နှာဖုံးကို လန်ရဲ့အနီးမှာ ကျွန်တော် တွေ့ရှိခဲ့တာပါ။ ဒါက အစ်ကိုကြီးဘင်းရဲ့ မျိုးနွယ်စုက ပစ္စည်းလားဆိုတာ ကျွန်တော် မသိရသေးပါဘူး..."
ဘင်းယာယိုက ကြေးနီရောင်မျက်နှာဖုံးကိုယူကာ အချိန်အတော်ကြာအောင် သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါလျက် ပြောလိုက်သည်။
"ဒီပုံစံက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ပစ္စည်းနဲ့ မတူညီဘူး။ ဒါ လန်ကို သေချာ မေးမြန်းကြည့်ရမယ်။ တကယ်လို့ ဒါက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ပစ္စည်းဖြစ်ခဲ့ရင်တော့ ကျွန်တော် အရှက်မရှိဘဲ လက်ခံလိုက်မယ်။ မဟုတ်ဘူးဆိုရင်တော့ လန်က ဒီအရာရဲ့ ဇာစ်မြစ်ကို သေချာပေါက် သိရှိလိမ့်မယ်။ အဲဒီအချိန်ကျရင် ညီလေးဇိုဆီ ပြန်ပေးပါ့မယ်..."
ဇိုမိုက ပြုံးလျက် ပြောဆိုလိုက်သည်။
"ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ... ဒါက အစ်ကိုကြီးဘင်းကို ပေးတဲ့ လက်ဆောင်ပါ..."
ဘင်းယာယိုက အသာအယာ ပြုံးလိုက်ပြီး မျက်နှာဖုံးကို သိမ်းဆည်းလိုက်သည်။
ထို့နောက် အပြင်လောက အခြေအနေများကို စပ်စုမေးမြန်းလာသည်။ သူတို့သည် အပြင်လောကအကြောင်း အနည်းငယ်သာ သိရှိကြသည်။
ဇိုမိုက ကျင့်ကြံသူများနှင့် ယောင် မိုတို့အကြား ဖြစ်ပွားနေသော စစ်ပွဲများ ကောင်းကင်ခွဲအန္တရာယ်နှင့် သူကိုယ်တိုင် တိမ်ပင်လယ်နယ်မြေကို သိမ်းပိုက်ထားသည့်အကြောင်းတို့ကို ရှင်းပြလိုက်သည်။
ဘင်းယာယိုသည် မျက်လုံးအဝိုင်းသား ပါးစပ်အဟောင်းသားဖြင့် အံ့ဩစွာ နားထောင်နေသည်။ အပြင်လောက ဤမျှအထိ အပြောင်းအလဲ မြန်ဆန်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
သို့သော်လည်း ဇိုမိုသည် တိမ်ပင်လယ်နယ်မြေ၏ အရှင်သခင်ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ သူ အလွန်ပင် ဝမ်းမြောက်သွားသည်။ ဤသို့ဆိုလျှင် သူတို့ မြူခိုးလူသားများအတွက် အခြေအနေမှာ များစွာ ပိုမိုကောင်းမွန်သွားပြီ မဟုတ်ပါလော။
ဘင်းယာယိုက သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
"နောင်ကျရင် ညီလေးဇို မြူခိုးလူသားတွေရဲ့ အကူအညီ လိုအပ်လာရင် အားမနာပါနဲ့နော်"
ဤကဲ့သို့ ပွင့်လင်းရိုးသားသော မြူခိုးမျိုးနွယ်စုခေါင်းဆောင်အပေါ် ဇိုမို အလွန်ပင် သဘောကျသွားသည်။ သူ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"နောင်တစ်ချိန်မှာ အစ်ကိုကြီးဘင်းသာ ကျွန်တော့်ကို ဒုက္ခပေးတယ်လို့ မထင်ရင်ပဲ ကျေနပ်ပါပြီဗျာ..."
ဘင်းယာယိုက တဟားဟားနှင့် ရယ်မောလိုက်သည်။
"ကျွန်တော် လက်ခံရင်တောင် လန်က ခွင့်လွှတ်မှာ မဟုတ်ဘူး..."
နှစ်ဖက်စလုံး ခဏတာမျှ စကားစမြည် ပြောဆိုပြီးနောက် ဘင်းယာယိုသည် ဇိုမိုနှင့် အခြားသူများ အနားယူနိုင်ရန်အတွက် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
"ညီလေး... မင်း ကျင့်ကြံနေတာက ရှန်စွမ်းအားလား..."
ဝေ့ရှန်းက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
ဇိုမိုသည် ဤကိစ္စကို ထပ်မံဖုံးကွယ်ထား၍ မရတော့ကြောင်း သိရှိလိုက်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အင်း... အဲဒါကို မဟာနေမင်း ရှန်စွမ်းအားလို့ ခေါ်တယ်... ရှေးဟောင်းနေမင်းမျိုးနွယ်စုရဲ့ အမွေအနှစ်တစ်ခုပဲ..."
"ဒါဆိုရင် နေမင်းနတ်ကျောင်းတော် ကိစ္စရဲ့ နောက်ကွယ်မှာ မင်း ရှိနေတာပေါ့"
ဝေ့ရှန်းမှာ မိုက်မဲသူမဟုတ်သဖြင့် ချက်ချင်းပင် သဘောပေါက်သွားသည်။ ထို့နောက် သူ စပ် စုလိုသည့် လေသံဖြင့် ဆက်မေးလိုက်သည်။
"လာစမ်းပါဦး... မင်းရဲ့ ရှန်စွမ်းအားကို ငါ စမ်းကြည့်ပါရစေ... ရှန်စွမ်းအားကို တစ်ခါမှ မမြင်ဖူးလို့လေ..."
ကျုံးရူသည်လည်း သူတို့ဘက်သို့ လှည့်ကြည့်လာသည်။ သူသည်လည်း အလွန်ပင် စိတ်ဝင်စားနေသည်မှာ ထင်ရှားလှပေသည်။
ဇိုမို ရုတ်တရက် ထူးဆန်းသော အနေအထားတစ်ခုသို့ ပြောင်းလဲလိုက်သည်။
သူ၏ လက်နှစ်ဖက်ကို ယှက်ကာ လိမ်ဖယ်လိုက်ပြီး ခန္ဓာကိုယ်ကို ညာဘက်သို့ အနည်းငယ် ယိုင်လိုက်ကာ ညာခြေဖျားလေးအား မြေပြင်ပေါ်တွင် ထိထားလိုက်သည်။ အလွန်တရာ မာကျောပြီး ယန်ဓာတ်ပြင်းထန်လှသော စွမ်းအားတစ်ခုက သူ့အား ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ရုတ်တရက် ပျံ့နှံ့သွားတော့သည်။
ဝေ့ရှန်း၏ မျက်သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
သူ့လက်ထဲရှိ ဓားနက်ကြီးဆီမှ နက်မှောင်သော စွမ်းအင်အမျှင်တန်းလေးများ ထွက်ပေါ်လာသည်။ သူသည် ဓားကို လေထဲ၌ ထပ်တလဲလဲ ဝှေ့ယမ်းလိုက်သည်။
ဖျတ်... ဖျတ်... ဖျတ်...
ပေါက်ကွဲသံများ သူ၏ဓားဖျားတွင် ဖြစ်ပေါ်လာသည်။
ကျုံးရူ၏ မျက်နှာထား ပြောင်းလဲသွားပြီး ကြက်ခြေခတ်တရားစက်အား လှည့်လိုက်သည်။ ဆုတောင်းစွမ်းအားများဖြင့် ဖုံးအုပ်ထားသော သုတ်တော်စာလုံးလေးများက သူ့ရှေ့တွင် အကာအကွယ်အဖြစ် ပေါ်လာသည်။
ဒုန်း... ဒုန်း... ဒုန်း…
သုတ်တော်စာလုံး သုံးလုံး ပေါက်ကွဲသွားပြီးနောက်မှသာ ထိုရှန်စွမ်းအားလှိုင်းကို တားဆီးနိုင်ခဲ့သည်။
ဝေ့ရှန်းက သူ၏ဓားကို ပြန်သိမ်းလိုက်ပြီး ခဏမျှ ပြန်လည်စဉ်းစားကာ ပြောလိုက်သည်။
"တကယ်ကို ထူးဆန်းတဲ့ စွမ်းအားပဲ… မျှော်လင့်ထားတဲ့အတိုင်း တခြားအရာတွေနဲ့ လုံးဝမတူဘူး..."
ကျုံးရူသည်လည်း ထိုခံစားချက်ကို မြည်းစမ်းနေသည်။ သူ ဆက်ပြောလိုက်သည်။
"သာမန်မန္တန်တွေနဲ့ဆိုရင် ဒါကိုတားဆီးဖို့ တော်တော်ခက်လိမ့်မယ်..."
ဇိုမို ခဏမျှ စဉ်းစားပြီးနောက် သူ၏ကောက်ချက်ကို ပြောပြလိုက်သည်။
"ရှန်စွမ်းအားဆိုတာ စွမ်းအားသုံးမျိုးကို ပေါင်းစပ်ထားတဲ့ ရလဒ်လို့ မြင်လို့ရတယ်..."
"စွမ်းအားသုံးမျိုး ဟုတ်လား..."
ဝေ့ရှန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
"အင်း... လင်းစွမ်းအား အသိစိတ်ဝိညာဉ်နဲ့ မိုအတတ်ပညာတွေပေါ့..."
ဇိုမို မနားတမ်း ရှင်းပြတော့သည်။
ဝေ့ရှန်း အစ်ကိုကြီးသည် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ကျုံးရူမှာမူ လူသိမခံတတ်သော်လည်း ဆုတောင်းစွမ်းအားကို ကျင့်ကြံနိုင်သည်အထိ ပါရမီရှိသူဖြစ်သည်။
ဤအရာများသည် သူတို့အတွက် များစွာအသုံးဝင်နိုင်ပေသည်။ သူ ပိုမိုဂရုတစိုက်နှင့် အားစိုက်ထုတ်ကာ ရှန်စွမ်းအားနှင့် ပတ်သက်၍ သူခံစားသိရှိခဲ့သမျှနှင့် ကောက်ချက်ချခဲ့သမျှ အားလုံးကို ရှင်းပြလိုက်သည်။ ထို့အပြင် ရှန်စွမ်းအားကို ကျင့်ကြံရန် အခြေခံနည်းလမ်းများကိုလည်း ပြောပြလိုက်သည်။
သူတို့ မည်မျှ ရရှိသွားမည်မှာ သူတို့၏ ကိုယ်ပိုင်ကံနှင့်သာ ဆိုင်ပေလိမ့်မည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့ နှစ်ဦးစလုံး အတွေးနက်သွားကြသည်။
သူတို့နှစ်ဦးစလုံးသည် စွမ်းအား၏ အစွန်းအဖျားကို ရှာတွေ့ထားကြပြီးသား ဖြစ်သည်။ သူတို့အတွက် ရှန်စွမ်းအားဆိုသည်မှာ အခြားကမ္ဘာတစ်ခုသို့ ပြတင်းပေါက်ဖွင့်ပေးလိုက်သကဲ့သို့ပင်။
သူတို့ ချေဖျက်ရမည့် အကြောင်းအရာများစွာ ရှိနေသည်။
သူတို့သည် သစ်သားရုပ်သေးနှစ်ရုပ်ကဲ့သို့ပင် မလှုပ်မယှက် ထိုင်နေကြပြီး ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားကြတော့သည်။
ဤသည်ကို မြင်သောအခါ ဇိုမို သူတို့အား မနှောင့်ယှက်တော့ပေ။ သူသည် အာဂွီနှင့် အသေးလေးများအား ခေါ်ကာ ဘေးတွင် ထိုင်လိုက်သည်။
အာဂွီ၏လက်ကို ဆုပ်ကိုင်ရင်း ဇိုမို သူမအား အလျင်အမြန် စစ်ဆေးလိုက်သည်။ ယခုအခါ ဤသည်မှာ ရှန်စွမ်းအား ဖြစ်ကြောင်း သိထားသဖြင့် ဇိုမို၏ စစ်ဆေးမှုမှာ ပိုမိုအသေးစိတ်ပြီး အာရုံစိုက်မှု ရှိလှသည်။ သူ၏ ရှန်စွမ်းအားအပေါ် နားလည်မှုမှာ အပေါ်ယံမျှသာ ရှိသေးသော်လည်း သူ အချို့အရာများကို ရှာဖွေတွေ့ရှိခဲ့သည်။
ပထမဆုံး သူသေချာသွားသည့် အချက်မှာ အာဂွီ၏ ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်စွမ်းအင်မှာ ရှန်စွမ်းအားတစ်မျိုး ဖြစ်သည်ဟူသော အချက်ပင်။
အလွန်ထူးဆန်းလှသော ရှန်စွမ်းအားတစ်မျိုးပင်…။
ရှန်စွမ်းအားဟု ဆိုလိုက်သည်နှင့် သာမန်မဟုတ်မှန်း သိသာလှသော်လည်း အာဂွီ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသည့် ရှန်စွမ်းအားကမူ ဇိုမိုအား အံ့အားသင့်သွားစေသည်။
၎င်းမှာ မှောင်မိုက်နေပြီး အလွန်အေးစက်လှသည်။ အရာခပ်သိမ်းကို ဝါးမြိုဖျက်ဆီးပစ်နိုင်လောက်သည့် ဆန်းကြယ်သော အစွမ်းသတ္တိများ ပိုင်ဆိုင်ထားလေသည်။
မဟာနေမင်း ရှန်စွမ်းအားသည် အာဂွီ၏ စွမ်းအားနှင့် ထိတွေ့မိလိုက်သည်နှင့် ဇိုမိုမှာ သေမင်းတမျှ တိတ်ဆိတ်လှသော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်းသို့ ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုနေရာတွင် အသံဟူ၍ မရှိ အလင်းဟူ၍ မရှိ နွေးထွေးမှုဟူ၍လည်း လုံးဝမရှိပေ။
ဤသည်မှာ မျှော်လင့်ချက်ဟူသမျှ ကင်းမဲ့စေသည့် ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်သည်။
ထိုခဏတာအတွင်း ဇိုမို၏ စိတ်ဓာတ်မှာ လေထဲတွင် တုန်ခါနေပြီး ငြိမ်းလုနီးပါး ဖြစ်နေသော ဖယောင်းတိုင်မီးလျှံလေးပမာ ယိုင်နဲ့သွားရသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ရှန်စွမ်းအားမှာ အာဂွီ၏ စွမ်းအားထက် များစွာ ပိုမိုအားကောင်းနေခဲ့သည်။ မဟာနေမင်း ရှန်စွမ်းအားသည် မွေးရာပါ အလွန်တရာ မာကျောပြီး ယန်ဓာတ်ပြင်းထန်လှသည်ဖြစ်ရာ ထိုစွမ်းအားကွာခြားချက်ကပင် ဇိုမို၏အသက်ကို ကယ်တင်ပေးလိုက်ခြင်း ဖြစ်သည်။
သူ၏ ရှန်စွမ်းအားကို အာဂွီ၏ ခန္ဓာကိုယ်ထဲမှ ဂရုတစိုက် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဇိုမိုသည် အာဂွီ၏ အမူအရာမဲ့နေသည့် မျက်နှာကို ငေးကြည့်နေမိသည်။ အကြောင်းရင်းကို တိကျစွာ မဖော်ပြနိုင်သော်လည်း ဇိုမို၏ စိတ်ထဲတွင် လေးလံမှုတို့ လွှမ်းခြုံလာသည်။
သူ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုတို့ အပြည့်အနှက် လွှမ်းမိုးနေသည်။
ရှန်စွမ်းအားအပေါ် နားလည်မှုများ တိုးပွားလာသည်နှင့်အမျှ ရှန်စွမ်းအားသည် လူသားတို့အပေါ် မည်သို့သော သက်ရောက်မှုမျိုး ရှိနိုင်သည်ကို ဇိုမို ရှင်းလင်းစွာ သိမြင်လာခဲ့သည်။
ရှန်စွမ်းအားတင်မက စွမ်းအားသုံးမျိုးစလုံးမှာလည်း သက်ရောက်မှု ရှိကြသည်။ မီးမန္တန်များကို ကျင့်ကြံသူများသည် ဒေါသကြီးတတ်ကြပြီး ရေခဲကျင့်စဉ်များကို ကျင့်ကြံသူများသည် အေးစက်ကာ စိတ်လှုပ်ရှားမှု ကင်းမဲ့တတ်ကြသည်။
ဤကဲ့သို့ ထူးဆန်းပြီး မှောင်မိုက်သည့် ရှန်စွမ်းအား ကြောက်မက်ဖွယ်ကောင်းသော အာရုံခြောက်ပါး ပိတ်ဆို့ခြင်း တံဆိပ်... အာဂွီ...။
အာဂွီ ဒဏ်ရာမရခင်အချိန်က ရှန်စွမ်းအားကို အသုံးပြုခဲ့ပုံများကို ပြန်လည်တွေးတောမိသောအခါ ဇိုမို၏ စိုးရိမ်မှုများမှာ ပိုမိုမြင့်တက်လာတော့သည်။
အာဂွီ၏ ခန္ဓာကိုယ်မှာ အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေကြောင်း ဇိုမို သိရှိထားသည်မှာ ကြာညောင်းလှပြီဖြစ်သည်။ အကယ်၍သာ ဤထူးဆန်းသော စွမ်းအားမျိုး မရှိခဲ့ပါက သူမသည် ယခုအချိန်အထိ အသက်ရှင်လျက် ရှိနေနိုင်မည် မဟုတ်ပေ။ သို့သော် ယနေ့မှသာ သူသည် ဤရှန်စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို အမှန်တကယ် နားလည်သွားခဲ့ရသည်။
အာဂွီ သူ့အား အသက်ပေး ကာကွယ်ပေးခဲ့သည့် မြင်ကွင်းက သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာပြန်သည်။
ထိုမျှော်လင့်ချက်မဲ့ပြီး သေမင်းတမျှ တိတ်ဆိတ်နေသော ဟင်းလင်းပြင်ကြီးကို ခဏတာမျှ ခံစားလိုက်ရရုံဖြင့်ပင် သူ တုန်လှုပ်မိသည်။ ထိုရှန်စွမ်းအားသည် အာဂွီ၏ ကိုယ်ထဲတွင် အမြဲ တည်ရှိနေခဲ့သည် မဟုတ်ပါလော။
ဇိုမို၏ ရင်ထဲ၌ တစ်ခုခု ဖိနှိပ်ထားသကဲ့သို့ ခံစားနေရပြီး ဖော်ပြရန်ပင် ခက်ခဲလောက်အောင် စိတ်မသက်မသာ ဖြစ်နေရသည်။
ရေတိမ်သန္ဓေသား…။
အကယ်၍သာ ရေတိမ်သန္ဓေသားကို ရှာတွေ့နိုင်ခဲ့လျှင် အာဂွီအား သေချာပေါက် ကုသပေးနိုင်လိမ့်မည်။
ထို့နောက်တွင်မူ သူသည် အာဂွီ၏ ဒဏ်ရာများကို ကုသပေးရန်နှင့် ဤကြောက်မက်ဖွယ်ကောင်းသော ရှန်စွမ်းအားကို ဖယ်ရှားပေးရန် နည်းလမ်းများကို ဆက်လက် ရှာဖွေရမည်။
အချိန် ဤမျှ နှေးကွေးစွာ ကုန်ဆုံးနေသည်ဟု ဇိုမို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
နေ့ရက်တိုင်းမှာ နှစ်ပေါင်းများစွာကဲ့သို့ပင်...။
***