ဘီဟန်မှာ ခေါင်းကို အသာအယာ လှည့်လိုက်ရင်း ကောင်းကင်ယံ၌ လွင့်မျောနေသော ကျောင်းတော်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ တိမ်တိုက်များအကြားမှ စေတီပုထိုးများ၏ အထွတ်အထိပ်များကို ခပ်ရေးရေး မြင်တွေ့နေရသည်။
သူ၏ ဘေးတွင်မူ ထူးဆန်းသော တပ်ရင်းတစ်ခု တိတ်ဆိတ်စွာ ရပ်နေသည်။
ဤတပ်ရင်းသည် အလွန်ပင် ထူးဆန်းလွန်းလှသည်။
အချို့မှာ နွားခေါင်းများ ရှိကြပြီး အချို့မှာ မြင်းကိုယ်ထည်များ ရှိကြကာ အချို့မှာမူ နဖူးတွင် ကြံ့ဂျိုများ ပေါက်နေကြသည်။ မည်သည့် ကျင့်ကြံသူမဆို ဤတပ်ရင်းကို မြင်လိုက်ရပါက အကြီးအကျယ် အံ့ဩသွားကြပေလိမ့်မည်။
သူတို့အားလုံးမှာ မို များ ဖြစ်နေသောကြောင့်ပင်။
သူတို့သည် ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ရှိနေကြသည်။ မျက်ဝန်းများမှာ မီးခိုးရောင် သန်းကာ သေမင်းတမျှ မှိန်ဖျော့နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် လှပသော တက်တူးများအလား ရွှေရောင် တံဆိပ်စာလုံးများ ပြည့်နှက်နေသည်။
ဤတပ်ရင်းမှာ ရွှမ်ခုန်းဘုရားကျောင်း၏ အကျော်ကြားဆုံး တပ်ရင်းများထဲမှ တစ်ခု ဖြစ်ပြီး ဒုက္ခခံတပ်ရင်း ဟူသော ထူးဆန်းသည့် အမည်တစ်ခု ရှိသည်။
ဘီဟန် သူ၏ အကြည့်ကို လွှဲလိုက်ပြီး ရှေ့ဆုံးမှ စတင် လျှောက်လှမ်းလိုက်သည်။ တပ်ရင်းတစ်ခုလုံးမှာ ရေစီးသဖွယ် သူ့ နောက်မှ ငြိမ်သက်စွာ လိုက်ပါသွားကြတော့သည်။
"တိမ်ပင်လယ်နယ်မြေ..."
ဘီဟန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်နေသည်။
ဒုက္ခခံတပ်ရင်းတွင် ဒုတိယတပ်မှူး ဟူ၍ မရှိပေ။
…
ဇိုမိုသည် သူ၏ စိတ်ထဲ၌ အလောတကြီး ဖြစ်နေမှုများကို ဖုံးကွယ်ထားပြီး မျိုးနွယ်စုခေါင်းဆောင် ဘင်းယာယိုနှင့် အကြောင်းအရာမျိုးစုံကို အေးအေးဆေးဆေး ပြောဆိုနေကြသည်။
မျိုးနွယ်စုထဲရှိ လူငယ်များမှာ သူတို့နှစ်ဦး၏ ဘေးတွင် ဝိုင်းအုံကာ ပုံပြင်များကို နားထောင်နေကြသည်။ လောကကြီးနှင့် အဆက်အသွယ် ပြတ်နေသည်မှာ ကြာပြီဖြစ်သဖြင့် သူတို့မှာ အပြင်လောက အကြောင်းကို အလွန် စပ်စုလိုနေကြခြင်း ဖြစ်သည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာလည်း ကျင့်ကြံရာမှ နိုးထလာကြပြီ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး၏ အရှိန်အဝါများမှာ သိသိသာသာ ပြောင်းလဲသွားချေပြီ။ ဇိုမို အလွန် ဝမ်းသာသွားရသည်။ သူ၏ ရှင်းပြချက်များက သူတို့အတွက် မည်မျှအထိ အကျိုးရှိသွားသည်ကို သူ မသိသော်လည်း တစ်စုံတစ်ရာသော တိုးတက်မှုတော့ ရရှိသွားပုံရသည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့သည် ဇိုမိုအား လူအများ ဝိုင်းနေသည်ကို မြင်သောကြောင့် ထောင့်တစ်နေရာသို့ သွားကာ ရှန်စွမ်းအား အကြောင်းကို ဆက်လက် ဆင်ခြင်နေကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဇိုမိုသည် နေရာအနှံ့ ရောက်ဖူးသူ ဖြစ်သဖြင့် ဗဟုသုတ ကြွယ်ဝလှသည်။ သို့မဟုတ်ပါက သူ ပြောပြစရာ အကြောင်းအရာများမှာ ကုန်ပြီး ဖြစ်ပေလိမ့်မည်။
ဇိုမို ဘာပြောပြော မြူခိုးလူသား လူငယ်များမှာမူ အလွန် စိတ်ဝင်တစား နားထောင်နေကြသည်။
ရုတ်တရက် လူရိပ်တစ်ခု ဒယိမ်းဒယိုင်ဖြင့် ဝင်လာသည်။
သူ၏ ကျောပေါ်တွင် သတိလစ်နေသော မြူခိုးလူသား တစ်ဦး ပါလာသည်။ ဇိုမို၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ဤသူမှာ ထိုနေ့က ရေတိမ်သန္ဓေသားများ သွားရောက် ခူးယူရန် စေလွှတ်လိုက်သော သူ မဟုတ်ပါလော။
ဘင်းယာယို၏ မျက်နှာထား ချက်ချင်း တည်ကြည်သွားသည်။ သူ ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ဒဏ်ရာရနေသော ထိုလူ၏ ရှေ့တွင် ပေါ်လာသည်။ သူ၏ လက်ထဲမှ အပြာရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး တစ်ဖက်လူအား ဂရုတစိုက် စစ်ဆေးလိုက်သည်။
ထို့နောက် သူသည် ဒဏ်ရာရလာသော သူအား သယ်လာသည့် မြူခိုးလူသားအား ပြတ်သားသော လေသံဖြင့် မေးမြန်းတော့သည်။ သူ အသေးစိတ် မေးမြန်းနေသော်လည်း ဘာသာစကား ကွဲပြားမှုကြောင့် ဇိုမိုတို့ နားမလည်ကြပေ။
မေးမြန်းပြီးနောက် ဘင်းယာယို ခေါင်းမော့ကာ ဇိုမိုအား ရှင်းပြလိုက်သည်။
"တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ပြီး ဒဏ်ရာပေးလိုက်တာပဲ... အခု လူတချို့က ကျွန်တော်တို့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်နေကြပြီ"
ဇိုမိုသည် ရွှမ်ခုန်းဘုရားကျောင်းမှ လူတစ်စုကို ရုတ်တရက် သတိရလိုက်သဖြင့် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ အမြန်ပင် မေးလိုက်သည်။
"အစ်ကိုကြီးဘင်း... ကျွန်တော့် သူငယ်ချင်းကို ဒီလူရဲ့ ဒဏ်ရာကို စစ်ဆေးခွင့် ပေးမလားဗျ..."
ဘင်းယာယိုက ခေါင်းညိတ်ပြပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။ ဇိုမိုသည် ကျုံးရူအား ရှေ့သို့ တိုးရန် အချက်ပြလိုက်သည်။ ကျုံးရူသည် ဒဏ်ရာရနေသော မြူခိုးလူသားပေါ်သို့ လက်တင်ကာ ခဏမျှ စစ်ဆေးပြီးနောက် ဇိုမိုကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ညီလေးဇို တစ်ခုခု သိသွားလို့လား..."
ဤသည်ကို မြင်သောအခါ ဘင်းယာယိုက မနေနိုင်ဘဲ မေးလိုက်သည်။
ကျုံးရူ ခေါင်းညိတ်ပြသည်ကို မြင်သည်နှင့် ဇိုမို ချက်ချင်း သဘောပေါက်သွားပြီး ရှင်းပြလိုက်သည်။
"ကျွန်တော်တို့ လမ်းမှာ ရွှမ်ခုန်းဘုရားကျောင်းက တရားကျင့်ကြံသူ လေးယောက်နဲ့ တွေ့ခဲ့တယ်... ဒီညီအစ်ကိုရဲ့ ဒဏ်ရာကို ကြည့်ရတာ တရားကျင့်ကြံသူ တစ်ယောက်ရဲ့ လက်ချက်ပဲ... ဒါဟာ ရွှမ်ခုန်းဘုရားကျောင်းက ကောင်တွေ ဖြစ်နိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်..."
"ရွှမ်ခုန်းဘုရားကျောင်း"
ဘင်းယာယို၏ မျက်နှာ မည်းမှောင်သွားသည်။ မကြာသေးမီ ရက်များအတွင်း ဇိုမို သူတို့အား အပြင်လောက အခြေအနေများအကြောင်း ပြောပြထားသဖြင့် ရွှမ်ခုန်းဘုရားကျောင်းမှာ မည်ကဲ့သို့သော အဖွဲ့အစည်းဖြစ်ကြောင်း သူ ယေဘုယျအားဖြင့် နားလည်ထားသည်။
ဘင်းယာယိုက မတုံ့ဆိုင်းဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ဒီမျိုးနွယ်စုက နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ တိုက်ပွဲဝင်သွားမယ်... တားမြစ်နယ်မြေထဲကို ဘယ်သူ့ကိုမှ အဝင်မခံနိုင်ဘူး"
ပြောပြီးသည်နှင့် မြူခိုးလူသား အချို့မှာ အစည်းအဝေးခန်းမထဲမှ အပြေးအလွှား ထွက်သွားကြသည်။ အရပ်မျက်နှာ အနှံ့အပြားမှ ထူးဆန်းသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ထိုအသံများကို ကြားရသောအခါ မရေမတွက်နိုင်သော မြူခိုးလူသား စစ်သည်တော်များမှာ ဒီရေလှိုင်းကြီးအလား အစည်းအဝေးခန်းမဘက်သို့ အရပ်မျက်နှာ အနှံ့မှ စုရုံးရောက်ရှိလာကြသည်။
ဘင်းယာယို သူတို့အား စကားပြောနေစဉ် မြူခိုးလူသား အားလုံး၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။
"ညီလေးဇို... မင်းတို့အဖွဲ့ကတော့ ဒီမှာပဲ အရင်နေခဲ့..."
ဘင်းယာယိုက ဇိုမိုဘက်သို့ လှည့်ကာ သူ၏ လေသံကို လျှော့၍ ပြောလိုက်သည်။
"အစ်ကိုကြီးဘင်းကလည်း မဟုတ်တာဗျာ"
ဇိုမိုက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီညီငယ်က အခွင့်အရေးကို စောင့်နေတာပါ။ အစ်ကိုကြီးဘင်း မသိလို့... ဒီသူခိုး ကတုံးတွေက ကျွန်တော်တို့ကို တိမ်ပင်လယ် လမ်းတစ်လျှောက်မှာ ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့ကြတာ... ဒီကောင်တွေကို ဘယ်လို ပညာပေးရမလဲလို့ ကျွန်တော် စဉ်းစားနေတာ... အခုတော့ အခွင့်အရေးက သူ့အလိုလို ရောက်လာတာပဲ…ပြီးတော့ ဒီညီအစ်ကိုကလည်း ကျွန်တော်တို့အတွက် ရေတိမ်သန္ဓေသား သွားရှာရင်း ဒဏ်ရာရခဲ့တာ... ဒါကို ကျွန်တော်တို့က ဘေးထိုင်ကြည့်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"
ဘင်းယာယို၏ မျက်ဝန်းများတွင် ချီးကျူးဂုဏ်ပြုသော အလင်းများ ပြည့်နှက်သွားသည်။ သူ ဇိုမို၏ ပုခုံးကို လေးလေးပင်ပင် ပုတ်လိုက်ရင်း ပြောလိုက်သည်။
"ကောင်းတယ်…မင်းကို ညီအစ်ကိုအရင်းအဖြစ် လက်ခံလိုက်ပြီ…သွားကြစို့…အတူတူ သွားကြမယ်…ဟမ့်…ရွှမ်ခုန်းဘုရားကျောင်း ဟုတ်လား... ကြည့်ကြသေးတာပေါ့"
"ရှီးရှူး... ခုနက လူက တကယ် ထူးဆန်းတာပဲနော်..."
မင်ကျင်းက ထိတ်လန့်မှု မပြေသေးဘဲ ပြောလိုက်သည်။ ထိုအပြာရောင် ပုံရိပ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ပင်။ အကယ်၍ ရှီးရှူးသာ တိုက်ခိုက်ပြီး ထိုလူအား ဒဏ်ရာအပြင်းအထန် မပေးနိုင်ခဲ့လျှင် သူတို့ ယခုကဲ့သို့ အန္တရာယ်ကင်းကင်း ရှိနေနိုင်မည် မဟုတ်ပေ။
သာမန်အချိန်တွင် နွေးထွေးသော အမူအရာ ရှိတတ်သည့် တင်းကျန်း၏ မျက်နှာမှာ ယခုအခါ အလွန်ပင် မည်းမှောင်နေသည်။ သူ အံကြိတ်၍ ပြောလိုက်သည်။
"အဲဒါ မြူခိုးလူသားပဲ"
တင်းကျန်း၏ ရက်စက်ကြမ်းတမ်းသော မျက်နှာထားကြောင့် တပည့်သုံးဦးမှာ ကြောက်လန့်သွားကြသည်။ ခဏအကြာတွင် တစ်ဦးက ဂရုတစိုက် မေးလိုက်သည်။
"ရှီးရှူး... မြူခိုးလူသားဆိုတာ ဘာလဲဟင်..."
"ရှေးဟောင်း မျိုးနွယ်ဆက်က ကျန်ရစ်နေတဲ့ ကောင်တွေပေါ့"
တင်းကျန်းက တပည့်သုံးဦး၏ မျက်နှာများကို မြင်သောအခါ သူ၏ အမူအရာကို အနည်းငယ် လျှော့ချလိုက်သည်။
"နောင်ကျရင် မှတ်ထား... တကယ်လို့ ရှေးဟောင်း မျိုးနွယ်ဆက်က သူတွေကို တွေ့ရင် ဂိုဏ်းကို ချက်ချင်း အစီရင်ခံရမယ်"
တင်းကျန်း၏ ပြတ်သားသော လေသံကြောင့် သုံးဦးသားမှာ မှင်တက်သွားကြပြီး ခေါင်းညိတ် နားထောင်လိုက်ကြသည်။
တင်းကျန်းက ရုတ်တရက် စကားစဖြတ်လိုက်သည်။ သူသည် ထိုမြူခိုးလူသားအား တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် အလောင်းကို ရှာမတွေ့ခဲ့ပေ။ ထိုလူအား ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့သော သူများ ရှိနေလိမ့်မည်။
“မြူခိုးလူသား မျိုးနွယ်စု တစ်ခုခု ရှိနေတာလား”
တင်းကျန်းမှာ အလွန်ပင် သတိဝီရိယ ရှိလာတော့သည်။ အကယ်၍ ထိုအရာသာ အမှန်ဖြစ်ပါက ဤတစ်ခေါက် ခရီးစဉ်မှာ အမှန်ပင် တန်ဖိုးရှိလှချေပြီ။ အကယ်၍ သူ ရှာဖွေနေသည့်အရာကို ရှာမတွေ့ခဲ့သည့်တိုင် မြူခိုးလူသားမျိုးနွယ်စုအား ရှာဖွေတွေ့ရှိခြင်းဖြင့် ဂိုဏ်းမှ ဆုလာဘ်များ ရရှိရန် လုံလောက်နေလေပြီ။
သူ မန္တန်တစ်ခုကို စတင်ရွတ်ဆိုလိုက်ရာ သူ၏ လင်းစွမ်းအားမှာ အနည်းငယ် ပြောင်းလဲသွားသည်။ လက်ချောင်းထိပ်များတွင် ရွှေရောင်အလင်းဝိုင်းတစ်ခု လက်ခနဲ ပေါ်လာပြီးသည်။
တင်းကျန်း မျက်လုံးပွင့်လာကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤရေခဲမြူမှာ အနည်းငယ် ထူးဆန်းနေပေသည်။ သူသည် ဂိုဏ်းထံသို့ မည်သည့်သတင်းစကားမျှ ပေးပို့၍ မရနိုင်တော့ချေ။
တင်းကျန်း သတိကြီးစွာ ထားလိုက်ရသည်။ ဤရှေးဟောင်းမျိုးနွယ်ဆက်များမှာ ယခုအချိန်အထိ ရှင်သန်နိုင်ကြသည်ဆိုလျှင် သူတို့တွင် လှည့်ကွက်အချို့ ရှိနေနိုင်သည်မှာ သေချာလှသည်။
ရွှမ်ခုန်းဘုရားကျောင်းတွင် ပညာရှင်များစွာ ရှိပြီး တာဝန်ခွဲဝေမှုမှာလည်း အလွန်ပင် တိကျလှသည်။ အထူးပြုကိစ္စရပ်များအား အထူးပြုပညာရှင်များကသာ ကိုင်တွယ်လေ့ရှိကြသည်။
တင်းကျန်းသည် ဤကဲ့သို့သော တာဝန်မျိုးကို တစ်ခါမျှ မလုပ်ဆောင်ဖူးခဲ့ချေ။ အမှန်အတိုင်းဆိုရလျှင် သူတို့သည် တိမ်ပင်လယ်နယ်မြေနှင့် အနီးဆုံးတွင် ရှိနေခဲ့သောကြောင့်သာ ဤတာဝန်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ဖို့က အရေးကြီးဆုံးပဲ”
"သတိထားကြ... သွားစို့..."
တင်းကျန်း လေးလေးပင်ပင် ပြောလိုက်သည်။
"ဒီတစ်ခေါက် ကိစ္စက ထူးဆန်းနေတယ်... တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ချက်ချင်း လှည့်ပြေးကြ... မတုံ့ဆိုင်းနဲ့... နားလည်လား..."
တင်းကျန်းသည် ဂိုဏ်းတွင် အာဏာ သို့မဟုတ် ရာထူးအဆင့်အတန်း မြင့်မားသူ မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် တပည့်များကို အတွေ့အကြုံရှာပေးရန်အတွက် ဤကဲ့သို့သော အခြေခံအဆင့် တာဝန်မျိုးတွင် စေလွှတ်ခံရမည် မဟုတ်ပေ။
သူ၏စွမ်းအား မလုံလောက်၍ မဟုတ်ဘဲ ဂိုဏ်း၏ အဓိက ဆုံးဖြတ်ချက် ချမှတ်သူများ၏ မျက်စိကျခြင်း မခံရသောကြောင့်သာ ဖြစ်သည်။ သူသည် သူ၏တပည့်များ တစ်ခုခု ဖြစ်သွားမည်ကို မလိုလားပေ။
ဂိုဏ်း၏ စည်းကမ်းချက်များမှာ အလွန်ပင် တင်းကျပ်လှသည်။ အကယ်၍ အမိန့်မရှိဘဲ ထွက်ပြေးပါက ပြစ်ဒဏ်မှာ အလွန်ပင် ပြင်းထန်ပေလိမ့်မည်။
"ဟုတ်ကဲ့ပါ ရှီးရှူး"
သုံးဦးသား အလျင်အမြန် ပြန်လည်ဖြေဆိုလိုက်ကြသည်။ …
ဘီဟန်သည် ကျောက်စိမ်းလိပ်ထဲရှိ အချက်အလက်များကို ဂရုတစိုက် ဖတ်ရှုနေသည်။ ဤသည်မှာ ဆယ့်ငါးကြိမ်မြောက် ရှိပြီ ဖြစ်သည်။
ဤအချက်အလက်များကို ဂိုဏ်းက စုဆောင်းထားခြင်း ဖြစ်ပြီး လိပ်ကျွန်း နှင့် ပတ်သက်သော အချက်အလက်မျိုးစုံ ပါဝင်သည်။
ဂိုဏ်းသည် လိပ်ကျွန်းအား သတိမထားမိသည်မှာ ကြာလှပြီဖြစ်ကြောင်း ဘီဟန် သိမြင်နိုင်သည်။ လွန်ခဲ့သောရက်အနည်းငယ်ကမှ အချက်အလက်များကို စတင်စုဆောင်းခဲ့ပုံရသည်။ သို့မဟုတ်ပါက အချက်အလက်များမှာ ဤမျှအထိ ကျဲပါးနေမည် မဟုတ်ပေ။
ဘီဟန်သည် ဂိုဏ်း၏ သတင်းစုဆောင်းနိုင်စွမ်းကို သိထားသည်။ အချိန်သာ လုံလောက်ပါက သူတို့သည် မည်သည့်အချက်အလက်ကိုမဆို ရှာဖွေနိုင်ကြသည်။
တိမ်ပင်လယ်နယ်မြေနှင့် ပတ်သက်သော အစီရင်ခံစာတွင် ထွေထွေထူးထူး မပါဝင်ပေ။ ဤသည်မှာ ဝေးလံသောအလယ်အလတ်အဆင့် နယ်မြေတစ်ခုသာ ဖြစ်ပြီး သိသာထင်ရှားသော အဖွဲ့အစည်းကြီးများ မရှိခဲ့ပေ။
အစီရင်ခံစာ၏ အဓိကအချက်မှာ လိပ်ကျွန်း ဟုခေါ်သော အဖွဲ့အစည်းအကြောင်း ဖြစ်သည်။ ဤအဖွဲ့အစည်းမှာ အလွန်အစွမ်းထက်ပြီး မို တပ်မတော်တစ်ခုကိုပင် အောင်နိုင်ခဲ့သည်ဟု ဆိုသည်။
ဆယ့်ငါးကြိမ်မြောက် ဖတ်နေရခြင်းဖြစ်သော်လည်း မိုတပ်မတော် ဟူသော စကားလုံးကို မြင်သောအခါ ဘီဟန်၏ မျက်သူငယ်အိမ်များမှာ ထိန်းမနိုင်သိမ်းမရ ကျဉ်းမြောင်းသွားရပြန်သည်။
ထိုမိုတပ်မတော်၏ အင်အားကို မသိရသော်လည်း ဒေသခံအဖွဲ့အစည်းများပင် မတားဆီးနိုင်ခဲ့သဖြင့် တစ်နယ်မြေလုံး ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ လိပ်ကျွန်းမှ ထွက်လာပြီး မိုတပ်မတော်အား တိုက်ခိုက်မည်ဟု ပြောဆိုပြီးနောက်မှသာ အခြေအနေများ ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
တိမ်ပင်လယ်နယ်မြေမှာ ဝေးလံခေါင်သီပြီး ထွက်ကုန်သိပ်မရှိသဖြင့် ယခင်က လူအများ သတိမထားမိခဲ့ကြပေ။
ဘုံလေးပါးကောင်းကင်၏ လက်တံများမှာလည်း ဤနေရာသို့ မရောက်ရှိခဲ့ပေ။ ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ တိမ်ပင်လယ်နယ်မြေတွင် နယ်မြေအရှင်သခင် မရှိခြင်းကြောင့် ဖြစ်သည်။
ယခုအချိန်အထိ တိမ်ပင်လယ်နယ်မြေ၏ နယ်မြေသော့ကို ရှာမတွေ့သေးပေ။ ဤအချက်က ဘီဟန်၏ အာရုံကို ဖမ်းစားလိုက်သည်။
နယ်မြေသော့သည် နယ်မြေတိုင်းအတွက် အလွန်အရေးကြီးလှသည်။ လူတိုင်းအတွက် ဤသည်မှာ အတိုင်းအဆမရှိသော ချမ်းသာကြွယ်ဝမှုပင်။ နယ်မြေသော့ကို ပိုင်ဆိုင်ထားပါက ထိုနယ်မြေရှိ လင်းကြောများနှင့် သတ္တုရိုင်းများကို မြင်တွေ့နိုင်စွမ်း ရှိပေသည်။ ထို့အပြင် နယ်မြေသော့သည် ထိုနယ်မြေ၏ လင်းစွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်သေးသည်။
သာမန်အားဖြင့် နယ်မြေတစ်ခုကို တွေ့ရှိပြီးနောက် မကြာမီမှာပင် နယ်မြေသော့ကို ရှာဖွေတွေ့ရှိလေ့ ရှိသည်။
ကျင့်ကြံသူများမှာ နယ်မြေသော့ကို ရူးသွပ်စွာ ရှာဖွေကြပေလိမ့်မည်။ ဤသည်မှာ လူတို့အား ရူးသွပ်သွားစေနိုင်လောက်သည့် ချမ်းသာကြွယ်ဝမှုမျိုး ဖြစ်ပေသည်။
ထူးဆန်းသည်မှာ တိမ်ပင်လယ်နယ်မြေ၏ နယ်မြေသော့မှာ ယခုအချိန်အထိ ရှာမတွေ့သေးခြင်း ဖြစ်ပြီး ကျင့်ကြံသူများ ဤနယ်မြေတွင် နေထိုင်လာခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ကျော်ပြီ ဖြစ်သည်။
ထိုမျှကြာမြင့်လှသော အချိန်အတွင်း မည်သူမျှ နယ်မြေသော့ကို မရှာဖွေနိုင်ခဲ့ခြင်း မဖြစ်နိုင်ပေ။ နယ်မြေသော့ ပိုင်ဆိုင်မှသာ တိမ်ပင်လယ်နယ်မြေ၏ အစစ်အမှန်အရှင်သခင် ဖြစ်လာပေလိမ့်မည်။
ဘီဟန်သည် ဂိုဏ်း၏ အစစ်အမှန်ရည်ရွယ်ချက်ကို ခန့်မှန်းနေသည်။
ဂိုဏ်းချုပ်ကမူ တင်းကျန်းအား ကူညီရန်အတွက်ဟု ဆိုခဲ့သော်လည်း ဘီဟန် လုံးဝယုံကြည်ခြင်း မရှိပေ။ တင်းကျန်း၏ ဂိုဏ်းအတွင်း ရရှိထားသည့် အဆင့်အတန်းကို သူ ကောင်းစွာ သိရှိထားသည်။ ဂိုဏ်းချုပ်အနေဖြင့် တင်းကျန်းအား ကူညီရန်သက်သက်ဖြင့် တပ်ရင်းတစ်ခုလုံးအား စေလွှတ်လိုက်သည်ဆိုခြင်းမှာ ရယ်စရာကောင်းလွန်းလှသည်။
ထို့အပြင် သူတို့သည် ဘီဟန်ကိုပင် အပြင်သို့ ထွက်ခွာခွင့် ပေးခဲ့သေးသည်။
သူသည် ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် ကျောက်စိမ်းတံဆိပ် ရရှိပြီးနောက်ပိုင်းတွင် နေအိမ်၌ အကျဉ်းချခံထားရပြီး နေ့စဉ်နှင့်အမျှ တရားစာများသာ ရွတ်ဆိုနေခဲ့ရသည်။ တံခါးဝတွင် မည်သူမျှ စောင့်ကြပ်နေခြင်း မရှိစေကာမူ သူ၏ ခြံဝင်းလေးအား မှောင်ရိပ်ထဲမှနေ၍ စောင့်ကြည့်နေကြသော မျက်လုံးပေါင်း မရေမတွက်နိုင်အောင် ရှိနေကြောင်း ဘီဟန် သိနေသည်။
ဂိုဏ်းထဲရှိ အကြီးအကဲများက သူ့အား သွေးဆာတတ်သူဟု ပြောဆိုလေ့ရှိကြသည်။ ထိုအကြောင်းကို တွေးမိသောအခါ သူ အေးစက်စွာ ပြုံးမိသည်။
ကျန်းကျဲမှာ ချောမောပြီး နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း လူသတ်သည့်အခါတွင်မူ လုံးဝညှာတာတတ်သူ မဟုတ်ပေ။ သို့သော်လည်း အကြီးအကဲ တစ်ယောက်ယောက်က ကျန်းကျဲအား သွေးဆာတတ်သူဟု ခေါ်ဝေါ်သည်ကိုမူ သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
သူ ရုတ်တရက် ခေါင်းလှည့်ကာ သူ့ရှေ့မှ ဒုက္ခခံတပ်ရင်းအား ကြည့်လိုက်သည်။
ရွှေရောင်တားမြစ် စာလုံးများမှာ သူ၏မျက်လုံးထဲတွင် နေရောင်ခြည်ကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
ခဏအကြာတွင် သူ အကြည့်လွှဲလိုက်ပြီး မည်သည့်အမူအရာမျှ မပြဘဲ အတွေးနက်နေတော့သည်။
ဂိုဏ်းသည် သူ့အား တိမ်ပင်လယ်နယ်မြေထဲသို့ တိုက်ရိုက်ရောက်ရှိစေရန် ကူးပြောင်းခြင်းအစီအရင်များကိုပင် ပြင်ဆင်ပေးထားခဲ့သည်။ ဤတာဝန်အတွက် ကုန်ကျစရိတ်မှာ မယုံနိုင်လောက်အောင် များပြားလှသဖြင့် ဂိုဏ်းအနေဖြင့် ဤကိစ္စကို မည်မျှအထိ အလေးထားကြောင်း သိမြင်နိုင်သည်။
“တိမ်ပင်လယ်နယ်မြေထဲကို တိုက်ရိုက် ပို့ဆောင်ပေးဖို့တဲ့…”
“ဂိုဏ်းက တိမ်ပင်လယ်နယ်မြေထဲကို သူလျှိုတွေ စေလွှတ်ထားတာ ကြာပြီ ဖြစ်မယ်”
“သူတို့ ဘာတွေ ကြံစည်နေကြတာလဲ”
ကူးပြောင်းခြင်းအစီအရင်၏ အလင်းရောင်များ သူ၏မျက်လုံးထဲသို့ ရောက်ရှိလာသောအခါမှသာ သူအတွေးများကို ရပ်တန့်လိုက်တော့သည်။
ကူးပြောင်းခြင်းအစီအရင်ဘေးတွင် တရားကျင့်ကြံသူအချို့ ရပ်နေကြသည်။
ခေါင်းဆောင်ဖြစ်သူက ရှေ့သို့တိုးလာပြီး ရိုသေစွာ ပြောလိုက်သည်။
"ဘီဟန်အရှင်... ကူးပြောင်းခြင်းအစီအရင် ပြင်ဆင်ပြီးပါပြီ... အရှင် ကြိုက်တဲ့အချိန်မှာ ထွက်ခွာနိုင်ပါတယ်..."
ဘီဟန် တစ်ဖက်လူအား ကြည့်ပင်မကြည့်ပေ။ သူ မည်သည့်အမူအရာမျှ မပြဘဲ ကူးပြောင်းခြင်းအစီအရင်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။
သူ့နောက်တွင်မူ ဒုက္ခခံတပ်ရင်းမှာ သေဆုံးနေသည့်အလား တိတ်ဆိတ်စွာ လိုက်ပါသွားကြတော့သည်။
***