အားလုံးသည် ရေခဲမြူများကြားထဲ၌ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကြသည်။
မြူခိုးလူသားများသည် ရေခဲမြူထဲတွင် မွေးဖွားကြီးပြင်းလာသူများ ဖြစ်ကြသဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်သည့် နည်းစနစ်များ ရှိကြသည်။
မြူခိုးလူသားတို့၏ ရွေ့လျားပုံကို ဇိုမိုတစ်ယောက် စူးစိုက်လေ့လာလိုက်ရာ သူတို့အသုံးပြုသည့် လျှို့ဝှက်ချက်ကို အနည်းငယ် သတိပြုမိသွားသည်။
သူတို့၏ဘေးတွင် ပါးလွှာသော ရေခဲမြူဒိုင်းများကို ဖန်တီးထားကြပြီး စိန်ပုံသဏ္ဌာန်ရှိသည့် ထိုရေခဲမြူဒိုင်းများက သူတို့အား ရေခဲမြူထုကြားထဲ၌ လျှောတိုက်သွားနိုင်စေရန် ကူညီပေးနေခြင်း ဖြစ်သည်။
ဇိုမို၏ စိတ်ထဲ၌ အတွေးတစ်ခု ရုတ်ခြည်းပေါ်လာသည်။
သူသည် မြူခိုးလူသားများကို တုပ၍ စမ်းသပ်ရန် ကြိုးစားလိုက်သည်။ သူသည် ရေခဲမြူကို ထိန်းချုပ်နိုင်စွမ်း မရှိသော်လည်း အခြားနည်းလမ်းများ ရှိနေသေးသည်။ အစပိုင်းတွင် သူ လုံးဝရှုံးနိမ့်သွားသော်လည်း ကျရှုံးမှုအရေအတွက် များလာသည်နှင့်အမျှ ထိုနည်းလမ်းကို ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိလာခဲ့သည်။
အစပိုင်းတွင် သူ လင်းစွမ်းအားကို သုံးစွဲခဲ့သော်လည်း လင်းစွမ်းအားမှာ အလွန်အမင်း ကုန်ခမ်းမြန်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့နောက် အသိစိတ်ဝိညာဉ်သို့ ပြောင်းလဲခဲ့သော်လည်း အတူတူပင် ဖြစ်သည်။
နောက်ဆုံးတွင်မူ ရှန်စွမ်းအားမှာ အထိရောက်ဆုံးဖြစ်ပြီး ကုန်ခမ်းမှုမှာလည်း မပြောပလောက်ကြောင်း သူ ရှာတွေ့သွားခဲ့သည်။ သို့သော် ရှန်စွမ်းအားကို ထိန်းချုပ်ရသည်မှာ လင်းစွမ်းအား သို့မဟုတ် အသိစိတ်ဝိညာဉ်ထက် များစွာပိုမို ခက်ခဲလှပေသည်။ ဇိုမို ထိုအခြေအနေကို မနည်းထိန်းထားရသည်။
ဝေ့ရှန်းသည် ဇိုမိုပြုလုပ်နေသည်များကို ချက်ချင်း သတိထားမိသွားသည်။
သူ တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သွားသည်။ ဝေ့ရှန်းမှာ အလွန်ထက်မြက်သူဖြစ်ပြီး ဓားအနှစ်သာရပိုင်းတွင်လည်း ကျွမ်းကျင်မှု မြင့်မားလှသည်။ သူသည် ဇိုမိုကဲ့သို့ အရာရာကို စုံအောင်လုပ်သူ မဟုတ်သဖြင့် လျှို့ဝှက်ချက်ကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။
သူ ဓားအနှစ်သာရများဖြင့် စိန်ပုံသဏ္ဌာန် အကာအကွယ်တစ်ခု ပြုလုပ်လိုက်ရာ သူ၏အရှိန်မှာလည်း ရုတ်တရက် မြင့်တက်သွားတော့သည်။
ဝေ့ရှန်း၏ စွမ်းဆောင်ရည်မှာ ဘင်းယာယိုနှင့် အခြားသူများအား အံ့အားသင့်သွားစေသည်။
ဘင်းယာယို ရုတ်တရက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"အရှေ့မှာပဲ... ငါ သူ့ကို ရှာတွေ့ပြီ"
…
တင်းကျန်းသည် အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ ခြေလှမ်းများကို ရပ်လိုက်ပြီး မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားကာ တပည့်သုံးဦးအား အော်ပြောလိုက်သည်။
"မြန်မြန်... ပြေးကြ"
တပည့်သုံးဦးမှာ မှင်သက်သွားပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့၏ တုံ့ပြန်မှုမှာ မနှေးလှပေ။ လှည့်ထွက်လိုက်ပြီး အရပ်မျက်နှာသုံးခုသို့ ခွဲပြေးကြတော့သည်။
ရုတ်တရက် ရှပ်ရှပ်တိုးသံများ ထွက်ပေါ်လာသည်။
အပြာရောင်အလင်းတန်း သုံးခု ရေခဲမြူထဲမှ ပျံထွက်လာပြီး တပည့်သုံးဦးအား ထိမှန်သွားသည်။ အပြာရောင်ရေခဲမြူများမှာ မျက်မြင်ကိုယ်တွေ့ပင် ပျံ့နှံ့သွားတော့သည်။ သူတို့၏ ထိတ်လန့်နေသော အမူအရာများမှာ မျက်နှာပေါ်၌ပင် အေးခဲသွားပြီး ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားကြသည်။
ဖျန်း... ဖျန်း... ဖျန်း…
ရေခဲရုပ်တုသုံးခုမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခဏချင်းမှာပင် တစ်စစီကြေမွသွားတော့သည်။
တင်းကျန်း ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူ ပြန်လည်တိုက်ခိုက်ခြင်း မပြုဘဲ ရေခဲမြူထဲသို့ ထိုးဆင်းသွားသည်။
သူ၏ရင်ထဲ၌ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် ဤသတင်းကို ဂိုဏ်းထံသို့ သေချာပေါက် ပို့ရမည်။ ဤမျှအင်အားကြီးသော မြူခိုးလူသားမျိုးနွယ်စု ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
"ပြေးချင်တာလား..."
ဘင်းယာယို၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ရေခဲမြူထဲသို့ လက်ညှိုးထိုးပြလိုက်သည်။
ရှူး... ရှူး…
အဆိပ်ပြင်းမြွေများ တွားသွားသည့်အလား အသံနှစ်သံ ထွက်ပေါ်လာပြီး မြူခိုးများမှာ ပြောင်းလဲသွားသည်။
ပါးလွှာသော ရေခဲမြူအမျှင်တန်း နှစ်ခုမှာ တင်းကျန်းဆီသို့ တိုးဝင်သွားသည်။ တောက်ပသော အပြာရောင်အလင်းတန်း နှစ်ခုမှာ တင်းကျန်း၏ခန္ဓာကိုယ်အား တစ်ခဏချင်းမှာပင် ဖောက်ထွင်းသွားတော့သည်။
သို့သော်လည်း ဘင်းယာယို၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
တင်းကျန်း၏ ပုံရိပ်မှာ ရေခဲမြူထဲတွင် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပျောက်ကွယ်သွားသည်။ ဖောက်ထွင်းခံလိုက်ရသည်မှာ သူ၏ ပုံရိပ်ယောင်သက်သက်သာ ဖြစ်သည်။
"အားလုံး... နောက်ဆုတ်ကြ"
ဘင်းယာယို ရုတ်တရက် ပြောလိုက်သည်။
မြူခိုးလူသားများမှာ ဒီရေကျသွားသည့်အလား နောက်ဆုတ်ပေးလိုက်ကြရာ ဘင်းယာယို တစ်ဦးတည်းသာ အရှေ့တွင် ကျန်ရစ်တော့သည်။
ဇိုမိုနှင့် အခြားသူများမှာလည်း ဘေးတစ်ဖက်သို့ နောက်ဆုတ်လိုက်ကြသော်လည်း ဇိုမိုမှာ ပို၍ အကြံသမားဆန်သည်။ သူသည် တစ်ဖက်လူ ထွက်မပြေးနိုင်အောင် ဘေးပတ်ပတ်လည်မှ ပိတ်ဆို့ထားရန် အချက်ပြလိုက်သည်။
တင်းကျန်း၏ ပုံရိပ်မှာ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ သူ ဘင်းယာယိုအား စိုက်ကြည့်လျက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ရှေးဟောင်းမျိုးနွယ်ဆက်နဲ့ တွေ့ဆုံရမယ်လို့ ငါ ထင်မထားခဲ့ဘူး... တင်းကျန်း တကယ်ကို ကံကောင်းတာပဲ"
ဘင်းယာယိုက မလှုပ်မယှက်ဘဲ အေးစက်စွာ ပြောလိုက်သည်။
"ဘာကြောင့် ငါတို့ရဲ့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာလဲ..."
"တားမြစ်နယ်မြေ ဟုတ်လား..."
တင်းကျန်း၏ မျက်ခွံများ လှုပ်ခတ်သွားသည်။
"ဒါဆိုရင် အဲဒီအရာက မင်းတို့လက်ထဲမှာ ရှိနေတာပေါ့"
"အဲဒီအရာ ဟုတ်လား..."
ဘင်းယာယို၏ အကြည့်မှာ စူးရှသွားသည်။
"ဟားဟား..."
တင်းကျန်း ခပ်ပါးပါး ပြုံးလိုက်သည်။
"စကားတွေ အများကြီး မပြောတော့ပါဘူး... ဒီမှာရှိတဲ့ လူတွေထဲမှာ မင်းတစ်ယောက်ပဲ ငါနဲ့ စွမ်းအားချင်း ယှဉ်နိုင်တာ ငါ မြင်ပါတယ်... ငါ့ကို ဒီမှာ ထိန်းထားနိုင်မလားဆိုတာ မင်းရဲ့စွမ်းရည်ပေါ်မှာပဲ မူတည်လိမ့်မယ်..."
ဘင်းယာယို ဘာမှပြန်မပြောပေ။ သူ လက်မောင်းများကို ဖြန့်လိုက်ပြီး လက်ချောင်းများကိုလည်း ကားလိုက်သည်။ သူ၏လက်ချောင်းထိပ်များမှ အပြာရောင်အလင်းတန်း ဆယ်ခုမှာ အလင်းအမျှင်တန်းလေးများအလား တွဲလောင်းကျနေတော့သည်။
တင်းကျန်း၏ မှော်အဆောင် မှာ အလွန်ပင် ထူးခြားလှသည်။ ၎င်းမှာ သူ နေ့စဉ် တရားရွတ်ဆိုရာတွင် အသုံးပြုလေ့ရှိသော သစ်သားငါး ပင် ဖြစ်သည်။ ထိုသစ်သားငါးမှာ လုံးဝနက်မှောင်နေပြီး သေးငယ်လှသော ကြက်သွေးရောင် သုတ်တော်စာလုံးလေးများဖြင့် ပြည့်နှက်နေသည်။ သစ်သားထုသည့် လက်ကိုင်တံမှာလည်း ကောက်ကွေးနေသော သုတ်တော်စာလုံးများ ရှိနေသည်။
တင်းကျန်း ထိုသစ်သားငါးကို ထုတ်လိုက်သည်နှင့် ဇိုမိုနှင့် အခြားသူများ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
သတ္တမအဆင့် မှော်အဆောင်…။
ဒါက သေချာပေါက် သတ္တမအဆင့် မှော်အဆောင်ပဲ…။
တင်းကျန်းတွင် သတ္တမအဆင့် မှော်အဆောင် ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
ရွှမ်ခုန်းဘုရားကျောင်းမှ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးတွင် သတ္တမအဆင့် မှော်အဆောင် မရှိဟုဆိုလျှင် မည်သူမျှ ယုံမည်မဟုတ်ပေ။ ဇိုမိုနှင့် အခြားသူများသည် သတ္တမအဆင့် မှော်အဆောင်၏ စွမ်းအားကို သိထားကြသည်။ ကျုံးရူ၏ တရားစက်မှာလည်း သတ္တမအဆင့် မှော်အဆောင် ဖြစ်သည် မဟုတ်ပါလော။
နှစ်ခုစလုံးမှာ သတ္တမအဆင့် မှော်အဆောင်များ ဖြစ်ကြသော်လည်း ရွှေအမြုတေအဆင့်နှင့် ဝိညာဉ်သန္ဓေအဆင့်တို့၏ လက်ထဲတွင် ရှိသော စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
သတ္တမအဆင့် မှော်အဆောင်များသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်သည့် အမြင့်ဆုံးအဆင့်များ ဖြစ်ကြသည်။ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်ကြောင့် သူတို့သည် မှော်အဆောင်၏ စွမ်းအားကို ၂၀ ရာခိုင်နှုန်းခန့်သာ ထုတ်ဖော်နိုင်ကြသည်။ အများစုမှာ ၁၀ ပုံ တစ်ပုံခန့်သာ သုံးနိုင်သည်။ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများကမူ သတ္တမအဆင့် မှော်အဆောင်၏ အစွမ်းအစအပြည့်အဝကို အသုံးပြုနိုင်ကြပေသည်။
ကျင့်ကြံသူတစ်ဦး၏ အစွမ်းမှာ အချက်အလက်များစွာအပေါ် မူတည်သည်။ လင်းစွမ်းအား ကျင့်စဉ်၏အရည်အသွေး ကိုယ်ပိုင်နားလည်သဘောပေါက်မှုနှင့် မှော်အဆောင်များ အစရှိသဖြင့် ဖြစ်သည်။ သို့သော် ဝိညာဉ်သန္ဓေအဆင့်နှင့် ရွှေအမြုတေအဆင့်တို့အကြားရှိ စွမ်းအားချောက်ကမ္ဘာကြီးကိုမူ မည်သည့်နည်းနှင့်မျှ မကျော်လွှားနိုင်ပေ။
မည်သည့်ပညာရပ်မှာမဆို ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများက အကြွင်းမဲ့သာလွန်နေမည်သာ ဖြစ်သည်။
ထို့ကြောင့် တင်းကျန်းထုတ်လိုက်သော သစ်သားငါးမှာ သတ္တမအဆင့် ဖြစ်နေသည်ကို မြင်သောအခါ ဇိုမို ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ဝင်လာတော့သည်။
ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး အစွမ်းကုန် ထုတ်သုံးလိုက်မည့် ဖျက်ဆီးအားဆိုသည်မှာ...။
သစ်သားငါးနှင့် လက်ကိုင်တံကို ကိုင်ထားကာ တည်ကြည်သော မျက်နှာထားရှိသည့် တင်းကျန်းကို ကြည့်ရင်း ဇိုမိုသည် ဘင်းယာယိုအနေဖြင့် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါစေဟုသာ ဆုတောင်းနေမိသည်။
ဝိညာဉ်သန္ဓေအဆင့်ဆိုသည်မှာ သူ့အား အမြဲညယုံကြည်မှုကင်းမဲ့စေသည့် အရာပင်။
ဇိုမို သူ၏အမူအရာကို တည်ငြိမ်အောင် ထိန်းထားသော်လည်း ဝေ့ရှန်းနှင့် ကျုံးရူတို့မှာမူ တိုက်ခိုက်လိုသော စိတ်ဓာတ်များ ပြည့်နှက်နေသည်။
တင်းကျန်းသည် ဝိုင်းရံခံထားရခြင်း မရှိသည့်အလား မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူသည် သစ်သားငါးကို ဘေးတွင်ထားလိုက်ပြီး ခေါင်းငုံ့ကာ မျက်လွှာချလိုက်သည်။ ထို့နောက် သစ်သားငါးကို စတင်ထုနှက်ကာ တရားစတင်ရွတ်ဆိုတော့သည်။
ဒုန်း... ဒုန်း... ဒုန်း…
သစ်သားငါးမှ ထွက်ပေါ်လာသော အသံမှာ ဝေးလံသော တောင်ကြားထဲရှိ ရှေးဟောင်းဘုရားကျောင်းများဆီမှ လွင့်ပျံ့လာသည့်အလား ခပ်ရေးရေးသာ ကြားနေရသည်။
ပတ်ဝန်းကျင်ရှိ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
သူတို့မြင်ကွင်းထဲရှိ ရေခဲမြူများ၏ အပြာရောင်မှာ အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ အမှောင်ထုထဲမှ ပုံရိပ်များ ထွက်ပေါ်လာပြီး ရုပ်လုံးပေါ်လာကြသည်။
သူတို့မှာ ပုခုံးတစ်ဖက်ဖော်ထားသော သင်္ကန်းများကို ဝတ်ဆင်ထားသည့် တရားကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုပုံရိပ်များသည် ဇိုမိုတို့အဖွဲ့အား မြင်ပုံမရဘဲ ခါးကိုကိုင်းထားကြသည်။ ထိုစဉ် ဟင်းလင်းပြင်ထဲ၌ မီးအိမ်မီးတောက်လေးတစ်ခု လင်းထိန်လာသည်။
ထိုတရားကျင့်ကြံသူ ပုံရိပ်များသည် ဆက်တိုက်ခါးကိုင်းထားကြပြီး မီးအိမ်များကို လိုက်လံထွန်းညှိနေကြသည်။
မီးအိမ်မီးတောက်လေးများသည် တစ်ခုပြီးတစ်ခု လင်းထိန်လာပြီး ကောင်းကင်ယံမှ ကြယ်ပွင့်များအလား လွင့်မျောနေကြသည်။
မီးအိမ် အလင်းတန်းများဆီမှ ဗုဒ္ဓဂါထာတော်များ၏ ရွတ်ဆိုသံများမှာ လှိုင်းလုံးများအလား ထွက်ပေါ်လာသည်။
ဇိုမို၏ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဝေ့ရှန်းကမူ ဓားနက်ကြီးကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြင်းထန်စွာ လက်နေသည်။ သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဒါက အစစ်အမှန် နယ်ပယ် လား..."
"နယ်ပယ် ဟုတ်လား..."
ဇိုမို အံ့ဩနေရာမှ သတိပြန်ဝင်လာသည်။ ဤစကားကို ကြားသောအခါ သူကြောင်သွားသည်။
"သူက ဓားကျင့်ကြံသူမှ မဟုတ်တာ..."
ဇိုမို သိထားသည်မှာ နယ်ပယ် ဆိုသည်မှာ ဓားအနှစ်သာရ၏ အမြင့်ဆုံးအဆင့်တစ်ခု ဖြစ်သည်ဟုသာ။ အကြီးဆုံး အစ်ကိုကြီးသည်ပင် ၎င်းကို နားလည်သဘောပေါက်ရန် အနားသတ်အဆင့်သို့သာ ရောက်ရှိနေသေးခြင်း ဖြစ်သည်။
"ဓားကျင့်ကြံသူမှ မဟုတ်ဘူး..."
ဝေ့ရှန်း တည်ကြည်စွာ ပြောလိုက်သည်။
"ဓားကျင့်ကြံသူပဲဖြစ်ဖြစ် တံဆိပ်ကျင့်ကြံသူပဲဖြစ်ဖြစ် တရားကျင့်ကြံသူပဲဖြစ်ဖြစ်... သူတို့ရဲ့ ကျင့်ကြံမှုက အဆင့်တစ်ခုကို ရောက်လာပြီဆိုရင် လမ်းစဉ်တွေအားလုံးက နယ်ပယ် ကို နားလည်သဘောပေါက်ခြင်းဆိုတဲ့ နေရာမှာပဲ ပြန်ဆုံကြတာပဲ"
ကျုံးရူလည်း ထိုအချိန်တွင် ဝင်ရောက်ရှင်းပြလိုက်သည်။
"တရားကျင့်ကြံသူတွေကတော့ ဒါကို မဟာလွတ်မြောက်ခြင်းလို့ ခေါ်ကြတယ်"
သူ၏လေသံတွင် တောင့်တမှုများ ပါဝင်နေသည်။ သူ၏နားလည်သဘောပေါက်မှု စွမ်းရည်မှာ ဝေ့ရှန်းလောက် မမြင့်မားပေ။ သူသည် ရှားပါးသော ဆုတောင်းစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သူ၏အဆင့်မှာ မမြင့်မားသေးသဖြင့် နယ်ပယ်အဆင့်သို့ မရောက်ရှိသေးပေ။
ဇိုမိုသည် သူ၏ကျင့်ကြံမှုအဆင့် မသိနားမလည်မှုအပေါ် ရှက်ရွံ့မနေပေ။ သူ မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။
"ဒါက ပုံရိပ်ယောင်လား... ဒီသူခိုးကတုံးက ပုံရိပ်ယောင် မန္တန်တွေမှာ ကျွမ်းကျင်တာနော်... ငါတို့တောင် လမ်းမှာ အလိမ်ခံရမလို ဖြစ်ခဲ့သေးတာ"
"ဒါက ပုံရိပ်ယောင် အတတ်ပညာ မဟုတ်ဘူး..."
ဝေ့ရှန်းက ခေါင်းခါရင်း ခက်ခဲစွာ ပြောလိုက်သည်။
"ဘယ်လိုရှင်းပြရမလဲတော့ ငါမသိဘူး... ဒါပေမဲ့ သူက သိပ်ကိုအစွမ်းထက်တယ်... ငါတို့ သတိထားရမယ်"
"ဝိညာဉ်သန္ဓေအဆင့် သူခိုးကတုံးကတော့ ဝိညာဉ်သန္ဓေအဆင့်ပဲပေါ့"
ဇိုမို သဘောတူလိုက်သည်။
"မဟုတ်ဘူး... ငါဆိုလိုတာက အဲဒါမဟုတ်ဘူး..."
ဝေ့ရှန်း ခေါင်းခါပြန်သည်။
"နယ်ပယ်ဆိုတာ ပိုင်းခြားထားတဲ့ မျဉ်းတစ်ကြောင်းပဲ... ဒါကို နားလည်တဲ့သူနဲ့ နားမလည်တဲ့သူကြားမှာ ကမ္ဘာကြီးတစ်ခုလောက် ကွာခြားမှုရှိတယ်... နယ်ပယ်ဆိုတာ နားလည်သဘောပေါက်မှုနဲ့ ဆိုင်တာ... ကျင့်ကြံမှုနဲ့ မဆိုင်ဘူး... ဝိညာဉ်သန္ဓေအဆင့် ရှိတိုင်းလည်း နယ်ပယ်ကို နားလည်တာ မဟုတ်ဘူး"
ဇိုမို ချက်ချင်းပင် စိုးရိမ်သွားရသည်။
"အစ်ကိုကြီး ပြောချင်တာက ဒီသူခိုးကတုံးက ဝိညာဉ်သန္ဓေအဆင့် သူခိုးကတုံးတွေထဲမှာမှ အဆင့်မြင့် သူခိုးကတုံးတစ်ယောက်ပေါ့... ဟုတ်လား..."
ဝေ့ရှန်း၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်။
"ဟုတ်သလိုလို မဟုတ်သလိုလိုပါပဲ... ငါတို့အခြေအနေအတွက်တော့ အတူတူပါပဲ"
"ငါတို့ သူ့ရှေ့မှာ ဘယ်နှစ်ကွက်လောက် ခံနိုင်မလဲ..."
ဇိုမို လက်တွေ့ကျကျ မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ငါမသိဘူး..."
ဝေ့ရှန်း ခေါင်းခါပြသည်။
"ငါတို့ သူ့ရဲ့ တစ်ကွက်ကိုတောင် တောင့်ခံနိုင်ပါ့မလား မသေချာဘူး... ညီလေး... မင်းရဲ့... အဲဒီထူးဆန်းတဲ့... ငါအဲဒါကို သိပ်ပြီး နားမလည်သေးဘူး"
ဇိုမို ချက်ချင်းသဘောပေါက်သွားသည်။ ဝေ့ရှန်း ရှင်းလင်းစွာ မပြောသော်လည်း သူဆိုလိုသည်မှာ သူတို့သည် တင်းကျန်း၏ တစ်ကွက်ကိုပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း ဖြစ်သည်။ သူ ချက်ချင်းပင် အားကိုးတကြီး ပြောလိုက်သည်။
"အစ်ကိုကြီးဘင်းယာယိုရဲ့ နောက်မှာပဲ ပုန်းနေကြရအောင်လေ... အစ်ကိုကြီးဘင်းယာယိုက သိပ်ပြီး အစွမ်းထက်ပုံရတယ်"
ဘင်းယာယိုသည် ပုံရိပ်များနှင့် မီးအိမ်များကြားထဲ၌ မည်သည့်ထိတ်လန့်မှုမျှ မရှိဘဲ ရပ်နေသည်။ ဆံချည်မျှင်ခန့်သာ ရှိသော အပြာရောင်အလင်းအမျှင်တန်း ဆယ်ခုမှာ လေထဲတွင် လွင့်မျောနေကြသည်။
ထိုအမျှင်တန်းများမှာ အဆက်မပြတ် ရှည်လျားလာကြသည်။ အမျှင်တန်းများ၏ အခြားတစ်ဖက်မှာမူ အမှောင်ထုထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသဖြင့် အဆုံးကို မမြင်ရပေ။ ဤသည်မှာ အဆင့်မြင့် တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။ ဇိုမိုနှင့် အခြားသူများ၏ စွမ်းဆောင်ရည်ထက် များစွာ သာလွန်နေချေပြီ။
တင်းကျန်း၏ သက်ပြင်းချသံ မီးအိမ် အလင်းတန်းများထဲမှ ထွက်ပေါ်လာသည်။
"ရှေးဟောင်းမျိုးနွယ်ဆက်တွေက မျှော်လင့်ထားတဲ့အတိုင်း အံ့ဩစရာကောင်းတာပဲ…ငါ့ရဲ့ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်က အပြည့်အဝ မအောင်မြင်သေးဘူး... တကယ်ကို အစွမ်းထက်တာပဲ"
ဘင်းယာယို၏ ခြေထောက်အောက် မြေပြင်ပေါ်တွင် တစ်ကျန်းပတ်လည်အထိ အပြာနုရောင် ရေခဲမြူများဖြင့် ဖုံးလွှမ်းနေသည်။
ထိုရေခဲမြူမှ ထွက်ပေါ်လာသော အပြာရောင် အလင်းတန်းမှာ ဤနက်မှောင်သော မီးအိမ်အလင်းပင်လယ်ကြီးနှင့် ယှဉ်လျှင် အလွန်ပင် မျက်စိကျိန်းလောက်စရာ ဖြစ်နေပေသည်။
ဘင်းယာယို၏ မျက်နှာထားမှာ အေးစက်နေသော်လည်း သူ၏မျက်ဝန်းထဲတွင်မူ ချီးကျူးဂုဏ်ပြုသော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်။
"ငါတို့သာ ရေခဲမြူထဲမှာ မရှိရင် ငါမင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
သူ၏ မျက်နှာထားမှာ ရုတ်တရက် တည်ကြည်သွားပြီး သူ၏မျက်လုံးထဲတွင် အပြာရောင် အလင်းများ လက်သွားတော့သည်။
"ဒါပေမဲ့ အခုတော့... သေပေတော့"
သူ လက်များကို ဖြန့်လိုက်ရာ အပြာရောင် အမျှင်တန်း ဆယ်ခုမှာ ရုတ်တရက် တောက်ပလာပြီး လေထဲသို့ ပျံတက်သွားတော့သည်။
မရေမတွက်နိုင်သော အပြာရောင် အလင်းအမျှင်တန်းများသည် မီးအိမ် အလင်းပင်လယ်ကြီးနှင့် မီးအိမ်များ ထွန်းညှိနေသော တရားကျင့်ကြံသူ ပုံရိပ်များကြားထဲသို့ အဟုန်ပြင်းစွာ ဖြတ်သန်းသွားကြသည်။ ထိုအလင်းတန်းများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အလွန်အမင်း အေးစက်လှသော နှင်းခဲများမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားတော့သည်။
အပြာရောင် အလင်းတန်းများ၏ ရိုက်ခတ်ခြင်းကို ခံရသော မီးအိမ် မီးတောက်များမှာ ငြိမ်းသွားခြင်း မရှိပေ။ ၎င်းတို့မှာ အေးခဲသွားသည့်အလား ရပ်တန့်သွားကြသည်။
ထိုအလင်းတန်းများ၏ နောက်မှ ကပ်ပါလာသော အဖြူရောင် နှင်းခဲများမှာ မီးလျှံများ၏ မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့သွားသည်။ ထို့နောက် နှင်းခဲများမှာ ထူထဲလာပြီး မီးအိမ် မီးတောက်များကို အကာအရံပြုလုပ်ကာ ပိတ်ဆို့ထားလိုက်ကြသည်။
တောက်ပနေသော ရေခဲသလင်းတုံးလေးများမှာ လေးထောင့်စတုရန်း ပုံသဏ္ဌာန်များ ဖြစ်ကြသည်။ ထိုတုံးလေးတစ်ခုချင်းစီ၏ အလယ်ဗဟိုတွင် အေးခဲနေသော မီးအိမ် မီးတောက်လေးတစ်ခုစီ ရှိနေသည်။
ထိုမီးတောက်မှ ထွက်ပေါ်လာသော အလင်းရောင်မှာ ရေခဲတုံးလေးထဲတွင် ရောင်ပြန်ဟပ်နေပြီး တောက်ပကာ ကြောက်မက်ဖွယ် ကောင်းနေပေသည်။ မီးအိမ် မီးတောက်များကို ပိတ်ဆို့ထားသော ထိုရေခဲသလင်းတုံးလေးများသည် ကောင်းကင်ယံမှ ကြယ်ပွင့်များအလား လေထဲတွင် လွင့်မျောနေကြသည်။
တင်းကျန်း၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး သူ၏ အမူအရာမှာ ပိုမိုခန့်ညားထည်ဝါပြီး တန်ခိုးအာဏာ ရှိလာပုံရသည်။ သစ်သားငါးနှင့် လက်ကိုင်တံပေါ်ရှိ ကောက်ကွေးနေသော ကြက်သွေးရောင် သုတ်တော်စာလုံးများမှာ အသက်ဝင်လာသည့်အလား တဖြည်းဖြည်း လှုပ်ရှားလာကြသည်။
ရုတ်တရက် ရွှေရောင် သုတ်တော်စာလုံးတစ်ခု သစ်သားငါး၏ ပါးစပ်ထဲမှ ပျံထွက်လာသည်။ ထို့နောက် ရွှေရောင် သုတ်တော်စာလုံး အစဉ်လိုက်မှာ သစ်သားငါးထဲမှ လေထဲသို့ တန်းစီ ပျံထွက်လာတော့သည်။
တစ်ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံးမှာ ရွှေရောင် တောက်ပနေသော သုတ်တော်စာလုံးများဖြင့် ပြည့်နှက်သွားတော့သည်။
သုတ်တော်စာလုံးတစ်ခုမှာ ကျုံးရူ၏ ဘေးမှ ဖြတ်၍ လွင့်မျောသွားသည်။ မျက်လုံးများ မှိတ်ထားသော ကျုံးရူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သော အမူအရာတစ်ခု ပေါ်လာတော့သည်။
***