သုတ်တော်စာလုံးများသည် လေထဲတွင် လွင့်မျောနေသော သစ်ရွက်များအလား အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားကြသည်။
လှပသော ထိုရွှေရောင်သစ်ရွက်လေးများသည် တရားကျင့်ကြံသူများ၏ ထူးခြားသော တည်ငြိမ်သည့် အရှိန်အဝါကို ဆောင်ကြဉ်းလာသဖြင့် လူတို့အား မသိစိတ်ဖြင့် မိန်းမောသွားစေသည်။ ကျုံးရူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
ဆုတောင်းစွမ်းအား အမျှင်တန်းများသည် ကြက်ခြေခတ်တရားစက်ပေါ်သို့ ရစ်ပတ်သွားပြီး မှော်အဆောင်မှာ လင်းထိန်လာတော့သည်။
တရားစက်ပေါ်တွင် သုတ်တော်စာလုံး အဝိုင်းတစ်ခု ရုတ်တရက် လင်းထိန်လာသည်။ ဖျော့တော့သော ရွှေရောင်အလင်းသည် ဇိုမိုနှင့် ဝေ့ရှန်းတို့အား အနောက်မှနေ၍ ဖုံးအုပ်ပေးလိုက်သည်။
ဒေါင်...
ဗုဒ္ဓဂါထာ ရွတ်ဆိုသံများ ဟိန်းထွက်လာသည်။
သုတ်တော်စာလုံးများ အားလုံးမှာ ရုတ်တရက် ပေါက်ကွဲသွားကြသည်။ ၎င်းတို့သည် ပါးလွှာသော ရွှေရောင်မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်၏ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
လေထဲတွင် လွင့်မျောနေသော ရေခဲသလင်းတုံးလေးများသည် ထိုရွှေရောင်အလင်းတန်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။
ကြွပ်ဆတ်သော အသံများနှင့်အတူ ၎င်းတို့မှာ ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားသည်။ တစ်ခဏချင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံး ရေခဲမှုန်များဖြင့် ပြည့်နှက်သွားတော့သည်။
ရေခဲဖြင့် ပိတ်ဆို့ထားသော မီးအိမ်မီးတောက်များမှာ ရုတ်တရက် ကြီးထွားလာကြသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ လက်သီးဆုပ်ခန့် ရှိကြပြီး လေထဲတွင် တုန်ခါလျက် လွင့်မျောနေကြသည်။
ကျုံးရူ ထုတ်လွှတ်ထားသော အလင်းကာကွယ်ရေး ဒိုင်းမှာ ဤသေးငယ်လှသော ရွှေရောင်အလင်းတန်းများရှေ့တွင် အလွန်ပင် နုနယ်လှပေသည်။
နှစ်ဦးစလုံးမှာ စွမ်းအားချင်း မတူညီကြပေ။ မွေးရာပါ ကွာခြားချက်မှာ ယခုအခါတွင် အထင်းသား ပေါ်လွင်သွားခဲ့လေပြီ။
အလင်းအကာအကွယ် ဒိုင်းမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။ ကျုံးရူ အံကြိတ်ကာ ညည်းတွားလိုက်ရင်း အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဒယိမ်းဒယိုင် ဆုတ်ခွာသွားရသည်။
ဝေ့ရှန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
သူသည် ဓားနက်ကြီးအား သူ့ခန္ဓာကိုယ်ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ထားလိုက်သည်။ သူ့ရှေ့ ဟင်းလင်းပြင်ထဲ၌ တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပွင့်လာသည့်အလား ဖြစ်လာသည်။
ရွှေရောင်အလင်းတန်းများမှာ ထိုတွင်းနက်ကြီး၏ ဝါးမြိုခြင်းကို တစ်ခဏချင်းမှာပင် ခံလိုက်ရတော့သည်။
တင်းကျန်း ဆီမှ မသိမသာ အသံတစ်သံ ထွက်ပေါ်လာသည်။
သူသည် ဝေ့ရှန်းအား အံ့ဩမှု အနည်းငယ်ဖြင့် ကြည့်လိုက်သည်။ သူသည် ဝေ့ရှန်းအပေါ် ယခင်ကတည်းက အထင်ကြီးခဲ့သော်လည်း ဤမျှ ငယ်ရွယ်လှသော လူငယ်တစ်ဦးက နယ်ပယ်၏ အနားသတ်အဆင့်သို့ ရောက်ရှိနေပြီဟု သူ ထင်မထားခဲ့ပေ။
တကယ့်ကို ပါရမီရှင်ပဲ…။
သူ ဘယ်ဂိုဏ်းက လာတာလဲ... ဘယ်လိုလုပ်ပြီး မြူခိုးလူသားတွေနဲ့ ပေါင်းနေရတာလဲ…။
ဒီဂိုဏ်းက ဘုံလေးပါး ကောင်းကင် ရဲ့ စည်းကမ်းတွေကို လူသိရှင်ကြား ချိုးဖောက်ရဲတာလား…။
တင်းကျန်း၏ ချီးကျူးမှုနှင့် ဇဝေဇဝါ ဖြစ်မှုများမှာ ခဏချင်း ပျောက်ကွယ်သွားသည်။
သူ၏ မျက်စိထဲတွင် ဝေ့ရှန်း၏ နယ်ပယ်မှာ ကြမ်းတမ်းပြီး အားနည်းလှပေသည်။ တင်းကျန်းသည် ဂိုဏ်းထဲတွင် အာဏာ မရှိသော်လည်း ဤအချက်ကြောင့်ပင် သူသည် ကျင့်ကြံမှုအပေါ် ပို၍ အာရုံစိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူသည် နယ်ပယ်၏ တံခါးဝသို့ လှမ်းဝင်နိုင်ခဲ့ပြီး သူ၏ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်ကို တည်ဆောက်နိုင်ခဲ့သည်။ ဤအနှစ်နှစ်ဆယ်အတွင်း သူ၏ ရှာဖွေမှုနှင့် ပြည့်စုံအောင် ပြုပြင်မှုများက သူ၏ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်အား သိသိသာသာ ကြီးထွားလာစေခဲ့သည်။
ရွှမ်ခုန်းဘုရားကျောင်း၏ ဂိုဏ်းချုပ်မှာ တင်းကျန်း၏ အစစ်အမှန် စွမ်းအားအား သိရှိသူ လူနည်းစုထဲမှ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ထျန်းဟွမ်းမှ ရှန်ဝူးဟိုင်ပင် ရှုံးနိမ့်ပြီး တိမ်ပင်လယ်နယ်မြေမှ ဆုတ်ခွာသွားခဲ့ရသည်ကို သိထားသော်လည်း ဂိုဏ်းချုပ်မှာမူ တင်းကျန်းအနေဖြင့် ဤတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
မမြင်ရသော လက်တစ်စုံက ရွှေရောင် အလင်းမျှင်တန်းများ အားလုံးကို စုစည်းလိုက်သည့်အလား လေထုမှာ တုန်ခါသွားတော့သည်။ ဝေ့ရှန်း၏ ရှေ့တွင် ဧရာမ ဝဲဂယက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ဆံချည်မျှင်ခန့် ပါးလွှာသော မျဉ်းကြောင်းများမှာ ဝေ့ရှန်း၏ ရှေ့ တွင်းနက်ထဲသို့ တိုးဝင်သွားကြသည်။
တွင်းနက်ကြီးမှာ ရုတ်တရက် တုန်ခါသွားသည်။
ဝေ့ရှန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
သူ မတုံ့ပြန်နိုင်ခင်မှာပင် ထိုတွင်းနက်ကြီးမှာ ကျယ်လောင်လှသော အသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။ ဝေ့ရှန်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသော်လည်း အနောက်သို့ တစ်လှမ်းမျှပင် မဆုတ်ပေ။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာသည်။ ဒဏ်ရာရသွားသော်လည်း ဝေ့ရှန်း လက်မလျှော့ပေ။ သူ၏ စူးရှသော အကြည့်များမှာ တင်းကျန်းပေါ်တွင်သာ စွဲမြဲနေဆဲ ဖြစ်သည်။
ခိုင်မာတဲ့ စိတ်ဓာတ် ထူးကဲတဲ့ ပါရမီ...။
တင်းကျန်း ရင်ထဲ၌ မချီးကျူးဘဲ မနေနိုင်တော့ပေ။
နှမြောစရာပဲ...။
တင်းကျန်း၏ စူးရှပြီး နူးညံ့သော မျက်ဝန်းထဲ၌ စူးရှသောအလင်းတစ်ခု ဖျတ်ခနဲ လက်သွားတော့သည်။
ဘင်းယာယို၏ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေသည်။ တစ်ဖက်လူ၏ စွမ်းအားမှာ သူ့ထက် သာလွန်နေသည်မှာ ရှင်းလင်းလှပေသည်။ သူတို့၏ တိုတမ်အား ဆုံးရှုံးခဲ့သော မြူခိုးလူသားများသည် တိမ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာ၌ အသက်ရှင်နိုင်ရန် နှစ်ပေါင်း သောင်းချီကြာ ရုန်းကန်ခဲ့ကြရသည်။ သတိမထားမိခင်မှာပင် သူတို့၏ စွမ်းအားများမှာ ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်သည်။
ရွှမ်ခုန်းဘုရားကျောင်းကဲ့သို့ ထိပ်တန်းဂိုဏ်းကြီးနှင့် ရင်ဆိုင်ရသောအခါ ဤကဲ့သို့သော ဆုတ်ယုတ်မှုမှာ ပို၍ ထင်ရှားလာတော့သည်။
ဘာပဲဖြစ်ဖြစ် သူ့ကို အလွတ်မပေးနိုင်ဘူး…။
ဘင်းယာယို သိထားသည်မှာ အကယ်၍ တစ်ဖက်လူ ထွက်ပြေးသွားပါက မြူခိုးလူသားများအတွက် စောင့်ကြိုနေသည်မှာ တဖြည်းဖြည်း မျိုးတုံးသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ရွှမ်ခုန်းဘုရားကျောင်းနှင့် ယှဉ်လျှင် ယခု မြူခိုးလူသား မျိုးနွယ်စုမှာ ကလေးငယ်တစ်ဦးကဲ့သို့ နုနယ်လှပေသည်။
ဒါပေမဲ့ ငါတို့ လန် ကို ပြန်တွေ့ပြီလေ…။
လန်အား ပြန်လည် ရှာတွေ့ခဲ့သော မြူခိုးလူသား မျိုးနွယ်စုသည် လွန်ခဲ့သော နှစ်ပေါင်း သောင်းချီကကဲ့သို့ပင် ပြန်လည် သန်မာလာလိမ့်မည်ဟု ဘင်းယာယို ယုံကြည်နေသည်။
ဒါပေမဲ့ အဲဒါက အချိန်လိုတယ်... ဒီလူကို အသက်ရှင်လျက် ထွက်သွားခွင့်မပြုနိုင်ဘူး…
ဘင်းယာယိုသည် ယခင်က မခံစားဖူးသော ပြင်းထန်သည့် ယုံကြည်ချက်မျိုးကို ခံစားလိုက်ရသည်။ သူ၏ မျက်သူငယ်အိမ်များမှာ အညစ်အကြေးများ အားလုံး ဖယ်ရှားခံလိုက်ရသည့်အလား ပို၍ ကြည်လင်လာပြီး အပြာရောင် သန်းလာတော့သည်။ ၎င်းတို့သည် တောက်ပနေသော မီးအိမ်အလင်း ပင်လယ်ကြီးအား ရောင်ပြန်ဟပ်နေသည်။
ဘင်းယာယို၏ ခြေဖဝါးမှနေ၍ အပြာနုရောင် အေးစက်စက် အရှိန်အဝါတစ်ခု မြင့်တက်လာသည်။
ဘင်းယာယို မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ လက်မောင်းများကို အထက်သို့ မြှောက်လိုက်သည်။ အပြာရောင် အလင်းအမျှင်တန်း ဆယ်ခုမှာ အမြစ်များအလား အမှောင်ထုထဲသို့ ထိုးဖောက် ဝင်ရောက်သွားကြတော့သည်။
တင်းကျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
တစ်ဖက်လူ ဤမျှ အလျင်အမြန် အစွမ်းကုန် ထုတ်သုံးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဘင်းယာယို၏ ပြတ်သားမှုမှာ တင်းကျန်း၏ တရားနှလုံးသားအား ပထမဆုံးအကြိမ် လှုပ်ခတ်သွားစေသည်။
ဤဝေခွဲမရမှုနှင့် တုံ့ဆိုင်းမှု အစအနလေးမှာ အလွန်ပင် အန္တရာယ်ရှိသော အားနည်းချက်တစ်ခု ဖြစ်သည်။
ဘင်းယာယို မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ မျက်သူငယ်အိမ်ထဲတွင် အပြာရောင်အလင်းတစ်ခု လက်သွားသည်။ မည်သည့် အရိပ်အယောင်မျှ မပြဘဲ အပြာရောင် အလင်းအမျှင်တန်းများမှာ ကြေမွသွားပြီး ပျံ့နှံ့သွားတော့သည်။
မျက်စိတစ်ဆုံးတွင် အပြာရောင် အလင်းအမျှင်တန်းများ၏ အပိုင်းအစများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် အမြစ်မရှိသော မိုးမခခက်လေးများအလား ဖြည်းညင်းစွာ ကျဆင်းလာကြသည်။
တင်းကျန်း အလွန်ပင် သတိကြီးစွာ ထားလိုက်သည်။ သူ၏ လင်းစွမ်းအားများကို လက်ထဲရှိ သစ်သားလက်ကိုင်တံထဲသို့ အရှိန်အဟုန်ဖြင့် ထည့်သွင်းလိုက်သည်။
ဒုန်း... ဒုန်း... ဒုန်း…
သစ်သားငါးအား ထုနှက်လိုက်တိုင်း လေထဲတွင် လွင့်မျောနေသော မီးအိမ်မီးတောက်များမှာ ခုန်ပေါက်နေကြပြီး မီးလျှံများမှာလည်း ပို၍ ကြီးထွားလာကြသည်။
"ကမ္မမီး"
ကျုံးရူ၏ မျက်နှာမှာ ပြာနှမ်းနေသည်။ သူသည် ယခင် တိုက်ခိုက်မှုတွင် ဒဏ်ရာရထားပြီး ဖြစ်သဖြင့် သူ့အသံမှာ အောနေသည်။
ဇိုမိုမှာ မူလက မည်သို့ ရှောင်ရမည်ကို တွေးနေသော်လည်း ကျုံးရူနှင့် ဝေ့ရှန်းတို့၏ ဒဏ်ရာများကြောင့် ရှောင်တိမ်းရန် အတွေးကို ဖယ်ထုတ်လိုက်ရတော့သည်။ အငြိုးဟောင်းနှင့် အငြိုးသစ်များ ပေါင်းစုံသွားသည်။ သူ တင်းကျန်းအား မုန်းတီးစွာ စိုက်ကြည့်နေပြီး တိုက်ခိုက်ရန် အခွင့်အရေး ရှာနေတော့သည်။
ကမ္မမီးများ တုန်ခါနေသည်ကို မြင်သောအခါ သူ မည်းမှောင်စွာ ပြုံးလိုက်သည်။
မီးနဲ့ ကစားတာလား…ငါ့ထက် ဘယ်သူက ပိုကျွမ်းကျင်မှာလဲ…။
တစ်ဖက်လူမှာ ဝိညာဉ်သန္ဓေအဆင့် မိစ္ဆာအိုကြီး ဖြစ်နေလျှင်ပင် သူ မကြောက်။ သူ၏ ကြီးပွားတိုးတက်ရာ လမ်းစမှာ မီးနှင့် ကစားခြင်းမှ စတင်ခဲ့သည် မဟုတ်လော။
ကမ္မမီး ဆိုသည်မှာ တရားကျင့်ကြံသူများ၏ အလွန် အဆိပ်ပြင်းသော မီးတစ်မျိုး ဖြစ်သည်။ အကယ်၍ ထိမိသွားပါက ဝိညာဉ်များပင် ဖုန်မှုန့်အဖြစ် လောင်ကျွမ်းသွားပေလိမ့်မည်။
ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများပင်လျှင် ထိုအရာအား ကြောက်ရွံ့ကြသည်။
သို့သော် ဇိုမို မကြောက်ပေ။
ကမ္မမီးမှာ အစွမ်းထက်သော်လည်း ၎င်းမှာ ဆဋ္ဌမအဆင့် မီးလျှံတစ်ခုသာ ဖြစ်ပြီး မဟာနေမင်း အလွှာလိုက်မီးလျှံနှင့် အဆင့်တူပင် ဖြစ်သည်။ ထို့အပြင် သူ့တွင် ဆန်းကြယ်သော ရတနာဖြစ်သည့် နေမင်းသလင်းမျိုးစေ့လည်း ရှိနေသေးသည် မဟုတ်ပါလော။
သူနှင့် တစ်ဖက်လူအကြားရှိ စွမ်းအားကွာခြားချက်မှာ ကြီးမားလှပေသည်။ ဇိုမိုသည် မီး ထိန်းချုပ်ရာတွင် ပိုမို ကျွမ်းကျင်သော်လည်း တင်းကျန်းနှင့် တိုက်ရိုက် ရင်ဆိုင်ပါက အောင်နိုင်ရန် မည်သည့် အခွင့်အရေးမျှ ရှိမည် မဟုတ်ပေ။
သို့သော် ဇိုမိုသည် ကောက်ကျစ်သော သူတစ်ယောက် ဖြစ်ရာ တင်းကျန်းအား လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ပါမည်လော။
အစ်ကိုကြီး၏ ခန့်မှန်းချက်က ဇိုမိုအား စွမ်းအားကွာခြားချက်ကို သိမြင်စေခဲ့သည်။ ကျုံးရူနှင့် ဝေ့ရှန်းတို့ တိုက်ခိုက်ခံရပြီးနောက် ရရှိခဲ့သော ဒဏ်ရာများက ဇိုမိုအား ဤကွာခြားချက်အပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သွားစေခဲ့သည်။
အရှေ့တည့်တည့်မှ တိုးဝင်ပါက အခွင့်အရေး မရှိပေ။ သူသည် စိတ်ထဲရှိ တိုက်ခိုက်လိုသော စိတ်ဓာတ်ကို အတင်းဖိနှိပ်ကာ အခွင့်အရေးကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေပြီး သေစေနိုင်သော တိုက်ကွက်ကို ဖော်ထုတ်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည့် အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူလှပေသည်။
မီးအိမ်မီးတောက်များ ပြင်းထန်စွာ ကြီးထွားလာပြီး အလင်းအမျှင်တန်းများဆီသို့ တိုးဝင်သွားသည်ကို မြင်သောအခါ သူ မတုံ့ဆိုင်းဘဲ လှုပ်ရှားလိုက်တော့သည်။
သူ လက်များကို ဖြန့်လိုက်ရာ မဟာနေမင်း အလွှာလိုက်မီးလျှံမှာ မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ ထွက်ပေါ်လာတော့သည်။ အလွှာလိုက် မီးလျှံများမှာ ဒေါသတကြီး ပွင့်ကားလာသည်။
အမှောင်ထုထဲတွင် ဇိုမိုသည် မဟာနေမင်း အလွှာလိုက်မီးလျှံ၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။ သူသည် မီးလျှံများဖြင့် ပြုလုပ်ထားသည့်အလား ဖြစ်နေသည်။ သူ၏ ပတ်ပတ်လည်တွင် တောက်ပသော မီးလျှံအလွှာများ ရှိနေသဖြင့် အလွန်ပင် မျက်စိကျိန်းလောက်စရာ ဖြစ်နေပေသည်။
ကမ္မမီးမှာ ခဏမျှ ထူးဆန်းစွာ ရပ်တန့်သွားသည်။
ကမ္မမီးသည် အလွန်တရာ ယင်ဓာတ် ပြင်းထန်သော မီးဖြစ်သည်။ မဟာနေမင်း အလွှာလိုက်မီးလျှံမှာမူ အလွန်တရာ ယန်ဓာတ် ပြင်းထန်သော မီးဖြစ်သည်။ မဟာနေမင်း အလွှာလိုက်မီးလျှံ ထွက်ပေါ်လာသောအခါ ကောင်းကင်ယံမှ ကမ္မမီးမှာ သက်ရောက်မှု ခံလိုက်ရခြင်း ဖြစ်သည်။
ဤသည်မှာ လောကကြီး၏ ယင်နှင့် ယန် အခြေခံအကျဆုံး ပဋိပက္ခပင် ဖြစ်သည်။
တင်းကျန်း၏ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်တွင် ကမ္မမီး ပါဝင်နေသော်လည်း ၎င်းမှာ အဓိက အချက်အချာ မဟုတ်ပေ။ သူသည် ကမ္မမီးကို ပြုပြင်ရာတွင် အချိန်အများကြီး မပေးခဲ့ပေ။ တရားကျင့်ကြံသူများသည် များသောအားဖြင့် ကမ္မမီး၏ ယုတ်မာမှုကို မနှစ်သက်ကြသဖြင့် ဤအချက်က ဇိုမိုအတွက် အခွင့်အရေး ဖြစ်သွားခြင်းပင်။
ထိုရပ်တန့်မှုမှာ အလွန်ပင် တိုတောင်းလှသည်။ သို့သော် ထိုတိုတောင်းလှသော အခိုက်အတန့်လေးအတွင်းမှာပင် အပြာရောင် အလင်းအမျှင်တန်းများမှာ လျှောတိုက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။
တင်းကျန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။
အဲဒီကောင်... သူ့ဆီကနေ ဘာထူးခြားမှုကိုမှ မခံစားခဲ့ရပါဘူး…။
တင်းကျန်း သူ၏ မျက်စိကိုပင် သူ မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ သူသည် ဇိုမိုတို့အဖွဲ့နှင့် အကြိမ်အနည်းငယ် ဆုံခဲ့ဖူးသော်လည်း အကြိမ်တိုင်းတွင် သူ၏ အကြည့်မှာ ဝေ့ရှန်းနှင့် ကျုံးရူတို့ဆီမှာသာ ရှိခဲ့သည်။
သူ ဇိုမိုအား အာရုံထဲပင် မထည့်ခဲ့ပေ။ သူ၏ မျက်စိထဲတွင် ဇိုမိုသည် အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေသည်။ လူအုပ်ကြားထဲတွင်ဆိုပါက ရှာတွေ့လိမ့်မည်ပင် မဟုတ်ပေ။
သို့သော် အလွန်ပင် သာမန်ကာလျှံကာ ဖြစ်လှသော ဤလူငယ်က သူ့အား သေစေနိုင်သော တိုက်ကွက်တစ်ခု ရုတ်တရက် ပေးလိုက်ချေပြီ။
တကယ့်ကို ယုတ်မာတဲ့ စရိုက်ပဲ…သူက ဒီလောက်အထိ အကြာကြီး ပုန်းနေနိုင်ခဲ့တာလား…။
တင်းကျန်း၏ စိတ်ထဲတွင် အေးစက်သော အငွေ့အသက်တစ်ခု မြင့်တက်လာသော်လည်း ယခုအချိန်တွင်မူ သူသည် ဇိုမိုကို ကြည့်နေရန် အချိန်မရှိပေ။
ထိုနုနယ်လှပုံရသော အပြာရောင် ပိုးမျှင်တန်းလေးများက သူ့အား အန္တရာယ်ရှိသော ခံစားချက်တစ်ခု ပေးနေသောကြောင့် ဖြစ်သည်။
ဤမျှ ပြင်းထန်သော အန္တရာယ် အငွေ့အသက်မျိုးမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း ပေါ်မလာခဲ့ဖူးပေ။
အပြာရောင် အမျှင်တန်းများ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ၎င်းတို့သည် မြေအောက်ထဲသို့ တိုးဝင်သွားကြသည်။ မြေပြင်ပေါ်မှနေ၍ အပြာရောင် အညှောင့်လေးများမှာ အလျင်အမြန် ထွက်ပေါ်လာတော့သည်။
အန္တရာယ် အငွေ့အသက်မှာ ပိုမို ပြင်းထန်လာသဖြင့် တင်းကျန်းတစ်ယောက် ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ သူ သတိမထားပါက ချောက်ထဲသို့ ပြုတ်ကျသွားပေလိမ့်မည်။ တင်းကျန်း ချွေးများ စီးကျလာပြီး သူ၏ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။
ထိုအပြာရောင် အညှောင့်လေးများသည် သူ၏ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်အား မြေကြီးထဲ ဖြတ်သွားသည့်အလား အလွယ်တကူ ဖောက်ထွင်းသွားသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။
“ဒါ... ဒါက ဘာလဲ…”
မရေမတွက်နိုင်သော အမျှင်တန်းများမှာ မြေကြီးထဲသို့ ဝင်ရောက်သွားပြီး အပြာရောင် အညှောင့်လေးများအဖြစ် ပေါက်ထွက်လာကြသည်။ တစ်ခဏချင်းမှာပင် သူ၏ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်မှာ အပေါက်ပေါင်းများစွာ ဖြစ်သွားတော့သည်။
“ဒီလိုမျိုး ရှုံးနိမ့်သွားတာလား…”
ဤအခိုက်အတန့်တွင် တင်းကျန်း၏ မျက်နှာမှာ မှင်သက်နေသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူသည် သူ၏ ကိုယ်ပိုင် နယ်ပယ်ကို နားလည်သဘောပေါက်ခဲ့ပြီး မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ် ဟု အမည်ပေးခဲ့သည်။ နောက်ထပ် အနှစ်နှစ်ဆယ်အတွင်း သူသည် ၎င်းကို ပြည့်စုံအောင် ပြုပြင်ရန်အတွက်သာ အချိန်အားလုံးကို အသုံးချခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ပိုမို သန်မာလာပြီး ပိုမို ပြီးပြည့်စုံလာခဲ့သည်။ ဝိညာဉ်သန္ဓေအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် သူ၏ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်အား အနိုင်မယူနိုင်ဟု သူ ယုံကြည်ခဲ့သည်။
ယခုအခါ အပေါက်ပေါင်းများစွာ ဖြစ်နေသော မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်မှာ အဆက်မပြတ် တုန်ခါနေပြီး မီးအိမ်မီးတောက်များမှာလည်း ဝေဝါးနေသည်။
ထိုအရာမှာ လေထဲတွင် တုန်ခါနေသော မီးအိမ်မီးတောက်လေး တစ်ခုကဲ့သို့ပင်…။
သူ၏ ချောမွေ့သော အရေပြားပေါ်တွင် အရေးအကြောင်းများ အလျင်အမြန် ပေါ်ပေါက်လာတော့သည်။
သူ၏ နှလုံးသားမှာ သေဆုံးသွားခဲ့လေပြီ။
အမှောင်ထု ပျောက်ကွယ်သွားသည်။ မီးအိမ်မီးတောက်များလည်း ငြိမ်းသွားသည်။ ပြောင်းလဲမှုများမှာလည်း မှိန်ဖျော့သွားတော့သည်။
တင်းကျန်း၏ လက်ထဲရှိ သစ်သားလက်ကိုင်တံမှာ အက်ကွဲသွားပြီး သစ်သားငါးမှာလည်း အပိုင်းပိုင်း အစစ ကြေမွကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
တင်းကျန်း၏ အကြည့်မှာ ဇိုမိုပေါ်သို့ ရုတ်တရက် စွဲမြဲသွားသည်။
သူ၏ အကြည့်မှာ ရုတ်တရက် ရက်စက်ကြမ်းတမ်းသွားသည်။ တီကောင်တစ်ကောင်အလား ကောက်ကွေးနေသော အမည်းရောင်မျဉ်းကြောင်းတစ်ခုမှာ သူ၏ မျက်နှာပေါ်သို့ တက်လာပြီး မြင်ရသူအား ထိတ်လန့်သွားစေသည်။
သူပဲ…သူ ငါ့ရဲ့ မီးအိမ်မီးတောက် ဗုဒ္ဓနယ်ပယ်ကို ဖျက်ဆီးပစ်ခဲ့တာ…။
ကျုံးရူ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"မကောင်းတော့ဘူး… သူ ရူးသွားပြီ"
သတိပေးစကား ပြောအပြီးမှာပင် တင်းကျန်းသည် သူ၏ နေရာမှ ပျောက်ကွယ်သွားတော့သည်။
ဘင်းယာယိုမှာမူ တိုက်ခိုက်ပြီးနောက် မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံရသည်။ ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာထား ပြောင်းလဲသွားသော်လည်း သူသည် လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်တော့ပေ။
ဇိုမိုကမူ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကျုံးရူ စကားမဆုံးခင်မှာပင် သူ အန္တရာယ်ကို သတိပြုမိလိုက်သည်။ သူ အလိုအလျောက် ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း သူ၏ အနောက်တွင်ရှိသော လူနှစ်ဦးကို ရုတ်တရက် သတိရလိုက်သည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ အာဂွီမှာလည်း မြူခိုးလူသားအား တိုက်ခိုက်ပြီးကစဉ်ကတည်းက တိတ်ဆိတ်ခြင်းထဲသို့ ပြန်လည် နစ်ဝင်သွားခဲ့ပြီ ဖြစ်ကာ အသေးလေးများမှာလည်း...။
ဇိုမို၏ ဦးနှောက်ထဲသို့ သွေးများ တိုးဝင်လာတော့သည်။ သူ အနောက်သို့ မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။
ရှန်စွမ်းအားကို စွမ်းအားသုံးမျိုးအဖြစ် ပြောင်းလဲရန် အချိန်မရှိတော့ပေ။ သူသည် ထိုကဲ့သို့သော အရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ရှန်စွမ်းအားများကို လှည့်ပတ်လိုက်ရင်း ထူးဆန်းသော အနေအထားဖြင့် တင်းကျန်းဆီသို့ တိုးဝင်သွားတော့သည်။
***