ဇိုမိုသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှန်စွမ်းအား အားလုံးကို လက်ဖဝါးထဲသို့ စုစည်းလိုက်ရာ သူ၏ လက်ပေါ်တွင် ဖျော့တော့သော ရွှေရောင်အလင်းတန်း တစ်လွှာ ပေါ်ထွက်လာသည်။
ထိုအခိုက်အတန့်တွင် သူသည် မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်သည်ဟူသော ခံစားချက်မျိုး ရလိုက်သည်။ သို့သော် ထိုခံစားချက်မှာ ခဏချင်း ပေါ်လာပြီး ခဏချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။
တင်းကျန်း ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများက မည်သည့် အစီအစဉ်မျှ မရှိဘဲ သူ့ဆီသို့ တိုးဝင်လာသည်။
လေထုမှာ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး ဇိုမိုမှာ လည်ပင်းညှစ်ခံထားရသကဲ့သို့ အသက်ရှူ ကျပ်လာကာ ထိတ်လန့်မှုတို့က သူ့အား ဖုံးလွှမ်းသွားတော့သည်။
အချိန်များမှာလည်း ရပ်တန့်သွားသကဲ့သို့ပင်။
တင်းကျန်း၏ မျက်နှာပေါ်တွင် ပင့်ကူအိမ်များကဲ့သို့ နက်မှောင်သော မျဉ်းကြောင်းများ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသော အပြုံးတစ်ခုမှာ အထင်းသား ပေါ်လွင်နေပေသည်။
ဇိုမို၏ ဦးနှောက်မှာ လုံးဝ ဗလာဖြစ်သွားသော်လည်း လက်များဖြင့် ရှေ့သို့ အတင်း လွှဲရိုက်လိုက်တော့သည်။
ဝုန်း…
ဇိုမိုသည် ရူးသွပ်နေသော ကြံ့တစ်ကောင်နှင့် တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အမြင်အာရုံများ မှောင်အတိ ကျသွားပြီး သတိလစ်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော အရှိန်ဖြင့် လွင့်ထွက်သွားပြီး ထူထပ်လှသော ရေခဲမြူများထဲသို့ ပျောက်ကွယ်သွားတော့သည်။
"သေပေတော့… မင်းတို့အားလုံး သေရမယ်"
တင်းကျန်းမှာ ရူးသွပ်နေပြီ ဖြစ်သည်။ သူ၏ ရင်ဘတ်ပေါ်တွင် ရွှေရောင် လက်ဝါးရာတစ်ခုကို အထင်းသား မြင်တွေ့နေရသည်။
သူကမူ သတိထားမိပုံမရပေ။ သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါများက စစ်မြေပြင်တစ်ခုလုံးအား ဖုံးလွှမ်းထားသည်။ ရူးသွပ်နေသော တင်းကျန်းမှာ သူ၏ သေခါနီးအချိန်တွင် စွမ်းအားများကို ရမ်းသန်း ထုတ်လွှတ်နေခြင်း ဖြစ်ပေသည်။
ဇိုမို၏ ပုံရိပ် ရေခဲမြူထဲသို့ ပျောက်ကွယ်သွားသည်ကို အားလုံး ကြည့်နေကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များကို လှုပ်ရှား၍ မရကြပေ။ ငတုံးငှက်မကြီးမှာ သူမ၏ ခြေသည်းများကို မြေကြီးထဲသို့ တင်းတင်းစိုက်ထားပြီး တင်းကျန်း၏ ဖိအားကို တောင့်ခံရန် ကြိုးစားရင်း တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထနေသည်။ သူမသည် ဇိုမို ပျောက်ကွယ်သွားသော ဘက်သို့ မျက်လုံးအိမ်များ သွေးတက်နေသည်အထိ မမှိတ်မသုန် စိုက်ကြည့်နေတော့သည်။
အသေးလေးများထဲတွင် အသန်မာဆုံးဖြစ်သော ငတုံးငှက်မကြီးပင် ဤဖိအားကို တောင့်ခံရန် ခက်ခဲနေလျှင် ကျန်သည့်အသေးလေးများ၏ အခြေအနေမှာ ပြောနေစရာပင် မလိုတော့ပေ။
အာဂွီမှာမူ ခြွင်းချက် ဖြစ်သည်။
ဇိုမို ပျောက်ကွယ်သွားသည်နှင့် အာဂွီ၏ မျက်လုံးထဲတွင် ခရမ်းရောင် စွမ်းအင်တစ်ခု ရုတ်တရက် လက်သွားပြီး ဇိုမိုရှိရာသို့ ခုန်အုပ်လိုက်တော့သည်။
"သေစမ်း"
တင်းကျန်း ရက်စက်စွာ အော်ဟစ်လိုက်ရင်း အာဂွီ၏ ကျောပြင်ကို ရိုက်နှက်လိုက်သည်။
အာဂွီကမူ သူ့အား သတိပြုမိပုံ မရပေ။
ဖျန်း…
တင်းကျန်း၏ လက်ဝါးမှာ အာဂွီ၏ ကျောပြင်သို့ ထိမှန်သွားသည်။ အာဂွီ၏ ပုံရိပ် တုန်ခါသွားသော်လည်း သူမသည် ထိုရိုက်ချက်၏ အရှိန်ကို အသုံးချကာ ပိုမို လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းအလား သူမသည် ရေခဲမြူထဲသို့ တိုးဝင်သွားလေတော့သည်။
တင်းကျန်း သူမနောက်သို့ လိုက်မသွားပေ။ သူ ရူးသွပ်စွာ တဟားဟား ရယ်မောနေသည်။ ရုတ်တရက် တင်းကျန်း၏ ခန္ဓာကိုယ်ထဲမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်ပစ်လိုက်သည့် စူးရှသော ရွှေရောင်ဓားတစ်လက်နှင့် တူလှပေသည်။
တင်းကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်ခဲသွားသည်။
သူ့ကိုယ်ထဲမှ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများမှာ ဖြူကောင်တစ်ကောင်၏ ဆူးများအလား ထိုးထွက်လာတော့သည်။
ဧရာမ ရွှေရောင်အလင်းလုံးကြီးတစ်ခုက နေဝန်းအသစ်တစ်ခုအလား တိမ်ပင်လယ်တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။
အားလုံး၏ အမြင်အာရုံများမှာ ဖြူဖွေးသွားပြီး ဘာကိုမှ မမြင်ရတော့ပေ။ ပြင်းထန်သော စွမ်းအားလှိုင်းများက အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားသည်။ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ တစ်ဦး၏ ပေါက်ကွဲမှုမှာ မည်သည့် မှော်အဆောင်၏ စွမ်းအားထက်မဆို သာလွန်လှပေသည်။
ရှိနေသော လူတိုင်းမှာ မုန်တိုင်းထဲတွင် လွင့်ပါသွားသော သစ်ရွက်ခြောက်များအလား ဖြစ်သွားကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်ကို မထိန်းနိုင်ကြဘဲ ဟိုတစ်စ ဒီတစ်စ လွင့်စင်သွားကြတော့သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားပြီး အလင်းရောင်များ မှိန်ဖျော့သွားသောအခါမှ သူတို့၏ အမြင်အာရုံများ ပြန်လည် ကောင်းမွန်လာကြသည်။ သူတို့ မြင်လိုက်ရသည်မှာ အချင်း လီ ၂၀ ကျော် ကျယ်ပြီး နက်ရှိုင်းလှသော ကျင်းကြီးတစ်ခု ဖြစ်သည်။ ထိုပေါက်ကွဲမှု မည်မျှအထိ ပြင်းထန်ခဲ့ကြောင်း ဤကျင်းကြီးက သက်သေပြနေပေသည်။
ဝေ့ရှန်းနှင့် အခြားသူများ သတိပြန်ဝင်လာသည်နှင့် ပထမဆုံး လုပ်ဆောင်လိုက်သည်မှာ ဇိုမိုနှင့် အာဂွီကို ရှာဖွေခြင်းပင် ဖြစ်သည်။
အခြားသော မြူခိုးလူသားများမှာလည်း အလျင်အမြန် သတိပြန်ဝင်လာကြသည်။
ဘင်းယာယိုသည် မြူခိုးလူသားများအား စောစီးစွာ နောက်ဆုတ်ခိုင်းထားသဖြင့် ကံကောင်းသွားခြင်း ဖြစ်သည်။ သူတို့ ရရှိသော ဒဏ်ရာမှာ တိုက်ပွဲဝင်နေသူများနှင့် ယှဉ်လျှင် များစွာ သက်သာလှပေသည်။ ယခုအခါ သူတို့သည် ဇိုမိုနှင့် အာဂွီကို ရှာဖွေရန်အတွက် ရေခဲမြူထဲသို့ ပျံသန်းသွားကြတော့သည်။
…
ဘီဟန်၏ လက်ကောက်ဝတ်ရှိ ပုတီးစေ့များမှာ ရုတ်တရက် လင်းထိန်လာသည်။
သူသည် မည်သည့် အမူအရာမျှ မပြဘဲ ပုတီးစေ့များကို ကစားနေစဉ် အသံတစ်ခု သူ၏ နားထဲသို့ တိုးဝင်လာသည်။
"တရားမျှော်စင် ထဲက တင်းကျန်းရဲ့ အသက်မီးအိမ် ငြိမ်းသွားပြီ..."
သတင်းပို့သူ၏ အသံမှာ အလွန်ပင် အေးစက်နေပြီး မည်သည့် စိတ်ခံစားချက်မျှ မပါဝင်ပေ။ ချက်ချင်းပင် တိတ်ဆိတ်များ ကြီးစိုးသွားသည်။ ဘီဟန်သည် သူနှင့် မပတ်သက်သော သတင်းတစ်ခုကို ကြားလိုက်ရသည့်အလား သူ၏ မျက်နှာထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိပေ။
သူ၏ ခြေရင်းတွင်မူ ရွှမ်ခုန်းဘုရားကျောင်း၏ ပြင်ပတပည့် အချို့မှာ သွေးအိုင်ထဲတွင် လဲလျောင်းနေကြသည်။
ကူးပြောင်းခြင်း အစီအရင်၏ အလင်းရောင်မှာ အဆက်မပြတ် လက်နေပြီး မြေပြင်ပေါ်ရှိ သွေးများအား ထိတ်လန့်ဖွယ်ကောင်းအောင် ရောင်ပြန်ဟပ်နေပေသည်။
ခဏအကြာတွင် ကူးပြောင်းခြင်း အစီအရင်ထဲမှ သန်မာထွားကြိုင်းသော လူတစ်ဦး ထွက်လာသည်။
ထိုသူသည် ဘီဟန်ကို မြင်လိုက်သည်နှင့် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ အပြေးအလွှား တိုးလာသည်။
"အရှင်"
အကယ်၍ ဇိုမိုသာ ဤမြင်ကွင်းကို မြင်ခဲ့လျှင် သူ မှင်သက်သွားပြီး ဤလူကို မှတ်မိပေလိမ့်မည်။
သူကား ဖုဖုန်းပင် ဖြစ်သည်။ မိုးလင်းကျွန်းတွင် ရုတ်တရက် ပေါ်လာခဲ့သော ဇာစ်မြစ်မသိရသည့် ဆန်းကြယ်သော လူတစ်ဦးပင်။
"နေ့အခါ ကြယ်စင်ထွန်းလင်းခြင်းက မိုးလင်းကျွန်းမှာ ဖြစ်ခဲ့တယ်လို့ ကျွန်တော်မျိုး ကြားရတော့ အဲဒါ အရှင်ပဲ ဖြစ်မယ်လို့ ထင်ခဲ့တာပါ... အရှင်က ရွှမ်ခုန်းဘုရားကျောင်းမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော်မျိုး ထင်မထားခဲ့မိဘူး"
ဖုဖုန်းက သူ၏ လေသံကို တည်ငြိမ်အောင် ထိန်းထားသော်လည်း စိတ်လှုပ်ရှားမှုတို့မှာမူ သိသာနေပေသည်။
"မင်းတို့အတွက် ဒုက္ခတွေ အများကြီး ပေးလိုက်ရပြီ..."
ဘီဟန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု တစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။ သူ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားချေပြီ။
"ကျွန်တော်မျိုး မခံယူရဲပါဘူး... မခံယူရဲပါဘူး..."
ဖုဖုန်းတစ်ယောက် လက်များ ခြေများ တုန်နေတော့သည်။
"ငါ့အနားကို သိပ်မကပ်နဲ့... ငါ့ကိုယ်ပေါ်မှာ တံဆိပ်ချုပ်ကွက်တွေ ရှိတယ်..."
ဘီဟန်က ခပ်အေးအေး ပြောလိုက်သည်။
"ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ရမယ်... ငါ ထွက်ပြေးသွားတာကို သူတို့ မကြာခင် သိသွားကြလိမ့်မယ်..."
"သောက်သူခိုး ကတုံးတွေ"
ဖုဖုန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွားသည်။ ထို့နောက် ဘီဟန်အား ရိုသေစွာ ပြောလိုက်သည်။
"အရှင် မစိုးရိမ်ပါနဲ့... အားလုံး စီစဉ်ထားပြီးပါပြီ။ ကျွန်တော်တို့ အမြန်ဆုံး အိမ်ပြန်ကြမယ်... ရွှမ်ခုန်းဘုရားကျောင်းရဲ့ တံဆိပ်ချုပ်ကွက်တွေဆိုတာ ဘာမှ မဟုတ်ပါဘူး"
ဖုဖုန်း၏ လေသံမှာ ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေပေသည်။
ဘီဟန်က သူ၏ အနောက်တွင်ရှိသော ဒုက္ခခံတပ်ရင်းအား လှည့်ကြည့်လိုက်သည်။
"အရှင်... ဒါက..."
ဖုဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ဒုက္ခခံတပ်ရင်းပဲ..."
ဘီဟန် ခပ်အေးအေး ပြောလိုက်သည်။
ဖုဖုန်းမှာ မျက်လုံးအဝိုင်းသားဖြင့် ဤတိတ်ဆိတ်နေသော တပ်ရင်းကို မယုံနိုင်စရာကောင်းလောက်အောင် စိုက်ကြည့်နေတော့သည်။
"ငါ မင်းတို့ကို အိမ်ပြန်ခေါ်သွားမယ်..."
ဘီဟန်သည် ထိုတိတ်ဆိတ်နေသော တပ်ရင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ဘီဟန်က ဒုက္ခခံတပ်ရင်းကို ခေါ်ပြီး ပျောက်ကွယ်သွားတာ ဟုတ်လား..."
ကန့်လန့်ကာနောက်ကွယ်မှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ လူတုံးတစ်ယောက်ပင်လျှင် ဂိုဏ်းချုပ်၏ အသံထဲတွင် ပါဝင်နေသော ပြင်းထန်သည့် ဒေါသကို ခံစားမိပေလိမ့်မည်။
သတင်းပို့နေသော တပည့်မှာ ထိတ်လန့်နေသော်လည်း ဖြစ်ပျက်သမျှကို သစ္စာရှိစွာ တင်ပြနေသည်။
ကူးပြောင်းခြင်း အစီအရင်ကို စောင့်ကြပ်နေသော ပြင်ပတပည့်များ မည်သို့ သတ်ဖြတ်ခံရပုံ ဘီဟန်အား မည်သည့် နည်းလမ်းနှင့်မျှ ဆက်သွယ်၍ မရပုံနှင့် ဘီဟန်၏ ခြေရာလက်ရာကို ရှာမတွေ့ပုံတို့ကို ပြောပြလိုက်သည်။
ကန့်လန့်ကာနောက်ကွယ်ရှိ ဂိုဏ်းချုပ်မှာ တိတ်ဆိတ်သွားသည်။
ဤသည်မှာ သေမင်းတမျှ တိတ်ဆိတ်မှုပင် ဖြစ်သည်။ ခန်းမအတွင်းရှိ လေထုမှာ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး ထိုတပည့်မှာ အသက်ရှူပင် ကျပ်လာတော့သည်။
ဂိုဏ်းချုပ်က ရုတ်တရက် ပြောလိုက်သည်။
"တံဆိပ်ချုပ်ကွက်တွေကော... သူ့ကိုယ်ပေါ်မှာ တံဆိပ်ချုပ်ကွက်တွေ ရှိနေတာ မဟုတ်လား..."
"တံဆိပ်ချုပ်ကွက်တွေဆီကနေ ဘာတုံ့ပြန်မှုမှ မရှိပါဘူး..."
ထိုတပည့်မှာ မြေပြင်ပေါ်တွင် ဝပ်တွား ဦးချနေတော့သည်။
"နားလည်ပြီ... မင်း သွားနိုင်ပြီ..."
ဂိုဏ်းချုပ်၏ လေသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခန်းမအတွင်းရှိ လေးလံသော လေထုမှာလည်း ပေါ့ပါးသွားသည်။
ထိုတပည့်မှာ သက်ပြင်းချလိုက်ပြီးနောက် အလျင်အမြန်ပင် နှုတ်ဆက် ထွက်ခွာသွားတော့သည်။ သူ ခန်းမထဲမှ ထွက်လာသောအခါ သူ၏ ကျောပြင်မှာ ချွေးများဖြင့် ရွှဲနစ်နေကြောင်း တွေ့လိုက်ရသည်။
ခန်းမအတွင်း၌...။
"ဘီဟန်ရဲ့ မူလဇာစ်မြစ်ကို စုံစမ်းလိုက်စမ်း..."
ဂိုဏ်းချုပ်က ရုတ်တရက် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဝေ့ရှန်းနှင့် အခြားသူများ၏ မျက်နှာထားများမှာ အလွန်ပင် ဆိုးရွားနေကြသည်။
ဇိုမိုနှင့် အာဂွီအား ရှာဖွေနေသည်မှာ ဆယ်ရက် ရှိသွားပြီ ဖြစ်သော်လည်း မတွေ့ကြရသေးပေ။
မြူခိုးလူသား တစ်မျိုးနွယ်လုံးအား မြေပြင်တစ်လက်မမကျန် ရှာခိုင်းထားသော်လည်း မည်သည့် သဲလွန်စမှ မရပေ။ ဇိုမိုနှင့် အာဂွီမှာ ဟင်းလင်းပြင်ထဲသို့ အငွေ့ပျံ ပျောက်ကွယ်သွားသည့်အလားပင်။
ဘင်းယာယို၏ မျက်နှာမှာလည်း မကောင်းလှပေ။ သူသည် တင်းကျန်းနှင့် တိုက်ခိုက်ခဲ့သော ဒဏ်ရာများမှ အပြည့်အဝ နာလန်မထူသေးပေ။
ဘင်းယာယိုကို ကြည့်ရင်း ဝေ့ရှန်း အံကြိတ်ကာ မေးလိုက်သည်။
"သတင်း တစ်ခုခု ရပြီလား..."
ကျုံးရူနှင့် အသေးလေးများ အားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့မှာလည်း ဒဏ်ရာများ မပျောက်ကင်းသေးသလို မြူခိုးလူသားများကဲ့သို့ ရေခဲမြူထဲတွင် လွတ်လပ်စွာ မလှုပ်ရှားနိုင်ကြပေ။
ဘင်းယာယိုက မျက်နှာညှိုးငယ်စွာဖြင့် ခေါင်းခါပြသည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ ရုတ်တရက် ပြောလိုက်သည်။
"ကျွန်တော့်လူတွေက လီတစ်ထောင်အတွင်း နေရာအနှံ့ ရှာပြီးပြီ... ဒါပေမဲ့ ဘာမှ မတွေ့ဘူး... ကျွန်တော် သံသယဖြစ်တာကတော့..."
"ဘာကို သံသယဖြစ်တာလဲ..."
ဝေ့ရှန်း၏ အကြည့်များ စူးရှသွားသည်။
"သူတို့ တားမြစ်နယ်မြေ ထဲကို ဝင်သွားတာများလားလို့"
ဘင်းယာယိုက အံကြိတ်၍ ပြောလိုက်သည်။
"သူတို့ သေချာပေါက် အဝေးကြီး ပျံမသွားနိုင်ပါဘူး... လီတစ်ထောင်အတွင်းမှာ မရှာရသေးတဲ့ နေရာဆိုလို့ တားမြစ်နယ်မြေ တစ်ခုပဲ ရှိတော့တယ်"
ဝေ့ရှန်းနှင့် ကျုံးရူတို့၏ ရင်ထဲ၌ လေးလံသွားသည်။ ဘင်းယာယိုသည် တားမြစ်နယ်မြေထဲသို့ လူများ မဝင်နိုင်အောင် သူ၏ အသက်ကိုပင် ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်ကို သူတို့ ပြန်သတိရလိုက်မိသည်။
တင်းမာမှုများ မြင့်တက်လာသဖြင့် နှစ်ဖက်စလုံး တိတ်ဆိတ်သွားကြသည်။
ထိုအချိန်တွင် တံခါးဝမှနေ၍ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
မြူခိုးလူသား တစ်ဦးသည် အသက် ၃၀ ခန့်ရှိသော မရင်းနှီးသည့် လူတစ်ဦးကို ခေါ်ဆောင်လာသည်။
"မျိုးနွယ်စုခေါင်းဆောင်... သူက သူ့ကိုယ်သူ အရှင်ဇိုရဲ့ သတင်းပို့သူလို့ ပြောနေပါတယ်..."
ဝေ့ရှန်းနှင့် ကျုံးရူတို့ ရုတ်တရက် ထရပ်လိုက်ကြသည်။ ဝေ့ရှန်း၏ အကြည့်မှာ စူးရှလှပြီး တည်ကြည်စွာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ... ငါ မင်းကို ဘာလို့ မသိတာလဲ..."
ဝေ့ရှန်း၏ အရှိန်အဝါမှာ ဓားတစ်လက်ကဲ့သို့ စူးရှလှပေသည်။ သူ၏ ဒဏ်ရာများ မပျောက်သေးသော်လည်း ထိုအရှိန်အဝါမှာ တစ်ဖက်လူအတွက် တောင့်ခံရန် ခက်ခဲလွန်းလှသည်။ တစ်ဖက်လူ၏ မျက်နှာ ဖြူဖျော့သွားသည်ကို မြင်သောအခါမှ ဝေ့ရှန်းသည် မိမိ စိတ်လောသွားကြောင်း သတိထားမိလိုက်ပြီး အရှိန်အဝါကို အမြန်ပင် လျှော့ချလိုက်သည်။
ထိုလူမှာ အနည်းငယ် ပြန်လည် တည်ငြိမ်သွားသော်လည်း သူ၏ အသံမှာ တုန်ရီနေဆဲ ဖြစ်သည်။
"ကျွန်တော်မျိုး... ကျွန်တော်မျိုးက ခန်တယ်ရဲ့ သူငယ်ချင်းပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က... သူ့ဆီကနေ သတင်းစကား တစ်ခု ရခဲ့ပါတယ်... သူက ကျွန်တော့်ကို ဒီနေရာကို လာပြီး... သတင်းပို့ပေးဖို့ တောင်းပန်ခဲ့လို့ပါ"
ထို့နောက် သူ တုန်တုန်ရီရီဖြင့် ကျောက်စိမ်းလိပ် တစ်ခုကို ထုတ်ကာ ရိုသေစွာ ဆက်သလိုက်သည်။
“ခန်တယ် ဟုတ်လား... သူ အရင် ပြန်သွားပြီ မဟုတ်ဘူးလား”
ဝေ့ရှန်းက ကျောက်စိမ်းလိပ်ကို ယူကာ ဖတ်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ မှင်သက်သွားပြီးနောက် ထူးဆန်းသော မျက်နှာထားဖြင့် ကျုံးရူအား ကမ်းပေးလိုက်သည်။
ကျုံးရူ၏ အသိစိတ် ကျောက်စိမ်းလိပ်ထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ မျက်နှာမှာလည်း ထူးဆန်းသွားတော့သည်။
"မင်းပဲ လုပ်လိုက်ပါ... မင်းရဲ့ ပုံရိပ်ယောင် မန္တန်တွေက ငါ့ထက် ပိုကောင်းတယ်..."
ဝေ့ရှန်းက မျက်နှာရှုံ့မဲ့ရင်း ကျုံးရူအား ပြောလိုက်သည်။
ကျုံးရူ လက်ကို ဝှေ့ယမ်းလိုက်ရာ သတင်းစကားမှာ အားလုံး၏ ရှေ့တွင် ပေါ်လာတော့သည်။
စကားပြောနေသူမှာ သခင်မလေး ကုန်းစွန်းချာ ဖြစ်သည်။ သခင်မလေးသည် ဇိုမိုထံမှ သတင်းစကား တစ်ခု ရရှိခဲ့ကြောင်း ဇိုမိုနှင့် အာဂွီတို့ အဆင်ပြေကြောင်း သို့သော် လောလောဆယ်တွင် ပြန်မလာနိုင်သေးကြောင်း ဝေ့ရှန်းနှင့် ကျုံးရူတို့အနေဖြင့် မစိုးရိမ်ကြဘဲ လိပ်ကျွန်းသို့ အရင်ပြန်ကာ ဒဏ်ရာများကို ကုသကြရန် ပြောထားခြင်း ဖြစ်သည်။
အားလုံး သက်ပြင်းချနိုင်သွားကြသည်။
ဘင်းယာယို စိတ်အေးသွားသည်ကို မြင်သောအခါ ဝေ့ရှန်းက သူ့အား ဦးညွှတ်လိုက်ပြီး အားနာစွာ ပြောလိုက်သည်။
"ခုနက ကျွန်တော် မျိုးနွယ်စုခေါင်းဆောင်အပေါ် စော်ကားမိသွားပါတယ်... ခွင့်လွှတ်ပေးပါ"
ပြီးခဲ့သည့် ရက်များအတွင်း မြူခိုးမျိုးနွယ်စုဝင်များ အားလုံး အပြင်ထွက်၍ ရှာဖွေပေးခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရသဖြင့် ကျေးဇူးတင်နေကြသော်လည်း တားမြစ်နယ်မြေ ကိစ္စကြောင့် ဘင်းယာယိုနှင့် ထိပ်တိုက်တွေ့လုနီးပါး ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဘင်းယာယိုက အပြစ်ရှိသလို ခံစားချက်ဖြင့် ပြောလိုက်သည်။
"တောင်းပန်ရမှာက ကျွန်တော်ပါ... ညီလေးဇိုကို သေချာ မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို အရှက်ရမိပါတယ်"
လိပ်ကျွန်းမှ သတင်းစကား ရရှိလိုက်သဖြင့် ဝေ့ရှန်းနှင့် ကျုံးရူတို့ စိတ်အေးသွားကြပြီ ဖြစ်သည်။ ဤအချက်အလက်မှာ သေချာပေါက် မှန်ကန်ပေလိမ့်မည်။ ခန်တယ်သည် မြူခိုးလူသားများအား တစ်ခါမျှ မမြင်ဖူးပေ။ အကယ်၍ ဇိုမိုသာ လမ်းညွှန်ချက် မပေးခဲ့လျှင် သတင်းပို့သူအနေဖြင့် ဤနေရာအား မည်သို့ ရှာတွေ့နိုင်ပါမည်နည်း။
ကျောက်စိမ်းလိပ်ထဲမှ စကားလုံးများမှာ ယေဘုယျဆန်ပြီး ဝေဝါးနေသော်လည်း ဝေ့ရှန်းနှင့် ကျုံးရူတို့မှာမူ ထဲထဲဝင်ဝင် မစဉ်းစားတော့ပေ။ ဇိုမိုနှင့် ပတ်သက်လျှင် ပုံမှန်မဟုတ်သော အရာများ ဖြစ်ပျက်တတ်သည်မှာ သူတို့အတွက် ကျင့်သားရနေပြီ ဖြစ်သည်။
ဇိုမိုအနေဖြင့် ဤသတင်းကို ပို့ပေးနိုင်သည်ဆိုကတည်းက သူ အသက်အန္တရာယ် မရှိကြောင်း ပြသရန် လုံလောက်နေချေပြီ။
ဤသည်မှာ သူတို့အား အပျော်ဆုံး ဖြစ်စေသည့် သတင်းပင်။
အကယ်၍ ဝေ့ရှန်းနှင့် ကျုံးရူတို့သာ ဇိုမို၏ လက်ရှိ အခြေအနေကို သိခဲ့လျှင် သူတို့ သေချာပေါက် စိုးရိမ်ကြပေလိမ့်မည်။
ဇိုမို၏ အရိုးများမှာ တစ်စစီ ကြေမွလုနီးပါး ဖြစ်နေလေသည်။
အာဂွီ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း မည်သည့် အသံမျှ မထွက်ပေ။ သူသည် အာဂွီ၏ ကျောပေါ်တွင် ဆယ်ရက်တိတိ ရှိနေခဲ့ပြီ ဖြစ်သည်။
အာဂွီ၏ အခြေအနေမှာလည်း အလွန်ပင် ဆိုးရွားလှသည်။ သူမ၏ မျက်ဝန်းထဲမှ ဇီဝစွမ်းအားများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဇိုမို သူမအား ဘာပြောပြော သူမ လုံးဝ တုံ့ပြန်ခြင်း မရှိပေ။
အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှသာ သူမ၏ မျက်လုံးထဲမှ ခရမ်းရောင် အလင်းများမှာ ပြန်လည် တောက်ပလာလေ့ ရှိသည်။
အာဂွီ ခြေလှမ်းများကို ရပ်လိုက်ပြီး ဇိုမိုအား အောက်သို့ ချပေးကာ သူမကိုယ်တိုင်လည်း တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။
"အာဂွီ... ဒါ ဘယ်နေရာလဲဆိုတာ နင် သိလား..."
ဇိုမို ရေရွတ်လိုက်သည်။ အာဂွီ ပြန်ဖြေလိမ့်မည် မဟုတ်ကြောင်း သူ သိသော်လည်း မေးနေမိဆဲပင်။
ဝေဝါးနေသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ ပုယောင်လည်း မသိ ဝေလည်း မသိပေ။ သူ သိထားသည်မှာ အာဂွီ သူ့အား ကယ်တင်ခဲ့သည် ဆိုသည်ကိုသာ။ ပုယောင်၏ အဆိုအရ အာဂွီသည် သူ့အား ကယ်တင်ရန်အတွက် တင်းကျန်း၏ ရိုက်ချက်ကို ခံခဲ့ရခြင်း ဖြစ်သည်။
ထူးဆန်းသည်မှာ တင်းကျန်း၏ ရိုက်ချက်ကြောင့် အာဂွီ၏ ကျန်းမာရေး ပိုမို ဆိုးရွားလာသော်လည်း သူမ ကိုယ်ထဲရှိ ခရမ်းရောင် စွမ်းအင်ကိုမူ နိုးကြွလာအောင် လှုံ့ဆော်ပေးခဲ့သည်။ ၎င်းမှာ ပိုမို အစွမ်းထက်လာပုံရသော်လည်း ဇိုမိုကမူ ဤမျှအထိ အစွမ်းထက်သည်ကို မလိုလားပေ။
ထိုခရမ်းရောင် စွမ်းအင်မှ ထွက်ပေါ်လာသော အေးစက်မှုနှင့် သေမင်းအငွေ့အသက်ကို တွေးမိတိုင်း သူ စိတ်မသက်မသာ ဖြစ်ရသည်။
အာဂွီနှင့် ယှဉ်လျှင် ဇိုမို၏ အခြေအနေမှာ များစွာ ပိုမို ဆိုးရွားလှပေသည်။
သူ၏ ရှန်စွမ်းအားများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ လင်းစွမ်းအား အသိစိတ်ဝိညာဉ်နှင့် မိုအတတ်ပညာများမှာလည်း တစ်ခုနှင့်တစ်ခု ရှုပ်ထွေး ရောယှက်နေကြသည်။ သူသည် မည်သည့် စွမ်းအားကိုမျှ အသုံးမပြုနိုင်တော့ဘဲ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်တော့ပေ။
သူ လုပ်နိုင်သည်မှာ စကားပြောခြင်း တစ်ခုတည်းသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားစီးကြောင်းများ တစ်ခုနှင့်တစ်ခု ထိမိလိုက်တိုင်း ပြင်းထန်သော နာကျင်မှုကို ခံစားရလေသည်။
ပုယောင်နှင့် ဝေတို့တွင်လည်း ဖြေရှင်းချက် မရှိပေ။
ဤကဲ့သို့ ထူးဆန်းသော အခြေအနေမျိုးကို သူတို့လည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"အာ... အစ်ကိုကြီးနဲ့ ကျုံးရူတို့ ငါ့သတင်းကို ရကြရဲ့လား မသိဘူး..."
ဇိုမို တစ်ကိုယ်တည်း ပြောလိုက်သည်။ ထို့နောက် သူ မေးလိုက်သည်။
"ဟေ့ ပုယောင်... သတင်းကို တကယ် ပို့လိုက်တာလား..."
"ဒုက္ခမပေးနဲ့တော့... မေးနေတာ အကြိမ် ၂၀ ရှိပြီ"
ပုယောင်၏ စိတ်မရှည်သော အသံမှာ အသိစိတ်ပင်လယ်ထဲမှ ဟိန်းထွက်လာသည်။
ဇိုမိုက ပုယောင်အား ဘေးဖယ်ထားလိုက်ပြီး အာဂွီကို ပြောလိုက်သည်။
"အာဂွီ... နင့်ရဲ့ စွမ်းအားတွေက ပြန်ကောင်းလာပုံရတယ်နော်... တကယ် ထူးဆန်းတာပဲ... ဒဏ်ရာရတာက နင့်ရဲ့ စွမ်းအားတွေကို ပြန်ကောင်းစေတယ်ပေါ့... အာဂွီ... ငါတို့သာ ရေတိမ်သန္ဓေသားကို ရှာတွေ့ရင် နင် အတိတ်တွေကို မှတ်မိလာမလား..."
အာဂွီမှာမူ သစ်သားရုပ်သေးတစ်ရုပ်အလား မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
ဇိုမို သူ့ဘာသာ ဆက်လက်၍ စကားဖောင်ဖွဲ့နေတော့သည်။
"ငါတို့ကြားမှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိခဲ့မယ်လို့ နင် ထင်လဲ... နင် ငါ့ကို ဒီလောက်အထိ ကူညီပေးခဲ့တာဆိုတော့ ငါတို့ ဆက်ဆံရေးက သေချာပေါက် သာမန်တော့ မဟုတ်ဘူး"
ဇိုမို စကားပြောနေသော်လည်း အာဂွီမှာမူ ကျောက်ရုပ်တစ်ရုပ်အလား မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။
လေးနာရီကြာပြီးနောက် အာဂွီသည် ဇိုမိုအား သူမ၏ ကျောပေါ်သို့ ပြန်တင်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားပြန်သည်။
"အာဂွီ... ဘာလို့ မပျံတာလဲ... ပျံရတာ မေ့သွားလို့လား..."
သူမ၏ ကျောပေါ်တွင် ဇိုမိုက ထပ်မံ စကားပြောလိုက်ပြန်သည်။
"အဲဒီ အကျည်းတန်တဲ့ ခရမ်းရောင်စွမ်းအင်တွေ... ငါသာ မဟာနေမင်း ရှန်စွမ်းအားကို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ရင် အဲဒါတွေကို ဖယ်ရှားပစ်မှာ"
အာဂွီကမူ ဘာမှ ပြန်မပြောဘဲ ရှေ့သို့သာ လျှောက်နေသည်။
ဤသည်မှာ အဆုံးမရှိသော ကျောက်တုံးများနှင့် တောင်စောင်းများသာရှိသည့် သေမင်းတမျှ တိတ်ဆိတ်သော မြေရိုင်းကြီး ဖြစ်သည်။ မည်သည့် ဇီဝအသက်ဓာတ်မှ မရှိပေ။ သူတို့သည် သဲမုန်တိုင်းများနှင့် မကြာခဏ ကြုံတွေ့ရတတ်သည်။ လေထဲမှ သဲများနှင့် ကျောက်တုံးများ သူတို့၏ ခန္ဓာကိုယ်ကို ထိမှန်လိုက်တိုင်း အလွန်ပင် နာကျင်လှပေသည်။
သို့သော်လည်း သဲမုန်တိုင်း မည်မျှပင် ပြင်းထန်ပါစေ အာဂွီမှာမူ သူမ၏ လမ်းကြောင်းကို မပြောင်းလဲသလို ခြေလှမ်းများကိုလည်း မရပ်တန့်ပေ။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်သည် သူမထက် အရွယ်အစား ပိုကြီးသော ဇိုမိုအား ထမ်းပိုးကာ သဲမုန်တိုင်းကို အံတု၍ လျှောက်လှမ်းနေသည်။ သူမသည် ပင်ပန်းနွမ်းနယ်မှုကို မသိသည့်အလား စကားလည်း မပြောပေ။ တစ်နေ့နှင့် တစ်ညလုံး လျှောက်ပြီးမှသာ လေးနာရီကြာအောင် ခဏနားလေ့ ရှိသည်။
ဇိုမိုသည် အာဂွီ၏ ကျောပေါ်တွင်ရှိနေစဉ် သူမ၏ လည်ပင်းကို မှီထားမိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နာကျင်မှုများမှာ ယခုအခါတွင် သိပ်ပြီး မနာကျင်တော့သလို ခံစားရသည်။ နာကျင်မှု မည်မျှပင် ပြင်းထန်ပါစေ ဇိုမို အသံမထွက်ပေ။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူသည် အာဂွီအား အသံမကြားစေချင်ပေ။
လူတုံးတစ်ယောက်ပင်လျှင် သူနှင့် အာဂွီသည် ရိုးရိုး သူငယ်ချင်း မဟုတ်ကြောင်း သိနိုင်ပေသည်။ သူမသည် သူနှင့် အလွန်ပင် နီးစပ်သော သူတစ်ဦး ဖြစ်ရပေမည်။
ခရမ်းရောင် စွမ်းအင်ကို အသုံးမပြုချိန်တွင် အာဂွီ၏ ခွန်အားမှာ သာမန်လူ တစ်ယောက်နှင့် အတူတူပင် ဖြစ်သည်။
သူမ၏ ခြေလှမ်းများမှာ အလွန်ပင် လေးလံလှသည်။ သူမအတွက် ဇိုမို၏ အလေးချိန်ကို သယ်ဆောင်ပြီး လှုပ်ရှားရသည်မှာ အနည်းငယ် ခက်ခဲလှပေသည်။
"အာဂွီ... ငါ နင့်ကို ပြက်လုံးတစ်ခု ပြောပြမယ်... သိပ်ပြီး ရယ်ရတဲ့ ပြက်လုံးနော်..."
ဇိုမိုသည် အာဂွီအား စိတ်ရှည်စွာဖြင့် စကားပြောနေရှာသည်။ သူမ မကြားနိုင်သော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူ ဆက်လက် စကားပြောနေချင်မိသည်။
***