ဘင်းယာယို၏ မျက်ခုံးများမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တစ်ချက်ကလေးမျှ မပြေလျော့ခဲ့ပေ။ ဇိုမို ပျောက်ကွယ်သွားခြင်းမှာ သူ့အတွက် လက်ခံရန် အလွန်ပင် ခက်ခဲလှသည်။
သူ လန်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း မြူခိုးလူသားများ၏ အဆက်မပြတ် ဝတ်ပြုကိုးကွယ်မှုကြောင့် လန်၏ စွမ်းအားမှာ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာခဲ့သည်။
လန်သည် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော ရေခဲမြူ ရှန်စွမ်းအား ကျင့်စဉ်ကို မြူခိုးလူသားများအား ပြန်လည် လက်ဆင့်ကမ်းပေးခဲ့သဖြင့် မျိုးနွယ်စု၏ စွမ်းအားမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်မားလာခဲ့သည်။
နှစ်ပေါင်း သောင်းချီကြာအောင် မျိုးနွယ်စုအပေါ် လွှမ်းမိုးထားခဲ့သော အရိပ်မည်းကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လန်သည် မြူခိုးလူသား အားလုံး၏ စစ်မှန်သော ရိုသေလေးစားမှုကို ရရှိထားပေသည်။
"မင်းမှာ ဘာမေးခွန်းရှိလို့လဲ..."
လန်၏ ဖျော့တော့သော်လည်း သြဇာညောင်းသော အသံက ဘင်းယာယို၏ အသိစိတ်ထဲ၌ ဟိန်းထွက်လာသည်။
"လန်... တားမြစ်နယ်မြေ ဆိုတာ ဘာလဲဟင်..."
ဘင်းယာယို ခေါင်းမော့ကာ မေးလိုက်သည်။
ဘင်းယာယို ဤမေးခွန်းကို မေးလိမ့်မည်ဟု လန် ထင်မထားခဲ့ပေ။ သူ ခဏမျှ တိတ်ဆိတ်သွားသည်။
"ကျွန်တော်တို့ ဒီနေရာကို ပြောင်းရွှေ့လာကတည်းက တားမြစ်နယ်မြေကို စောင့်ရှောက်လာခဲ့တာ နှစ်ပေါင်း တစ်သောင်းကျော်နေပြီ... တားမြစ်နယ်မြေက ဘာလဲ ဘာကြောင့် စောင့်ရှောက်နေရတာလဲဆိုတာ ဘယ်သူမှ မသိကြဘူး..."
ဘင်းယာယို၏ စကားပြောနှုန်းမှာ မမြန်သလို စိတ်လှုပ်ရှားနေပုံလည်း မရပေ။ သို့သော် သူ၏ စကားလုံးများတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်။
ခဏအကြာတွင် လန် ဖြည်းညင်းစွာ ပြောလိုက်သည်။
"အချိန် မတန်သေးဘူး..."
"ရွှမ်ခုန်းဘုရားကျောင်းက ဒီနေရာကို ရှာတွေ့သွားပြီ... သူတို့မှာ သေချာပေါက် ရည်ရွယ်ချက်တစ်ခု ရှိလိမ့်မယ် ဒါမှမဟုတ် တစ်ခုခုကို သိထားကြလိမ့်မယ်..."
ဘင်းယာယိုက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"တတ်နိုင်သမျှ အမြန်ဆုံး သန်မာအောင် လုပ်ကြစို့..."
လန်၏ သက်ပြင်းချသံမှာ လေထုထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ခြင်းထဲသို့ နစ်ဝင်သွားသည်။ ဘင်းယာယို မည်မျှပင် ခေါ်ဆိုပါစေ လန်ကမူ ထပ်မံ၍ ပြန်လည် ဖြေကြားခြင်း မရှိတော့ပေ။
ဘင်းယာယို၏ မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူ ထပ်မမေးတော့ပေ။ သူနှင့် မြူခိုးလူသား အများစုအတွက်မူ တားမြစ်နယ်မြေကို ကာကွယ်ခြင်းနှင့် မည်သူ့ကိုမျှ အဝင်မခံခြင်းမှာ နှစ်ပေါင်း သောင်းချီကြာအောင် စွဲမြဲစွာ လိုက်နာခဲ့သော အစဉ်အလာ တစ်ခုသာ ဖြစ်သည်။
အကယ်၍ ဇိုမိုသာ တားမြစ်နယ်မြေထဲတွင် ပိတ်မိမနေခဲ့လျှင် ဘင်းယာယိုသည် ဤကိစ္စကို မေးခွန်းထုတ်ရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။ အကယ်၍ တင်းကျန်း တားမြစ်နယ်မြေထဲသို့ အမှန်တကယ် ဝင်သွားခဲ့လျှင်ပင် သူတို့ လိုက်သွားကြမည် မဟုတ်ပေ။
ခြေရာခံများအားလုံးက တားမြစ်နယ်မြေထဲတွင် မသိနားမလည်နိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်း ညွှန်ပြနေသည်။
ရွှမ်ခုန်းဘုရားကျောင်းကဲ့သို့ အစွမ်းထက်သော အဖွဲ့အစည်းကြီးကပင် ဤလျှို့ဝှက်ချက်ကို လိုလားနေကြသည်။
တားမြစ်နယ်မြေထဲမှာ ဘာတွေ ရှိနေလို့လဲ…။
ဘင်းယာယိုသည် မျိုးနွယ်စုခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်ရန်အတွက် လုံလောက်သော အရည်အချင်းနှင့် ဉာဏ်ရည် ရှိသူဖြစ်သည်။ လန်၏ စကားလုံးများမှာ ကျဲပါးလှသော်လည်း သူသည် အချက်အလက်များစွာကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။
တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် သူတို့တွင် လုံလောက်သော စွမ်းအား မရှိသေးပေ။
ဘင်းယာယို၏ အကြည့်များ ပြတ်သားသွားပြီးနောက် ယဇ်ပလ္လင်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
…
သူတို့သည် နေ့ရောညပါ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေကြသည်။
ဇိုမိုတစ်ယောက် ကျိန်ဆိုရဲသည်မှာ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက်အထိ ရှည်လျားစွာ ပိုးခံရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
အာဂွီ၏ ခန္ဓာကိုယ်မှာ ပြိုလဲတော့မည့် အခြေအနေတွင် ရှိနေသော်လည်း အံ့ဩဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေပုံရသည်။ တစ်နေ့နှင့်တစ်ညတွင် လေးနာရီမျှသာ နားချိန်ရှိသော်လည်း သူမ ပင်ပန်းနွမ်းနယ်ခြင်းကို မသိပေ။
ဇိုမိုကမူ စကားသံမစဲသော လူတစ်ယောက်ကဲ့သို့ စကားများကို တရစပ် ပြောဆိုနေတော့သည်။
ယခင်ကဆိုလျှင် သူသည် တစ်နေ့တွင် ဤမျှလောက်အထိ စကားများစွာ ပြောရလိမ့်မည်ဟု အိမ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။ အာဂွီ၏ ကျောပေါ်တွင် လဲလျောင်းနေစဉ် သူ မရေမတွက်နိုင်အောင် သက်ပြင်းချမိခဲ့သည်။
သူမ၏ ခြေထောက်လေးများမှာ ခြေလှမ်းတိုင်းတွင် တုန်ရီနေပြီး အင်အားကို အတင်းညှစ်ထုတ်နေရကြောင်း သူ ရှင်းလင်းစွာ ခံစားနေရသည်။ ခြေလှမ်းတိုင်းတွင် ဇိုမို၏ ရင်ထဲ၌ တုန်လှုပ်နေရသည်။ ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် ပျံ့နှံ့လာသဖြင့် သူ တိတ်တိတ်ကလေး နေချင်သော်လည်း တိတ်တိတ်ကလေး နေ၍ မရမှန်း သူ သိသည်။ တစ်ခုခု လုပ်ဆောင်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးနေမိသည်။
သို့သော်လည်း ဤအဓိပ္ပာယ်မရှိသော စကားလုံးများမှလွဲ၍ သူ ဘာမျှ မတတ်နိုင်ပေ။ ဇိုမိုသည် သူ၏ ခန္ဓာကိုယ်ကို စိုးမိုးထားသော ရှန်စွမ်းအားများကို လင်းစွမ်းအား တစ်မျှင်လေးနှင့် လဲလှယ်နိုင်ရန် ဤမျှလောက်အထိ မျှော်လင့်တောင့်တခဲ့ဖူးခြင်း မရှိပေ။
လင်းစွမ်းအား တစ်မျှင်လေးသာ ရှိခဲ့လျှင် စက္ကူလင်းယုန်လေး တစ်ကောင်အား ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် တစ်စက်ကလေးမျှ ရှိမနေပေ။
"အာ... အာဂွီ... နင်က တကယ်ကို မရှုံးနိမ့်နိုင်တဲ့ သူပဲဆိုတာ ငါ သိလိုက်ရပြီ... နင်က တိုက်လေ တိုက်လေ သန်မာလေပဲ ဒဏ်ရာရလေ သန်မာလေပဲ..."
ဇိုမို စိတ်မပါသလို လေသံဖြင့် ပြောလိုက်သည်။
"နင် အရင်တုန်းက နင့်ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတာလား... နင် ငါ့အပေါ် ဘာလို့ ဒီလောက် ကောင်းနေရတာလဲဆိုတာ ငါ အမြဲ အံ့ဩနေတာ... အရင်တုန်းက ငါ့ဆီကနေ ကျောက်စိမ်းတုံးတွေ အများကြီး ချေးထားလို့လား... ဟေ့... နင် တကယ်ပဲ ငါ့ကို ကျောက်စိမ်းတုံးတွေ ပေးဖို့ ကျန်နေတာလား..."
"ဒီကျက်သရေ မရှိတဲ့ နေရာက ငှက်ချေးတောင် လာမချီးတဲ့ နေရာပဲ... ငါတို့များ ရှေးဟောင်း စစ်မြေပြင်တစ်ခုထဲကို ရောက်သွားတာလား... မဟုတ်ဘူး... မဟုတ်ဘူး... ငါ အမှားပြောမိတာ… အာဂွီ... နင် ဘာမှ မကြားလိုက်ဘူးနော်..."
"ငါတို့ လျှောက်လာတာ ရက်ပေါင်း ၂၀ ရှိပြီ မြက်ပင်တစ်ပင်တောင် မတွေ့ရသေးဘူး... တကယ်ကို စိတ်ပျက်စရာပဲ..."
ဇိုမို၏ အဆက်မပြတ် စကားပြောသံများနှင့်အတူ သူတို့ နောက်ထပ် ဆယ်ရက်ခန့် ထပ်မံ လျှောက်လှမ်းခဲ့ကြသည်။
မိုးကုပ်စက်ဝိုင်းတွင် အစိမ်းရောင် အစင်းကြောင်းလေး တစ်ခုကို မြင်လိုက်ရသောအခါ ဇိုမို အလွန်ပင် ပျော်ရွှင်သွားတော့သည်။
"အာဂွီ…အာဂွီ…ကြည့်စမ်း…ဟိုမှာ ကြည့်… ဟားဟားဟား... ငါတို့ အသက်ရှင်ပြီ…ငါတို့ အသက်ရှင်ပြီ…အာဂွီ…နင် မြင်လား... မြင်လား..."
ဇိုမို အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ သူ၏ သက်ပြင်းချသံများက အာဂွီ၏ ဆံပင်များကိုပင် လွင့်စင်သွားစေသည်။ အာဂွီကမူ ဘာမှ မတုံ့ပြန်ဘဲ ရှေ့သို့သာ ဆက်လျှောက်နေသည်။
"အာဂွီ... နင်က တကယ့် ပါရမီရှင်ပဲ... အိုး... ပါရမီရှင်ကြီးပဲ... ဒီလောက်အဝေးကြီးကို လမ်းကြောင်း မှန်အောင် ရှာနိုင်တယ်ဆိုတော့ နင်က တကယ့် ပါရမီရှင်ပဲ... ဟားဟားဟား... ငါတို့ လူတစ်ယောက်လောက် ရှာပြီး ကုသမှု ခံယူရမယ်... ငါ ပြန်ကောင်းလာတာနဲ့ နင့်ကို ရေတိမ်သန္ဓေသား ထပ်ရှာပေးမယ်... ငါ..."
"မင်း သိပ်ပြီး စိတ်လှုပ်ရှားနေပုံရတယ်..."
သူ့အနောက်မှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဇိုမို၏ အသံမှာ ချက်ချင်း ရပ်တန့်သွားပြီး သူ့ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှုပ်ထွေးနေသဖြင့် တစ်စုံတစ်ယောက်က သူ့အနားအထိ ကပ်နေသည်ကိုပင် သူ သတိမထားမိခဲ့ပေ။ သူ လည်ပင်းကို လှည့်၍ မရသဖြင့် သူ့နောက်မှ လူကို မမြင်ရပေ။
"တောင်းပန်ပါတယ်... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းလို့ ခေါင်းလှည့်ကြည့်လို့ မရလို့ပါ..."
ဇိုမိုက သူ၏ လေသံကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းကာ ပြောလိုက်သည်။
"ဟမ်"
တစ်ဖက်လူ အနည်းငယ် အံ့ဩသွားသည်။
လူရိပ်တစ်ခု ဇိုမို၏ ရှေ့သို့ ဖျတ်ခနဲ ရောက်လာပြီး အံ့ဩစွာ ပြောလိုက်သည်။
"ဒီလောက်အထိ ဖျားနာနေတာလား... သနားစရာ ကောင်မလေးပဲ... နင့်အတွက် မလွယ်ဘူးနော်..."
ဇိုမို နောက်ဆုံးတွင် တစ်ဖက်လူ၏ ရုပ်ရည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူမှာ ခန္ဓာကိုယ် ထွားကြိုင်းလှပြီး ဇိုမိုထက် နှစ်ဆခန့် ပိုမြင့်သည်။ သူ၏ အရေပြားမှာ သဲဝါရောင် ဖြစ်ပြီး နီမြန်းသော မျက်လုံးတစ်စုံမှာ စူးရှလှသည်။
ဇိုမို၏ အကြည့်မှာ တစ်ဖက်လူ၏ လက်မောင်းပေါ်သို့ ကျရောက်သွားသည်။ သူ၏ လက်ကောက်ဝတ်မှ တံတောင်ဆစ်အထိ ညိုရောင် အကြေးခွံ အလွှာတစ်ခု ဖုံးအုပ်နေသည်။
မို...။
ဇိုမို ထိတ်လန့်လွန်းသဖြင့် အော်ပင် အော်မိတော့မလို ဖြစ်သွားသည်။ သူ မိုနယ်မြေထဲသို့ ရောက်ရှိသွားခြင်းလော။
"သူက ပုတ်သင်မို တစ်ယောက်ပဲ..."
အသိစိတ်ပင်လယ်ထဲတွင် ဝေ့က ဇိုမို၏ နောက်ဆုံး မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် ဝေ့၏ လေသံတွင် စိတ်လှုပ်ရှားမှု အစအနလေး တစ်ခု ပါဝင်နေသည်။
"အိုး... နီမြန်းတဲ့ မျက်လုံးတွေဆိုတော့ သူက မီးလျှံပုတ်သင် တွေရဲ့ သွေးပါနိုင်တယ်..."
"ပုတ်သင်မို အစ်ကိုကြီး... မင်္ဂလာပါဗျ"
ဇိုမို ပြုံးပြချင်သော်လည်း သူ၏ မျက်နှာမှာ သေတောင့်သေခဲ ဖြစ်နေသည်။
"ဟမ့်... စကားတွေ သိပ်တတ်တဲ့ ကောင်လေးပဲ ကြည့်ရတာ လူကောင်းတော့ ဟုတ်ပုံမရဘူး..."
ပုတ်သင်မို၏ မျက်ဝန်းအစုံမှ သတိကြီးစွာ ထားရှိမှုရိပ်များမှာ တဖြည်းဖြည်း လွင့်ပါးသွားတော့သည်။ မိမိရှေ့မှ လူနှစ်ဦးသည် အန္တရာယ်ပြုမည့်သူများ မဟုတ်ကြောင်း အကဲခတ်မိသွားခြင်းကြောင့်ပင် ဖြစ်သည်။
သူ၏ မျက်ခုံးအစုံမှာ ရုတ်တရက် တွန့်ချိုးသွားလျက် "မင်းတို့ ဘယ်အရပ်က လာကြတာတုန်း..." ဟု မေးမြန်းလိုက်သည်။
"ကျွန်တော်တို့ လာခဲ့တဲ့ဘက်ကပေါ့ဗျာ..."
ဇိုမိုက အားတက်သရောပင် ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်တော်တို့ ရက်ပေါင်း ၃၀ ကျော်တိုင်အောင် ခရီးနှင်လာခဲ့ရတာ... စိတ်တောင် လေတော့မလို့ပဲ"
"ရက်ပေါင်း သုံးဆယ်ဟုတ်လား"
ပုတ်သင်မို ဦးလေးကြီး၏ မျက်ဝန်း၌ သံသယအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
"မင်းတို့ ဒါဆို ကျောက်စာကျိုး ကန္တာရ ကို ဖြတ်လာခဲ့တယ်လို့ ပြောချင်တာလား..."
"ကျောက်စာကျိုး ကန္တာရ ဟုတ်လား... အဲဒါကိုတော့ ကျွန်တော် မသိပါဘူး... ကျွန်တော်တို့ ရှေးဟောင်းအပျက်အစီးတစ်ခုကို ရှာဖွေနေရင်း တစ်ခုခုကို မတော်တဆ အသက်သွင်းမိသွားပုံရတယ်... အဲဒီမှာပဲ ဒီကျက်သရေကင်းမဲ့တဲ့ နေရာဆီ ကူးပြောင်းခြင်း ခံလိုက်ရတာပါပဲ..."
ဇိုမိုသည် အလွန်ပင် သဘာဝကျလှသော အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ လှုပ်ရှားမှုကင်းမဲ့နေသော မျက်နှာပြင်မှာ အကောင်းဆုံးသော ဖုံးကွယ်မှုတစ်ခု ဖြစ်နေတော့သည်။
ပုတ်သင်မို ဦးလေးကြီး၏ စိတ်ထဲမှ နောက်ဆုံးကျန်ရှိနေသော သံသယများမှာ ကွယ်ပျောက်သွားပြီးနောက် နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
"အသက်ဘေးနဲ့ နီးနေတာတောင် အပျက်အစီးတွေ ရှာချင်ကြသေးတယ်... မင်းတို့ ကန္တာရထဲ အသက်မပျောက်ခဲ့တာ တကယ် ကံထူးတာပဲ..."
ဇိုမို၏ ရင်ထဲတွင် အတန်ငယ် စိတ်အေးသွားရသည်။ ပုတ်သင်မို ဦးလေးကြီး၏ လေသံမှာ ကြမ်းတမ်းလှသော်လည်း စေတနာအရိပ်အယောင်ကိုမူ သူ ခံစားမိနေသည်။
"သွားကြစို့... ဒါကို ကုသိုလ်လုပ်တယ်လို့ သတ်မှတ်လိုက်မယ်..."
ပုတ်သင်မို ဦးလေးကြီးက အာဂွီကို တစ်ချက် ကြည့်ရှုကာ ချီးကျူးစကား ဆိုလိုက်သည်။
"ကောင်လေး... မင်း... မင်းက တော်တော် ကံကောင်းတဲ့သူပဲ"
ပြောဆိုပြီးသည်နှင့် သူ ရှေ့မှ စတင်၍ ဦးဆောင်ထွက်ခွာသွားတော့သည်။
အာဂွီသည် အခြေအနေကို နားလည်သွားပုံရပြီး ပုတ်သင်မို ဦးလေးကြီး၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။
"ဦးလေး... ဒါက ဘယ်နေရာလဲခင်ဗျာ..."
ဇိုမိုက ရင်းနှီးစွာ မေးမြန်းလိုက်သည်။ ရက်ပေါင်း ၃၀ တိုင်အောင် တစ်ဦးတည်း စကားပြောဆိုလာခဲ့ရသူဖြစ်ရာ ယခုကဲ့သို့ စကားပြောခွင့်ရသည်ကို အလွန်ပင် ကျေနပ်နေမိသည်။
"ကျောက်စာကျိုးမြို့..."
ပုတ်သင်မို ဦးလေးကြီးက လှည့်မကြည့်ဘဲ တိုတိုတုတ်တုတ်ပင် ပြန်လည်ဖြေကြားလိုက်သည်။
"ကျောက်စာကျိုးမြို့... အာ... အဲဒါက ဘယ်နယ်ပယ်ထဲမှာ ရှိတာလဲခင်ဗျာ..."
ဇိုမိုက ဝေခွဲမရစွာဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ကျောက်စာကျိုး နယ်ပယ်ပဲ..."
ပုတ်သင်မို ဦးလေးကြီးက အနောက်သို့ လှည့်မကြည့်ဘဲ ဆက်လက် ပြောကြားသည်။
အသိစိတ်ပင်လယ်အတွင်း၌မူ...။
"ဝေ... မင်း အရင်က မိုတွေကြားမှာ နေခဲ့ဖူးတယ် မဟုတ်လား... ကျောက်စာကျိုး နယ်ပယ်ဆိုတာ ဘယ်မှာလဲဆိုတာ မင်း သိလား..."
ဇိုမိုက မျှော်လင့်ချက်အပြည့်ဖြင့် ဝေ့အား မေးမြန်းလိုက်သည်။
ဝေ့က ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ငါ့အရှင်သခင်အဆက်ဆက်က အဆင့်မြင့်မိုတွေနဲ့ မြင့်မြတ်တဲ့မျိုးရိုးဝင်တွေချည်းပဲ ဖြစ်တာကို မင်း မသိဘူးလား။ ဒီလို နေရာအသေးအဖွဲမျိုးကတော့…”
"ဟားဟားဟား"
ပုယောင်၏ ရယ်မောသံမှာ အသိစိတ်ပင်လယ်အတွင်း ဟိန်းထွက်သွားတော့သည်။
ဝေ့သည် အရေထူစွာဖြင့် ဇိုမိုအား တည်ငြိမ်စွာ ကြည့်နေသည်။
ဇိုမိုသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သော်လည်း အသိစိတ်ပင်လယ်အတွင်း၌မူ စိတ်ခံစားချက်များကို ဖော်ပြနိုင်စွမ်း ရှိနေသေးသည်။
နှာခေါင်းရှုံ့လိုက်ခြင်းပင်...။
နှာခေါင်းရှုံ့ခြင်း အထင်အမြင်သေးစွာ ကြည့်ရှုခြင်းနှင့် အလွန်အမင်း ကဲ့ရဲ့ရှုတ်ချခြင်းတို့ပင် ဖြစ်သည်။
ပုယောင်သည် သူ၏ နီနက်ရောင် ယောင်မီးများ ကခုန်နေစဉ်မှာပင် ပို၍ လွတ်လပ်စွာ ရယ်မောနေတော့သည်။
"မင်းတို့ နှစ်ယောက်စလုံးကတော့လေ... တစ်ယောက်က နေ့တိုင်း ကောင်းကင်ယောင်ပါဆိုပြီး ကြွားလုံးထုတ်တယ် မောက်မာလိုက်တာလည်း အတိုင်းထက်အလွန်ပဲ... နောက်တစ်ယောက်ကလည်း နိမိတ်ဖတ်သူလိုလို ဘာလိုလိုနဲ့... ငါ့ကို ကြည့်စမ်း... ငါ့ကို ကြည့်စမ်း... ကျောက်စာကျိုး နယ်ပယ်က ဘယ်မှာလဲဆိုတာတောင် မင်းတို့ မသိဘူးလား ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းကိုတောင် ဘာလို့ အဖြေမထွက်ရတာလဲ..."
အငြိုးအတေးဟောင်းနှင့် အသစ်တို့ ပေါင်းစုံသွားသဖြင့် ဇိုမိုသည် ထိုနှစ်ဦးအား လက်ညှိုးငေါ့ငေါ့ထိုးကာ ဆဲဆိုတော့သည်။
"မင်းတို့နှစ်ယောက်ရဲ့ အစစ်အမှန်ကို ငါ အစောကြီးကတည်းက သိခဲ့သင့်တာ... တစ်ယောက်က အရင်တုန်းက အနှစ်သာရမရှိတဲ့ ပုလဲလုံးကြီး သုံးပြီး ငါ့ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ အတွေ့အကြုံ မရှိတာကို အခွင့်ကောင်းယူခဲ့တယ် အဲဒါနဲ့ ကျောက်စိမ်းတုံးတွေ ဘယ်လောက်အထိ ရနိုင်မလဲဆိုပြီး ငါ့ကို လှည့်ဖြားခဲ့တယ် ဒါပေမဲ့ ငါ တစ်ပြားမှ မရခဲ့ဘူး... အခုလည်း နောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီ... အခန်းခ မဆိုထားနဲ့ဦး မင်းက အမြဲတမ်း အဲဒီ သစ္စာဆိုမှုတွေနဲ့ မြင့်မြတ်တဲ့ မျိုးရိုးတွေအကြောင်းပဲ ရေရွတ်နေတာ... ဟမ့်... ကျောက်စာကျိုး နယ်ပယ်က ဘယ်မှာလဲဆိုတာတောင် မသိတဲ့လူက အဆင့်အတန်းအကြောင်း ပြောဖို့ အရည်အချင်း ရှိလို့လား..."
ပုယောင်၏ ရယ်သံမှာ ရုတ်ချည်း ရပ်တန့်သွားသည်။ ဝေ့၏ မျက်နှာပေါ်ရှိ အပြုံးမှာလည်း ခဲသွားသကဲ့သို့ ရှိတော့သည်။ ယောင်မီးများပင်လျှင် လှုပ်ရှားခြင်း မရှိတော့ပေ။
ဆဲဆိုပြီးသွားသောအခါ ဇိုမို ချက်ချင်းပင် စိတ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အသိစိတ်ပင်လယ်အတွင်းမှ ထွက်ခွာခဲ့တော့သည်။
ပုတ်သင်မို ဦးလေးကြီးမှာ စွမ်းအား ကြီးမားပုံမရသလို မိုခန္ဓာကိုလည်း ကျင့်ကြံထားခြင်း မရှိပေ။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်လှပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် လှမ်းသွားနေသည်။
သူသည် အာဂွီ လမ်းလျှောက်ရသည်မှာ အလွန်ပင် ခက်ခဲပင်ပန်းနေကြောင်း သတိပြုမိသွားသဖြင့် ရပ်တန့်လိုက်သည်။
"ဟေး... ကောင်မလေး... သူ့ကို ငါ ထမ်းပိုးပေးပါရစေ"
အာဂွီမှာမူ သူ၏ စကားကို ကြားဟန်မတူဘဲ ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းနေသည်။
ဇိုမို ပုတ်သင်မို ဦးလေးကြီးအား အမြန်ပင် တောင်းပန်စကား ဆိုလိုက်သည်။
"ဦးလေး... တောင်းပန်ပါတယ် သူ နားမကြားလို့ပါ..."
ပုတ်သင်မို ဦးလေးကြီး၏ အကြည့်မှာ ချက်ချင်းပင် နူးညံ့ပျော့ပြောင်းသွားတော့သည်။ သူသည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး အာရုံလွင့်နေသော်လည်း အမြန်ပင် သတိပြန်ဝင်လာသည်။
သူသည် အာဂွီနှင့်အတူ ယှဉ်တွဲ လျှောက်လှမ်းလာရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကတော့လေ… တစ်ယောက်က ဖျားနာနေတယ် တစ်ယောက်က မသန်မစွမ်း ဖြစ်နေတယ်။ အိမ်မှာပဲ ငြိမ်ငြိမ်မနေဘဲ အပြင်ကို လျှောက်သွားနေကြတာက အသက်မရှင်ချင်တော့တာလား… မဟုတ်ဘူးလား…”
ဇိုမိုသည် အားနာစွာဖြင့် ပြုံးရုံသာ တတ်နိုင်သည်။ သူ မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ပေ။
“မင်းတို့ကို ပြောနေတာပဲ… ဒါပေမဲ့ နားထောင်ကြမယ် မထင်ဘူး…”
ပုတ်သင်မို ဦးလေးကြီးက ခေါင်းကို ယမ်းခါရင်း ဆိုလိုက်သည်။
“မင်းတို့ ငါ့အိမ်မှာ အရင်တည်းခိုလိုက်ကြပါ။ ငါက တစ်ယောက်တည်း နေနေတာဆိုတော့ နေရာလွတ်တွေ အများကြီး ရှိသေးတယ်…”
ပြောဆိုပြီးသည်နှင့် သူသည် ဇိုမို၏ ကျေးဇူးတင်စကားများကို ဆက်လက်နားမထောင်တော့ဘဲ ရှေ့သို့ လှမ်းသွားတော့သည်။
ကျောက်စာကျိုးမြို့သို့ ဆိုက်ရောက်သောအခါ ဇိုမိုသည် အခြားသော မိုများကို မြင်တွေ့ရသည်။ ထိုမိုများမှာ ပုတ်သင်မို ဦးလေးကြီးအပေါ်တွင် ရိုသေလေးစားမှု ရှိကြကြောင်း သိသာလှပေသည်။
သူတို့၏ အကြည့်များတွင် စပ်စုလိုစိတ်တို့ ကိန်းအောင်းနေပြီး အာဂွီနှင့် ဇိုမိုအား ဝိုင်းဝန်းကြည့်ရှုနေကြသည်။ သို့သော် အမျိုးသမီး မို အချို့မှာမူ ဇိုမိုအား အထင်သေးစွာနှင့် မနှစ်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဇိုမို၏ ထင်မြင်ချက်နှင့် ဆန့်ကျင်ဘက်မှာမူ ဤမိုများ အားလုံးမှာ ပုတ်သင်မိုများ သို့မဟုတ် မိုတစ်မျိုးတည်း မဟုတ်ကြပေ။ ဤနေရာမှာ မိုမျိုးစုံ အတူတကွ စုပေါင်းနေထိုင်ကြသည့် အရပ်တစ်ခု ဖြစ်ပုံရသည်။
ကျောက်စာကျိုး နယ်ပယ် ကျောက်စာကျိုးမြို့... ဒါက ဘယ်နေရာလဲ... ငါတော့ တကယ်ပဲ တစ်စစီ ကြေမွတော့မှာပဲ...။
***