အဆင့် (၁၃)...။
ဆာလ်၏ ဤမျှပြင်းထန်လှသော တိုက်စစ်ကား အစစ်အမှန် အဆင့် (၁၃) ပညာရှင်ကြီးတစ်ဦး၏ စွမ်းပကားနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်မဟုတ်ပါလား။
အဆင့် (၁၃) အထွတ်အထိပ်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို သူတို့တစ်ခါမျှ မမြင်ဖူးကြသော်လည်း ဘာရယ်ကြောင့်မသိ ဤအတွေးမျိုး ပေါ်လာခြင်း ဖြစ်သည်။ ယခုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အကျိုးသက်ရောက်မှုများသည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလွန်းလှပေသည်။ ၎င်းမှာ အဆင့် (၁၂) နှင့် ပတ်သက်၍ သူတို့အများစု နားလည်ထားသော အတိုင်းအတာထက် များစွာ ကျော်လွန်နေခဲ့လေပြီ။
လုရှန်မှာမူ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ သေဆုံးသွားခဲ့ပြီဟု ယူဆနိုင်သော်လည်း လူအများအပြားမှာ နက်ဗျူလာမုန်တိုင်း၏ ဗဟိုချက်ဆီသို့သာ စိုက်ကြည့်နေမိကြသည်။ သူတို့၏ စိတ်အာရုံထဲတွင် ဆာလ်ကဲ့သို့သော ပုဂ္ဂိုလ်က ဤမျှအဆင့်ရှိသော တိုက်ကွက်မျိုးကို သုံးရလောက်သည်အထိ ဆိုပါက လုရှန်သည် သေဆုံးသွားခဲ့လျှင်ပင် ဂုဏ်ယူသင့်လှပေသည် ဟူသော အတွေးများပင် ဝင်လာမိကြတော့သည်။
"ပြီးသွားပြီ"
ဆာလ်သည် ခေါင်းငုံ့လျက် သူ၏ ညာလက်သီးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ယုတ်မာသော်လည်း ဂုဏ်ယူဝင့်ကြွားနေသော အပြုံးတစ်ခု ရှိနေပြီး နက်ဗျူလာမုန်တိုင်း၏ ဗဟိုတည့်တည့်သို့ ပြင်းထန်လှသော လက်သီးတစ်ချက်ကို အားကုန်လွှတ်၍ ထိုးနှက်လိုက်တော့သည်။
အောင်းထားသမျှသော စွမ်းအင်များနှင့် စွမ်းအားတို့သည် နောက်ဆုံးတွင် ထွက်ပေါက်တစ်ခု ရှာတွေ့သွားလေပြီ။
ဖော်ပြ၍မရနိုင်သော ကြီးမားလှသည့် စွမ်းအားကြီးမှာ ဟုန်းခနဲ ပန်းထွက်သွားတော့သည်။ လိမ္မော်ရောင် နက်ဗျူလာမုန်တိုင်းသည် အက်ကွဲကြောင်းများအနှံ့ ချက်ချင်း ပျံ့နှံ့သွားပြီး ရပ်တန့်နေသော ဟင်းလင်းပြင်ကြီးမှာလည်း ကျိုးပဲ့ပျက်စီးသွားတော့သည်။
ကြည့်ရှုနေသူများအတွက်မူ ဤမြင်ကွင်းသည် အေးခဲနေသော မှန်ချပ်ကြီးတစ်ချပ် အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ပင် ဖြစ်သည်။
ဤဖြစ်စဉ်တစ်ခုလုံးသည် ထူးဆန်းသော အရာများဖြင့် ပြည့်နှက်နေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
လူတိုင်း ဆွံ့အလျက် မှင်သက်သွားကြရသည်။ မြင်ကွင်းသည် ရင်နင့်ဖွယ်ရာ ကောင်းလွန်းလှသည်။ လူတိုင်းမှာ ဤအံ့ဩတုန်လှုပ်ဖွယ် နောက်ဆုံးတိုက်ကွက်အတွင်း၌ စိတ်အာရုံများ နစ်မြုပ်နေသည်။
ထိုအချိန်မှာပင် တည်ငြိမ်၍ အေးစက်လှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ပြီးသွားပြီလို့ ထင်နေသလား"
"မဟုတ်သေးပေ"
"ဒါက အစပဲ ရှိသေးတာ"
ထိုအသံ ထွက်ပေါ်လာသည်နှင့်အတူ လူတိုင်း၏ အံ့ဩတုန်လှုပ်ပြီး ဝေခွဲမရဖြစ်နေသော မျက်ဝန်းများရှေ့မှောက်၌ပင် ကွဲအက်နေသော မှန်ချပ်နှင့်တူသည့် လိမ္မော်ရောင် နက်ဗျူလာမုန်တိုင်း၏ ဗဟိုတည့်တည့်မှနေ၍ လက်တစ်ဖက် ထွက်ပေါ်လာလေသည်။
ထိုအရာမှာ ရွှေရောင်သလင်းကျောက်များနှင့် ထုဆစ်ထားသကဲ့သို့ ခန့်ညားလှပလှသော လက်တစ်ဖက်ပင် ဖြစ်သည်။ ထိုလက်သည် အပြင်ဘက်သို့ ဆန့်ထွက်လာပြီးနောက် နှေးကွေးသော်လည်း အားမာန်အပြည့်ဖြင့် ဆာလ်၏ လက်သီးကို ဖိနှိပ်လိုက်တော့သည်။
တစ်လောကလုံးသည် သင်္ချိုင်းကုန်းကဲ့သို့ပင် ချောက်ချားဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
ဤအခိုက်အတန့်၌ အချိန်ကာလပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း၏ မျက်ဝန်းအစုံသည် နေရာတစ်နေရာတည်းဆီ စုပြုံရောက်ရှိနေကြသည်။
၎င်းမှာ ရွှေရောင်ဖန်သားပြင်ကဲ့သို့ ဝင်းလက်တောက်ပနေသော လက်ဖဝါးကြီးတစ်ဖက်၏ တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ခြင်းကို ခံထားရသည့် လက်သီးတစ်လုံးပင် ဖြစ်ချေသည်။
ဆာလ်၏ လက်သီးပင်…။
လူတိုင်း၏ အသိဉာဏ်အာရုံတို့သည် ခေတ္တမျှ အလုပ်လုပ်ခြင်း ရပ်ဆိုင်းသွားကြရသည်။
မိမိတို့ မျက်ဝါးထင်ထင် မြင်တွေ့နေရသည့်အရာမှာ အစစ်အမှန် ဟုတ် မဟုတ်နှင့် ယခင်က အတွေ့အကြုံများမှာ အိပ်မက်တစ်ခုများလားဟုပင် သံသယဝင်လာမိကြသည်။
နိယာမစွမ်းအား ငါးသွယ်ကို ပေါင်းစပ်နားလည်ထားသော ဆာလ်သည် ပြင်းထန်သော ဒေါသနှင့် လူသတ်လိုစိတ်တို့ဖြင့် စွမ်းအားရှိသမျှကို အစွန်းကုန် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
သာမန် အဆင့် (၁၂) ကျင့်ကြံသူတို့၏ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်သော ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို သူ ပြုလုပ်ခဲ့ခြင်းပင်။
သို့သော်ငြားလည်း တစ်စုံတစ်ယောက်က ထိုတိုက်ကွက်ကို လက်တစ်ဖက်တည်းဖြင့် အသာအယာ ဖမ်းဆုပ်လိုက်သည်။
လေလှိုင်းတစ်ချက်မျှပင် ထွက်ပေါ်မလာခဲ့ပေ။ ဤသည်မှာ စကြဝဠာအတွင်း ပြိုင်ဘက်ကင်းသော ကပ်ဘေးမုန်တိုင်းကြီးတစ်ခုကို ထုတ်လွှတ်တော့မည့် ပေါက်ကွဲလုဆဲဆဲ နက်ဗျူလာကြယ်တိမ်တိုက်ကြီးတစ်ခုကို နောက်တစ်စက္ကန့်တွင် အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံးသော တွင်းနက်ကြီး တစ်ခုက အစအနမကျန် ဝါးမျိုပစ်လိုက်သကဲ့သို့ပင်။
ရှေ့နှင့်နောက် သိသိသာသာ ကွဲပြားခြားနားလှသော ဖြစ်ရပ်ကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်လျက် လက်မခံနိုင်ဖြစ်နေကြရပြီး ယုတ္တိမတန်လွန်းလှသည့် ခံစားချက်ကြီးတစ်ခုက စိတ်အာရုံကို လွှမ်းမိုးသွားတော့သည်။
ဆာလ်ကိုယ်တိုင်လည်း ထိုနည်းတူပင်။
ပြင်းထန်လှသော တိုက်ကွက်ကြီး၏ အဟန့်အတားခံလိုက်ရသဖြင့် ဆာလ်မှာ မှင်သက်ကာ ရပ်နေမိသည်။
သူ၏ မျက်ဝန်းအိမ်အတွင်း၌ ဝေခွဲမရဖြစ်မှုနှင့် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ တဖျပ်ဖျပ် လင်းလက်သွားသည်။ သူ သတိပြန်ဝင်လာချိန်မှာပင် ရွှေရောင်ဖန်သားကိုယ်ထည်နှင့် လက်မောင်းပိုင်ရှင်မှာ မုန်တိုင်းဗဟိုချက်အတွင်းမှ ထွက်ပေါ်လာခဲ့လေပြီ။
ယခုအခါတွင် လုရှန်၏ တောက်ပလှသော ရွှေဖြူရောင် အရှိန်အဝါမှာ လုံးဝ ဖုံးလွှမ်းခံလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ ပိုမိုခန့်ညား၍ မြင့်မြတ်လှသော ရွှေရောင်ဖန်သားပြင် အရောင်အဝါများဖြင့် လွှမ်းခြုံထားလေသည်။
သူ၏ အရေပြား လက်မတိုင်း ဆံပင်တစ်ပင်ချင်းစီနှင့် ချွေးပေါက်လေးများအထိပင် ကောင်းကင်ဘုံက စေ့စေ့စပ်စပ် ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုကဲ့သို့ ရှိနေပြီး ဂလက်ဆီတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် ရင်သပ်ရှုမောဖွယ် အလှတရားမျိုးကို ပိုင်ဆိုင်ထားလေသည်။
ခြေသည်းလေးများအထိ အသေးစိတ်ကျလှသော်လည်း ပျော့ညံ့သည့် ပုံစံမျိုးတော့ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် အလင်းရောင်နှင့် အသားအရေ အစိတ်အပိုင်းတိုင်း၏ အောက်တွင် ဧရာမ စွမ်းအားကြီးတစ်ခု ကိန်းအောင်းနေသကဲ့သို့ပင် ရှိနေသည်။
ဤသည်မှာ လုရှန် အဆင့် (၁၁) သို့ တက်လှမ်းပြီးနောက် ရွှေရောင်ဖန်သားကိုယ်ထည် နတ်ဘုရားသိုင်းစွမ်းအားကို ပထမဆုံးအကြိမ် ထုတ်ဖော်အသုံးပြုခြင်းပင် ဖြစ်သည်။
သူကိုယ်တိုင်ပင် သူ၏ လက်ရှိ သိုင်းတရားပုံရိပ် မှာ မည်မျှအထိ ကြီးမားနေမည်ကို အတိအကျ မသိပေ။ မီတာ တစ်သန်းလော မီတာ တစ်သန်းခွဲလော သို့မဟုတ် မီတာ နှစ်သန်းခန့်လော လုရှန် မသိပေ။ သို့သော်လည်း ထိုအရာမှာ အရေးမကြီးတော့ပေ။
သူ သိထားသည်မှာ ယခုအချိန်တွင် သူသည် အလွန်တရာ သန်မာနေသည်ဟူသော အချက်ပင်။ ယခင်က တစ်ခါမျှ မရှိဖူးသော သန်မာမှုမျိုးပင် ဖြစ်သည်။ သူကိုယ်တိုင်ပင် သူ့ကိုယ်သူ ပြန်လည် ချိုးဖျက်နိုင်မည်လား ဆိုသည်ကို သံသယဖြစ်ရလောက်အောင်ပင်။
လုရှန် နောက်ဆုံးတစ်ကြိမ် ရွှေရောင်ဖန်သားကိုယ်ထည်ကို သုံးခဲ့စဉ်က သူ၏ ခန္ဓာကိုယ်အတွင်း၌ မသေမျိုးဆဲလ် ရှစ်သောင်းသာ ရှိသေးသည်။
ထိုအချိန်ကပင် ဤနတ်ဘုရားသိုင်းစွမ်းအားမှာ နိယာမစွမ်းအား သုံးမျိုးကို နားလည်ထားသူ၏ တိုက်ခိုက်ရေးစွမ်းရည်ထက် သာလွန်သော ထောင်ချီအမွှေးအတောင်ကျမ်း၏ မဟာလော်ကျန်း ရွှေရောင်ဓားသိုင်းဖွဲ့စည်းမှုကိုပင် တောင့်ခံနိုင်ခဲ့သည် မဟုတ်ပါလား။
ယခုအခါတွင်မူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးဆဲလ် အရေအတွက်မှာ သုံးသိန်းသုံးသောင်း ဖြစ်နေသည်။
ယခင်ကထက် အရေအတွက် နှစ်သိန်းငါးသောင်းခန့် ပိုမိုတိုးတက်လာခြင်းပင်။မသေမျိုးဆဲလ် တစ်ခုချင်းစီက နတ်ဘုရားစွမ်းအား အစအနလေး တစ်ခုစီ ပေးနိုင်လျှင်ပင် စုစုပေါင်း နတ်ဘုရားစွမ်းအား အစအန နှစ်သိန်းကျော် စုစည်းနေခြင်း ဖြစ်သည်။
၎င်းမှာ အခြေခံကျလှသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေရန် လုံလောက်လှပေသည်။
ထို့အပြင် ဤအပြောင်းအလဲမှာ လုရှန်အတွက် ကဏ္ဍပေါင်းစုံတွင် ဖြစ်ပေါ်နေခြင်းပင်။
လုရှန်၏ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ဆာလ်နှင့် နီးပါး တူညီလှသည်။
သို့သော်လည်း ကျန်ရှိနေသူများ၏ အမြင်တွင်မူ လုရှန်၏ ပုံရိပ်မှာ အနန္တအထိ မြင့်မားလာနေသကဲ့သို့ ရှိနေပြီး သူ၏ အနောက်မှနေ၍ ဧရာမ အရိပ်မည်းကြီးများ ထွက်ပေါ်လာကာ ဆာလ်နှင့် သူ၏ အနောက်ရှိ အရာအားလုံးအား အလျင်အမြန် ဖုံးလွှမ်းသွားတော့သည်။
လုရှန်သည် ဆာလ်၏ လက်သီးကို အသာအယာ ပြန်လွှတ်ပေးလိုက်ပြီး သူ့အား တည်ငြိမ်စွာ ကြည့်လျက် ပြောလိုက်သည်။
"မင်း နောက်တစ်ခါ ထပ်စမ်းကြည့်လို့ ရပါတယ်... မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင်ပေါ့"
"ငါ မင်းအသက်ကို ချမ်းသာပေးမယ်"
ဆာလ်မှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ပြင်းထန်လှသော အရှက်ရမှုနှင့် ဒေါသလှိုင်းများ လွှမ်းမိုးသွားတော့သည်။
"သေစမ်း..."
ဆာလ် ဟိန်းဟောက်လိုက်ပြီး သူ၏ ပတ်လည်ရှိ မရေမတွက်နိုင်သော လိမ္မော်ရောင် ကြယ်အစုအဝေးတို့မှာ ပြင်းထန်စွာ လည်ပတ်တုန်ခါလာတော့သည်။
သူ၏ အနောက်မှ မျက်လုံး (၁၂) လုံးပါသော ပုံပျက်ပန်းပျက် မိစ္ဆာရုပ်တုကြီးမှာလည်း ပိုမိုရှင်းလင်းထင်ရှားလာလေသည်။ ဤလက်သီးချက်မှာ ယခင်တိုက်ခိုက်မှုထက်ပင် ပိုမိုအားကောင်းလှပေသည်။
"ဘုန်း..."
ဆာလ်သည် အရှိန်အဟုန်ပြင်းလှသော လက်သီးချက်တစ်ချက်ကို ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်အတွင်း၌ ယပ်တောင်သဏ္ဌာန် လိမ္မော်ရောင်မီးလျှံမုန်တိုင်းကြီးတစ်ခုကို တိုက်ရိုက်ဖြစ်ပေါ်စေတော့သည်။
ကြယ်အစုအဝေးပေါင်းများစွာသည်လည်း ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်သွားကြသည်။ ထိုလက်သီးဖိအားအောက်တွင် ဟင်းလင်းပြင်ကြီးမှာ အဝတ်စုတ်တစ်ခုပမာ ဖြစ်ပေါ်သွားရလေသည်။
ဆာလ်သည် ထိုလက်သီးချက်၏ ရလဒ်အပေါ် အလွန်ပင် ကျေနပ်အားရနေပုံရပြီး သူ၏ ကြောက်မက်ဖွယ်မျက်နှာထက်၌ အစွန်းရောက်လှသော အမူအရာတစ်ခု ထင်ဟပ်လာတော့သည်။
၎င်းမှာ ရက်စက်မှု ကြမ်းတမ်းမှု ယုတ်မာမှုနှင့် အောင်နိုင်မှုတို့ ရောပြွမ်းနေသည့် အပြုံးတစ်ခုဖြစ်ပြီး ကျောရိုးစိမ့်လောက်အောင်ပင် ရုပ်ပျက်ဆင်းပျက်ရှိလှပေသည်။
သို့သော်လည်း သူထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းများ တဖြည်းဖြည်း လွင့်စင်သွားချိန်တွင်မူ လုရှန်၏ ပုံရိပ်သည် အတွင်းမှ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ဆာလ်၏ မျက်နှာပေါ်မှ အပြုံးတို့သည် ရုတ်ချည်းအေးခဲသွားရသည်။ သူ၏ မျက်ဝန်းအစုံမှာလည်း အဓိပ္ပာယ်မဲ့စွာ ဗလာကျင်းသွားရတော့သည်။
"ဂျွတ်... ဂျွတ်..."
လုရှန် ပါးစပ်ကို အနည်းငယ်ဟလိုက်ပြီး သူ၏ မေးရိုးကို ဖြည်းညှင်းစွာ အကြိမ်အနည်းငယ် လှုပ်ရှားလိုက်သည်။
ဆာလ်၏ လက်သီးချက် အပြည့်အဝထိမှန်ထားသည့် သူ၏ ဘယ်ဘက်ပါးပြင်ပေါ်မှ သေးငယ်လှသော အက်ကြောင်းလေးများသည် လှုပ်ရှားနေစဉ်အတွင်းမှာပင် အလျင်အမြန် ပြန်လည်ကျက်သွားတော့သည်။
ဘယ်ဘက်ပါးပေါ်မှ နောက်ဆုံးအက်ကြောင်းလေး ကွယ်ပျောက်သွားချိန်တွင်မူ အရာအားလုံးသည် ယခင်အတိုင်းပင် ဖြစ်သွားလေတော့သည်။
ထို့နောက် လုရှန်သည် ဆာလ်အား တည်ငြိမ်အေးစက်စွာဖြင့် စကားနှစ်လုံးသာ ဆိုလိုက်သည်။
"ဆက်လုပ်"
***