ဆာလ်သည် လုရှန်၏ရှေ့မှောက်၌ လက်သီးကို မြှောက်လျက်သားဖြင့်ပင် စက္ကန့်အတော်ကြာအောင် ရွှံ့ရုပ်ကြီးတစ်ရုပ်နှယ် အေးခဲနေမိတော့သည်။
နောက်ဆုံးတွင်မူ သူ သတိပြန်ဝင်လာခဲ့သော်လည်း အသံမှာမူ တုန်ယင်လျက် ထွက်ပေါ်လာတော့သည်။
"ဒါက.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လုရှန် သူ့အား တိတ်ဆိတ်စွာသာ စိုက်ကြည့်နေခဲ့သည်။ ရွှေရောင်နှင့် အနက်ရောင် ရောယှက်နေသော သူ၏ မျက်သူငယ်အိမ်အတွင်းမှနေ၍ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမည့် အရိပ်မည်းကြီးတစ်ခု ပန်းထွက်လာသကဲ့သို့ မျက်စိရှေ့မှ ကောင်းကင်ကြီးမှာ ချက်ချင်း မှောင်အတိကျသွားတော့သည်။
ယခင်ကတစ်ခါမျှ မခံစားဖူးသော ကြောက်ရွံ့မှု ခံစားချက်ကြီးတစ်ခုသည် ဆာလ်၏ နှလုံးသားအောက်ခြေမှ အလျင်အမြန် တိုးထွက်လာတော့သည်။
ဆာလ်သည် ထိုကြောက်ရွံ့မှုကို အတင်းအဓမ္မ ဖိနှိပ်ကာ အော်ဟစ်လျက် လုရှန်အား ရူးသွပ်စွာ တရစပ် တိုက်ခိုက်တော့သည်။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
"သေစမ်း... သေစမ်း... မင်း သေကိုသေရမယ်..."
"သေစမ်း..."
"ငါ မင်းကို သတ်မယ်..."
ဆာလ်သည် လက်ရောခြေပါ အစုံသုံး၍ အသည်းအသန် တိုက်ခိုက်နေတော့သည်။ နိယာမစွမ်းအား ငါးသွယ်ကို နားလည်ထားပြီး ထူးခြားသော စွမ်းအားအချို့ကိုလည်း ပိုင်ဆိုင်ထားသည့် အဆင့် (၁၂) ပညာရှင်တစ်ဦး၏ ရူးသွပ်လှသော တိုက်စစ်သည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဆာလ်နှင့် ကီလိုမီတာ တစ်ထောင်ပတ်လည်အတွင်း မည်သူမျှ မနေရဲကြတော့ပေ။
လူသားသိုင်းသမားများရော သားရဲကောင်များပါ အဆက်မပြတ် နောက်ဆုတ်သွားကြရလေသည်။ ဤနယ်ပယ်တစ်ခုလုံးမှာ လိမ္မော်ရောင်ကြယ်အစုအဝေးများ၏ မီးလျှံများဖြင့် လုံးဝဖုံးလွှမ်းသွားတော့သည်။
ဖျက်ဆီးလိုသည့် စွမ်းအားများမှာ နေရာအနှံ့ ပျံ့နှံ့နေသဖြင့် အဆင့် (၁၂) သိုင်းသမားတစ်ဦးပင် အနားမကပ်ရဲတော့ချေ။ ဟင်းလင်းပြင်ကြီးမှာလည်း ဖရိုဖရဲဖြစ်လျက် အစိပ်စိပ်အမွှာမွှာ ကျိုးပဲ့ကုန်လေပြီ။
"ကြောက်စရာကောင်းလိုက်တာကွာ..."
အပြင်ဘက်မှနေ၍ ဤမြင်ကွင်းကို ကြည့်နေသူများ၏ စိတ်ထဲတွင် ဤအတွေးတစ်ခုတည်းသာ ရှိတော့သည်။
သို့သော်လည်း သူတို့အား ပိုမိုထိတ်လန့်စေပြီး ဇဝေဇဝါဖြစ်စေသည့်အချက်မှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းလှသော တိုက်ခိုက်မှုကြီးကြားမှနေ၍ အသံတစ်သံကို ကြားဖြတ်ကြားနေရခြင်းပင် ဖြစ်သည်။
"ဆက်လုပ်"
"အားမပါလိုက်တာ"
"ပေါ့လွန်းတယ်"
ထိုအသံမှာ အလွန်ပင် တည်ငြိမ်လှသည်။ သို့သော်လည်း ထွက်ပေါ်လာတိုင်း တောက်လောင်နေသော မီးထဲသို့ ဆီတစ်ပုံး လောင်းထည့်လိုက်သကဲ့သို့ပင် ဆာလ်၏ အသံနှင့် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်ပြီး ရူးသွပ်သောဘက်သို့ တွန်းပို့နေတော့သည်။
နောက်ဆုံးတွင်မူ ဆာလ်၏အသံကို မည်သူမျှ မကြားရတော့ပေ။
တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ ဟိန်းဟောက်သံများနှင့် ပြင်းထန်လှသော အသက်ရှူသံများကိုသာ ကြားနေရတော့သည်။
ပို၍ ထင်ရှားသည်မှာ ဆာလ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော လိမ္မော်ရောင်မီးလျှံများပေါ်တွင် စုစည်းနေသည့် မျက်လုံး (၁၂) လုံးပါသော ပြည်ကြီးငါးလက်တံများ ပါးစပ်တွင် ပြည့်နှက်နေသည့် ရုပ်ပျက်ဆင်းပျက် မိစ္ဆာရုပ်တုကြီးပင် ဖြစ်သည်။ ထိုသတ္တဝါမှာ အသက်ဝင်လာတော့မည့်အလား ပိုမိုပြတ်သားထင်ရှားလာခဲ့ချေပြီ။
ယုတ်မာပြီး ကြက်သီးထဖွယ် အရှိန်အဝါများမှာ တစ်ကွင်းလုံးအား ဖုံးလွှမ်းသွားတော့သည်။
"ဝေါင်း..."
နောက်ဆုံးတွင်မူ လူသားပုံသဏ္ဌာန် လုံးဝမရှိတော့သော ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ လိမ္မော်ရောင်မီးလျှံများအထက်မှ ပုံပျက်ပန်းပျက် မိစ္ဆာရုပ်တုကြီးမှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
ပြည်ကြီးငါးလက်တံများ ပြည့်နှက်နေသော ၎င်း၏ ပါးစပ်ကြီးမှာ ရုတ်တရက်ပွင့်လာပြီး ဟိန်းဟောက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
ဤနေရာရှိ ယုတ်မာလှသော အရှိန်အဝါမှာ ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ထိုအခိုက်အတန့်၌ ယခင်က တစ်ခါမျှ မခံစားဖူးသော ကြောက်ရွံ့မှုနှင့် ရင်တုန်ပန်းတုန်ဖြစ်မှုများသည် လူသားသိုင်းသမားတိုင်း၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
လူတိုင်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့၏ အကြည့်များမှာ ထိုရုပ်တုကြီးဆီသို့ အလိုအလျောက် ရောက်ရှိသွားကြပြီး တစ်ကိုယ်လုံး စိမ့်တက်လျက် မထိန်းနိုင်ဘဲ တုန်ယင်လာကြသည်။
ထိုစကားသံသည် ဟင်းလင်းပြင်တစ်ခွင် ပျံ့နှံ့သွားတော့သည်။
ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာ လေပြင်းတိုက်ခတ်ခံရသည်အလား ရှုပ်ထွေးပွေလီစွာ တွန့်လိမ်ရှုံ့တွသွားရရှာသည်။
ဤနေရာတစ်ဝိုက် လူသားတို့၏ ခန္ဓာကိုယ်များနှင့် မရေမတွက်နိုင်သော ထူးဆန်းသည့် သားရဲကောင်များသည်လည်း အဆိုပါ လှိုင်းတွန့်များ၏ ရိုက်ခတ်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ကြတော့သည်။ ၎င်းမှာ အမြင်အာရုံ ပုံပျက်ရုံမျှမကဘဲ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ဝိညာဉ်အနှစ်သာရပါမကျန် ဖျက်ဆီးခံလိုက်ရခြင်းပင် ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ ရေပြင်ပေါ်၌ ပေါလောပေါ်နေသော ဖောက်ထွင်းမြင်ရသည့် စက္ကူပါးတစ်ရွက်နှယ် ဖြစ်သွားခဲ့ရသည်ဟု ခံစားလိုက်ရသည်။
ရေမျက်နှာပြင်မှာ လှိုင်းထလာသည်နှင့်အမျှ စက္ကူမှာလည်း လှိုင်းတွန့်ပုံသဏ္ဌာန်အတိုင်း မလွဲမရှောင်သာ ပြောင်းလဲသွားရခြင်းပင်။
တိုက်ပွဲဗဟိုချက်နှင့် အနည်းငယ်မျှ နီးကပ်နေသူတိုင်းမှာ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ ပုံပျက်သွားမှုကြောင့် ချက်ချင်းပင် သွေးအန်ထုတ်ကြရပြီး ပြင်းထန်သော ဒဏ်ရာများကို မျက်တောင်တစ်ခတ်အတွင်း ရရှိသွားကြသည်။
အဝေးမှ ကြည့်နေသူများပင်လျှင် မိမိတို့၏ ခန္ဓာကိုယ်မှာ အတင်းအဓမ္မ လိမ်ချိုးခံနေရသကဲ့သို့ ပြင်းထန်လှသော ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသည်။
ထို့ထက် ပိုမိုဝေးကွာသော နေရာရှိ အဆင့် (၉) နှင့် (၁၀) သားရဲကောင် အမြောက်အမြားမှာမူ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားကြပြီး သွေးမြူတိမ်တိုက်ကြီးများအဖြစ်သို့ ကြောက်မက်ဖွယ် ပြောင်းလဲသွားကြတော့သည်။
ဘေးထွက်ရိုက်ခတ်မှုများကပင် ဤမျှအထိ ဆိုးရွားနေပါလျှင် စွမ်းအားများ ပေါက်ကွဲထွက်ရာ ဗဟိုချက်တည့်တည့်မှာ မည်မျှအထိ ပြင်းထန်မည်မှာ ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။
မရေမတွက်နိုင်သော လှိုင်းတွန့်များ မြစ်ဖျားခံရာ နေရာမှာမူ လုံးဝဥဿုံ မှောင်အတိကျနေသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
ဟင်းလင်းပြင်ကြီးမှာ လုံးဝဥဿုံ ပျက်စီးသွားရသည်။ ၎င်းမှာ ဖော်ပြရန် ခက်ခဲလှသော ဖျက်ဆီးခြင်း အငွေ့အသက်များပင် ဖြစ်လေသည်။
အဆင့် (၁၂) သိုင်းသမားတစ်ဦးပင်လျှင် ထိုနေရာကို တစ်ချက်ကြည့်လိုက်ရုံနှင့် မိမိ၏ ဝိညာဉ်မှာ စုပ်ယူခံရပြီး ကြေမွသွားတော့မည့်အလား ချောက်ချားဖွယ် ခံစားချက်ကို ရရှိနေတော့သည်။
ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လှသော်လည်း နက်ရှိုင်းလှသော တုန်လှုပ်ချောက်ချားမှုကြီးကြားထဲမှနေ၍ တစ်ချိန်လုံး တည်ငြိမ်အေးစက်နေခဲ့သော အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာတော့သည်။
"ဒါပဲလား…"
"မင်းကတော့ တကယ်ကို..."
"အသုံးမကျတဲ့ အမှိုက်ပဲ"
"ဝုန်း..."
နောက်တစ်စက္ကန့်တွင်မူ ရွှေရောင်များဖြင့် သွန်းလုပ်ထားသကဲ့သို့ တောင့်တင်းလှသော လက်မောင်းတစ်ဖက်မှာ အဆိုပါ တွင်းနက်ကြီးအတွင်းမှ ထိုးထွက်လာလေသည်။
၎င်းမှာ ရေကာရံကို ထိုးဖောက်ထွက်လာသည့် ထက်မြက်လှသော ဓားတစ်လက်နှယ် ရှိသည်။ လက်ချောင်းငါးချောင်းကို ဖြဲကားလျက် တွင်းနက်လေဝဲကြီး၏ ဗဟိုချက်မှနေ၍ မောက်မာရိုင်းစိုင်းပြီး ရက်စက်လှသော ဟန်ပန်ဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုလက်ကြီးမှာ မျက်လုံး (၁၂) လုံးနှင့် ပြည်ကြီးငါးလက်တံများ ပါးစပ်တွင် ဖုံးလွှမ်းနေသော ယုတ်မာလှသည့် မိစ္ဆာရုပ်တုကြီးအား တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားပြီး ဆာလ်၏ လည်ပင်းအား အမိအရ ဖမ်းဆုပ်လိုက်တော့သည်။
ပြီးနောက်တွင်မူ သူ့အား ကြက်ကလေးတစ်ကောင်ကို မလိုက်သကဲ့သို့ အလွယ်တကူ ဆွဲမလိုက်လေသည်။
"ဂျွတ်... ဂျွတ်... ဂျွတ်..."
လက်မောင်းများအပြီးတွင် ပခုံးများ ရင်ဘတ် ဝမ်းဗိုက်နှင့် ဦးခေါင်းတို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
သူ၏ တစ်ကိုယ်လုံးအား လက်ရာမြောက်လှသော သိုင်းတရားပုံရိပ်များဖြင့် ဖုံးလွှမ်းထားသည်။ ပြိုင်ဘက်ကင်း အားကောင်းလှသော ရွှေရောင်ကိုယ်ထည်ကြီးမှာ လေဝဲကြီးအား အတင်းအဓမ္မ တွန်းဖြဲလျက် ပိုမိုကြီးမားလာသည်။
လုရှန်တစ်ယောက် အေးအေးလူလူ လမ်းလျှောက်ထွက်လာသည်။ ရူးသွပ်လှသည့် စွမ်းအင်များသည် ဤရွှေရောင်ကိုယ်ထည်နှင့် ထိတွေ့မိသည့်အခါမှာမူ စူးရှသော်လည်း အားအင်ကင်းမဲ့လှသော အသံများကိုသာ ထွက်ပေါ်စေတော့သည်။
လုရှန်သည် ကြယ်တာရာများ၏ သင်္ချိုင်းဂူထဲမှ ပြန်လည်နိုးထလာသော ရွှေရောင်ရှေးဟောင်းနတ်ဘုရားတစ်ပါးနှယ် ရှိနေတော့သည်။ လောကကြီးဆီသို့ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခြင်းပင်။
"မင်း သူ့ဆီ ခွေးတစ်ကောင်လို အညံ့ခံပြီး အမှောင်စွမ်းအင်တွေ အများကြီး စုပ်ယူထားတာတောင်မှ ဒီလောက် အားနည်းနေတုန်းလား"
လုရှန်သည် မိမိ၏ လက်ချောင်းများကြားတွင် မယုံကြည်နိုင်မှု ထိတ်လန့်မှုတို့ဖြင့် အသည်းအသန် ရုန်းကန်နေရှာသော ဆာလ်အား မျက်နှာသေဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက တကယ်ကို အသုံးမကျတဲ့ အမှိုက်ပဲ"
စကားအဆုံးတွင်မူ လုရှန်သည် သူ၏ လက်ချောင်းငါးချောင်းကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ ကိုယ်တွင်းရှိ မသေမျိုးဆဲလ် သုံးသိန်းသုံးသောင်းတို့သည် လက်ဖဝါးအတွင်း၌ ဖျက်ဆီးခြင်းစွမ်းအားကြီးတစ်ခုအဖြစ် စုစည်းသွားကြတော့သည်။
"ဖောင်း..."
ဆာလ်၏ လည်ပင်းအထက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ညှစ်ခြေခံလိုက်ရသော ရေပူပေါင်းတစ်ခုပမာ ပေါက်ကွဲထွက်သွားတော့သည်။
မရေမတွက်နိုင်သော သွေးရောင်အလင်းတန်းတို့သည် အတွင်းမှနေ၍ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်ထွက်သွားကြသည်။
အလင်းတန်းတစ်ခုချင်းစီတိုင်းတွင် ဆာလ်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာပုံရိပ်များ ထင်ဟပ်နေသကဲ့သို့ပင်။
***