"ဘုန်း..."
ဦးခေါင်းမဲ့သွားပြီဖြစ်သော ဆာလ်၏အလောင်းကို လုရှန်သည် အမှိုက်သရိုက်တစ်ခုနှယ် ဟင်းလင်းပြင်ထက်မှနေ၍ အသာအယာ ပစ်ချလိုက်ရာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဧရာမကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
လူတိုင်း၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်ယင်နေကြရသည်။
၎င်းမှာ ခန္ဓာကိုယ်၏ သဘာဝတုံ့ပြန်မှုတစ်ခုထက် ပိုနေတော့သည်။ အကြောင်းမှာ သူတို့၏ အသိဉာဏ်အာရုံတို့မှာ လုံးဝရှုပ်ထွေးပွေလီနေပြီး မျက်နှာပေါ်တွင်လည်း အံ့ဩတုန်လှုပ်မှုနှင့် ဗလာကျင်းနေမှုတို့သာ အထင်အရှား ဖြစ်နေသောကြောင့်ပင်။
ဆာလ် သေဆုံးသွားလေပြီ။
သူသည် အလွန်တရာ မြန်ဆန်သော သေဆုံးခြင်းဖြင့် ဇာတ်သိမ်းသွားခဲ့ရလေပြီ။
ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်ရလျှင် ခမ်းနားထည်ဝါ၍ ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် ကြယ်တာရာအော်ပရာပြဇာတ်ကြီးတစ်ခုသည် အရှိန်အဟုန် အပြင်းဆုံးနှင့် အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင် ရုတ်တရက်ဆိုသလို ကန့်လန့်ကာကြီးကို အတင်းအဓမ္မ ပိတ်ချလိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။
သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။
အညံ့ခံထားသော သိုင်းသမားတစ်ယောက် ရုတ်တရက် တုန်ယင်သွားပြီးနောက်မှသာ လူတိုင်း ကြောင်အမ်းနေမှုမှ တဖြည်းဖြည်း သတိပြန်ဝင်လာကြတော့သည်။
ထိုအခါမှသာ ဆာလ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အရှက်ရဖွယ်ကောင်းစွာ သေဆုံးသွားပြီ ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြတော့သည်။
နိယာမစွမ်းအား ငါးသွယ်အား နားလည်ထားပြီး ဂြိုဟ်သားသားရဲကောင်များ၏ ယုတ်မာလှသော စွမ်းအားများကို အသုံးပြုလျက် မိမိကိုယ်မိမိ အဆင့် (၁၃) အထိ ရောက်အောင် မြှင့်တင်ထားသူဆာလ်၏ ဦးခေါင်းမှာ ယခုမူ အစိစိပ်အမွှာမွှာ ချေမွခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား။
သူတို့တွင် ထပ်မံဖော်ပြရန်ပင် စကားလုံးများ မရှိတော့ချေ။ လူတိုင်း၏ နှလုံးသားထဲ၌ ရှိနေသော ရှုပ်ထွေးလှသည့် စိတ်ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။
သူတို့အားလုံးမှာ လုရှန်ကိုသာ မှင်သက်ကာ စိုက်ကြည့်နေမိကြတော့သည်။
ဤပုဂ္ဂိုလ်မှာ အဆင့် (၁၁) မျှသာ ရှိသေးပုံရသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ အဆင့် (၁၃) ရှိသူတစ်ဦးပင်လျှင် မနှိမ်နင်းနိုင်လောက်အောင် စံချိန်တင်လောက်စရာ ဖြစ်နေသည် မဟုတ်ပါလား။
“ဒါက ကောင်းကင်ဘုံက လွှတ်လိုက်တဲ့ မိစ္ဆာကောင်ကြီးလား…”
နှစ်ပေါင်းသောင်းချီ အမြစ်တွယ်လာခဲ့သည့် သိုင်းပညာနှင့် စွမ်းအားအဆင့်အတန်းများအပေါ် နားလည်မှုတို့မှာ တဖြည်းဖြည်း ပြိုလဲပျက်စီးလာနေပြီ ဖြစ်သည်။
လုရှန်၏ စွမ်းအားမှာ သူတို့၏ တန်ဖိုးထားမှုများနှင့် နားလည်မှုများကို လုံးဝ ရိုက်ခွဲပစ်လိုက်လေပြီ။
ကျောက်တုံးလူသား ဒေါင်းတန်အား ပွေ့ဖက်ထားသော ဆာယာပင်လျှင် အလွန်အမင်း အံ့ဩတုန်လှုပ်သွားရသဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်းကို လုံးဝဆုံးရှုံးသွားရသည်။ သူသည် သူ့ရှေ့မှ အစွမ်းထက်လှသော လုရှန်အား သူသိထားသည့် လူ ဟုတ် မဟုတ်ကိုပင် သံသယဝင်နေမိတော့သည်။
လုရှန်မှာမူ ထိုသူများ ဘာတွေးနေသည်ကို အာရုံစိုက်နေရန် အချိန်မရှိပေ။
သူ မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး ဟင်းလင်းပြင်ထဲမှ အချက်တစ်ချက်ကိုသာ စူးစိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းအစုံမှာ ရွှေရောင်ပယင်းရောင်များ စီးဆင်းနေသကဲ့သို့ တောက်ပနေသည်။
ထိုနေရာတွင် မျက်လုံးပေါင်းများစွာ ဖုံးလွှမ်းနေပြီး ပြည်ကြီးငါးလက်တံများ တွန့်လိမ်နေသည့် ပုံပျက်ပန်းပျက် မိစ္ဆာကောင်ကြီးတစ်ကောင်က သူ့အား ရက်စက်စွာ စိုက်ကြည့်နေသည်ကို လုရှန် မြင်တွေ့လိုက်ရသည်။
၎င်းမှာ တစ်ခုခုကို ရူးသွပ်စွာ ကျိန်ဆဲနေပုံရသလို တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားမှု သို့မဟုတ် ဂနာမငြိမ်ဖြစ်မှု တစ်ခုခုကို ဖော်ပြနေသကဲ့သို့ပင်။
သာမန်မျက်စိဖြင့် မမြင်နိုင်သော ဟင်းလင်းပြင်ထဲ၌ ဒေါသအား ကိုယ်စားပြုသည့် သွေးရောင်အလင်းတန်း အမြောက်အမြားမှာ အဆက်မပြတ် ပျံ့လွင့်လာကာ ပိုမိုသိပ်သည်းလာနေကြသည်။
ဤသွေးရောင်အလင်းတန်းများသည် ဗလာနတ္ထိထဲမှနေ၍ စိမ့်ဝင်လာကြပြီး ကွင်းပြင်ထဲ၌ ကျန်ရှိနေသော သားရဲကောင်များ၏ မျက်လုံးများကိုလည်း တဖြည်းဖြည်းနှင့် နီရဲလာစေတော့သည်။
ပြည်ကြီးငါးလက်တံများကို ရူးသွပ်စွာ ဝေ့ယမ်းနေသော အဆိုပါ ပုံပျက်ပန်းပျက် မိစ္ဆာကောင်ကြီး၏ ပုံသဏ္ဌာန်မှာလည်း တဖြည်းဖြည်း ပေါ်လွင်လာသည်။
လုရှန်၏ မျက်လုံးများတွင် အလင်းတစ်ချက် ချက်ချင်း ဖြတ်ပြေးသွားသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ မသေမျိုးဆဲလ် သုံးသိန်းသုံးသောင်းတို့မှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေကြသည်ကို သူ ခံစားလိုက်ရသည်။ ထိုဆဲလ်တစ်ခုချင်းစီပေါ်တွင် တိုက်ခိုက်လိုစိတ် ဟု ခေါ်ဆိုသော မီးတောက်မှာ ပြင်းထန်စွာ တောက်လောင်နေတော့သည်။
အဆင့် ၁၃...။
ဆာလ်အား ထိပ်တိုက်နင်းခြေ ဖျက်ဆီးပြီးနောက်တွင်မူ လုရှန်သည် သူ၏ လက်ရှိစွမ်းအားအပေါ် အကြမ်းဖျင်း နားလည်မှု ရရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤနားလည်မှုမှာ လုံလောက်မှုမရှိသေးကြောင်း ထင်ရှားလှပေသည်။
သူသည် ပိုမိုအားကောင်းသော ပြိုင်ဘက်များနှင့် ပိုမိုကြီးမားသော ဖိအားများကို လိုအပ်နေသည်။ ထိုအခါမှသာ မိမိကိုယ်မိမိ အစစ်အမှန် နားလည်နိုင်မည်ဖြစ်ပြီး မိမိ၏ စွမ်းရည်ကန့်သတ်ချက်များနှင့် အလားအလာရှိသော အထွတ်အထိပ်တို့ကို သိရှိနိုင်မည် မဟုတ်ပါလား။
"အဆင့် ၁၃... အစစ်အမှန် အဆင့် ၁၃ ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ့ကို ပြစမ်းပါဦး"
လုရှန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
…
ဖြူဖွေးလှသော ပုံရိပ်တစ်ခုသည် မှောင်အတိကျနေသော ကြယ်တာရာကောင်းကင်ယံတစ်ခွင် လျှင်မြန်စွာ ဖြတ်သန်းသွားသည်။
ထို့နောက် ဟင်းလင်းပြင်ထက်၌ နက်ရှိုင်းလှသော လှိုင်းတွန့်ဂယက်များကို ချန်ရစ်ခဲ့လေသည်။ ထိုပုံရိပ်မှာ တည်ငြိမ်အေးစက်သော မျက်နှာထားနှင့် အမျိုးသားတစ်ဦးပင် ဖြစ်သည်။
သူသည် အသက် (၃၀) အရွယ်ရှိပြီး ရှည်လျားလှသော ဆံနွယ်များမှာ တောက်ပဝင်းလက်နေသည်။ ဆံပင်အရောင်မှာ သူဝတ်ဆင်ထားသည့် အနက်စင်စစ် တိုက်ပွဲဝင်ဝတ်စုံနှင့် သိသိသာသာ ဆန့်ကျင်ဘက် ကွဲပြားနေလေသည်။
ဖြူဖွေးသောဆံပင်နှင့် ထိုသူသည် သူ၏ညာလက်တွင် ကျဉ်းမြောင်းရှည်လျားသော ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။
ထိုဓားမှာ ထူးဆန်းလှသော အသွင်ရှိပြီး မီးခိုးဖြူရောင် အဆင်းရှိလေသည်။ ဓားရိုးနှင့် ဓားလက်ကိုင်တို့မှာလည်း မည်သည့်အမျိုးအစားမှန်း မသိရသော တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ အရိုးများနှင့် ပြုလုပ်ထားပုံရပေသည်။
"ကိုဩဒိနိတ်... ကျေးဇူးပြုပြီး ကိုဩဒိနိတ်ကို နောက်တစ်ခါ ထပ်ပေးပါဦး"
ဖြူဖွေးသောဆံပင်နှင့် ထိုသူက သူ၏နားတွင် တပ်ဆင်ထားသော ဆက်သွယ်ရေးစက်ကို ညင်သာစွာ ပုတ်လိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။ မကြာမီမှာပင် ဆက်သွယ်ရေးစက်အတွင်းမှ မမျှော်လင့်ထားသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"သခင်ကြီး ဟိုင်ကျိတောက်... ခင်ဗျား အဲ့နေရာကို မရောက်သေးဘူးလား"
ဖြူဖွေးသောဆံပင်နှင့် ထိုသူက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
"လမ်းမှာ ဗိုလ်ချုပ်တစ်ကောင်နဲ့ ဆုံလို့ တိုက်ပွဲဖြစ်ခဲ့သေးတယ် ကံမကောင်းစွာနဲ့ပဲ သူ လွတ်သွားခဲ့တယ်..."
"ဪ... ကောင်းပါပြီ နားလည်ပါပြီ"
ဆက်သွယ်ရေးစက်ထဲမှ လူက ပြန်လည်ဖြေကြားလိုက်ပြီး တည်နေရာပြ ကိုဩဒိနိတ်အသစ်တစ်ခုကို အလျင်အမြန် ပေးပို့လိုက်တော့သည်။
"ကိုဩဒိနိတ်ရဲ့ စွမ်းအင် အတက်အကျတွေက အရမ်းကို မတည်မငြိမ် ဖြစ်နေတယ်။ သခင်ကြီး ဟိုင်ကျိတောက် အနေနဲ့ မြန်မြန်သွားဖို့ လိုလိမ့်မယ် ထင်တယ်"
ကိုဩဒိနိတ်များ ပေးပို့ပြီးနောက် ထိုအသံက သတိပေးစကား ဆိုလိုက်သည်။
"နားလည်ပြီ"
ဖြူဖွေးသောဆံပင်နှင့် ထိုသူက ဆက်သွယ်မှုကို အဆုံးသတ်လိုက်လေသည်။ သူ၏ တည်ငြိမ်လှသော မျက်ဝန်းအစုံမှာ အနည်းငယ်မျှ တဖျပ်ဖျပ် လှုပ်ရှားသွားသည်။
ချက်ချင်းဆိုသလိုပင် အလွန်အမင်း မြန်ဆန်နေသော သူ၏အရှိန်အဟုန်မှာ အဆပေါင်းများစွာ ပိုမို မြန်ဆန်သွားလေတော့သည်။
***