"ဒါက မင်းပိုင်ဆိုင်ထားတဲ့ နိယာမစွမ်းအားလား"
လုရှန် အေးအေးဆေးဆေးပင် မေးလိုက်သည်။ ထို့နောက် သူ၏ မီးခိုးရောင်မျက်လုံးအစုံမှ အရောင်လေးမျိုးရှိသော အလင်းတန်းများ တောက်ပလာတော့သည်။
"တိုက်ဆိုင်လိုက်တာ... ငါ့ဆီမှာလည်း တစ်ခုရှိနေတယ်"
သူ စကားပြောနေစဉ် လုရှန်၏ မျက်လုံးထဲမှ အရောင်လေးမျိုး အလင်းတန်းမှာ ပိုမိုစူးရှလာပြီး သူ၏ ဦးခေါင်းနောက်တွင် အရောင်လေးမျိုးရှိသော အလင်းရောင်ခြည်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုရောင်ခြည်ဝန်း၏ အနီရောင်အပိုင်းမှာ စူးရှစွာ တောက်ပနေသည်။
သားရဲကြီးအား ဝန်းရံထားသော များပြားလှသည့် မိစ္ဆာမီးတောက်များနှင့် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အမြှေးပါးတို့သည် လုရှန်၏ ဦးခေါင်းနောက်ရှိ ရောင်ခြည်ဝန်းဆီသို့ စုပြုံဝင်ရောက်သွားကြသည်။
ထိုရောင်ခြည်ဝန်းမှာ လောဘကြီးလှသော အမဲလိုက်သမားတစ်ကောင်နှယ် အာဟာရဓာတ်အားလုံးကို အရူးအမူး ဝါးမျိုနေတော့သည်။
ဝီ... ဝီ...
သားရဲကြီး၏ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်ကြီးမှာ ပြင်းထန်စွာ လူးလွန့်သွားသည်။ ထောင်သောင်းချီသော မျက်လုံးများတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေသည်။
၎င်း၏ပါးစပ်များမှလည်း နားကွဲမတတ် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများကို ဆက်တိုက် ထုတ်လွှတ်နေတော့သည်။ လုရှန်၏ အပြုအမူကို ဒေါသတကြီး ဆဲဆိုနေသည့်အလားပင်။
လုရှန်၏ မျက်လုံးများမှာ အေးစက်ကြည်လင်နေဆဲ ဖြစ်သည်။ သူသည် ရှေ့ရှိ သားရဲကြီးကို လက်တစ်ဖက်ဖြင့် အားကုန်ဖိချလိုက်ပြီး အခြားလက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ဟင်းလင်းပြင်ထဲ၌ ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခု အသံတိတ် ပေါ်ထွက်လာသည်။ ထိုလျှပ်စီးကြောင်းမှာ သဘာဝတရား၏ လက်ရာမြောက် အနုပညာတစ်ခုကဲ့သို့ လွန်စွာ သိမ်မွေ့လှပနေသည်။
၎င်းသည် စက္ကန့်ပိုင်းအတွင်း နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ စစ်မြေပြင်ရှိ လူတိုင်းသာမက ဂြိုဟ်သားသားရဲတို့၏ အာရုံကိုပါ ဆွဲဆောင်သွားခဲ့သည်။
လူတိုင်းက ထိုလျှပ်စီးကြောင်းကို စူးစိုက်ကြည့်နေကြပြီး မျက်လုံးများမှာ အရောင်လက်နေကြသည်။ ဤမိုးကြိုးအတွင်း၌ သူတို့အားလုံး ကြိုးစားရှာဖွေနေကြသည့် အရာတစ်ခု ပါဝင်နေပုံရသည်။
ရုတ်တရက် သူတို့အထဲမှ လူတစ်စုမှာ တစ်ခုခုကို သဘောပေါက်သွားသည့်အလား လန့်နိုးလာကြသည်။ သူတို့၏ မျက်နှာတွင် အလွန်အမင်း တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ ပေါ်လွင်နေပြီး လုရှန်အား ကြည့်ရသော အကြည့်များမှာ ယခင်ကထက် အဆများစွာ ပို၍ ထိတ်လန့်နေကြသည်။
လုရှန် ဆာယာကို သတ်ဖြတ်စဉ်ကဖြစ်စေ အဆင့် ၁၃ ပြိုင်ဘက်ကို ရင်ဆိုင်စဉ်ကဖြစ်စေ ဤကဲ့သို့သော ကြောက်ရွံ့မှုကို သူတို့ တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
လျှပ်စီးကြောင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဆင့် ၁၃ သားရဲကြီး၏ မျက်လုံးပေါင်းများစွာမှာ ကြောက်ရွံ့မှုကို တစ်ပြိုင်နက်တည်း ဖော်ပြလိုက်ပြီး အရူးအမူး အော်ဟစ်လိုက်တော့သည်။
ကြောက်မက်ဖွယ် အသံလှိုင်းများမှာ ဆူနာမီလှိုင်းလုံးကြီးနှယ် လုရှန်ထံသို့ ရိုက်ခတ်လာသည်။
ရေဘဝဲလက်တံများနှင့် သွေးရောင်လက်တံများ၏ တိုက်ခိုက်မှုများလည်း ပါဝင်နေသည်။ သို့သော် လုရှန်မူ ထိုအရာများအား လုံးဝဂရုမစိုက်ဘဲ သူ၏အကြည့်များကို လျှပ်စီးကြောင်းထံသို့သာ စူးစိုက်ထားသည်။
သူသည် အိပ်မက်နယ်မြေအတွင်း လဲ့ဖူထျန် အမည်ရှိ အဆင့် ၁၃ အထွတ်အထိပ် သိုင်းသမားတစ်ဦးကို အနိုင်ယူခဲ့စဉ်က သူ၏ နိယာမအမွေအနှစ်ကို ရရှိခဲ့ဖူးသည်။ ထိုအရာအား တစ်ခါမျှ စမ်းသပ်ကြည့်ရခြင်း မရှိသေးပေ။
ယခုမူ စစ်မှန်သော နိယာမစွမ်းအားအား စမ်းသပ်ရန် အခွင့်အရေး ရပြီဖြစ်သည်။
"နိယာမအဆင့်ကို မထိတွေ့ရသေးတဲ့ ကြယ်နီကြီးအသွင်ဟာ အဆင့် ၁၃ ပြိုင်ဘက်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပေမယ့် အဆင့် ၁၃ တစ်ကောင်ကို သတ်ဖြတ်နိုင်ဖို့ကျတော့ နည်းနည်းလေး လိုအပ်နေသေးတယ်..."
"အဆင့် ၁၃… နောက်ဆုံးမှာတော့ အဆင့် ၁၃ နဲ့ တကယ် သက်ဆိုင်တဲ့ စွမ်းအားကမှ သူ့ကို သတ်နိုင်လိမ့်မယ်"
လုရှန် တိုးညှင်းစွာ ပြောလိုက်ပြီးနောက် ညာလက်ဖြင့် ခရမ်းရောင် လျှပ်စီးဘောလုံးကို ညင်သာစွာ ဆုပ်ကိုင်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
နောက်တစ်စက္ကန့်မှာပင် သူ၏ တစ်ကိုယ်လုံးရှိ ရှုပ်ထွေးသိမ်မွေ့လှသော နေနတ်ဘုရားအမှတ်အသားများအထက်၌ ပို၍ပင် စူးရှတောက်ပသော ခရမ်းရောင်လျှပ်စီးတန်းများ ကြီးထွားခုန်ထွက်လာကြသည်။
မျက်တောင်တစ်ခတ်အတွင်း လုရှန်မှာ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများဖြင့် လွှမ်းခြုံခံလိုက်ရလေသည်။
သူ ညာလက်ကို မြှောက်လိုက်ရာ မိုးကြိုးနိယာမစွမ်းအားကို ဆုပ်ကိုင်ထားသော လက်သီးမှာ ကြယ်တာရာနတ်ဘုရားတစ်ပါး၏ ရာဇလှံတံကဲ့သို့ ခရမ်းရောင်အလင်းများကို ထုတ်လွှတ်နေတော့သည်။ လုရှန်၏ မီးခိုးရောင်မျက်လုံးများ ဗဟို၌ ခရမ်းရောင်အစက်တစ်စက် ပွင့်အာလာပြီး ကြယ်တစ်ပွင့်နှယ် တောက်ပနေသည်။
ထို့နောက် လုရှန်တစ်ယောက် သူ့ရှေ့ရှိ သားရဲကြီးကို လက်သီးဖြင့် ဖြည်းညှင်းစွာ ထိုးချလိုက်သည်။
"ငါက မိုးကြိုးကို သုံးပြီး..."
"အမှောင်ထုကို ခွဲပစ်မယ်"
ဘုန်း...
ဆံဖြူအမျိုးသားသည် ဟင်းလင်းပြင်ထက်တွင် အဟုန်ပြင်းစွာ ပျံသန်းနေသည်။
ရုတ်တရက် သူ တန့်ခနဲ ရပ်တန့်သွားပြီး ရှေ့သို့ မျှော်ကြည့်လိုက်ရာ တည်ငြိမ်လှသော သူ၏မျက်ဝန်းအစုံ၌ ဂယက်ငယ်တစ်ခု ထင်ဟပ်သွားတော့သည်။
ထို့နောက် သူ လက်တစ်ဖက်ကို ရုတ်ချည်း ဆန့်ထုတ်လိုက်လေသည်။
လက်ဝါးမှာ ရေမျက်နှာပြင်အတွင်းသို့ နစ်ဝင်သွားသည့်နှယ် လေထုထဲသို့ ဆန်းကြယ်စွာ တိုးဝင်သွားသည်။ ဆံဖြူအမျိုးသား ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင်မူ သူ၏လက်ထဲ၌ အရာဝတ္ထုတစ်ခု ပါလာခဲ့ပြီ ဖြစ်သည်။
၎င်းမှာ တစ်ဖျပ်ဖျပ် လှုပ်ရှားနေသည့် ဧရာမမျက်လုံးကြီး တစ်လုံးပင်။
မျက်လုံးကြီးအတွင်း၌ သေးငယ်သော ခရမ်းရောင်လျှပ်စစ်တန်းများက တဖျစ်ဖျစ် မြည်ဟည်းနေသည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အမျိုးသား၏လက်ထဲ၌ မီးသွေးခဲတစ်ခုအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ဆံဖြူအမျိုးသားသည် အလယ်ဗဟို၌ မီးကျွမ်းရာ အစက်ငယ်လေးတစ်ခု ကျန်ရစ်သော သူ၏ ဗလာလက်ဝါးပြင်ကို ငုံ့ကြည့်လိုက်မိသည်။
သူ၏မျက်ဝန်းအစုံ၌ ထူးဆန်းသောအလင်းတစ်ခု လက်သွားသည်။ သူသည် ဆက်သွယ်ရေးကိရိယာကို ချိတ်ဆက်ရန် ကြိုးစားလိုက်သော်လည်း ခဏအကြာတွင်မူ ထိုအကြံကို ပြန်လည်စွန့်လွှတ်လိုက်သည်။
"အခြေစိုက်စခန်းထဲမှာ အဆင့် ၁၃ အစွမ်းထက်သူဆိုလို့ လက်တစ်ဆုပ်စာပဲ ရှိတာ။ ပြီးတော့ မိုးကြိုးနိယာမကို ပိုင်နိုင်ထားတဲ့သူဆိုတာ တစ်ယောက်မှ မရှိပါဘူး..."
"ဒါဆို ဘယ်သူများ ဖြစ်နေမလဲ"
ဆံဖြူအမျိုးသား တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်ပေါင်းသောင်းချီဝေးသော နေရာသို့ ရောက်ရှိသွားတော့သည်။
ဘုန်း... ဝုန်း... ဝုန်း...
ဝုန်း... ဝုန်း... ဘုန်း...
ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ ဆက်တိုက်ထွက်ပေါ်နေသည်။
ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာ လျှပ်စီးမိုးကြိုး သမုဒ္ဒရာကြီးတစ်ခုအဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းသွားလေသည်။
မိုးကြိုးတန်းတို့မှာ အရပ်မျက်နှာအနှံ့ ဟိန်းဟောက်နေကြပြီး နဂါးများ မြွေများ သစ်ပင်များနှင့် ကွန်ရက်များသဖွယ် အချင်းချင်း ရစ်ပတ်ယှက်နွယ်ကာ အရာခပ်သိမ်းကို ဖျက်ဆီးပစ်နေသည်။
ဟင်းလင်းပြင်ကြီးမှာလည်း လုံးဝကွဲအက်သွားသည့် မှန်ချပ်တစ်ခုနှယ် အက်ကြောင်းများ ထပ်နေတော့သည်။
မရေမတွက်နိုင်သော ဂြိုဟ်သားသားရဲတို့မှာ ဤမိုးကြိုးပင်လယ်အတွင်း၌ နာကျင်စွာ အော်ဟစ်သေဆုံးကုန်ကြပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
စစ်မြေပြင်တွင် ကျန်ရစ်သော လူသားစစ်သည်တော်တို့မှာလည်း ထိတ်လန့်တကြားဖြစ်ကာ ခေါင်းပြတ်နေသော ယင်ကောင်များနှယ် အရပ်မျက်နှာအနှံ့ ထွက်ပြေးနေကြသည်။
သို့သော် လူအများအပြား လျှပ်စီးထိမှန်ကာ အမှုန့်ကြိတ်ခံလိုက်ရပြီးနောက်တွင်မူ သူတို့အားလုံး သင်ခန်းစာ ရသွားကြတော့သည်။ ထို့နောက် ယခင်ရန်ငြိုးများကို ဘေးဖယ်ထားလိုက်ကြပြီး အချင်းချင်း ပူးပေါင်းကာ ဤမိုးကြိုးသမုဒ္ဒရာအတွင်း အသက်ရှင်သန်နိုင်ရန် အားခဲရုန်းကန်ကြတော့သည်။
လူတိုင်း အထက်ရှိ ကောင်းကင်ယံ တစ်နေရာသို့ မော့ကြည့်နေကြသည်။
ထိုနေရာရှိ ဟင်းလင်းပြင်မှာမူ လုံးဝကို ဖရိုဖရဲဖြစ်ကာ ရှုပ်ထွေးနေပြီ ဖြစ်သည်။ လုရှန်နှင့် အဆင့် ၁၃ ဗိုလ်ချုပ်အဆင့် သားရဲကြီးအား သူတို့ မမြင်နိုင်တော့ပေ။
မြင်တွေ့နိုင်သမျှမှာ တောက်လောင်နေသော လျှပ်စီးတန်းများ မီးတောက်လှိုင်းများနှင့် အဆင့် ၁၃ သားရဲကြီး၏ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော စူးရှသည့် နာကျင်ဟိန်းဟောက်သံများသာ ဖြစ်သည်။
လမ်းပြသူ နှစ်ဦးအပါအဝင် လူတိုင်း၏မျက်နှာမှာ သွေးဆုတ်ဖြူဖျော့နေကြသည်။
သူတို့မှာ ပုရွက်ဆိတ်ငယ်များနှယ် ပုန်းအောင်းနေကြရသည်။ နှစ်ပေါင်းထောင်ချီ ကြံ့ခိုင်အောင် လေ့ကျင့်ထားကာ နိယာမစွမ်းအားများ ကိန်းအောင်းနေသော သူတို့၏ ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေကြသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာပျက်ကိန်း စွမ်းအားအောက်တွင် ကြယ်တာရာနယ်မြေအသီးသီးမှ အုပ်စိုးသူများဖြစ်ကြသည့် ဤပုဂ္ဂိုလ်များသည် အားအနည်းဆုံးသော အတိတ်ကာလတစ်ခုဆီသို့ အတူတကွ ပြန်လည်ရောက်ရှိသွားသည့်နှယ် ဖြစ်နေသည်။
အကူအညီမဲ့မှု ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့က သူတို့အား လွှမ်းခြုံထားပြီး အချိန်မရွေး ဝါးမျိုပစ်တော့မည့်အလား ခြိမ်းခြောက်နေတော့သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ထိတ်လန့်တုန်လှုပ်နေသော စစ်သည်တစ်ဦးက အဖြေရှာမရသည့်ဟန်ဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ထိုအခါ ဘေးဘက်မှ အားယူပြောလိုက်ရသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါဟာ နိယာမပဲ... နိယာမရဲ့ စွမ်းအား။ ပြီးတော့ တော်တော်ကြီး အားကောင်းလှတဲ့ နိယာမစွမ်းအား တစ်ခုပဲ"
ထိုသူမှာ သောင်းကျန်းနေသော လျှပ်စီးတန်းများအား ငေးမောကြည့်နေသည်။
***