"မေးစရာရှိတာက... ကျင့်ကြံခြင်းအဆင့် ၁၁ ပဲ ရှိတာ သေချာတဲ့ လူတစ်ယောက်ရဲ့ လက်ထဲမှာ ဘာလို့ ဒီလောက် အားကောင်းတဲ့ နိယာမစွမ်းအား ရှိနေရတာလဲ ဆိုတာပဲ"
နိယာမစွမ်းအား၏ လျှို့ဝှက်ချက်များကို သိရှိထားသော အခြားသောသူများကလည်း ဤမေးခွန်းကိုပင် မေးလိုနေကြသည်။ သို့သော် ကံမကောင်းစွာဖြင့် မည်သူမျှ အဖြေမပေးနိုင်ကြချေ။
ယခုအချိန်အထိ လုရှန်ထံတွင် ဖြစ်ပျက်သမျှ အရာအားလုံးမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ထူးဆန်းလွန်းလှသည်။
လုရှန်သည် ကောင်းကင်တစ်ဝက်ကို ရုတ်ချည်း ဆွဲဖြဲပစ်လိုက်သော တောက်ပလှသည့် ကြယ်တံခွန်ကြီး တစ်စင်းနှင့် တူနေသည်။ သိုင်းပညာနှင့် ပတ်သက်သော သူတို့၏ အခြေခံအသိတရားများမှာလည်း တစ်စစီ ရိုက်ချိုးခံလိုက်ပြီး ဖြစ်သည်။
လူတစ်စုမှာ သင်္ဘောပျက်ရာမှ အသက်ရှင်ကျန်ရစ်ကာ ကုန်းပတ်တစ်ခုပေါ်သို့ အတူတွယ်တက်လာကြသူများနှယ် စုရုံးနေကြသည်။ သူတို့သည် ဟုန်းဟုန်းတောက်နေသော မိုးကြိုးပင်လယ်ပြင်အား ငေးမောကြည့်နေကြပြီး စိုးထိတ်နေကြသည်။
ဆာယာသည်လည်း ဤကုန်းပတ်ပေါ်၌ ရှိနေသည်။
အသက်ရှင်ကျန်ရစ်သော စစ်သည်တော်တို့က သူ့အား ဝန်းရံထားကြပြီး ပတ်ဝန်းကျင်ရှိ လျှပ်စီးဒဏ်မှ အလှည့်ကျ ကာကွယ်ပေးနေကြသည်။ ဆာယာကိုမူ အန္တရာယ်ရှိသော အရှေ့သို့ တစ်ခါမျှ မလွှတ်ခဲ့ကြပေ။
လမ်းပြသူနှစ်ဦးအနက် တစ်ဦးက ထူးဆန်းသော ကျောက်တုံးတစ်တုံးကိုပင် ဆာယာအား စေတနာဖြင့် ပေးကမ်းခဲ့သေးသည်။
ထိုကျောက်တုံးကို အသုံးပြုလိုက်သောအခါ ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမြောပါး ဖြစ်နေသော ဒေါင်းတန်၏ အခြေအနေမှာ တိုးတက်လာသည့် လက္ခဏာများ ပြသလာသည်။
ကျန်ရစ်နေသော ကျောက်တုံးခေါင်း၏ အောက်ဘက်တွင် ကျောက်စရစ်ခဲလေးများ စတင်ထွက်ပေါ်ကာ ကြီးထွားလာလေသည်။
ဆာယာမှာ ဒေါင်းတန်၏ဦးခေါင်းကို မထိတထိ ဆုပ်ကိုင်ထားရင်း အတောက်ပဆုံးသော လျှပ်စီးမိုးကြိုးကို ငေးမောကြည့်နေသည်။ သူ၏မျက်နှာအမူအရာမှာ မိန်းမောတွေဝေနေဆဲပင်။ သူ သတိပြန်မဝင်လာသေးချေ။
ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး ကြီးမားသောအပြောင်းအလဲများကြားတွင်ပင် ကောင်းမွန်စွာ ကာကွယ်ပေးခံခဲ့ရသော ဆာယာသည် အလိုလိုက်ခံထားရသော သခင်လေးတစ်ဦး၏ စိတ်ဓာတ်ကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
"ဒါဟာ ဂြိုဟ်သားစစ်မြေပြင်မှာ စစ်မှုထမ်းဖို့ တိတ်တဆိတ် ထွက်ပြေးလာတဲ့ ငါ့ရဲ့ အတွေ့အကြုံပေါ့လေ"
ဤအတွေ့အကြုံမှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက သူ၏ ယခင်အတွေ့အကြုံအားလုံးထက် အဆပေါင်းသောင်းခြောက်ထောင်မက ပို၍ မှော်ဆန်နေသည်မှာ အမှန်ပင်။
"ငါဟာ တစ်ချိန်က နိယာမစွမ်းအားကို ကိုင်စွဲထားနိုင်ပြီး အဆင့် ၁၃ သားရဲကြီးကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ လူတစ်ယောက်နဲ့ သွေးသောက်ညီအစ်ကို ဖြစ်ခဲ့တာလား"
ဆာယာခမျာ ဇဝေဇဝါဖြစ်ကာ ဘာလုပ်ရမှန်း မသိတော့ချေ။
ဘုန်း...
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ကောင်းကင်ယံ စစ်မြေပြင်ကို ဖြတ်၍ လျှပ်စီးကြောင်းတစ်ခု လက်သွားသည်။
ထို့နောက် ရေတွက်၍မရသော လျှပ်စီးနှင့် မီးတောက်များ ပေါက်ကွဲထွက်လာသည်။ ထိုလျှပ်စီးတန်းတို့မှာ ရေစီးကြောင်းကြီးတစ်ခုနှယ် အရပ်မျက်နှာအနှံ့သို့ လျှံကျလာတော့သည်။
အနီးဆုံးရှိ သားရဲတို့မှာ အော်သံပင် မပြုနိုင်ဘဲ လျှပ်စီးများ၏ ဝါးမျိုမှုကို ပထမဆုံး ခံလိုက်ရကာ အစအနမျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြသည်။
လူသားစစ်သည်များ ဖွဲ့စည်းထားသော ခံစစ်မျဉ်းမှာလည်း ထိုလျှပ်စီးချော်ရည် လှိုင်းလုံးကြီး၏ ဝါးမျိုခြင်းကို ခံရတော့မည့်ဆဲဆဲ ဖြစ်သည်။ လူတိုင်း၏မျက်နှာမှာ သေလူကဲ့သို့ ဖြူရော်သွားပြီး နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုတို့ အစားထိုးဝင်ရောက်လာသည်။
ထိုစဉ်မှာပင် မီးခိုးဖြူရောင် ဓားအလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ ထို့နောက် ဧရာမလျှပ်စီးလှိုင်းလုံးကြီးကို ချက်ချင်း ဖြတ်တောက်လိုက်ကာ ပိတ်ဆို့တားဆီးလိုက်လေသည်။
ရုတ်တရက် လူတိုင်းရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများရှိကာ ထူးဆန်းသည့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
လူတိုင်း တိတ်ဆိတ်သွားပြီးနောက် လူအုပ်ထဲမှ အသံနှစ်သံ ထွက်ပေါ်လာသည်။
"ဒါ... ဒါက သခင်ကြီး ဟိုင်ကျိတောက်လား"
ဆံဖြူအမျိုးသား ဖြည်းညှင်းစွာ လှည့်ကြည့်လာရာ တည်ငြိမ်အေးစက်လှသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူ၏ သူငယ်အိမ်များမှာလည်း အရိုးနှယ် မီးခိုးဖြူရောင် ဖြစ်နေသည်။ သူ၏အကြည့်မှာ လမ်းပြသူနှစ်ဦးထံ ကျရောက်သွားပြီးနောက် ခပ်အေးအေးပင် မေးလိုက်သည်။
"အကူအညီတောင်းတဲ့ အချက်ပြမှု ပို့လိုက်တာ မင်းတို့လား"
"ဟုတ်ပါတယ်... ကျွန်တော်တို့ပါ"
ဤအချိန်တွင် လမ်းပြသူနှစ်ဦးမှာ ပင်လယ်လယ်၌ လမ်းပျောက်နေရာမှ မီးပြတိုက်တစ်ခုကို တွေ့လိုက်ရသည့်အလား အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာသွားကြသည်။
"သခင်ကြီး ရောက်လာတာ သိပ်ကောင်းတာပဲ..."
"သခင်ကြီး အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့"
အသက်ရှင်ကျန်ရစ်သော အခြားလူသားစစ်သည်တို့မှာလည်း စိတ်လှုပ်ရှားလာကြသည်။ ဘေးဒုက္ခမှ လွတ်မြောက်သွားသော ဝမ်းသာမှုကြောင့် သူတို့အားလုံး ပြုံးရွှင်နေကြသည်။
ဂြိုဟ်သားသားရဲတို့ဘက်သို့ တစ်ချိန်က ကူးပြောင်းခဲ့သော ထို သစ္စာဖောက်များပင် ပါဝင်သည်။ သူတို့အတွက်မူ အာကာသစစ်ခုံရုံးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ယခုချက်ချင်း အသေခံရသည်ထက် အဆပေါင်းများစွာ ပိုကောင်းနေသေးသည်။
သူတို့အားလုံးမှာ အဆင့် ၁၂ သို့ ရောက်ရှိရန် အနှစ်ထောင်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့ရသူများ ဖြစ်ရာ မိမိတို့၏ အသက်ကို အဘယ်ကြောင့် အလွယ်တကူ အဆုံးရှုံးခံနိုင်မည်နည်း။
လမ်းပြသူ နှစ်ဦးနှင့် စကားပြောကာ သူမည်သူဖြစ်ကြောင်း အတည်ပြုပြီးနောက် ဆံဖြူအမျိုးသားက သူ၏အကြည့်ကို ပြန်လှည့်လိုက်ပြီး ရှေ့ရှိ သောင်းကျန်းနေသော လျှပ်စီးမိုးကြိုး သမုဒ္ဒရာကြီးကို စူးစိုက်ကြည့်နေလိုက်သည်။
လမ်းပြသူ နှစ်ဦးက သူ့အနီးသို့ အမြန်ချဉ်းကပ်သွားသည်။
"အခု ဗိုလ်ချုပ်အဆင့် သားရဲကြီးနဲ့ တိုက်ခိုက်နေတဲ့ အဆင့် ၁၃ စစ်သည်တော်က ဘယ်သူလဲဆိုတာ မင်းတို့ သိလား"
လမ်းပြသူ နှစ်ဦးမှာ အံ့အားသင့်သွားပြီး တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ သူတို့ ပါးစပ်ဟလိုက်သော်လည်း ခဏမျှ မည်သို့ဖြေရမှန်း မသိဖြစ်သွားကြသည်။
"ဘာလဲ... မင်းတို့လည်း သူ့ကို မသိဘူးလား။ သူက အဆင့် ၁၃ လူသား ဆိုတာရော မင်းတို့ သေချာရဲ့လား"
ဆံဖြူအမျိုးသားက ထပ်မံ မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့"
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကာ ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"လူသားပဲ ဖြစ်မှာပါ..."
လမ်းပြများ၏ မသေချာမရေရာသော အဖြေများကို ကြားရသောအခါ ဆံဖြူအမျိုးသား မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
ထပ်မံ၍ မေးခွန်းအချို့ မေးရန် ပြင်လိုက်စဉ်မှာပင် သောင်းကျန်းနေသော လျှပ်စီးမိုးကြိုး သမုဒ္ဒရာမှာ အဟုန်ကို ရုတ်ချည်း ရပ်တန့်လိုက်ပြီး အလယ်ဗဟိုဆီသို့ ပြန်လည်ကျုံ့ဝင်သွားတော့သည်။
ထိုအခါမှသာ အားလုံးမှာ မိုးကြိုးသမုဒ္ဒရာအောက်ရှိ မြင်ကွင်းကို မြင်တွေ့ခွင့် ရသွားကြတော့သည်။
မိုးကြိုးသမုဒ္ဒရာ၏ ဝါးမျိုခြင်းကို ခံလိုက်ရသော ဂြိုဟ်သားသားရဲတို့မှာ လုံးဝ ပျောက်ကွယ်သွားကြပြီ ဖြစ်ပြီး သားရဲကောင် သလင်းအမြုတေများသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအရာများ အားလုံးမှာ လခြမ်းပုံစံ တောက်ပသော အလင်းတန်းများအဖြစ် ပေါင်းစပ်သွားပြီး လျှပ်စီးမိုးကြိုးများထံသို့ ပြန်လည် စီးဝင်သွားကြသည်။
လျှပ်စီးတန်းတို့မှာ ပိုမိုတောက်ပလာသည်။ တောက်ပသည်ထက် ပို၍ပင် တောက်ပလာသည်။
လမ်းပြသူများနှင့် အခြားသူတို့မှာ တိုက်ရိုက် မကြည့်နိုင်ကြတော့ပေ။ ဆံဖြူအမျိုးသားပင် သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ရသည်။
မြင်ကွင်းမှာ အမှောင်ထုအတိပြီးသော ကောင်းကင်ယံထက်၌ ခရမ်းရောင် နေမင်းတစ်စင်း ထွန်းလင်းလာသည့်နှယ်ပင်။
***