ခရမ်းရောင်နေမင်းကြီးမှာ အတိုင်းအတာတစ်ခုအထိ ပြန့်ကားလာခဲ့သည်။
အရာရာသည် အထွတ်အထိပ်သို့ ရောက်လျှင် ဆုတ်ယုတ်တတ်သည် ဟူသော ဆိုရိုးအတိုင်းပင် ဖြစ်တော့သည်။
တောက်ပလှသော အလင်းရောင်အပေါင်းတို့သည် တစ်ခဏချင်းပင် မှေးမှိန်ကွယ်ပျောက်သွားကြသည်။
လူတိုင်း၏ အမြင်အာရုံများ ပုံမှန်ပြန်ဖြစ်လာပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင်မူ အားလုံး၏ မျက်သူငယ်အိမ်များမှာ အံ့အားသင့်မှုကြောင့် ကျုံ့ဝင်သွားကြရသည်။
ကျယ်ပြောလှသော စစ်မြေပြင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့သည်။ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်အလယ်၌ ကီလိုမီတာ ဆယ်ဂဏန်းခန့် အချင်းရှိသည့် ဧရာမ ဘဲဥပုံအလင်းလုံးကြီး တစ်ခုသာ တည်ရှိနေတော့သည်။
ထိုအလင်းလုံးကြီးအား သိပ်သည်းလှသော လျှပ်စီးကြောင်းများနှင့် မီးလျှံတို့က ရစ်ပတ်ဖုံးအုပ်ထားလေသည်။
၎င်း၏ အတွင်း၌ တစ်စုံတစ်ရာ သန္ဓေတည်နေဟန်ရှိပြီး နှလုံးခုန်သံကဲ့သို့သော အသံကိုပင် ကြားနေရသည်။ ထိုအရာသည် ပျော့ပျောင်းငြိမ်သက်သော်လည်း ပြင်းထန်သော ဖျက်ဆီးခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
လူတိုင်း ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြပြီး ဂြိုဟ်သားသားရဲများ အဆင့် ၁၃ ဗိုလ်ချုပ်အဆင့် သားရဲကြီးနှင့် လုရှန်၏ ပုံရိပ်တို့အား အသည်းအသန် ရှာဖွေနေကြသည်။
သို့သော် မျက်ရှိရှေ့ရှိ အလင်းလုံးကြီးမှလွဲ၍ အခြားအရာ ဘာမျှမရှိတော့ပေ။
ဆံဖြူအမျိုးသားသည် အလင်းလုံးကြီးကို မျက်တောင်မခတ် စူးစိုက်ကြည့်နေပြီးနောက် သူ၏လက်ထဲမှ အရိုးဓားကို ဖြည်းညှင်းစွာ ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ သူ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ မီးခိုးဖြူရောင်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး အလင်းလုံးကြီးအား လွှမ်းခြုံပစ်လိုက်တော့သည်။
ထို့နောက် သူ မိမိအနောက်ရှိ လူအုပ်ကို ကြည့်ကာ အေးဆေးစွာပင် ပြောလိုက်သည်။
"သွားကြစို့... အခြေစိုက်စခန်း ရောက်မှပဲ အကျိုးအကြောင်း ဆက်ပြောကြတာပေါ့"
လူတိုင်း ကမန်းကတန်း တုံ့ပြန်လိုက်ကြပြီး ဆံဖြူအမျိုးသား ပျံသန်းရာနောက်သို့ အမှီလိုက်ပါသွားကြသည်။
လမ်းတစ်လျှောက်တွင် သူတို့ပတ်ပတ်လည်ရှိ အက်ကွဲနေသော ဟင်းလင်းပြင်ကြီးမှာ လျင်မြန်စွာ ပြန်လည်စေ့စပ်သွားပြီး မူလအခြေအနေသို့ ရောက်ရှိသွားသည်ကို မြင်တွေ့နေရသည်။ ထို့ပြင် သူတို့နှင့်အတူ ခရမ်းနီရောင် ဖုံးလွှမ်းထားသော ဧရာမအလင်းလုံးကြီးမှာလည်း အတူပါရှိလာသေးသည်။
လူတိုင်းမှာ အခြားကမ္ဘာတစ်ခုကို ဖြတ်သန်းလာခဲ့ရသလို ခံစားနေကြရသည်။ အတိတ်ကို ပြန်တွေးကြည့်လျှင် ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုနှယ်ပင်။
မိမိတို့၏ အဖော်အများအပြား ပျောက်ဆုံးသွားပြီး ကျန်ရှိသူများမှာလည်း ဒဏ်ရာအသီးသီး ခံစားနေရဆဲ ဖြစ်သည်ဆိုသော အချက်သာမရှိပါက ဤအရာများ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု ယုံကြည်ရန်ပင် ခက်ခဲလှပေမည်။
ထူးဆန်းလွန်းလှသည်။ အဓိပ္ပာယ်မဲ့လွန်းလှသည်။
သို့သော် မည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်သော ဖြစ်ရပ်ပင် ဖြစ်သည်။
အုပ်စုကြီးမှာ ဆံဖြူအမျိုးသားနောက်သို့ တွေဝေငေးမောရင်း လိုက်ပါလာကြရာ မည်မျှကြာအောင် ပျံသန်းခဲ့ရသည်ကိုပင် သတိမမူမိတော့ချေ။ နောက်ဆုံးတွင် လမ်းပြသူနှစ်ဦးအနက်မှ တစ်ဦး၏ အသံထွက်လာသည်။
"ငါတို့ ရောက်ပြီ"
လူတိုင်း မော့ကြည့်လိုက်ကြပြီး ဟင်းလင်းပြင်စစ်မြေပြင် ဟု ခေါ်ဆိုသော နေရာစစ်စစ်သို့ အမှန်တကယ် ရောက်ရှိလာပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ဧရာမအနက်ရောင် ကတော့ပုံစံ အဆောက်အအုံကြီးတစ်ခုပင် ဖြစ်သည်။
ထိုအဆောက်အအုံကြီးသည် ဟင်းလင်းပြင်ထဲ၌ တွဲလောင်းဆွဲထားသည့်နှယ် ရှိနေပြီး မရေမတွက်နိုင်သော ကီလိုမီတာပေါင်းများစွာအထိ ရှည်လျားကာ ဧရာမ စစ်ပွဲခံတပ်ကြီးတစ်ခုနှင့် တူနေသည်။
ထိုစစ်ပွဲခံတပ်ကြီး၏ ပတ်ပတ်လည်တွင် အရွယ်အစားအမျိုးမျိုးရှိသော မရေမတွက်နိုင်သည့် ယာဉ်ပျံများနှင့် သင်္ဘောကြီးများမှာ ပေါလောပေါ်နေကြသည်။ ဤမြင်ကွင်းအားလုံးကို အပြာရောင်အလင်းအမြှေးပါးဖြင့် လွှမ်းခြုံထားသည်။
မြင်ကွင်းသည် ကြည့်ရသူအပေါင်းအား အံ့ဩကြည်ညိုဖွယ်ကောင်းသော ခမ်းနားထည်ဝါမှုကို ပေးစွမ်းနေလေသည်။
စစ်သည်တော်များမှာ စစ်မြေပြင်အခြေစိုက်စခန်း၏ ကြီးကျယ်ခမ်းနားမှုကြောင့် မှင်သက်နေကြသည်။
ထိုစဉ် တိုက်ပွဲဝင်ဝတ်စုံနှင့် လက်နက်များ ကိုင်ဆောင်ထားသော စစ်သည်များ တင်ဆောင်လာသည့် ယာဉ်ပျံအချို့မှာ အလင်းအမြှေးပါးအတွင်းမှ ထွက်ပေါ်လာကြသည်။
"သခင်ကြီး ဟိုင်ကျိတောက်"
ထိုလူစုသည် ဆံဖြူအမျိုးသားအား ဦးစွာ အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။
ဟိုင်ကျိတောက် အနည်းငယ်မျှသာ ခေါင်းညိတ်ပြလိုက်ပြီး သူ ပြန်ခေါ်လာသော အုပ်စုကို ဂရုမစိုက်ဘဲ ထားလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူ၏လက်ထဲမှ ဧရာမခရမ်းနီရောင် အလင်းလုံးကြီးအား အလင်းအမြှေးပါး ပြင်ပ၌ ထားကာ မိန့်ကြားလိုက်သည်။
"ဒါကို စောင့်ရှောက်ဖို့ လူနှစ်ယောက် ထားလိုက်ပါ"
ထိုသို့ပြောပြီးနောက် သူသည် အလင်းအမြှေးပါးအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အခြေစိုက်စခန်းမှ လူနှစ်ဦးမှာ ခရမ်းနီရောင်အလင်းလုံးကြီးကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည်။ ကျန်လူများမှာ ဆံဖြူအမျိုးသား ပြန်ခေါ်လာသော သိုင်းသမားများကို ကြိုဆိုလက်ခံရန် အလျင်အမြန် သွားရောက်ကြလေသည်။
ထို့နောက်တွင်မူ သူတို့သည် တင်းကျပ်လှသော စစ်ဆေးမေးမြန်းမှုများကို ဆက်တိုက်ရင်ဆိုင်ကြရမည် ဖြစ်သည်။
စမ်းသပ်မှု အောင်မြင်သူများသာ အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ မအောင်မြင်ပါက အတင်းအကျပ် ပြန်လွှတ်ခံရခြင်း သို့မဟုတ် ဟင်းလင်းပြင်စစ်မြေပြင်သို့ အပြီးအပိုင် ပြည်နှင်ဒဏ်ပေးခံရခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
...
သခင်ကြီး ဟိုင်ကျိတောက်သည် ကတော့ပုံစံ ဧရာမစစ်ပွဲခံတပ်ကြီး၏ ထိပ်ဆုံးနေရာ၌ ပြန်လည်ပေါ်ထွက်လာသည်။
ထိုနေရာမှာ လူအများဖြင့် စည်ကားနေပြီး သွားလာနေသူ အတော်များများ ရှိသည်။ ဤနေရာတွင် ရှိနေသူတိုင်းမှာ အနည်းဆုံး အဆင့် ၁၁ စွမ်းအား ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
ဤစစ်မြေပြင်ရှိ လက်တစ်ဆုပ်စာမျှသာရှိသော အဆင့် ၁၃ အစွမ်းထက်သူများထဲမှ တစ်ဦးဖြစ်သည့် ဟိုင်ကျိတောက်အား သူ၏ ထူးခြားလှသောအသွင်ကြောင့် လူအများက ကောင်းစွာ သိရှိကြသည်။
လမ်းတစ်လျှောက်တွင် လူအများအပြားက ရပ်တန့်ကာ သူ့အား ရိုသေလေးစားစွာဖြင့် "သခင်ကြီး ဟိုင်ကျိတောက်" ဟု နှုတ်ဆက်ကြလေသည်။
ဟိုင်ကျိတောက်သည် ဂရုမစိုက်ဟန်ဖြင့် အခြေစိုက်ခံတပ်ခန်းမအတွင်းသို့ ဝင်ရောက်သွားပြီး ဗဟိုရှိ စက်ဝိုင်းပုံဓာတ်လှေကားကို စီးကာ အောက်သို့ ဆင်းသွားသည်။
ဓာတ်လှေကား ရပ်တန့်သွားသောအခါ အနာဂတ်ဆန်သော နည်းပညာများ ပြည့်နှက်နေသည့် ကျယ်ဝန်းတောက်ပသော ဧည့်ခန်းမကြီးတစ်ခုက သူ့အား ဆီးကြိုနေသည်။
ဤနေရာမှာ အလွန်တိတ်ဆိတ်နေပြီး အဖြူရောင်အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားကာ သိမ်မွေ့လှပသော ဆံပင်တိုမိန်းကလေးတစ်ဦးသာ ကုလားထိုင်ပေါ်၌ ထိုင်၍ တစ်ခုခုကို သောက်နေသည်။
ဟိုင်ကျိတောက် ဝင်လာသည်ကို မြင်သောအခါ ဆံပင်တိုမိန်းကလေးက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ဆိုလိုက်သည်။
"သခင်ကြီး ဟိုင်ကျိတောက်... အတော်လေး မြန်မြန် ပြန်ရောက်လာတာပဲလား။ ကျွန်မက အနည်းဆုံး စကြာဝဠာရက် ခုနစ်ရက် ရှစ်ရက်လောက် ကြာမယ် ထင်နေတာ။ ရှင် ရောက်သွားတဲ့အချိန်မှာ လူသစ်စုဆောင်းရေးအဖွဲ့က အကုန် သေကုန်ကြပြီလား"
"ဒီစကားလုံးအသစ်တွေကို နင် ဘယ်ကနေ သင်လာတာလဲ မာသ"
ဟိုင်ကျိတောက်က မိန်းကလေးကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"လူတွေကို အောင်မြင်စွာ ပြန်ခေါ်လာနိုင်ခဲ့ပါပြီ။ အခု ငါ စစ်သေနာပတိချုပ်ကြီးနဲ့ တွေ့ဖို့ လိုတယ်။ သူ အလုပ်များနေလား"
ဆံပင်တိုမိန်းကလေးက နောက်ပြောင်သည့်ဟန်ဖြင့် လျှာထုတ်ပြလိုက်ပြီး ပြန်ဖြေလေသည်။
"ဌာနမှူးကြီးက အထဲမှာ ရှိပါတယ်။ ဒါပေမဲ့ သူ အလုပ်များနေသလားဆိုတာတော့ ကျွန်မ မသိဘူး။ သခင်ကြီး ဟိုင်ကျိတောက်အတွက် ကျွန်မ သွားပြောပေးလို့ ရပါတယ်။ မြန်မြန်လေး လုပ်ပေးပါ့မယ်"
ဟိုင်ကျိတောက်က သူမအား အမြန်သွားရန် တိုက်တွန်းလိုက်ပြီး ခန်းမအတွင်းရှိ နေရာတစ်ခု၌ ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်သည်။
ဟိုင်ကျိတောက် ထိုင်ပြီးမကြာမီမှာပင် ဆံပင်တိုမိန်းကလေး ပြန်ရောက်လာသည်။
"စစ်သေနာပတိချုပ်ကြီးက စောင့်နေပါတယ်။ သခင်ကြီး ဟိုင်ကျိတောက်"
ဟိုင်ကျိတောက် ခေါင်းညိတ်ပြလိုက်ပြီး ခန်းမ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားသည်။ လမ်းတစ်လျှောက်တွင် တံခါးများမှာ တစ်ခုပြီးတစ်ခု ပွင့်သွားသည်။
မိုးထိလုမတတ် မြင့်မားသော ဧရာမ သတ္တုတံခါးကြီးရှေ့သို့ ရောက်သည်အထိ သူ လျှောက်လှမ်းသွားလိုက်သည်။
တံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားချိန်တွင်မူ အလွန်ကျယ်ဝန်းလှသော အခန်းကြီးတစ်ခန်းကို တွေ့လိုက်ရသည်။
အခန်းအတွင်း၌ ပရိဘောဂဟူ၍ တစ်ခုသာ ရှိသည်။ ၎င်းမှာ အခန်း၏ ထက်ဝက်နီးပါး နေရာယူထားသော ဧရာမ သတ္တုစားပွဲကြီး တစ်လုံးပင် ဖြစ်သည်။
စားပွဲ၌ ထိုင်နေသူမှာ လက်ခြောက်ဖက်ပါသော ဧရာမဘီလူးကြီးတစ်ကောင် ဖြစ်သည်။
အရပ်ဆယ်မီတာနီးပါး ရှိကာ ခံ့ညားထည်ဝါလှသော ဩဇာတိက္ကမ အပြည့်ရှိလေသည်။
ဘီလူးကြီးတွင် မျက်လုံးခြောက်လုံး ပါရှိပြီး ၎င်းတို့အနက် နှစ်လုံးမှာ ယခုအခါ ဟိုင်ကျိတောက်အပေါ်သို့ စူးစိုက်ကျရောက်လာသည်။ သူ နက်ရှိုင်းသော အသံဖြင့် စကားစလိုက်သည်
"ဟိုင်ကျိတောက်"
***