“မြန်မြန်လမ်းလျှောက်နိုင်ရင်တော့ ရှင့်ကို အနိုင်ကျင့်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားမှာပေါ့”
အားချိုးက ခေါင်းလေးစောင်းပြီး ကျုံးမင်းဝေကို လည်လည်ဝယ်ဝယ် မျက်တောင်လေး ပုတ်ပြလိုက်သည်။
“ဒါပေမယ့် ရှင့်ရဲ့ ခြေထောက်တွေက အခု သိပ်မသန်မာတော့ဘူးလေ။ ဒါကြောင့် ကျွန်မ ရှင့်ကို အနိုင်မကျင့်နိုင်ဘူး”
“ကိုယ်မသန်မာတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး ကိုယ့်ကို အနိုင်မကျင့်သင့်ဘူးလား”
ကျုံးမင်းဝေက ပြုံးပြီး ပြောလိုက်သည်။
“မလုပ်ဘူး၊ ကျွန်မက လူတွေ အခက်အခဲတွေ့နေချိန်မှာ အနိုင်ယူတတ်တဲ့ လူယုတ်မာမျိုး မဟုတ်ဘူး”
အားချိုးရဲ့ မျက်နှာက တည်သွားတယ်၊ သို့ပေမယ့် ဖူးဆိုပြီး ရယ်လိုက်ပြန်သည်။ သူမက သူ့အပြုံးကို ဂုဏ်ယူနေသည်။
“ဒါပေမယ့် ကျွန်မက သူတော်ကောင်းလည်း မဟုတ်ဘူးနော်။ တစ်သက်လုံး ရှင့်ကို အနိုင်ကျင့်မှာဟားဟားဟား”
“မင်းတစ်သက်လုံး ကိုယ့်ကို အနိုင်ကျင့်တာကို စောင့်နေမယ်”
တောက်ပပြီး ကြည်လင်တဲ့ မျက်လုံးတွေက နှလုံးသားကို ဖောက်ထွင်းသွားသည်။ ကျုံးမင်းဝေက သူ့နှလုံးသားဟာ ဒီမိန်းကလေးရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ခံစားလိုက်ရသည်။
“ကျုံးမင်းဝေ၊ ရှင် စကိတ်စီးတတ်လား”
ရယ်မောလို့ဝသွားတော့ အားချိုးက ကျုံးမင်းဝေကို ထပ်မေးသည်။
ကျုံးမင်းဝေက ရိုးရိုးသားသား ခေါင်းခါလိုက်သည်။ သူ မွေးဖွားလာတဲ့နေ့ကစပြီး သူ့ကမ္ဘာဟာ ဂုဏ်သိက္ခာ၊ လှည့်ကွက်တွေ၊ လျစ်လျူရှုမှု၊ သူများတွေ မမျှော်လင့်နိုင်တဲ့ အသက်နဲ့ သေခြင်းရဲ့ အာဏာ၊ အပြင်လူတွေ နားမလည်နိုင်တဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေနှင့် ဆက်စပ်နေခဲ့သည်။ သို့ပေမယ့် ဒီလို သေးငယ်သည့် သာမန်ပျော်ရွှင်မှုမျိုးတော့ မရှိခဲ့ချေ။
“စကိတ်တောင် မစီးတတ်ဘူး”
“ဘေကျင်းမှာ စကိတ်မစီးတတ်တဲ့သူ မရှိဘူးလို့ ထင်ခဲ့တာ။ နန်းတော်ထဲမှာဆို ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတောင် စီးတတ်တယ်။ ရှင်က မတတ်ဘူးပေါ့”
“ဒါဆို မင်းက ကိုယ့်ကို ထပ်ပြီး လှောင်နေပြန်ပြီပေါ့”
“ဘယ်မှာလှောင်လို့လဲ”
အားချိုးက ဝန်မခံ ပေ။ သူမ ခေါင်းကို ခါးပတ်လို ခါယမ်းလိုက်သည်။
“ဘယ်တော့မှ မလုပ်ဘူး”
“ကိုယ်က သက်ရှည်ခေါက်ဆွဲ မစားဖူးဘူးလို့ ပြောတုန်းကလည်း မင်းက ဒီမျက်နှာနဲ့ပဲ”
ကျုံးမင်းဝေက ပြုံးပြီး အားချိုးရဲ့ လက်ကို ဆွဲယူကာ သူ့ချိုင်းအောက်ထဲ ထည့်ပေးလိုက်သည်။
“ဟားဟား”
အားချိုး နည်းနည်းတော့ ရှက်ပြုံးပြုံးလိုက်သည်။ သူမလက်တွေကို ယောက်ျားရဲ့ လက်မောင်းတွေနဲ့ တင်းတင်းကြပ်ကြပ် ညှပ်ထားသည်။ အရမ်းနွေးထွေး၏။ အားချိုးရဲ့ လက်ချောင်းလေးတွေက ကျုံးမင်းဝေရဲ့ ချိုင်းကြားကို ယားယံစွာ ထိုးဆွနေသည်။
“ရိုးရိုးသားသား မနေရင် ပြန်ပြီး အရိုက်ခံရမယ်နော်”
ကျုံးမင်းဝေက ယားတတ်သည်။ သို့သော်လည်း အခု သူ မျက်နှာတည်ပြီး အားချိုးကို ခြောက်လှန့်နေသည်။
“လက်ပွတ်တိုက်တာမျိုးပေါ့”
သူမ ဂရုမစိုက်ဘဲ ဆက်လုပ်မှာ ကြောက်လို့ ထပ်ပြောလိုက်သည်။
“မင်း သတ္တိရှိရင် လုပ်ကြည့်စမ်း”
အားချိုးက ကျုံးမင်းဝေ ထိုသို့ လုပ်နိုင်မယ်လို့ မယုံပေ၊ သို့ပေမယ့် သူမ ရိုးရိုးသားသား နေလိုက်သည်။ သူမ ကျုံးမင်းဝေနဲ့အတူ ထိုပုံစံအတိုင်း ခြံထဲမှာ ဖြည်းဖြည်းချင်း လျှောက်ရင်း သူမရဲ့ တောက်ပတဲ့ သမိုင်းကြောင်းအကြောင်း ကျုံးမင်းဝေနဲ့ ဆက်ပြောနေသည်။
“ကျွန်မ စကိတ်စီးတာ အရမ်းတော်တယ်၊ အဝတ်လျှော်ဌာနက လူတွေထက်တောင် တော်သေးတယ် သူတို့က လွယ်လွယ်ကူကူ လမ်းမလျှောက်နိုင်ဘူးလေ။ ကျွန်မ ရေခဲပြင်ပေါ်မှာလည်း ပြေးနိုင်တယ် ဟေးမြစ်ကို ဖြတ်ပြီး စကိတ်မစီးခဲ့ရတာ နည်းနည်းတော့ နှမြောစရာပဲ”
“မင်း မြစ်ကို ဖြတ်ပြီး မစီးခဲ့ဘူးလား ဘယ်မှာ စီးခဲ့တာလဲ”
ကျုံးမင်းဝေက စိတ်ဝင်စားသည်။ သူ ရေခဲပြင်ပေါ်မှာ စကိတ်မစီးခဲ့ပေမယ့် လူတွေ မြစ်ရေခဲပြင်ပေါ်မှာ စကိတ်စီးတာကိုတော့ ကြည့်ဖူးသည်။ ပန်ယီက စကိတ်စီးတာ တော်ပြီး ချန်ရှန်းယန်နဲ့ ချီချုံယွမ်လည်း စကိတ်စီးတာ တော်ကြသည်။
အားချိုးက ခေါင်းလေးစောင်းပြီး ကျုံးမင်းဝေကို ပြောသည်။
“အဝတ်လျှော်ဌာနမှာ ဘယ်လိုလုပ် စကိတ်စီးလို့ရမှာလဲ အဲဒီမှာ ရေခဲပြင်မှ မရှိတာ”
အားချိုးက လည်လည်ဝယ်ဝယ် မျက်စိမှိတ်ပြရင်း ဆက်ပြောသည်။
“အေးလာရင် ညအိပ်ရာဝင်ခါနီး ကြမ်းပြင်ပေါ် တိုက်ရိုက် ရေလောင်းချလိုက်တယ်။ နိမ့်တဲ့နေရာကို အထူးရွေးပြီး ရေပိုလောင်းတယ်။ နောက်နေ့မနက် စောစောထလာရင် ကြမ်းပြင်က ခဲနေပြီ။ အထူကြီးပဲ။ စီးချင်သလို စီးလို့ရတယ်၊ ပျော်စရာကြီး “
ကျုံးမင်းဝေက ပြုံးပြီး အားချိုး ရေခဲပြင်ပေါ်မှာ ပျော်ရွှင်နေပုံကို မြင်ယောင်ရင်း ပြောလိုက်သည်။ ကျုံးမင်းဝေ ယားယံလာပြီး ဒီမိန်းကလေး စကိတ်စီးတာကို ကြည့်ချင်လာသည်။ ကျုံးမင်းဝေက အားချိုးရဲ့ နဖူးကို လှမ်းပြီး နမ်းလိုက်ရင်း မေးလိုက်သည်။
အားချိုးက ခေါင်းကို အလျင်အမြန် ခါယမ်းပြီး ကျုံးမင်းဝေကို လေးလေးနက်နက် ရှင်းပြသည်။
“ကျွန်မတို့ခြံထဲက မြေသားက လျော့ရဲနေပြီ၊ ရေအများကြီး လောင်းချလိုက်ရင် နောက်နှစ် နှင်းတွေ အရည်ပျော်တာနဲ့ ဒီခြံထဲမှာ ရပ်လို့တောင် ရတော့မှာ မဟုတ်ဘူး။ ဗွက်အိုင်ကြီး ဖြစ်ကုန်လိမ့်မယ်”
“ဒါဆို ဘယ်လိုလုပ်မလဲ မင်းက စကိတ်ထပ်စီးချင်နေတာကိုး”
“ဒီနှစ် စကိတ်မစီးတော့ဘူး။ နောက်နှစ်တော့ ရှင်ကျွန်မနဲ့အတူ တောင်အောက်ကို လိုက်ခဲ့ရမယ်။ တောင်ခြေမှာ မြစ်ကြီးတစ်စင်း ရှိတယ်။ တောင်အောက်ကို ဆင်းသွားရင် ရေခဲပြင်က တကယ်ထူတာကို တွေ့ရလိမ့်မယ်၊ ကျွန်မ မျက်စိက အရမ်းတပ်မက်နေတာလေ”
အားချိုးက မော့ကြည့်ပြီး ကျုံးမင်းဝေနောက်ကို လိုက်ရင်း အသံလေးက ဝဲဂယက်ထနေသည်။
“အချိန်တန်ရင် ရှင့်ကို စကိတ်စီးနည်း သင်ပေးမယ် ကျွန်မလို ဆရာကောင်းနဲ့ဆို ရှင် မြန်မြန် တတ်မှာ”
ကျုံးမင်းဝေက ပြုံးပြီး မျက်နှာတည်ကာ အားချိုးကို ပြောလိုက်သည်။
“ဒါပေမယ့် ဒီနှစ်တော့ မင်းတစ်ယောက်တည်း စကိတ်စီးခွင့် မရှိဘူးနော်၊ မြစ်နားမှာ လမ်းလျှောက်တာတောင် မရဘူး၊ သိရဲ့လား”
***