“ဒီလိုဆိုရင်တော့ မနက်စာကို ဒီမှာပဲ ငါနဲ့အတူ စားပါလား”
ကျောက်ကွေ့ဖေးက ပြောသည်။ သူမသည် အစေခံတစ်ဦးကို ခေါ်ကာ ကျုံးမင်းကျန်းအတွက် အစားအစာအသစ်များ ပြင်ဆင်ခိုင်းလိုက်သည်။ သူတို့နှစ်ဦးသည် နွေးထွေးသည့် နန်းဆောင်ငယ်လေးတွင် ခေတ္တမျှ စကားပြောဆိုနေကြပြီးနောက် အစေခံသည် ကြက်သားခေါက်ဆွဲနှင့် ဟင်းခွက်အနည်းငယ်ကို ယူလာခဲ့သည်။
“မယ်တော်၊ ကျွန်တော်တစ်ခုကို တွေးနေတာ ဒုတိယမင်းသား လက်ထပ်တာခုနစ်နှစ်၊ ရှစ်နှစ်လောက် ကြာ နေတာတောင် ကလေးတစ်ယောက်မှ မရှိသေးဘူး ဘာကြောင့်လဲ”
ကျုံးမင်းကျန်းက ဟင်းရည်ခေါက်ဆွဲကို စားရင်း မေးလိုက်သည်။
“အံ့ဩစရာမရှိပါဘူး။ ကိုယ်လုပ်တော်ရှု ဒုတိယမင်းသားကို ကိုယ်ဝန်ဆောင်စဉ်က ဆိုးဆိုးဝါးဝါး ခံစားခဲ့ ရတာ။ သူမ မနက်ခင်းတိုင်းအန်တာ ပြင်းထန်ပြီး ကိုယ်ဝန်ခြောက်လအထိ ကောင်းကောင်း မစားသောက်နိုင်ဘူး။ ဒုတိယမင်းသားလဲ သားအိမ်ထဲမှာ အာဟာရ ကောင်းစွာမရခဲ့ဘူးလေ။ ပြီးတော့ သူက လမစေ့ဘဲ မွေးဖွားခဲ့တာ”
ကျောက်ကွေ့ဖေးက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း ပြောသည်။
“အဲ့ဒီအချိန်တုန်းက သူလက်သီးလေးတွေကလည်း သေးသေးလေး၊ သုံးကျင်းတောင် မပြည့်ဘူး။ အော်သံကလည်း ခြင်အသံလိုပဲ အဲ့ဒီအချိန်တုန်းက လူတိုင်းက ဒုတိယမင်းသား အကြာကြီး အသက်မရှင်နိုင်ဘူးလို့ ပြောကြတယ် ဒါပေမဲ့ မထင်မှတ်ဘဲ သူ အသက်ရှင်ခဲ့တယ် သူ ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာနေတာ မင်းသိပါတယ်။”
“အမှန်ပဲ ဆေးနံ့က သူ့ဆီမှာ ငယ်ငယ်ကတည်းက အမြဲတမ်း ကပ်ပါလာခဲ့တာ ကျွန်တော် မှတ်မိသေးတယ်၊ သူ့နဲ့အတူ စာကြည့်ခန်းကို သွားရတာကို ကျွန်တော် ဘယ်လောက်တောင် မုန်းခဲ့ရလဲ အဲ့အနံ့ကပဲ ကျွန်တော့်ကို အသက်ရှူကျပ်စေခဲ့ တာ”
ကျုံးမင်းကျန်းက ခေါင်းညိတ်သည်။
“ဒါပေမဲ့ အခု ဒုတိယမင်းသားက နည်းနည်းပိန်နေပေမယ့် ကျန်းမာရေး ကောင်းနေပါပြီ၊ သူ့ဘဝတစ်လျှောက်လုံး တန်ဖိုးရှိတဲ့ ဆေးဖက်ဝင်အပင်တွေ၊ ရှားပါးတဲ့အားဆေးတွေနဲ့ ပြုစုပျိုးထောင်ခံခဲ့ရပြီးမှ ဘာလို့ ကလေးမရနိုင်တာလဲ”
ကျောက်ကွေ့ဖေးက မျက်တောင်မှေးစင်းကာ အရွက်မဲ့ ပန်းသီးပင်မှ အခိုင်လိုက်သီးနေသော အနီရောင် သလဲသီးကြီးများကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“သူ့ဘဝတစ်လျှောက်လုံး သား သမီးတစ်ယောက်မှ မရှိတာ အကောင်းဆုံးပဲ”
“ဒါပေမဲ့ ထူးဆန်းတာက၊ အဲ့ဒီ တစ်ယောက်က အားနည်းတာကြောင့် ကလေးမရနိုင်ဘူးလို့ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ နန်းကျအိမ်ရှေ့စံမင်းသားကရော ဘာလို့ အသက်သုံးဆယ်ကျော်အထိ သား သမီးတစ်ယောက်တောင် မရှိတာလဲ”
“အတော်လေး ထူးဆန်းတယ် ငါလဲ နှစ်ပေါင်းများစွာ စဉ်းစားနေတာ”
ကျောက်ကွေ့ဖေးက သူမ၏ လက်ဖက်ရည်ကို ထပ်မံသောက်ရင်း ပြောသည်။
“ဒါပေမဲ့ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်တယ်။နန်းကျအိမ်ရှေ့စံမင်းသားနဲ့ ဒုတိယမင်းသား နှစ်ဦးစလုံး လမစေ့ဘဲ မွေးဖွားခဲ့ကြတာ အဲ့တာကြောင့် သူတို့ရဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိ၊ မရှိဘယ်သူသိမလဲ”
“နန်းကျအိမ်ရှေ့စံမင်းသားမှာ အမွေခံမရှိ တာကောင်းတယ်။ မဟုတ်ရင် ရွှီမိသားစုက သူ့ရဲ့ သားသမီးကိုပြုစုပျိုးထောင်နေလောက်ကြပြီ”
“အခုတော့ သူတို့ကို ကြည့်ပါဦး။ နန်းကျအိမ်ရှေ့စံမင်းသားကို ပြုစုပျိုးထောင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများအားလုံးကို မြှုပ်နှံခဲ့ ပေမဲ့ ဝါးခြင်းနဲ့ရေခပ်သလိုမျိုး လုံးဝအရာမထင်ဘူး လေ။ သူတို့ အတော်လေး ဆိုးဆိုးဝါးဝါး ခံစားနေရမှာ”
“ငွေအများကြီးကို ဘာလုပ်ဖို့လဲ”
အားချိုးက ငွေအိတ်ကို တင်းတင်းဆုပ်ကိုင်ရင်း ကျုံးမင်းဝေကို ခေါင်းခါပြသည်။
နှစ်ကုန်ပိုင်းနီးပြီဖြစ်ပြီး တောင်အောက်ဈေးသည် ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။ မနေ့က ကျီရှန်း စာသင်ကျောင်း၌ အဖွားချန်ထံမှ ဈေးသည် ဆယ့်နှစ်လပိုင်း ဆယ်ရက်နေ့အထိသာ ဖွင့်မည်ဖြစ်ကြောင်း အားချိုး ကြားသိခဲ့သည်။ သူမ ပြန်ရောက်သည်နှင့် အားချိုးသည် ကျုံးမင်းဝေနှင့်အတူ တောင်အောက်ဆင်းကာ နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် ဆွေးနွေးခဲ့ကြသည်။
“ဒါ အများကြီး မဟုတ်ပါဘူး။ ဒါကို မင်းနဲ့ထားလိုက်ပါ၊ ပြီးတော့ ကြိုက်တဲ့ အဝတ်အစား ဒါမှမဟုတ် လက်ဝတ်ရတနာတွေ့ရင် နည်းနည်းလေး ထပ်ဝယ်လိုက်”
ကျုံးမင်းဝေက သူမကို ရွေးချယ်ခွင့်မပေးဘဲ ငွေသုံးဆယ်ကို သူမ၏ ငွေအိတ်ထဲ ထိုးထည့်ရင်း ပြောသည်။ သူက ထပ်၍
“ဆေးဆိုင်သွားပြီး မြည်းဆေးရည်ဝယ်ဖို့ မမေ့နဲ့ နော်ငှက်သိုက်ရှိရင်လည်း နည်းနည်းယူခဲ့ ဉီး”
“ဒါပေမဲ့ ကျွန်မတို့ ဒီလောက်အများကြီး မလိုဘူးလေ ပြားသုံးဆယ်ဆိုတာ လမ်းတခြမ်းစာလောက် ဝယ်လို့ရနေပြီ”
အားချိုးက ငွေကို ပြန်ဆွဲထုတ်ရန် ကြိုးစားရင်း ပါးစပ်က မနားတမ်း ပြောနေသည်။
“ကျွန်မ အဖွားချန်ဆီက ပန်းထိုးတဲ့အလုပ်အတွက် ငွေငါးပြား ခုမှ ရထားတာ။ ဒါ ကျွန်မတို့ နှစ်သစ်ကူးပွဲလုပ်ဖို့ လုံလောက်တာထက် ပိုပါသေးတယ် ဘာလို့ ဒီလောက်အများကြီးလိုတာလဲ။ ဒီလောက် ငွေအများကြီးကို ကျွန်မနဲ့ထားရင် လမ်းတောင် ကောင်းကောင်းလျှောက်နိုင်မှာ မဟုတ်ဘူး။ ကျုံးမင်းဝေ၊ ကျွန်မကို ဒုက္ခမပေးပါနဲ့”
ကျုံးမင်းဝေက သူမ ငွေသုံးဖို့ ဝန်လေးနေတာ သိသည်။ မဟုတ်ရင် ပြားတစ်ရာ ပေးလိုက်မိမှာပင်။
“ကိုယ့်ရဲ့ စားချင်စိတ်ကို ဖြည့်ဆည်းပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ အရသာရှိတာ မြင်ရင် ကိုယ့်အတွက် ဝယ်ပေးလေ၊ ဟုတ်ပြီလား”
“အပြင်က ကျွန်မ ချက်တာလောက် ဘာမှ မကောင်းဘူး”
သူမ၏ မဲ့ဆူနေသည့် မျက်နှာကို မြင်သောအခါ ကျုံးမင်းဝေက မရယ်ဘဲ မနေနိုင်ပေ။
ခဏအကြာတွင် ကျုံးမင်းဝေက ညင်သာစွာ ပြောလိုက်သည်။
“မင်းချက်တာ အရမ်း အရသာရှိတယ်။ ကိုယ် တစ်သက်လုံး စားနိုင်တယ်။ ဒီဘဝတင် မဟုတ်ဘူး၊ နောက်ဘဝမှာရော၊ နောက်ဘဝပြီးတဲ့ နောက်ဘဝတွေမှာပါ စားနိုင်တယ်။ ကိုယ် ဘယ်တော့မှ မရိုးနိုင်ဘူး”
***