“လိပ်ပြာတွေနဲ့ မန်ဒရင်းဘဲ” ဆိုတာ ဘာလဲဆိုတာ အားချိုး နားမလည်ပေမယ့် ထာဝရဆိုတာ ဘာလဲ၊ နေ့နဲ့ညဆိုတာ ဘာလဲဆိုတာတော့ သူမသိသည်။ ထို့နောက် ပျော်ရွှင်မှုတွေ အပြည့်နဲ့ ဒီလို မြင်ကွင်းမျိုးမှာ အားချိုး မျက်နှာလေး နီရဲသွားသည်။ သူ့မရှေ့က စာရွက်နီပေါ်က စာလုံးတွေကို ကြည့်ရင်း ရင်ထဲ နွေးထွေးသွားသလို ခံစားနေရသည်။
ကျုံးမင်းဝေ က သူမကို နောက်ကနေ သိုင်းဖက်လိုက်ပြီး သူ့မေးစေ့အား ပခုံးပေါ်တင်လိုက်သည်။ ယောက်ျားရဲ့ အသက်ရှူသံက နားနားကို ရောက်လာပြီး ပူနွေးတဲ့ အငွေ့အသက်ကြောင့် အားချိုးရဲ့ နားရွက်တွေ နီရဲလာသည်။
“ကြိုက်လား”
ကျုံးမင်းဝေ က အားချိုးရဲ့ နားနားကို တိုးကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။
“ဘယ်မှာလဲ ဒီလို နှစ်သစ်ကူး တံခါးချိတ်စာမျိုးက၊ ရှင်က တကယ်ပဲ စည်းမဲ့ကမ်းမဲ့နဲ့”
အားချိုး မျက်နှာလေး နီမြန်းပြီး ရှက်ရွံ့စွာနဲ့ ယောက်ျားရဲ့ နှုတ်ခမ်းနဲ့ လျှာကို ရှောင်ဖယ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“ရှင်ဟာက နှစ်သစ်ကူး တံခါးချိတ်စာနဲ့ မတူဘဲ ပိုပြီး-“
“ဘယ်လို ပိုပြီးလဲ”
ကျုံးမင်းဝေ က ညင်ညင်သာသာ မေးလိုက်သည်။
လူတစ်ယောက် မင်္ဂလာဆောင်တဲ့အခါ ရေးတဲ့ တံခါးချိတ်စာနဲ့ တူနေတာပင်။
ဒီလိုပြောလိုက်မှ အားချိုး စကားထွက်မလာတော့ ပေ။ အားချိုး ရှက်လွန်းလို့ လှည့်လိုက်တာနဲ့ ယောက်ျားရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး သူ့ကိုယ်လေးကို ပွတ်သပ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ချစ်စဖွယ် အမူအရာနဲ့ ပြောသည်။
“မပြောဘဲနဲ့ လုပ်လို့ မရဘူးလား နောက်ကို မေးတော့ဘူး”
“အင်း ဒါပေမယ့် ကိုယ် အကျိုးအမြတ်လေး တောင်းရဦးမယ်”
ကျုံးမင်းဝေ က တံခါးဝ၊ ဘေးခန်း၊ အပြင်ခန်းနဲ့ မီးဖိုချောင်အတွက် နှစ်သစ်ကူး တံခါးချိတ်စာတွေ ဆက်ရေးနေသည်။ ကံကောင်းခြင်း စာလုံးအကြီးကြီးတွေလည်း အများကြီး ရေးသည်။ သူ့ရဲ့ စာလုံးတွေက တကယ်ကောင်းသည်။ စာရေးစာဖတ် ဘာမှ မသိတဲ့ အားချိုး တောင် ယောက်ျားရဲ့ စာလုံးတွေက ကြည့်ကောင်းတယ်လို့ ထင်သည်။ ဒီလောက် ကြည့်ကောင်းတဲ့ စာလုံးတွေနဲ့ ကျုံးမင်းဝေက စာရွက်နီပေါ်မှာ တစ်ခါမှ မရေးဖူးပေ၊ နှစ်သစ်ကူး တံခါးချိတ်စာဆို ပိုတောင်ဝေးသေးသည်။ ကျုံးမင်းဝေဟာ ရေးရင်းနဲ့ ဒါက သူ့ဘဝရဲ့ ပထမဆုံး စစ်မှန်တဲ့ နှစ်သစ်ကူးပွဲတော် ဖြစ်ပြီး သူ့ရဲ့ ကောင်မလေးနဲ့ ပထမဆုံး နှစ်သစ်ကူးခြင်း ဟု တွေးနေသည်။
သူဟာ ညဉ့်နက်သန်းခေါင်မှာ စီနင်းနန်းဆောင်သို့ ဝင်ပြီး မယ်တော်ကြီးနဲ့ ဧကရာဇ်ကို နှုတ်ဆက်ဖို့ မလိုတော့ သလို ဘိုးဘွားဘီဘင်တွေကို ပူဇော်ဖို့လည်း မလိုတော့ပေ။ ကျန်းရှန့် မိဖုရားရဲ့ မှတ်တိုင်ရှေ့မှာ ဦးညွှတ်ဖို့ မလိုတော့။ မယ်တော်ကြီးနဲ့ ဧကရာဇ်အား ဂါရဝပြုမည့် ကိစ္စတွေကို စိုးရိမ်နေဖို့၊ ပင်ပန်းတဲ့ သီချင်းတွေနဲ့ အကတွေကို ကြည့်ရင်း ထိုက်ယဲ ရေကန် ရဲ့ ကြီးမားတဲ့ ခန်းမထဲမှာ အေးစက်နေတဲ့ ဘုရင့် စားတော်စာတွေကို စားဖို့၊ အစရှိတာတွေလည်း မလိုတော့ပေ။
ဒီအချိန်မှာ သူနဲ့ အားချိုး ဟာ သာမန် မိသားစုက ချစ်စရာ ကလေးငယ်လေးတွေလို ပျော်ရွှင်စွာ နှစ်သစ်ကူးဖို့ ပြင်ဆင်နေခဲ့ကြသည်။
သူက စားပွဲငယ်လေးပေါ်မှာ နှစ်သစ်ကူး တံခါးချိတ်စာတွေကို ရေးနေသည်။ အားချိုး က တင်ပျဉ်ခွေ ထိုင်ပြီး ပြတင်းပေါက်ကပ်စက္ကူတွေကို ညှပ်နေခဲ့သည်။ ပြတင်းပေါက်က စိမ့်ဝင်လာတဲ့ နေရောင်ခြည်က နွေးထွေးမှုနဲ့ ငြိမ်းချမ်းမှုကို ပေးစွမ်းသည်။
“မင်း စက္ကူညှပ်တတ်တယ်”
ကျုံးမင်းဝေ က အားချိုး ကတ်ကြေးကို ကိုင်ပြီး စက္ကူပေါ်မှာ လွယ်လွယ်ကူကူ ညှပ်နေတာကို မြင်တော့ အံ့အားသင့်သွားသည်။
“ဟုတ်ကဲ့”
အားချိုး က ကျုံးမင်းဝေ ကို ပြုံးပြီး ကြည့်ရင်း ပြောသည်။
“များသောအားဖြင့် ပန်းထိုး အလုပ်လုပ်တတ်တဲ့သူတွေက စက္ကူညှပ်လည်း လုပ်တတ်ကြတယ်။ ပန်းထိုးနည်းတွေ အများကြီးရှိသလိုပဲပေါ့”
“မင်း ဘာတွေ ညှပ်နေတာလဲ”
ကျုံးမင်းဝေ က သူမ ညှပ်နေတဲ့ ပြတင်းပေါက်ကပ်စက္ကူတွေကို လက်ညှိုးထိုးပြီး အားချိုး ကို မေးလိုက်သည်။
“နောက်မှ သိလိမ့်မယ်”
အားချိုး က ခေါင်းငုံ့ပြီး စက္ကူကို ဂရုတစိုက် ညှပ်ရင်း တိုးတိုးလေး ပြောသည်။
“ကောင်းပြီ”
အချိန်ခနကြာ အားချိုး က ကတ်ကြေးကို ချပြီး ညင်ညင်သာသာ ပြတင်းပေါက်ကပ်စက္ကူတွေကို ဖြန့်လိုက်သည်။ သူမက အဲ့ဒါတွေကို ကျုံးမင်းဝေ ဆီ ပို့ပေးပြီး မေးသည်။
“ဒါ ဘာ ပုံစံလဲ သိလား”
“ဒါက”
ကျုံးမင်းဝေ က စက္ကူညှပ်ပုံပေါ်က မျက်လုံးကွေးကွေးလေးတွေနဲ့ ပြုံးနေတဲ့ ယောက်ျားနဲ့ မိန်းမ ပုံရိပ်နှစ်ခုကို ကြည့်ပြီး တုံ့ဆိုင်းသွားကာ
“ သူတို့က စုံတွဲလား”
“ရှင် သိတယ်လား”
အားချိုး ရဲ့ မျက်နှာဟာ လည်ပင်းအထိ ချက်ချင်း နီရဲသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရှင်တို့က ဒီလိုကိစ္စတွေကို လုံးဝ နားမလည်ဘူးလို့ ထင်ခဲ့တာ...”
“ကောင်းလိုက်တာ စုံတွဲကို ဘယ်လို ညှပ်ထားတာလဲ”
ကျုံးမင်းဝေ က အားချိုး ကို ပြုံးပြကာ ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး တစ်ချိန်တည်းမှာပဲ လက်ကို မြှောက်၍ သူမရဲ့ နီရဲနေတဲ့ ပါးပြင်ကို နမ်းလိုက်သည်။ သူက ရယ်မောပြီး မေးလိုက်သည်။
“လူတွေက ကောင်းချီးမင်္ဂလာ စကားလုံးတွေနဲ့ ပြတင်းပေါက်ကပ်စက္ကူတွေ ညှပ်ကြတယ်လို့ ကြားဖူးတယ်။ မင်းက ဘာလို့ သဟဇာတဖြစ်တဲ့ စုံတွဲကို ညှပ်ထားတာလဲ”
“ရှင်တောင် ဒီလောက် ရှက်စရာကောင်းတဲ့ တံခါးချိတ်စာကို ရေးနိုင်ရင် ကျွန်မကရော သဟဇာတဖြစ်တဲ့စုံတွဲ ကို ညှပ်ခွင့် မရှိဘူးလား”
အားချိုး က မကျေမနပ်နဲ့ ကျုံးမင်းဝေ ကို မျက်စောင်းထိုးပြီး တိုးတိုးလေး ပြောပေမယ့် သူမက ရှက်နေတုန်းပင်။ သူမက သူ့လက်ဖဝါးပေါ်က စုံတွဲကို ကြည့်ပြီး တိုးတိုးလေး ပြော၏။
“ဒါမှမဟုတ် ဒီဟာကို မကပ်ရင်ရော၊ အကုန်လုံးကို ပြန်ညှပ်ပစ်လိုက်မယ်...”
“မလိုပါဘူး ဒီဟာကိုပဲ ကပ်လိုက်ပါ။ ကိုယ်က ဒီစုံတွဲကို အကြိုက်ဆုံးပဲ”
ကျုံးမင်းဝေ က စုံတွဲအရုပ်ကို လက်ညှိုးထိုးပြီး ပြုံးကာ အားချိုးအား ပြောလိုက်သည်။
“ကလေးမလေး... ဒီထဲက ယောက်ျားကကိုယ်နဲ့တူပြီး မိန်းမက မင်းနဲ့တူတယ်”
“တော်စမ်း မတူပါဘူး။ ကျွန်မက သူ့ထက် အများကြီး ပိုကြည့်ကောင်းတယ်”
အားချိုး က ငြင်းဆန်ပေမယ့် ရယ်တာကို မထိန်းနိုင်တော့ ပေ။ သူမက ကျုံးမင်းဝေရဲ့ မေးစေ့ကို နှစ်ချက် ကိုက်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ရယ်လေသည်။
“ဒါပေမယ့် ကျွန်မ တို့ အသက်ကြီးလာရင်တော့ ဒီလို ဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင်တော့ ရှင် ကျွန်မကို စွန့်ပစ်လို့ မရဘူးနော်”
***