လက်ရှိတွင် အခြား အဖွဲ့နှစ်ဖွဲ့မှ မည်သူမျှ မသေသေးသော်လည်း သူတို့ အဖွဲ့မှ တစ်ယောက် သေဆုံးသွားပြီ ဖြစ်သည်။
တစ်ယောက် သေသွားပြီ...
ပိုင်လီ၊ ဝေ့ဆော်၊ ဒုံကော်ယီနှင့် ဟယ်ဖေးယီတို့၏ မျက်နှာအမူအရာများ ကြီးမားစွာ ပြောင်းလဲသွားရုံသာမက တုံ့ပြန်မှု နှေးကွေးသော သွမ့်လင်းထျန်နှင့် အခြားသူများလည်း တောင့်တင်းသွားကြသည်။
ယခု သူတို့ အဖွဲ့မှ တစ်ယောက် သေဆုံးသွားပြီဖြစ်ရာ သူတို့ အားလုံး ဖယ်ထုတ်ခံရတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော...
ဤအခြေအနေတွင် ဖယ်ထုတ်ခံရခြင်းဆိုသည်မှာ သေဆုံးခြင်း ဖြစ်သည်။
သွမ့်လင်းထျန်တို့ အဖွဲ့ရှိ လူတိုင်း တောင့်တောင့်ကြီးဖြစ်နေဆဲမှာပင် သူတို့ ရှိနေသော ဂူကြီးထဲ၌ တဝီဝီမြည်သံများ ပြည့်နှက်လာသည်။ ထိုအသံများမှာ တဖြည်းဖြည်း ပို၍ ကျယ်လောင်လာပြီး မြန်ဆန်လာသည်။
ထိုအသံများကို ကြားသောအခါ သွမ့်လင်းထျန်နှင့် အခြားသူများမှာ စိုးရိမ်ပူပန်လာကြသည်။
ရုတ်တရက်
“ရတနာခုနှစ်ပါးနန်းဆောင်ထဲကို ဝင်... အခု ချက်ချင်း ဝင်...အခုချက်ချင်း”
စိုးရိမ်တကြီး အော်ဟစ်လိုက်သော အသံတစ်ခုက သွမ့်လင်းထျန်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ သွမ့်လင်းထျန်သည် စကားပြောလိုက်သူမှာ အကြီးအကဲဟော်ဖြစ်ကြောင်း အတည်ပြုရန်သာ အချိန်ရလိုက်ပြီး အဘယ်ကြောင့် ရတနာခုနှစ်ပါးနန်းဆောင်ထဲသို့ ဝင်ခိုင်းရသနည်းဆိုသည့် အကြောင်းရင်းကို စဉ်းစားမနေပေ။ သူသည် ပြောသည့်အတိုင်း လျင်မြန်စွာ လုပ်ဆောင်လိုက်သည်။ သူ၏ အတွေးတစ်ချက်ဖြင့် နားရွက်ထဲ၌ ဖုန်မှုန့်တစ်ပွင့်စာ အရွယ်အစား သေးထားသော ရတနာခုနှစ်ပါးနန်းဆောင်ထဲသို့ ဝင်လိုက်သည်။ ထိုအခိုက်အတန့်တွင် တခြားသူများ ရတနာခုနှစ်ပါးနန်းဆောင်၏ တည်ရှိမှုအား သိသွားမည်ကိုပင် သူ ဂရုမစိုက်နိုင်တော့ပေ။ ဤသည်မှာ အကြီးအကဲဟော်က သူ့ကို ဤမျှ စိုးရိမ်တကြီးဖြင့် ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲဟော် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့် မေးခွန်းမျှ မမေးတော့ဘဲ ရတနာခုနှစ်ပါးနန်းဆောင်ထဲသို့ ဝင်လိုက်ခြင်း ဖြစ်သည်။
ဝှစ်...
သွမ့်လင်းထျန် ပျောက်ကွယ်သွားခြင်းကို အဖွဲ့ထဲရှိ အသန်မာဆုံး လူများဖြစ်ကြသော ပိုင်လီနှင့် ဝေ့ဆော်တို့က သဘာဝကျကျပင် သတိထားမိလိုက်ကြသည်။ သို့သော်လည်း သူတို့ ထိုအကြောင်းကို မစဉ်းစားနိုင်သေးခင်မှာပင် ဂူကြီးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲသွားသည်။
ဘုန်း...
ထိုစွမ်းအားမှာ အံ့မခန်း အစွမ်းထက်လှသည်။ ၎င်းသည် ခဏတာမျှသာ ပေါ်လာခြင်း ဖြစ်သော်လည်း စိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်တွင် ရှိကြသော စွမ်းအားရှင် နှစ်ဦးဖြစ်သည့် ပိုင်လီနှင့် ဝေ့ဆော်တို့ အပါအဝင် လူတိုင်းကို ဖုန်မှုန့်အဖြစ် ကြေမွသွားစေသည်။
ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ပိုင်လီကဲ့သို့ အစွမ်းထက်သော လူပင်လျှင် မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းမရှိခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရသည်။ သူလောက် အစွမ်းထက်သောသူပင်လျှင် မိမိကိုယ်ကို မကာကွယ်နိုင်ခဲ့ပါက အခြားသူများမှာမူ လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။
ခဏတာမျှသာ ကြာသော်လည်း အလွန် အစွမ်းထက်သော ထိုပေါက်ကွဲမှုက ဂူထဲရှိ အရာအားလုံးကို ဖုန်မှုန့်အဖြစ်သို့ ကြေမွသွားစေခဲ့သည်။ သို့သော်လည်း ထိခိုက်မှု လုံးဝမရှိသော ထူးခြားသည့် ဖုန်မှုန့်လေး တစ်ပွင့်တော့ ကျန်နေခဲ့သည်။
အခြားတစ်ဖက်တွင် သွမ့်လင်းထျန်သည် ရတနာခုနှစ်ပါးနန်းဆောင်ထဲသို့ ဝင်ရောက်ပြီး ခြေမချနိုင်သေးမီမှာပင် အပြင်ဘက်၌ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခုကို ခံစားလိုက်ရသည်။ ဤအကြောင်းကြောင့် သွမ့်လင်းထျန်မှာ ရတနာခုနှစ်ပါးနန်းဆောင်ထဲမှ အပြင်သို့ လွင့်စင်ထွက်သွားသည်။
ရတနာခုနှစ်ပါးနန်းဆောင်ထဲမှ လွင့်စင်ထွက်လာပြီးနောက် သွမ့်လင်းထျန်မှာ ခေါင်းမူးကာ ပျို့အန်ချင်သလို ခံစားလိုက်ရသည်။ သူသည် ဦးနှောက်တုန်ခါသွားပြီး အတွင်းဒဏ်ရာများ ရရှိသွားသည့်ပုံ ပေါက်နေသည်။
“နေလို့ မကောင်းဘူး”
သို့သော်လည်း သွမ့်လင်းထျန်၏ ဒဏ်ရာများမှာ တကယ်တမ်းတွင် ထိုမျှလောက် မပြင်းထန်ပေ။ သူ ခဏ အနားယူလိုက်ပါက ပြန်လည် ကောင်းမွန်လာနိုင်မည် ဖြစ်သည်။
သွမ့်လင်းထျန် သတိပြန်ဝင်လာသောအခါ ဗလာကျင်းနေသော သူ၏ ပတ်ဝန်းကျင်ကို မြင်ပြီး ကြောင်အသွားသည်။
“ဒါက”
သူ ရှိနေခဲ့သော ဂူကြီးမှာ မရှိတော့သလို သူတို့ အဖွဲ့မှ လူများလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
“ဘာ... ဘာတွေ ဖြစ်သွားတာလဲ”
သွမ့်လင်းထျန် အလွန် အံ့အားသင့်သွားသဖြင့် ခဏတာမျှ ဘာမှပင် မတုံ့ပြန်နိုင်ပေ။
ခဏတာမျှသာ ကြာသော်လည်း အလွန် အစွမ်းထက်လှသော ထိုပေါက်ကွဲမှုကြီးက ဂူထဲရှိ လူတိုင်းကို ဖုန်မှုန့်အဖြစ်သို့ ကြေမွမသွားစေမီလေးတွင် သွမ့်လင်းထျန်သည် အကြီးအကဲဟော်၏ ညွှန်ကြားချက်အတိုင်း ရတနာခုနှစ်ပါးနန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဤနည်းဖြင့် ဤကြောက်မက်ဖွယ် ကံကြမ္မာဆိုးမှ သူ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
သွမ့်လင်းထျန်၏ အချိန်ကိုက်လှုပ်ရှားမှုမှာ အပြစ်ဆိုဖွယ်ရာ မရှိပေ။ ရတနာခုနှစ်ပါးနန်းဆောင်ထဲသို့ ဝင်ရောက်ကာ သူ၏ကိုယ်သူ နန်းဆောင်၏ အကာအကွယ်အောက်တွင် ထားရှိလိုက်သည်နှင့် တစ်ပြိုင်နက်နီးပါး ဂူကြီးက ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။
ပေါက်ကွဲမှု၏ စွမ်းအားမှာ အလွန် အစွမ်းထက်လှသဖြင့် ပိုင်လီကဲ့သို့ စိန့်ကောင်းကင် အဋ္ဌမပုံစံ စွမ်းအားရှင် မဆိုထားနှင့်၊ ကောင်းကင်ကပ်ဘေးကို မကျော်ဖြတ်ရသေးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ အဆုံး၌ ၎င်းမှာ ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော အခြေတည်စင်္ကြရှင် သုံးဦး ဖွဲ့စည်းထားခဲ့သည့် သတ်ဖြတ်ခြင်းအစီအရင် ဖြစ်သည်။
သတ်ဖြတ်ခြင်းအစီအရင်မှာ အလွန် ထူးခြားသည်။ ၎င်းသည် သူ၏ စွမ်းအားများ အားလုံးကို စုဆောင်းပြီးနောက် စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် အခြေတည်စင်္ကြရှင် သုံးဦး၏ ပူးပေါင်းစွမ်းအားနှင့် ညီမျှသည်။ ကောင်းကင်ကပ်ဘေးကို မကျော်ဖြတ်ရသေးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက်ကို မဆိုထားနှင့်၊ အခြေတည်စင်္ကြရှင် တစ်ဦးပင်လျှင် မသေဆုံးဘဲ သို့မဟုတ် ပြင်းထန်သော ဒဏ်ရာ မရရှိဘဲ သတ်ဖြတ်ခြင်းအစီအရင်ကို ခုခံကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။
၎င်းကို အခြေခံ၍ ကျန်တုံကျိနှင့် အခြားသော အခြေတည်စင်္ကြရှင် နှစ်ဦး ဖွဲ့စည်းထားသည့် သတ်ဖြတ်ခြင်းအစီအရင်၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့နိုင်သည်။
“မြန်မြန်လုပ်... မပျောက်ကွယ်သွားသေးတဲ့ ဝိညာဉ်အကြွင်းအကျန်တွေထဲက ပင်ကိုဝိညာဉ်အမြစ်တွေကို ဝါးမျိုလိုက်”
သွမ့်လင်းထျန် ကြောင်အမ်းအမ်း ဖြစ်နေဆဲမှာပင် အကြီးအကဲဟော်၏ အသံက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ဤစကားကို ကြားသောအခါ သွမ့်လင်းထျန် သတိပြန်ဝင်လာပြီး သူ၏ နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကြက်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်အကြွင်းအကျန် အများအပြား ရှိနေကြောင်း သူ တွေ့ရှိလိုက်သည်။ ထို့အပြင် ဝိညာဉ်အကြွင်းအကျန်များထဲရှိ ပင်ကိုဝိညာဉ်အမြစ်များမှာ စတင် ပျောက်ကွယ်နေပြီ ဖြစ်သည်။
“ဝါးမျိုစမ်း”
သွမ့်လင်းထျန်သည် သူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်များနှင့် ပတ်သက်၍ အများကြီး စဉ်းစားမနေဘဲ သို့မဟုတ် တုံ့ဆိုင်းမနေဘဲ ပင်ကိုဝိညာဉ်အမြစ်များကို စတင် ဝါးမျိုလိုက်သည်။ သူသာ ပင်ကိုဝိညာဉ်အမြစ်များကို အမြန် မဝါးမျိုပါက ၎င်းတို့ အားလုံး ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ ထိုအချိန်ကျလျှင် သူ ဝါးမျိုနိုင်တော့မည် မဟုတ်ပေ။
“မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်... နောက်ထပ် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် တစ်ခု... အပြာရောင် ပင်ကိုဝိညာဉ်အမြစ်... အပြာရောင် ပင်ကိုဝိညာဉ်အမြစ်”
သူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်အကြွင်းအကျန်များထံမှ ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုလိုက်သောအခါ သွမ့်လင်းထျန် အံ့အားသင့်သွားသည်။ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် နှစ်ခု၊ အပြာရောင် ပင်ကိုဝိညာဉ်အမြစ် ငါးခုနှင့် အစိမ်းရောင် ပင်ကိုဝိညာဉ်အမြစ် အများအပြား ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။
“ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်က”
သူ၏ ပတ်ဝန်းကျင်ရှိ ပင်ကိုဝိညာဉ်အမြစ်များ အားလုံးကို ဝါးမျိုပြီးနောက် သွမ့်လင်းထျန်သည် သူ၏ ပင်ကိုဝိညာဉ်အမြစ်က မဲနယ်ရင့်ရောင် ပင်ကိုဝိညာဉ်အမြစ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ မဲနယ်ရင့်ရောင် ပင်ကိုဝိညာဉ်အမြစ်မှာ ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲသွားရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ငါ ဒီလိုမျိုး ပင်ကိုဝိညာဉ်အမြစ် အများကြီး ထပ်ဝါးမျိုနိုင်ဦးမယ်ဆိုရင် ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်က ခရမ်းရောင် ပြောင်းဖို့ အရမ်း နီးစပ်သွားလိမ့်မယ်...
သူ၏ ပင်ကိုဝိညာဉ်အမြစ် တိုးတက်လာသည်ကို တွေ့ရှိပြီးနောက် သွမ့်လင်းထျန်သည် နှုတ်ခမ်းကို သပ်လိုက်ကာ မျှော်လင့်ချက်များဖြင့် သူ၏ မျက်လုံးများ လင်းလက်သွားသည်။
သို့သော်လည်း ခဏအကြာတွင် သွမ့်လင်းထျန် သတိပြန်ဝင်လာပြီး သူနှင့်အတူ ဂူထဲတွင် ရှိခဲ့သော လူများကို သတိရသွားသည်။
“အ... အကြီးအကဲဟော်... ကျုပ် ဝါးမျိုလိုက်တဲ့ ပင်ကိုဝိညာဉ်အမြစ်တွေက... ကျုပ်တို့ အဖွဲ့ဝင်တွေဆီကလား”
အကြီးအကဲဟော်ကို မေးလိုက်စဉ် သွမ့်လင်းထျန်၏ အသံက အနည်းငယ် တုန်ယင်နေသည်။
ထိုအရာများသာ ပိုင်လီ၊ ဝေ့ဆော်နှင့် အခြားသူများထံမှ ဖြစ်ခဲ့မည်ဆိုပါက အဘယ့်ကြောင့် ပင်ကိုဝိညာဉ်အမြစ်များ အားလုံး အဆင့်မြင့်နေရသနည်း ဆိုသည်မှာ ယုတ္တိတန်သွားပြီ ဖြစ်သည်။
ပိုင်လီသည် စိန့်ကောင်းကင် အဋ္ဌမပုံစံ စွမ်းအားရှင် တစ်ဦးဖြစ်သည်။
ဝေ့ဆော်သည် စိန့်ကောင်းကင် သတ္တမပုံစံ စွမ်းအားရှင် တစ်ဦးဖြစ်သည်။
သိုင်းတာအိုသူတော်စင်နယ်မြေတွင် စိန့်ကောင်းကင် သတ္တမပုံစံသို့ ချိုးဖျက်ချင်ပါက မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ရှိရမည် ဖြစ်သည်။
သဘာဝကျကျပင် ဤအတွက် ချွင်းချက်များ ရှိသည်။ သိုင်းတာအိုသူတော်စင်နယ်မြေ၏ သမိုင်းကြောင်း တစ်လျှောက်တွင် စိန့်ကောင်းကင် သတ္တမပုံစံသို့ ချိုးဖောက်နိုင်ခဲ့သည့် အပြာရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသူများ ရှိခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့သော ဖြစ်ရပ်များမှာ အလွန် ရှားပါးသည်။
“ဟုတ်တယ်... အဲဒါ သူတို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေ”
အကြီးအကဲဟော်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“တ... တကယ်ပဲ သူတို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေလား”
အကြီးအကဲဟော်၏ အဖြေကို ကြားသောအခါ သွမ့်လင်းထျန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့် အမူအရာတစ်ခု ပေါ်လာပြီး သူ၏ အသံများ တုန်ယင်စွာဖြင့် ပြောလိုက်သည်။
“ဘ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့... သူတို့က”
“ကျုပ် မင်းကို ရတနာခုနှစ်ပါးနန်းဆောင်ထဲ ဝင်ခိုင်းပြီးတဲ့နောက် သူတို့က သတ်ဖြတ်ခြင်းအစီအရင်ရဲ့ သတ်တာကို ခံလိုက်ရတာ”
အကြီးအကဲဟော်က ပြောလိုက်သည်။
“မင်း တုံ့ဆိုင်းမနေတာ ကံကောင်းသွားတယ်... မဟုတ်ရင် မင်းလည်း သေသွားလောက်ပြီ... ပေါက်ကွဲမှုရဲ့ စွမ်းအားက ဒီသာမန်လောကရဲ့ အထွတ်အထိပ်နားကို ကပ်နေပြီ... ကောင်းကင်ကပ်ဘေးကို မကျော်ဖြတ်ရသေးတဲ့ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင်တောင် အဲဒီပေါက်ကွဲမှုရဲ့ စွမ်းအားကို ခုခံနိုင်မှာ မဟုတ်ဘူး... တကယ်တော့ အခြေတည်စင်္ကြရှင် တစ်ယောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာမရဘဲ ဒါမှမဟုတ် သေလုမြောပါး မဖြစ်ဘဲ အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး... သတ်ဖြတ်ခြင်းအစီအရင်က စွမ်းအင် အများကြီး စုဆောင်းထားပြီး မျက်စိတစ်မှိတ်အတွင်း ထုတ်လွှတ်လိုက်တာပဲ... ဘာပဲဖြစ်ဖြစ် ဒီအစီအရင်က အခြေတည်စင်္ကြရှင် သုံးယောက် ပူးပေါင်း ဖန်တီးခဲ့တာဆိုတော့ အစီအရင်ရဲ့ စွမ်းအားက ဒီသာမန်လောကမှာ အသန်မာဆုံးပဲ”
အကြီးအကဲဟော်က စောစောက သွမ့်လင်းထျန် ကျရောက်နေခဲ့သော အန္တရာယ်အကြောင်းကို ရှင်းပြလိုက်သည်။
ခဏတာ ရပ်တန့်သွားပြီးနောက် အကြီးအကဲဟော်က ပြောလိုက်သည်။
“အဲဒီစွမ်းအားက ဒီသာမန်လောကမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ပေမဲ့ ကွက်လပ်လက်စွပ်တွေနဲ့ သူတော်စင်လက်နက်တွေလိုမျိုး ဒီသာမန်လောကက ပစ္စည်းတွေကိုပဲ ဖျက်ဆီးနိုင်တာ... ရတနာခုနှစ်ပါးနန်းဆောင်က ကောင်းကင်အဓိပတိရတနာ ဖြစ်တဲ့အတွက်ကြောင့် ပေါက်ကွဲမှုက သူ့ကို မထိခိုက်နိုင်တာ”
အကြီးအကဲဟော်၏ စကားများကို ကြားပြီးနောက် သွမ့်လင်းထျန် ချွေးသီးချွေးပေါက်များ ကျလာသည်။
ငါသာ အလိုအလျောက် အကြီးအကဲဟော်ရဲ့ စကားကို နားထောင်ပြီး ရတနာခုနှစ်ပါးနန်းဆောင်ထဲ မဝင်ခဲ့ဘူးဆိုရင် အဲဒီ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကနေ လွတ်နိုင်မှာ မဟုတ်ဘူး... တကယ် ကံကောင်းတာပဲ...
ဤအချိန်တွင် သွမ့်လင်းထျန်သည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး သူ၏ နှလုံးခုန်နှုန်းမှာလည်း အလွန် မြန်ဆန်နေသည်။ သူ သေဘေးနှင့် အလွန် နီးစပ်ခဲ့သည်။ ခဏအကြာတွင် သွမ့်လင်းထျန် တည်ငြိမ်သွားပြီးနောက် အကြီးအကဲဟော်ကို ချက်ချင်း ကျေးဇူးတင်လိုက်သည်။
“အကြီးအကဲဟော်... ကျေးဇူးတင်ပါတယ်”
“ကြီးမားတဲ့ အန္တရာယ်တွေနဲ့အတူ ကြီးမားတဲ့ ဆုလာဘ်တွေလည်း ပါလာလေ့ရှိတယ်... ဒီဖြစ်ရပ်က ပုံဖျက်ထားတဲ့ ကောင်းချီးတစ်ခုပဲ”
***