“ပုံဖျက်ထားတဲ့ ကောင်းချီးလား”
အကြီးအကဲဟော်၏ စကားများကို ကြားသောအခါ သွမ့်လင်းထျန် ခါးသက်စွာ ရယ်လိုက်မိသည်။
တကယ်ပင်ဖြစ်သည်။ ၎င်းကို သွမ့်လင်းထျန်အတွက် ပုံဖျက်ထားသော ကောင်းချီးတစ်ခုဟု မှတ်ယူနိုင်သည်။ သူသည် သေဘေးမှ လွတ်မြောက်ခဲ့ရုံသာမက သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို မဲနယ်ရင့်ရောင် ပင်ကိုဝိညာဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားစေသည့် အဆင့်မြင့် ပင်ကိုဝိညာဉ်အမြစ်များစွာကိုလည်း ဝါးမျိုနိုင်ခဲ့သည်။ လက်ရှိတွင် ၎င်းသည် ခရမ်းရောင်ပြောင်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော်လည်း ပိုင်လီနှင့် ဝေ့ဆော်တို့ကဲ့သို့ စွမ်းအားရှင်များ၏ သေဆုံးမှုအကြောင်းကို တွေးမိသောအခါ သူ ကျောချမ်းသွားဆဲ ဖြစ်သည်။
ဒုစရိုက်မြို့တော်ရှိ ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးဖြစ်သည့်အပြင် ပိုင်လီ၏ ကျင့်ကြံမှုအခြေခံမှာ စိန့်ကောင်းကင် အဋ္ဌမပုံစံတွင် ရှိသည်။ သူသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့်ကိုး ဖြစ်သည်။
လင်းနို့စိမ်းဘုရင် ဝေ့ဆော်မှာမူ သူသည် အမှောင်နယ်မြေဂိုဏ်း၏ မဟာဦးသျှောင်လေးပါးထဲမှ တစ်ဦးဖြစ်ရုံသာမက စိန့်ကောင်းကင် သတ္တမပုံစံ ကျင့်ကြံမှုအခြေခံဖြင့် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၄ ချိတ်ထားသည်။
သိုင်းတာအိုသူတော်စင်နယ်မြေတွင် ပိုင်လီနှင့် ဝေ့ဆော်တို့မှာ နာမည်ကြီးများ ဖြစ်ကြသည်။ သို့သော်လည်း ဤစွမ်းအားရှင်နှစ်ဦးမှာ ဤလောကငယ်ထဲတွင် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသည်။ အစမှအဆုံးတိုင်အောင် သူတို့သည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခုခံရန်မဆိုထားနှင့်၊ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
သူတို့သာ ဘာဖြစ်မယ်ဆိုတာကို သိခဲ့ကြရင် နတ်ဘုရားက သူတို့ကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးပြီး အတင်းအကျပ် ခိုင်းရင်တောင်မှ သူတို့ ဒီလောကငယ်ထဲကို ဝင်လာကြမယ် မထင်ဘူး
ဤအချက်ကို သွမ့်လင်းထျန် သေချာပေါက် ပြောရဲသည်။
နှစ်တစ်ထောင် မဟာမိတ်အဖွဲ့ခေါင်းဆောင် ဒုံကော်ယီ၊ မေ့လျော့မြေမှုန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟယ်ဖေးယီနဲ့ တခြားသူတွေလည်း အဲဒီလိုပဲ ဖြစ်မယ်ဆိုတာ ငါ သေချာတယ်
စောစောက အသက်ရှင်လျက် ကောင်းကောင်းမွန်မွန် ရှိနေခဲ့သော လူစုမှာ မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသည်။
လက်ရှိတွင် သွမ့်လင်းထျန်၏ ခံစားချက်မှာ ရှုပ်ထွေးနေသည်။ သူ၏ ပင်ကိုဝိညာဉ်အမြစ် တိုးတက်လာသည့်အပေါ် သူ ဝမ်းမသာနိုင်တော့ပေ။ ရတနာခုနှစ်ပါးနန်းဆောင်နှင့် ပေါက်ကွဲမှုမှာ ခဏတာမျှသာ ဖြစ်ခဲ့သည့်အတွက် သူ ကျေးဇူးတင်နေမိသည်။ ပေါက်ကွဲမှုသာ ဒီထက်ပိုကြာခဲ့ပါက သူ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ယခုအချိန်အထိ သွမ့်လင်းထျန်၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေဆဲဖြစ်ပြီး သူ၏ နှလုံးခုန်နှုန်းမှာလည်း အလွန် မြန်ဆန်နေဆဲ ဖြစ်သည်။
အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားသည်။
ဆယ့်ငါးမိနစ် ကြာပြီးနောက် သွမ့်လင်းထျန်သည် နောက်ဆုံးတွင် တုန်လှုပ်မှုမှ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဘာမျှမရှိကြောင်း တွေ့ရှိလိုက်ရသည်။ သူ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရသလို မည်သည့်ဘက်သို့ သွားရမည်ကိုလည်း မသိပေ။
ဤအခြေအနေအရ သူသည် စမ်းသပ်မှုများတွင် ဆက်လက် ပါဝင်ရန် မလိုတော့ကြောင်း ထင်ရှားသည်။ ပင်လယ်ပြင်အလယ်ရှိ ရွက်လှေတစ်စင်းကဲ့သို့ လမ်းပျောက်ကာ အထီးကျန်စွာဖြင့် ကျယ်ပြောလှသော ဟာလာဟင်းလင်းပြင်ကြီးထဲတွင် သူ ရပ်နေသည်။ ဤလောကငယ်ကို ဖန်တီးခဲ့သည့် အခြေတည်စင်္ကြရှင် သုံးဦးက သူ့ကို မေ့သွားသည့်ပုံ ပေါက်နေသည်။
“အကြီးအကဲဟော် ကျုပ်က ပိုင်လီနဲ့ ဝေ့ဆော်တို့လို သေရမှာပေမဲ့ ရတနာခုနှစ်ပါးနန်းဆောင်ကြောင့် အသက်ရှင်ကျန်ရစ်ခဲ့တယ်.... ကျန်တုံကျိနဲ့ တခြား အခြေတည်စင်္ကြရှင် နှစ်ယောက်က ဒီအချက်ကို ထည့်မတွက်ထားဘူး ထင်တယ်”
သွမ့်လင်းထျန်က အကြီးအကဲဟော်ကို ပြောလိုက်သည်။
“အခု ကျုပ် ဒီလောကငယ်ထဲကနေ ဘယ်လို ထွက်သွားရမလဲ”
လက်ရှိတွင် သွမ့်လင်းထျန်သည် ဤလောကငယ်ထဲရှိ ရတနာများကို မရှာဖွေချင်တော့ပေ။ သူ လိုချင်သည့် တစ်ခုတည်းသော အရာမှာ ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရန် ဖြစ်သည်။ စောစောက ဖြစ်ပျက်ခဲ့သောအရာက သူ့အပေါ် အချိန်ကြာမြင့်စွာ မမေ့နိုင်မည့် ခံစားချက်တစ်ခုကို ချန်ရစ်ခဲ့သည်။ သူ သေဘေးနှင့် အလွန် နီးစပ်ခဲ့သည်။ သူ သေရတော့မည့် အခြေအနေနှင့် မည်မျှ နီးစပ်ခဲ့သည်ကို တွေးမိသောအခါ ကျောချမ်းသွားဆဲ ဖြစ်သည်။ ဖြစ်နိုင်ပါက သူ ထိုကဲ့သို့သော အရာမျိုးကို ထပ်မကြုံတွေ့ချင်တော့ပေ။ ဤအကြောင်းကြောင့် ဤနေရာမှ ထွက်သွားရန် သူ အလွန်အမင်း ဆန္ဒရှိနေခြင်း ဖြစ်သည်။
“မင်း ဘာလို့ ဒီလောကငယ်ထဲကနေ ထွက်သွားချင်ရတာလဲ”
သွမ့်လင်းထျန်၏ မေးခွန်းကို အကြီးအကဲဟော်က ပြန်မေးလိုက်သည်။
“အကြီးအကဲဟော်”
သွမ့်လင်းထျန်က ခါးသီးစွာ ပြုံးလိုက်သည်။
“လက်ရှိအခြေအနေအရဆိုရင် ကျန်တုံကျိနဲ့ တခြား အခြေတည်စင်္ကြရှင် နှစ်ယောက် ချမှတ်ထားတဲ့ စမ်းသပ်မှုတွေကနေ ကျုပ်က ဖယ်ထုတ်ခံရတယ်လို့ သတ်မှတ်လို့ ရတယ်လေ.... ကျုပ် အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ နောက်ဆက်တွဲ စမ်းသပ်မှုတွေမှာ ကျုပ် ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်.... တကယ်လို့ နောက်ဆက်တွဲ စမ်းသပ်မှုတွေမှာ ကျုပ် မပါနိုင်ဘူးဆိုရင် ဒီလောကငယ်ထဲမှာ ချန်ထားခဲ့တဲ့ ရတနာတွေကို ကျုပ် ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုတာ မလား.... အဲဒီလိုဆိုရင်တော့ ကျုပ်ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ စိုးရိမ်နေမဲ့အစား အချိန်ရှိတုန်း ဒီနေရာကနေ ထွက်သွားသင့်တာပေါ့”
သူ ထွက်သွားချင်ရသည့် အကြောင်းရင်းကို သွမ့်လင်းထျန် ရှင်းပြလိုက်သည်။
“မင်း နောက်ဆက်တွဲ စမ်းသပ်မှုတွေမှာ ပါနိုင်မှာ မဟုတ်ဘူး....ဒါပေမဲ့ မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို ဆက်ပြီး တိုးတက်အောင် မလုပ်ချင်တော့ဘူးလား”
အကြီးအကဲဟော်က မေးလိုက်သည်။
“အကြီးအကဲဟော် ဘာကို ဆိုလိုတာလဲ”
သွမ့်လင်းထျန် နားဝေတိမ်တောင် ဖြစ်သွားသည်။ အကြီးအကဲဟော်၏ စကားများကို သူ နားမလည်ပေ။
“ကျုပ်ရဲ့ စွမ်းအားက စင်္ကြရှင်တစ်ယောက်ရဲ့ အဆင့်ကို ပြန်ရောက်နေပြီ အဲ့ဒါကြောင့် ကျုပ်ရဲ့ နတ်ဘုရားအာရုံက ဒီလောကငယ်ကို ဖောက်ထွင်းမြင်နိုင်တယ်... ဥပမာပြောရရင် တခြား အဖွဲ့နှစ်ဖွဲ့က လက်ရှိမှာ တတိယစမ်းသပ်မှုကို ဖြတ်ကျော်နေကြတယ်”
အကြီးအကဲဟော်က ချက်ချင်း ပြောလိုက်သည်။
“တတိယစမ်းသပ်မှုရဲ့ စည်းမျဉ်းက ဒုတိယစမ်းသပ်မှုနဲ့ အတူတူပဲ အဖွဲ့ထဲက တစ်ယောက်ယောက် သေသွားရင် အဖွဲ့ထဲက လူတိုင်းလည်း သေရမှာပဲ”
“အဲ့ဒါ ဘာဖြစ်လို့လဲ”
သွမ့်လင်းထျန်က ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်သည်။
“သူတို့ အခု ဘယ်မှာ ရှိနေလဲဆိုတာတောင် ကျုပ် မသိဘူး.... သူတို့ ဘယ်မှာ ရှိနေလဲဆိုတာကို ကျုပ် မသိဘဲ သူတို့ သေသွားပြီးတဲ့နောက် သူတို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကို ဘယ်လို ဝါးမျိုနိုင်မှာလဲ”
“သူတို့ရဲ့ နေရာကို မင်း မရှာနိုင်ဘူးလို့ အဲဒီလောက်တောင် သေချာနေတာလား”
အကြီးအကဲဟော်၏ မေးခွန်းက သွမ့်လင်းထျန်၏ မျက်နှာပေါ်မှ ခါးသီးသော အပြုံးကို ပျောက်ကွယ်သွားစေသည်။ သွမ့်လင်းထျန်၏ မျက်နှာအမူအရာ ချက်ချင်း လေးနက်သွားသည်။
“အကြီးအကဲဟော် ဘာကို ဆိုလိုတာလဲ.....ဖယ်ထုတ်ခံရတဲ့သူတွေရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကို ရှာဖွေပြီး ဝါးမျိုဖို့ ကျုပ်ကို ကူညီပေးနိုင်တယ်လို့ ပြောနေတာလား”
“ဟုတ်တယ်”
အကြီးအကဲဟော်၏ အသံမှာ ယုံကြည်မှု ရှိနေသည်။
“ကျုပ်ရဲ့ နတ်ဘုရားအာရုံနဲ့ ဒီလောကငယ်ကို ဖောက်ထွင်းမြင်နိုင်တယ်လို့ စောစောက ကျုပ် မင်းကို ပြောခဲ့တယ်လေ.... စောစောက ဒီလောကငယ်ကို ကျုပ် ရှာဖွေပြီး တခြားသူတွေရဲ့ နေရာတွေကို တွေ့ခဲ့တယ်.... အဖွဲ့နှစ်ဖွဲ့စလုံးက စောစောက မင်း ရှိနေခဲ့တဲ့ ဂူနဲ့ဆင်တူတဲ့ ကန့်သတ်နေရာလွတ် တစ်ခုစီမှာ ရှိနေကြတယ်.... သူတို့က အချင်းချင်း သိပ်မဝေးကြဘူး....မင်း ကန့်သတ်နေရာလွတ် နှစ်ခုကြား အလယ်မှာ နေမယ်ဆိုရင် မင်းရဲ့ အစွမ်းကုန်အမြန်နှုန်းနဲ့ သွားမယ်ဆိုရင် နေရာလွတ် တစ်ခုဆီကို အသက်ဆယ်ရှိုက်စာ အချိန်တောင် မပေးရဘဲ သွားနိုင်တယ်.... ကန့်သတ်နေရာလွတ် နှစ်ခုထဲက တစ်ခုကတော့ ပျက်စီးဖို့ ဖန်တီးထားပြီးသားမို့ အဲဒီမှာ ရှိနေတဲ့ လူတွေက သေချာပေါက် သေရမှာပဲ.... အဲဒီအချိန်ကျရင် မင်း အဲဒီနေရာလွတ်ဆီကို သွားနိုင်တယ်.... မင်း ရောက်သွားတဲ့အချိန်မှာ အဲဒီလူတချို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေ ပျောက်ကွယ်သွားနိုင်ပေမဲ့ မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို တိုးတက်အောင် ဝါးမျိုဖို့အတွက် တချို့တော့ ကျန်နေဦးမှာပဲ”
သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု မရှိပေ။ တကယ်တော့ ထိုအသက်များ ဆုံးရှုံးသွားမည့်အပေါ် သူ စိတ်မကောင်းဖြစ်နေမိသည်။
***