“အကြီးအကဲဟော်”
ရုတ်တရက် သွမ့်လင်းထျန်က အကြီးအကဲဟော်ကို မေးလိုက်သည်။
“သူတို့ကို အပြင်ကို ပို့ဖို့ ဒါမှမဟုတ် စမ်းသပ်မှုတွေကို ရပ်တန့်ဖို့ နည်းလမ်း ရှိလား”
ပင်ကိုဝိညာဉ်အမြစ်များမှာ ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်သော်လည်း သွမ့်လင်းထျန်သည် ရွေးချယ်ခွင့်ရှိမည်ဆိုပါက လူနှစ်ဖွဲ့၏ အသက်ကို ကယ်တင်ရန် ပို၍ စိတ်ဝင်စားသည်။ ယင်းမှာ သူ စိတ်ထားနူးညံ့သောကြောင့် မဟုတ်ပေ။ အပယ်ခံနယ်မြေမှ မိစ္ဆာမျိုးနွယ်များက သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာပြီဟူသော ကောလာဟလများကို သူ တွေးမိသောကြောင့် ဖြစ်သည်။
အထက်ပိုင်းပြည်နယ်ရှိ လူများက ဤအကြောင်း ပြောဆိုမှု အများစု ရပ်တန့်သွားကြသော်လည်း သွမ့်လင်းထျန်မှာ စိုးရိမ်နေဆဲ ဖြစ်သည်။ တစ်ခုခု မှားယွင်းနေကြောင်း သူ၏ ဆဌမအာရုံက သူ့ကို ပြောနေသည်။
‘ကြိုတင် ကာကွယ်ခြင်းက အမြဲ ပညာရှိရာကျတယ်’ ဆိုသည့် အဆိုလိုပင်ဖြစ်သည်။
အကယ်၍ မိစ္ဆာမျိုးနွယ်များက သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်ကို တကယ် ကျူးကျော်ဝင်ရောက်လာလျှင် မည်သို့ လုပ်မည်နည်း။ ထိုအချိန်ကျလျှင် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အောက်ပိုင်းပြည်နယ်ရှိ အသက်များ ဆုံးရှုံးရမည်သာမက အထက်ပိုင်းပြည်နယ်သည်လည်း ထိခိုက်မှု ရှိလာမည် ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ ထိုအချိန်ကျလျှင် လူသားများသည် မိစ္ဆာမျိုးနွယ်များကို ဆန့်ကျင်ရန် စည်းလုံးညီညွတ်စွာ ရပ်တည်ရမည် ဖြစ်သည်။
လက်ရှိတွင် ကျန်တုံကျိနှင့် အခြေတည်စင်္ကြရှင် နှစ်ဦး ဖန်တီးခဲ့သည့် လောကငယ်ထဲသို့ ဝင်ရောက်လာသူများထဲတွင် သေဆုံးသွားသော ပိုင်လီနှင့် ဝေ့ဆော်တို့အပြင် စိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်အဆင့် ကျင့်ကြံသူ အများအပြား ရှိနေရမည်မှာ သေချာသည်။
အကယ်၍ မိစ္ဆာမျိုးနွယ်များက အထက်ပိုင်းပြည်နယ်ကို ကျူးကျော်ရန် ရည်ရွယ်ထားပါက ဤစိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်ရှိ ကျင့်ကြံသူများသည် မိစ္ဆာမျိုးနွယ်များနှင့် စစ်ပွဲတွင် လူသားများအတွက် အဓိက အင်အားစု ဖြစ်လာမည်မှာ သေချာသည်။
ထိုအကြောင်းအရင်းကြောင့် သူ ဤလူများကို အသက်ရှင်စေချင်ရခြင်း ဖြစ်သည်။
သွမ့်လင်းထျန်သည် သူတို့ကို မသိသလို ပင်ကိုဝိညာဉ်အမြစ်များက သူ့အတွက် ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်သော်လည်း သူတို့ကို အသက်ရှင်စေချင်ဆဲ ဖြစ်သည်။
“ကျုပ် ရတနာခုနှစ်ပါးနန်းဆောင်ထဲကနေ မထွက်နိုင်သရွေ့ သူတို့ကို အပြင်ကို မပို့ပေးနိုင်သလို အခြေတည်စင်္ကြရှင် သုံးယောက် ဖန်တီးထားတဲ့ စမ်းသပ်မှုတွေကိုလည်း ရပ်တန့်လို့ မရဘူး”
အကြီးအကဲဟော်က သွမ့်လင်းထျန်၏ မေးခွန်းကို လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
အကြီးအကဲဟော်၏ အဖြေက သွမ့်လင်းထျန်ကို စိတ်ပျက်သွားစေသည်။ ခဏအကြာတွင် သူ တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် သူ၏ မျက်လုံးများ တောက်ပသွားသည်။
“အကြီးအကဲဟော် ကျုပ် သူတို့ကို ဘယ်လို ကယ်လို့ရမလဲဆိုတာ ပြောပြလို့ရမလား”
သွမ့်လင်းထျန်က မေးလိုက်သည်။
“မင်းလား မင်းက အရမ်း အားနည်းလွန်းတယ် သူတို့ကို ကယ်ဖို့ဆိုရင် အနည်းဆုံးတော့ မင်းက စင်္ကြရှင်တစ်ယောက် ဖြစ်နေမှ ရမယ်”
အကြီးအကဲဟော် ပြောလိုက်ရာ သွမ့်လင်းထျန်၏ မျှော်လင့်ချက်များ ပျက်စီးသွားသည်။
“မင်း သူတို့ ကန့်သတ်နေရာလွတ်ရဲ့ တည်နေရာကို သိရင်တောင် မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ ဝင်လို့ ရမှာ မဟုတ်ဘူး.... သူတို့ကို ကယ်ဖို့ဆိုရင် ပိုဝေးပေါ့”
ခဏအကြာတွင် အကြီးအကဲဟော်က ဆက်ပြောလိုက်သည်။
“အခု မင်း လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဘေးကနေ ကြည့်နေပြီး ဒီလူတွေရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကို အလဟဿ မဖြစ်စေဖို့ပဲ....မင်း သူတို့ကို ကယ်ဖို့ နည်းလမ်းမရှိဘူး... မင်းက စွမ်းအားမဲ့နေတယ်....သူတို့ကို မကယ်နိုင်တဲ့အတွက် မင်း စိတ်မကောင်းဖြစ်နေစရာ အကြောင်းမရှိဘူး”
အကြီးအကဲဟော်၏ စကားကို ကြားပြီးနောက် သူသည် ဤလူများ သေဆုံးသွားခြင်းကို ကြည့်နေရုံသာ တတ်နိုင်ကြောင်း သွမ့်လင်းထျန် သိလိုက်သည်။
ထို့နောက် အကြီးအကဲဟော်က သွမ့်လင်းထျန်ကို ကန့်သတ်နေရာလွတ် နှစ်ခု တည်ရှိရာကြား အလယ်သို့ ခေါ်သွားခဲ့သည်။ ထို့နောက် သွမ့်လင်းထျန်သည် အကြီးအကဲဟော်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလိုက်သည်။
တစ်ချိန်တည်းမှာပင် အခြား အဖွဲ့နှစ်ဖွဲ့မှာ တတိယစမ်းသပ်မှုကို ဖြတ်ကျော်နေကြသည်။ ဒုတိယစမ်းသပ်မှုမှ အသက်ရှင်ကျန်ရစ်ပြီး တတိယစမ်းသပ်မှုသို့ ဆက်သွားနိုင်သည့်အတွက် သူတို့ အလွန် ဝမ်းသာနေကြသည်။ သို့သော်လည်း တတိယစမ်းသပ်မှု၏ စည်းမျဉ်းမှာ ဒုတိယစမ်းသပ်မှုနှင့် အတူတူပင်ဖြစ်ကြောင်း သူတို့ သိလိုက်ရသောအခါ ပြန်လည် စိုးရိမ်လာကြသည်။
................
ဒုတိယစမ်းသပ်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့သော လူနှစ်ဖွဲ့သည် အခြားအဖွဲ့မှ လူများ အရင်သေဆုံးသွားစေရန် အဆက်မပြတ် ဆုတောင်းနေကြသည်။ အဆုံး၌ သူတို့အဖွဲ့ထဲမှ တစ်ယောက်ယောက် သေဆုံးသွားပါက သူတို့အားလုံးလည်း သေဆုံးရမည် ဖြစ်သည်။ အကယ်၍ သူတို့သာ ပြန်လည်ရွေးချယ်ခွင့်ရှိပါက သူတို့ထဲမှ အများစုသည် ဤနေရာသို့ ဝင်လာခဲ့ကြမည် မဟုတ်ပေ။ ကံမကောင်းစွာဖြင့် သူတို့တွင် ထိုရွေးချယ်ခွင့် မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် လူနှစ်ဖွဲ့ တတိယစမ်းသပ်မှုကို ဖြတ်ကျော်နေကြသော ကန့်သတ်နေရာလွတ်နှစ်ခုကြားရှိ နေရာလွတ်တစ်ခုတွင် အနားယူနေသည်။ သူသည် မည်သည့်ပူပန်မှုမျှမရှိဘဲ အနားယူနေပုံရသော်လည်း သူ၏ရင်ထဲတွင် လေးလံနေသည်။
သဘာဝကျကျပင် သွမ့်လင်းထျန်သည် သူ ဝါးမျိုနိုင်မည့် ပင်ကိုဝိညာဉ်အမြစ်များအပေါ် အလွန် သွေးဆောင်ခံနေရသော်လည်း သူ၏ ကိုယ်ကျိုးကို ဘေးဖယ်ထားကာ ပိုမိုကြီးမားသော အခြေအနေကို တွေးတောရမည် ဖြစ်သည်။
အကယ်၍ မိစ္ဆာမျိုးနွယ်များက သိုင်းတာအိုသူတော်စင်နယ်မြေကို ကျူးကျော်ဝင်ရောက်လာလျှင် မည်သို့လုပ်မည်နည်း....
သွမ့်လင်းထျန်သည် ပိုမိုမြန်ဆန်စွာ အစွမ်းထက်လာစေရန် သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို တိုးတက်ချင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူသည် ခူအယ်နှင့် သူတို့၏ သမီးလေးကို မီးပူဇော်ခြင်းဂိုဏ်းမှ တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်နိုင်မည် ဖြစ်သည်။
ခူအယ်သာ ငါ့နေရာမှာဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်မှာပဲ....
ခူအယ် မည်မျှ ကြင်နာတတ်ကြောင်း သွမ့်လင်းထျန် ကောင်းကောင်း သိသည်။ အကယ်၍ သူသာ မိမိကိုယ်ကျိုးအတွက် လူ့အသက်ပေါင်းများစွာကို စတေးပြီး လူသားများကို မိစ္ဆာမျိုးနွယ်များရှေ့တွင် အကာအကွယ်မဲ့ဖြစ်သွားစေသည်အထိ လုပ်ဆောင်ခဲ့မည်ဆိုပါက သူ သူမကို ကယ်တင်နိုင်ခဲ့လျှင်တောင် ခူအယ် သေချာပေါက် စိတ်မကောင်းဖြစ်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သွမ့်လင်းထျန်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ သူသည် ထိုစွမ်းအားရှင်များကို ကယ်တင်ချင်ခဲ့လျှင်တောင် သူ၏ လက်ရှိစွမ်းအားဖြင့် ကန့်သတ်နေရာလွတ်များထဲသို့ ဝင်ရောက်ရန် နည်းလမ်းမရှိပေ။
ကျုပ် ခင်ဗျားတို့အားလုံးကို မကယ်ချင်တာ မဟုတ်ဘူး... ကျုပ် တကယ်ကို ဘာမှ မလုပ်နိုင်တာပါ....
ဤအခိုက်အတန့်တွင် သွမ့်လင်းထျန်သည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူသည် အသက်ပြင်းပြင်းရှူကာ မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ ထိန်းချုပ်၍မရနိုင်သော အရာအချို့ ရှိနေကြောင်းကို သူ သိသည်။
ဘဝဆိုသည်မှာ အမြဲတမ်း ချောမွေ့နေမည် မဟုတ်ပေ။
“အကြီးအကဲဟော်... ကန့်သတ်နေရာလွတ် တစ်ခုခုထဲက လူတွေ ဖယ်ထုတ်ခံရတဲ့အခါ အဲဒီစွမ်းအားက ဒီကို ပျံ့လာမှာလား... ကျုပ် အရင်ကလိုပဲ ရတနာခုနှစ်ပါးနန်းဆောင်ထဲမှာ ပုန်းနေသင့်သလား”
သွမ့်လင်းထျန်က အကြီးအကဲဟော်ကို မေးလိုက်သည်။
အကယ်၍ သတ်ဖြတ်ခြင်းအစီအရင်ထံမှ စွမ်းအားက သွမ့်လင်းထျန် ရှိနေသော နေရာသို့ ပြန့်နှံ့လာနိုင်ပါက သူ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။ ထိုအဖျက်စွမ်းအားက မည်မျှ အစွမ်းထက်ကြောင်းကို သူ မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ဧရာမဂူကြီး ပျက်စီးသွားရုံသာမက ပိုင်လီနှင့် ဝေ့ဆော်တို့ကဲ့သို့ အစွမ်းထက်သော စွမ်းအားရှင်များပင် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသည်။ သူတို့ဆီမှ ဘာမျှပင် ကျန်မနေခဲ့ပေ။ ဤအကြောင်းကြောင့် သူ သတိထားနေခြင်း ဖြစ်သည်။
“အဲဒီလို လုပ်ဖို့ မလိုပါဘူး”
သွမ့်လင်းထျန်၏ မေးခွန်းကို အကြီးအကဲဟော်က ပြန်ဖြေလိုက်သည်။
“သတ်ဖြတ်ခြင်းအစီအရင်ရဲ့ စွမ်းအားက ကန့်သတ်နေရာလွတ်ကိုပဲ သက်ရောက်မှု ရှိတာ... ပေါက်ကွဲမှုရဲ့ စွမ်းအားကို အမြင့်ဆုံးရောက်အောင် လုပ်ဖို့အတွက် အချိန်ခဏလေးပဲ ကြာပြီး သတ်မှတ်ထားတဲ့ နေရာတစ်ခုအပေါ်ပဲ သက်ရောက်မှုရှိတာ... မင်း ရတနာခုနှစ်ပါးနန်းဆောင်ထဲမှာ ပုန်းနေဖို့ မလိုဘူး... မင်း ကန့်သတ်နေရာလွတ် တစ်ခုခုဆီ သွားဖို့ အချိန်ကောင်းကို စောင့်နေရုံပဲ”
သွမ့်လင်းထျန် ခေါင်းညိတ်လိုက်ပြီး အကြီးအကဲဟော်၏ အချက်ပြမှုကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
***