အဘွားမြွေအပြင် လောကငယ်ထဲသို့ ဝင်ရောက်လာသော စိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်ရှိ စွမ်းအားရှင်များ သေချာပေါက် ထပ်ရှိနေမည်ဖြစ်သည်။ မန်ဟောင်နှင့် အခြား စိန့်ကောင်းကင် သတ္တမပုံစံ စွမ်းအားရှင် နှစ်ဦးတို့က ဤအချက်ကို သေချာကြသည်။
အဆုံး၌ ပထမစမ်းသပ်မှုအတွဲများမှ အသက်ရှင်ကျန်ရစ်ခဲ့သော လူများကို အဖွဲ့သုံးဖွဲ့ ခွဲထားခဲ့ခြင်း ဖြစ်သည်။ သီအိုရီအရဆိုလျှင် အဖွဲ့တိုင်း၏ ပေါင်းစပ်စွမ်းအားမှာ အတူတူခန့်သာ ရှိမည် ဖြစ်သည်။
ကျန်တုံကျိ၏ ရယ်သံ တိတ်သွားပြီးနောက် သူက ပြောလိုက်သည်။
“မင်းတို့ အားလုံး တတိယစမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့အတွက်... ဒီနေရာမှာရှိတဲ့ သတ်ဖြတ်ခြင်းအစီအရင် မသက်ဝင်လာခင် မင်းတို့ကို နောက်ထပ် ဆယ့်ငါးမိနစ် အချိန်ပို ပေးမယ်... အဲဒီနောက်မှာတော့ တခြား အဖွဲ့နှစ်ဖွဲ့လိုပဲ မင်းတို့ အားလုံး ဖုန်မှုန့်အဖြစ် ပြောင်းသွားလိမ့်မယ်... မင်းတို့ရဲ့ နောက်ဆုံး ဆယ့်ငါးမိနစ်ကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ကြပါ လောဘကြီးတဲ့ လူသားတွေ”
ထို့နောက် ကျန်တုံကျိ လုံးဝ အသံတိတ်သွားသည်။
တုန်လှုပ်မှုမှ သတိပြန်ဝင်လာသော မန်ဟောင်နှင့် အခြားသူများမှာ သဘာဝကျကျပင် စိုးရိမ်လာကြသည်။
ဆယ့်ငါးမိနစ်....
သူတို့တွင် ဆယ့်ငါးမိနစ်သာ အချိန်ရတော့သည်။
“ဘယ်လိုလုပ်မလဲ... အခု ငါတို့ ဘာလုပ်ကြမလဲ”
“ဆယ့်ငါးမိနစ်... ငါတို့ သေဖို့ ဆယ့်ငါးမိနစ်ပဲ လိုတော့တယ်... ငါ မသေချင်သေးဘူး... ငါ မသေချင်သေးဘူး”
“မင်း ဘာလို့ အော်နေတာလဲ... မသေချင်တဲ့သူက မင်း တစ်ယောက်တည်း မဟုတ်ဘူး”
သူတို့ အားလုံး ဆယ့်ငါးမိနစ်အတွင်း သေဆုံးရတော့မည်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် လူအများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကာ သူတို့၏ ခန္ဓာကိုယ်များမှာ အကြောက်တရားဖြင့် တုန်ယင်လာကြသည်။ သူတို့ မတည်ငြိမ်နိုင်ကြတော့ပေ။
သေဆုံးခြင်းသည် တကယ် ကြောက်စရာကောင်းသည်။ အကယ်၍ အချိန်ပေးနေမည့်အစား ချက်ချင်း သတ်လိုက်ရပါက ပိုကောင်းပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင် သေမင်းက သူတို့ထံ လာမည့်အချိန်ကို စောင့်ဆိုင်းရင်း အကြောက်တရားထဲတွင် နစ်မွန်းနေရန် သူတို့၌ ဆယ့်ငါးမိနစ် အချိန်ရနေသည်။
မန်ဟောင် အပါအဝင် စိန့်ကောင်းကင် သတ္တမပုံစံ စွမ်းအားရှင် သုံးဦး၏ မျက်နှာပေါ်တွင်ပင် ပျက်ယွင်းသော အမူအရာများ ရှိနေသည်။
သူတို့ထဲတွင် အသက်အငယ်ဆုံးဖြစ်သော မန်ဟောင်ပင်လျှင် ယနေ့လို အောင်မြင်မှုများ ရရှိရန် နှစ်ရာချီကြာ အချိန်ယူခဲ့ရသည်။ ဤအကြောင်းကြောင့် သူတို့သည် သူတို့၏ အသက်များကို အခြားအရာအားလုံးထက် ပို၍ တန်ဖိုးထားကြသည်။ အဆုံး၌ သူတို့ ဘဝတွင် လက်ရှိနေရာသို့ ရောက်လာရန် မလွယ်ကူခဲ့ပေ။
သူတို့သည် ထာဝရအသက်ရှင်ခွင့်ကို ရရှိထားပြီးဖြစ်သော်လည်း သူတို့၏ လောဘကြောင့် ဤနေရာသို့ ဝင်လာခဲ့ကြခြင်း ဖြစ်သည်။ ယခု သူတို့ အားလုံး ဤနေရာတွင် သေဆုံးရတော့မည် ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မန်ဟောင်က ပြောလိုက်သည်။
“မဟုတ်ဘူး... ဒါကို ငါ လက်မြှောက်အရှုံးမပေးနိုင်ဘူး”
သူက ဟိန်းဟောက်လိုက်ပြီး ထွက်ပေါက်ရှာရန် ပျံသန်းသွားသည်။
အခြား စိန့်ကောင်းကင် သတ္တမပုံစံ စွမ်းအားရှင် နှစ်ဦးက မန်ဟောင်၏ လုပ်ရပ်ကို မြင်သောအခါ သူ့နောက်သို့ လိုက်သွားကြသည်။ ၎င်းကို မြင်သောအခါ အခြားသူများလည်း သူတို့၏ အကြောက်တရားကို ဘေးချိတ်ကာ ထွက်ပေါက်ကို စတင် ရှာဖွေကြသည်။
တစ်ချိန်တည်းမှာပင် မန်ဟောင်နှင့် အခြားသူများ ကန့်သတ်နေရာလွတ်ထဲမှ ထွက်ပေါက်ရှာနေကြစဉ် သွမ့်လင်းထျန်က ဖြစ်ပျက်ခဲ့သမျှကို အကြီးအကဲဟော်ထံမှ သိလိုက်ရသည်။
အကြီးအကဲဟော်သည် ရတနာခုနှစ်ပါးနန်းဆောင်ထဲတွင် ပိတ်မိနေဆဲဖြစ်သော်လည်း သူ၏ စွမ်းအားအချို့ကို ပြန်လည်ရရှိထားပြီးဖြစ်ရာ သာမန် စင်္ကြရှင် တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။ ဤအကြောင်းကြောင့် သူ၏ နတ်ဘုရားအာရုံသည်လည်း ပို၍ အစွမ်းထက်လာခဲ့ပြီး သူ့အတွက် သူ၏ နတ်ဘုရားအာရုံကို လောကငယ်တစ်ဝိုက်တွင် ရွှေ့လျားကာ ဖြစ်ပျက်ခဲ့သမျှကို လေ့လာရန် မခက်ခဲပေ။ အကြီးအကဲဟော်သည် ကျန်တုံကျိ ပြောခဲ့သော စကားလုံးတိုင်းကို ကြားပြီးနောက် သွမ့်လင်းထျန်အား ဖြစ်ပျက်ခဲ့သမျှ ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။
“မိစ္ဆာမျိုးနွယ်တွေလား... ဒီလောကငယ်ကို မိစ္ဆာသုံးကောင် ဖန်တီးခဲ့တာလား”
ဤအကြောင်းကို ကြားသောအခါ သွမ့်လင်းထျန် အလွန်အမင်း အံ့အားသင့်သွားသည်။ သူ့ အိပ်မက်ထဲတွင်ပင် ဤသို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
လူတိုင်းက စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက် ချန်ထားခဲ့သည်ဟု သံသယရှိခဲ့သော ရတနာသိုက်မှာ မိစ္ဆာသုံးကောင် ဖန်တီးထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်နေသည်လော...
“သူတော်စင်စီရင်စုလောကလား... အဲဒါက မိစ္ဆာတွေ သိုင်းတာအိုသူတော်စင်နယ်မြေကို ခေါ်တဲ့ နာမည်လား... ဒီလောကငယ်ရဲ့ ဝင်ပေါက် ပေါ်လာရတဲ့ အကြောင်းရင်းက အစီအရင်တွေ သက်ဝင်လာလို့ပေါ့... အောက်ပိုင်းပြည်နယ်မှာရှိတဲ့ အစီအရင်က သန့်စင်တဲ့ မိစ္ဆာချီကို အာရုံခံမိလို့မှ အထက်ပိုင်းပြည်နယ်မှာရှိတဲ့ အစီအရင် သက်ဝင်လာတာလား... မိစ္ဆာမျိုးနွယ်တွေရဲ့ ကျူးကျော်မှုလား... လူသား မိစ္ဆာခေတ်သစ်တစ်ခုရဲ့ အစလား... မိစ္ဆာမျိုးနွယ်တွေ အရင်ဆုံး ကျူးကျော်မဲ့ နေရာက အောက်ပိုင်းပြည်နယ်ပေါ့”
အကြီးအကဲဟော်၏ စကားများကို ကြားသောအခါ သွမ့်လင်းထျန်၏ မျက်နှာပေါ်တွင် အမူအရာ အမျိုးမျိုး ဖြတ်ပြေးသွားသည်။ သူသည် ယခင်က အပယ်နှင်နယ်မြေမှ မိစ္ဆာမျိုးနွယ်များ အောက်ပိုင်းပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာပြီဟု သံသယရှိခဲ့သော်လည်း ယင်းမှာ သူ၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်နေသေးသည်။ ယခု ကျန်တုံကျိက အတည်ပြုလိုက်ပြီဖြစ်ရာ သွမ့်လင်းထျန်၏ ရင်ထဲတွင် လေးလံသွားသည်။
“မိစ္ဆာမျိုးနွယ်တွေက တကယ်ပဲ အောက်ပိုင်းပြည်နယ်ကို ကျူးကျော်ဝင်လာပုံရတယ်... အဖေ၊ အမေနဲ့ တခြားသူတွေ ဘယ်လိုနေကြမလဲ မသိဘူး”
သွမ့်လင်းထျန်သည် အောက်ပိုင်းပြည်နယ်တွင် ရှိနေသော သူ၏ မိသားစုနှင့် မိတ်ဆွေများအတွက် စိတ်မပူဘဲ မနေနိုင်ခဲ့ပေ။ သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် သွမ့်လင်းထျန်သည် အောက်ပိုင်းပြည်နယ်ရှိ သူ၏ မိသားစုနှင့် မိတ်ဆွေများထံသို့ ပြန်သွားနိုင်ရန် ပျံသန်းဖို့ အတောင်ပံများ ရှိချင်နေမိသည်။
“အဲဒီ ကန့်သတ်နေရာလွတ်ထဲက သတ်ဖြတ်ခြင်းအစီအရင်က ဆယ့်ငါးမိနစ်နေရင် သက်ဝင်လာလိမ့်မယ်... အထဲမှာရှိတဲ့ လူတွေ အားလုံး သေရလိမ့်မယ်”
အကြီးအကဲဟော်က ပြောလိုက်သည်။
“မင်း သူတို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကို ဝါးမျိုဖို့ အဆင်သင့်ဖြစ်ပြီလား”
သို့သော်လည်း သွမ့်လင်းထျန်သည် အကြီးအကဲဟော်၏ စကားများကို မကြားသည့်အလား တောင့်တင်းစွာ ရပ်နေသည်။ သူ တွေးနိုင်သမျှ အရာအားလုံးမှာ သူ၏ မိသားစု ဘေးကင်းရေးပင် ဖြစ်သည်။ ယခင်က မိစ္ဆာမျိုးနွယ်များ အောက်ပိုင်းပြည်နယ်သို့ ကျူးကျော်ဝင်ရောက်လာခြင်း ရှိ မရှိကို သူ သေချာမသိသောကြောင့် သူ၏ စိုးရိမ်မှုများကို ဘေးဖယ်ထားနိုင်ခဲ့သည်။ သို့သော်လည်း ယခု ကျန်တုံကျိ၏ အတည်ပြုချက်နှင့်အတူ သူ၏ ရင်ထဲတွင် ဖုံးကွယ်ထားခဲ့သော စိုးရိမ်မှုများက သူ့ကို လွှမ်းမိုးသွားသည်။
“မင်းရဲ့ မိသားစုနဲ့ မိတ်ဆွေတွေအတွက် မင်း စိတ်ပူနေတယ်ဆိုတာ ကျုပ် သိတယ်... ဒါ့ပြင် အဲဒီလူတွေရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကို ဝါးမျိုဖို့ မင်း စိတ်မပါဘူး ဖြစ်နေလိမ့်မယ်”
အကြီးအကဲဟော်က အလျင်စလို ပြောလိုက်သည်။
“ဒါပေမဲ့ သေချာ စဉ်းစားကြည့်ဦး... မင်းသာ မဝါးမျိုရင် သူတို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေ အလဟဿ ဖြစ်သွားလိမ့်မယ်... မင်း သူတို့ကို ဝါးမျိုလိုက်ရင် မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်က ခရမ်းရောင်တောင် ဖြစ်သွားနိုင်တယ်... မင်းဆီမှာ ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသွားတာနဲ့ တစ်ပြိုင်နက် မင်းရဲ့ ဇနီးနဲ့ သမီးကို ကယ်နိုင်ရုံတင်မကဘူး မိစ္ဆာတွေနဲ့ စစ်ပွဲမှာလည်း မင်း ဝင်ကူညီနိုင်လိမ့်မယ်... အဲဒီနောက်မှာ မင်း အောက်ပိုင်းပြည်နယ်ကို ပြန်သွားဖို့ နည်းလမ်းရှာပြီး မင်းရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ပြန်ဆုံဖို့ အာရုံစိုက်နိုင်ပြီလေ”
အကြီးအကဲဟော်က သွမ့်လင်းထျန်ကို စိတ်ရှည်လက်ရှည် အကြံပေးလိုက်သည်။ သွမ့်လင်းထျန် အဆင့်မြင့် ပင်ကိုဝိညာဉ်အမြစ်များစွာကို ဝါးမျိုနိုင်မည့် အခွင့်အရေးအား လက်လွတ်သွားမည်ကို သူ စိုးရိမ်နေပုံရသည်။
အကြီးအကဲဟော် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်သည် တုန်လှုပ်မှုမှ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် သန္နိဋ္ဌာန်ချလိုက်သော အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။ သူ၏ အော်ရာသည်လည်း ပြောင်းလဲသွားသည်။ သူသည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်ပုံ ပေါက်နေသည်။ ထို့နောက် သူသည် အကြီးအကဲဟော်၏ လမ်းညွှန်မှုအောက်တွင် ကန့်သတ်နေရာလွတ်ဆီသို့ ပျံသန်းသွားသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်...
ဝုန်း...
လေထုထဲတွင် ကမ္ဘာမြေကြီး တုန်ခါသွားစေသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ မန်ဟောင်နှင့် အခြားသူများ ရှိနေသော ကန့်သတ်နေရာလွတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့ အားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။
ဝှစ်...
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် ထိုနေရာသို့ သူ၏ အမြင့်ဆုံးအမြန်နှုန်းဖြင့် သွားလိုက်သည်။ သူ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ ပင်ကိုဝိညာဉ်အမြစ်များ ပါဝင်သော ဝိညာဉ်အကြွင်းအကျန်များကို လေးလံသော စိတ်နှလုံးသားဖြင့် အာရုံခံလိုက်သည်။
“ခင်ဗျားတို့ အားလုံး ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေလို့ ကျုပ် ဆုတောင်းပေးပါတယ်... မိစ္ဆာတွေနဲ့ စစ်ပွဲမှာ ကျုပ် ခင်ဗျားတို့ အားလုံးကို ကူညီပြီး ပါဝင်တိုက်ခိုက်ပေးပါမယ်”
သွမ့်လင်းထျန်သည် ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အကြီးအကဲဟော်၏ စကားများအရ မန်ဟောင်နှင့် အခြားသူများမှာ ရင်ထဲတွင် မကျေနပ်ချက်များဖြင့် သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။ သူတို့ အားလုံးက သူတို့ကိုယ်သူတို့ အပြစ်သားများဟု ထင်နေခဲ့ကြသည်။ ဤအကြောင်းကြောင့် မန်ဟောင်နှင့် အခြားသူများ ကြားနိုင်ပြီး ငြိမ်းချမ်းစွာ အနားယူနိုင်စေရန် မျှော်လင့်ချက်ဖြင့် ဤစကားများကို သူ ဆက်တိုက် ရေရွတ်နေခြင်း ဖြစ်သည်။
“ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ်”
အကြီးအကဲဟော်၏ အသံ သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသောအခါမှသာ သွမ့်လင်းထျန် သတိပြန်ဝင်လာသည်။ သူ၏ အာရုံကို သူ၏ ပင်ကိုဝိညာဉ်အမြစ်ထံသို့ ပြောင်းလိုက်သောအခါ ၎င်းမှာ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။
၎င်းမှာ ခရမ်းနုရောင် ပင်ကိုဝိညာဉ်အမြစ်သာ ဖြစ်သော်လည်း သွမ့်လင်းထျန် အံ့အားသင့်နေဆဲ ဖြစ်သည်။ ၎င်းက ဖြစ်ပျက်ခဲ့သမျှကို ခဏတာမျှ မေ့သွားစေပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာစေသည်။
ထိုအခိုက်အတန့်တွင် သွမ့်လင်းထျန်သည် သူ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို အာရုံခံရန် ကြိုးစားလိုက်သည်။ စွမ်းအင်များကို စုပ်ယူရာတွင် သူ၏ အမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။
“ဘယ်လောက်တောင် မြန်လိုက်လဲ... ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုအမြန်နှုန်းနဲ့ ရတနာခုနှစ်ပါးနန်းဆောင်ရဲ့ အကူအညီနဲ့ဆိုရင် သိုင်းတာအိုသူတော်စင်နယ်မြေ တစ်ခုလုံးမှာ ငါနဲ့ ယှဉ်နိုင်မဲ့သူ ရှိပါ့မလား”
ဤအခိုက်အတန့်တွင် သွမ့်လင်းထျန်၏ ယုံကြည်မှုများ မြင့်တက်လာသည်။ အဆုံး၌ ၎င်းမှာ အကြောင်းပြချက်မရှိဘဲ ဖြစ်လာခြင်း မဟုတ်ပေ။
အဲဒီမိစ္ဆာတွေ... ကျန်တုံကျိနဲ့ သူ့သူငယ်ချင်းတွေက ဒီလို ထောင်ချောက်မျိုး ဆင်ဖို့ အများကြီး အားထုတ်ခဲ့ကြတယ်... ငါ့လို လူတစ်ယောက်က အဲဒီကနေ အကျိုးအမြတ် ရသွားလိမ့်မယ်လို့ သူတို့ ထင်ထားခဲ့မှာ မဟုတ်ဘူးဆိုတာ ငါ သေချာတယ်.....
သွမ့်လင်းထျန် စိတ်ထဲမှ တွေးရင်း ကျေနပ်လာမိသည်။
ခဏအကြာတွင် သူ တည်ကြည်သွားသည်။
ဒါပေမဲ့ နှမြောစရာတော့ ကောင်းတယ်... ငါ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ရှစ်ခုကို ဝါးမျိုခဲ့တယ်... စိန့်ကောင်းကင် သတ္တမပုံစံနဲ့ အထက်အဆင့် စွမ်းအားရှင် ရှစ်ယောက်က အဲဒီမိစ္ဆာသုံးကောင်သတ်တာကို ခံလိုက်ရတယ်.....
စိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်အဆင့် ကျင့်ကြံသူ ရှစ်ဦး....
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန် ကျောချမ်းသွားသည်။
သိုင်းတာအိုသူတော်စင်နယ်မြေတွင် ကျော်ကြားသော စိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်ရှိ စွမ်းအားရှင် ဆယ်ယောက်ကျော်သာ ရှိကြောင်းကို သိထားသင့်သည်။ သူတို့ထဲမှ ရှစ်ယောက်မှာ ဤလောကငယ်ထဲတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သိုင်းတာအိုသူတော်စင်နယ်မြေရှိ လူသားများအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်မည်မှာ သေချာပေသည်။
၎င်းကပင် ကျန်တုံကျိက နောက်နောင် မိစ္ဆာများအတွက် ကြီးမားသော လက်ဆောင်တစ်ခု ဖြစ်လိမ့်မည်ဟု ထင်ရသည့် အကြောင်းအရင်း ဖြစ်သည်။ ယင်းသည် တကယ်ကို အလွန်အကြံအစည်ကြီးမားသော လက်ဆောင်တစ်ခု ဖြစ်သည်။
***