“အထက်ပိုင်းပြည်နယ်က သိုင်းတာအိုသူတော်စင်နယ်မြေရဲ့ အောက်ပိုင်းပြည်နယ်ကနေ ဖန်တီးထားတဲ့ လောကငယ်တစ်ခုလို့ အကြီးအကဲဟော် ပြောခဲ့တယ် မလား”
သွမ့်လင်းထျန်က မေးလိုက်သည်။
“ဟုတ်တယ်”
အကြီးအကဲဟော်က သွမ့်လင်းထျန်ထံမှ ဤမေးခွန်းကို ကြိုတင် ခန့်မှန်းထားသည့်အလား ချက်ချင်း ပြန်ဖြေလိုက်သည်။
“အထက်ပိုင်းပြည်နယ်က သိုင်းတာအိုသူတော်စင်နယ်မြေရဲ့ အောက်ပိုင်းပြည်နယ်ကနေ ဖန်တီးထားတဲ့ လောကငယ်တစ်ခုပဲ... သူက သူတော်စင်စီရင်စုလောကရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အတွက် သူ့မှာလည်း တူညီတဲ့ ဟင်းလင်းပြင်အတားအဆီး ရှိတယ်... ဒါကြောင့်မို့လို့ ကျုပ်တို့က အကြီးစား သာမန်လောက က နေနဲ့ တခြားဂြိုဟ်တွေကို မြင်နိုင်တာပေါ့... သူတော်စင်စီရင်စုလောကမှာ နေ့နဲ့ည ရှိနေရတဲ့ အကြောင်းရင်းက နေကို လှည့်ပတ်နေတဲ့ အကြီးစား သာမန်လောက က ဂြိုဟ်တွေရဲ့ လှုပ်ရှားမှုတွေကြောင့်ပဲ... ဂြိုဟ်တွေက နေကို ကွယ်သွားတဲ့အခါ သူတော်စင်စီရင်စုလောကက မှောင်မိုက်သွားပြီး ညဘက်ကို ရောက်သွားတယ်... တစ်ချိန်တည်းမှာပဲ နေရောင်ခြည်ကို ကွယ်ထားတဲ့ ဂြိုဟ်တွေက အလင်းရောင်တချို့ကို ရောင်ပြန်ဟပ်ပေးတယ်... အဲဒါကို ကျုပ်တို့က လလို့ ခေါ်ကြတာပဲ”
အကြီးအကဲဟော်၏ အဖြေမှာ အလွန် အသေးစိတ်ကျသည်။ သူသည် သွမ့်လင်းထျန်၏ စိတ်ကို ဖတ်နိုင်သည့်အလား သွမ့်လင်းထျန် မမေးရသေးသော မေးခွန်းအချို့ကိုပင် ဖြေဆိုပေးခဲ့သည်။
“ဒီသာမန်လောကရဲ့ အမြွှာဖြစ်တဲ့ အပယ်နှင်နယ်မြေမှာတော့ ညကနေ နေ့ကို ကူးပြောင်းတာမျိုး လုံး၀မရှိဘူး”
အကြီးအကဲဟော်က ဆက်ပြောလိုက်သည်။
“ကျုပ် သဘောပေါက်ပြီ”
အကြီးအကဲဟော် ဆိုလိုချင်သောအရာကို နားလည်သွားသောအခါ သွမ့်လင်းထျန်က ပြောလိုက်သည်။
အစပိုင်းတွင် သွမ့်လင်းထျန်က ဤစကြဝဠာသည် သူ၏ ယခင်ဘဝက စကြဝဠာနှင့် ဆင်တူသည်ဟု ထင်ထားခဲ့သည်။ ဤနေရာသည် လည်ပတ်နေသော ကမ္ဘာမြေနှင့် တူသည်ဟု သူ ထင်ခဲ့သည်။ သို့သော်လည်း အကြီးအကဲဟော်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ၏ ဗဟုသုတများ ကျယ်ပြန့်သွားခဲ့သည်။ ၎င်းက စကြဝဠာထဲတွင် အံ့မခန်းဖြစ်ရပ်များစွာ ရှိနေကြောင်း သူ့ကို သဘောပေါက်သွားစေခဲ့သည်။
အကြီးအကဲဟော်က သွမ့်လင်းထျန်၏ အတွေးများကို ဖြတ်တောက်ကာ ပြောလိုက်သည်။
“ကျုပ်တို့ ဆွေးနွေးနေတဲ့ အကြောင်းအရာကနေ လမ်းကြောင်းပြောင်းသွားတယ်... အခု မင်းရဲ့ မေးခွန်းကို ပြန်သွားကြစို့”
“ကျုပ် စောစောက မင်းရဲ့ ကျင့်ကြံမှုအဆင့်က စိန့်ကောင်းကင် နဝမပုံစံကို ရောက်ပြီး ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးတော့ စင်္ကြရှင်တစ်ယောက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရင်တောင်မှ ဒီဟင်းလင်းပြင်အတားအဆီးကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မလား”
သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် သူတို့ မူလအကြောင်းအရာသို့ ပြန်ရောက်သွားကြပြီ ဖြစ်သည်။
“ကျုပ် မင်းကို ပြောခဲ့တာတွေကို မင်း မေ့သွားပြီ ထင်တယ်... သိုင်းတာအိုသူတော်စင်နယ်မြေရဲ့ အထက်ပိုင်းပြည်နယ်မှာရှိတဲ့ ပြည်နယ်အချင်းချင်း ပို့ဆောင်ရေးအစီအရင်က လူတွေကို အောက်ပိုင်းပြည်နယ်ဆီ ပြန်မပို့ပေးနိုင်ဘူးဆိုတာ မင်း သိလိုက်ရပြီးတဲ့နောက် ကျုပ် မင်းကို ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား... ပြည်နယ်အချင်းချင်း ပို့ဆောင်ရေးအစီအရင်ကို မသုံးဘဲ အောက်ပိုင်းပြည်နယ်ကို ပြန်သွားနိုင်တဲ့ နည်းလမ်းတစ်ခုကို ကျုပ် ပြောပြခဲ့တယ်လေ... မင်း အဲဒါကို မှတ်မိသေးလား”
အကြီးအကဲဟော်က မေးလိုက်သည်။
အကြီးအကဲဟော်၏ မေးခွန်းကြောင့် သွမ့်လင်းထျန် ကြောင်အမ်းသွားသည်။ သို့သော်လည်း သူ လျင်မြန်စွာ သတိပြန်ဝင်လာပြီး ထိုအချိန်က အကြီးအကဲဟော် ပြောခဲ့သည်များကို ပြန်လည် သတိရရန် ကြိုးစားလိုက်သည်။
“ကျုပ် မှတ်မိပြီ... အကြီးအကဲဟော်က ကျုပ်သာ စိန့်ကောင်းကင် နဝမပုံစံကို ချိုးဖောက်ပြီး ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဟင်းလင်းပြင်အတားအဆီးကို ဆုတ်ဖြဲပြီး လောကတွေကြားမှာ လွတ်လွတ်လပ်လပ် သွားနိုင်လိမ့်မယ်လို့ ပြောခဲ့တယ်”
အရင်က အကြီးအကဲဟော် ပြောပြခဲ့သည်များကို သွမ့်လင်းထျန် ပြန်လည် မှတ်မိသွားသည်။
ရုတ်တရက် သွမ့်လင်းထျန်၏ မျက်နှာပေါ်တွင် တုန်လှုပ်သော အမူအရာတစ်ခု ပေါ်လာပြီး အော်လိုက်သည်။
“အကြီးအကဲဟော်... အကြီးအကဲဟော်ရဲ့ စကားတွေအရ ကျုပ်သာ အခြေတည်စင်္ကြရှင် တစ်ယောက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရင် အထက်ပိုင်းပြည်နယ်နဲ့ အောက်ပိုင်းပြည်နယ်ကြားက ဟင်းလင်းပြင်အတားအဆီးမှာ ဝင်ပေါက်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ ဆိုလိုတာလား... ဒါ့ပြင် ပြင်ပစွမ်းအားအကူအညီ မပါဘဲ အဲဒီလို လုပ်နိုင်လိမ့်မယ်ပေါ့ ဟုတ်လား”
စကားပြောနေစဉ် သွမ့်လင်းထျန်၏ အသက်ရှူနှုန်း မြန်ဆန်လာသည်။ ၎င်းကို သူ ယုံကြည်ရန် ခက်ခဲနေသည်။
အကြီးအကဲဟော်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်း အဓိကအချက်ကို လွဲနေပြီ... ကျုပ် ပြောချင်တာက သူတော်စင်စီရင်စုလောကနဲ့ အပယ်နှင်နယ်မြေကြားက ဟင်းလင်းပြင်အတားအဆီးက အထက်ပိုင်းပြည်နယ်နဲ့ အောက်ပိုင်းပြည်နယ်ကြားက ဟင်းလင်းပြင်အတားအဆီးနဲ့ လုံးဝ ကွာခြားတယ်ဆိုတာပဲ”
“အထက်ပိုင်းပြည်နယ်နဲ့ အောက်ပိုင်းပြည်နယ်ကြားက ဟင်းလင်းပြင်အတားအဆီးမှာ ကိုယ်တိုင် ဝင်ပေါက်တစ်ခု ဖန်တီးနိုင်ဖို့အတွက် မင်းက အခြေတည်စင်္ကြရှင် တစ်ယောက်ရဲ့ စွမ်းအားပဲ လိုအပ်တယ်... ဒါပေမဲ့ အခြေတည်စင်္ကြရှင် တစ်ယောက်ရဲ့ စွမ်းအားနဲ့ သူတော်စင်စီရင်စုလောကနဲ့ အပယ်နှင်နယ်မြေကြားက ဟင်းလင်းပြင်အတားအဆီးမှာ ဝင်ပေါက်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်နဲ့... ဒေဝတာဘုံက အားနည်းတဲ့ စင်္ကြရှင် တချို့တောင်မှ အဲဒီလို ဟင်းလင်းပြင်အတားအဆီးမျိုးမှာ ဝင်ပေါက်တစ်ခု ဖန်တီးနိုင်မှာ မဟုတ်ဘူး”
“တစ်နည်းအားဖြင့် ပြောရရင်... အထက်ပိုင်းပြည်နယ်နဲ့ အခြေတည်မိစ္ဆာ သုံးကောင် ဖန်တီးခဲ့တဲ့ လောကငယ်ကြားက ဟင်းလင်းပြင်အတားအဆီးမှာ ဝင်ပေါက်တစ်ခု ဖန်တီးဖို့ လိုအပ်တဲ့ စွမ်းအားက အဲဒီထက်တောင် ပိုနည်းတာလား”
နောက်ဆုံးတွင် အကြီးအကဲဟော် ဆိုလိုချင်သောအရာကို သွမ့်လင်းထျန် နားလည်သွားသည်။
“စိန့်ကောင်းကင် သတ္တမပုံစံ ကျင့်ကြံသူ တစ်ယောက်က ဒီဟင်းလင်းပြင်အတားအဆီးမှာ ဝင်ပေါက်တစ်ခု ဖန်တီးနိုင်သင့်တယ်... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကျုပ်တို့က ဟင်းလင်းပြင်အတားအဆီးကို အရင် ရှာတွေ့ဖို့ လိုတယ်... မဟုတ်ရင် ဒါတွေ အားလုံးက စကားသက်သက်ပဲ ဖြစ်နေလိမ့်မယ်... ဒီလောကငယ်နဲ့ အထက်ပိုင်းပြည်နယ်ကြားက ဟင်းလင်းပြင်အတားအဆီးကို ကျုပ် ရှာခဲ့တယ်... အဲဒါက အစီအရင် အလွှာတွေအများကြီး အောက်မှာ သေချာ ဖုံးကွယ်ထားတယ်... ကျုပ်တို့ဆီမှာ အစီအရင်တာအို ကျွမ်းကျင်သူ တစ်ယောက် မရှိဘူးဆိုရင် စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက်တောင်မှ အဲဒီအစီအရင်တွေကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး... ဒီအစီအရင် အလွှာတွေထဲက သတ်ဖြတ်ခြင်းအစီအရင် တချို့က အဲဒီလူ သုံးဖွဲ့ကို သတ်ပစ်ခဲ့တဲ့ သတ်ဖြတ်ခြင်းအစီအရင်တွေလိုပဲ အစွမ်းထက်တယ်”
ဤသည်က သွမ့်လင်းထျန်ကို ကျောချမ်းသွားစေသည်။ ဤလောကငယ်ထဲရှိ ဟင်းလင်းပြင်အတားအဆီးကို ရှာဖွေရန် ဤမျှ ခက်ခဲလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း....
ဒါပေမဲ့ သေချာတွေးကြည့်ရင် ဟင်းလင်းပြင်အတားအဆီးကို အလွယ်တကူ ရှာတွေ့နိုင်ပြီး အကာအကွယ်သာ မရှိဘူးဆိုရင် ဒီနေရာကို ဝင်လာတဲ့ စိန့်ကောင်းကင် သတ္တမပုံစံ စွမ်းအားရှင်တွေက အလွယ်တကူ ဝင်ပေါက်ဖန်တီးပြီး ဒီကနေ ထွက်သွားနိုင်မှာပေါ့...
သွမ့်လင်းထျန် ခေါင်းညိတ်ရင်း စိတ်ထဲမှ တွေးလိုက်သည်။
“အကြီးအကဲဟော်... ဒီအစီအရင်တွေကို ဖြတ်ကျော်ဖို့ အကြီးအကဲဟော်ဆီမှာ နည်းလမ်း ရှိလား”
ဤအခိုက်အတန့်တွင် သွမ့်လင်းထျန်သည် သူ၏ ကျင့်ကြံမှုအဆင့် အခြေအနေထက် အစီအရင်များနှင့် ပတ်သက်ပြီး ပို စိုးရိမ်နေသည်။
အကြီးအကဲဟော် ပြောခဲ့သည်များကို အခြေခံ၍ ကြည့်ပါက ဤအစီအရင်များထဲရှိ သတ်ဖြတ်ခြင်းအစီအရင်များသည် ကောင်းကင်ကပ်ဘေးကို မကျော်ဖြတ်ရသေးသော စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည်။ ထို့ပြင် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသော အခြေတည်စင်္ကြရှင်များပင် သတ်ဖြတ်ခြင်းအစီအရင်များကို မတော်တဆ အသက်သွင်းမိသွားပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
လူတစ်ယောက်၏ စွမ်းအားက စိန့်ကောင်းကင် သတ္တမပုံစံနှင့် အထက်တွင် ရှိနေသရွေ့ ဟင်းလင်းပြင်အတားအဆီးတွင် ဝင်ပေါက်တစ်ခု ဖန်တီးနိုင်မည် ဖြစ်သည်။ ၎င်းမှာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်သော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ သို့သော်လည်း သတ်ဖြတ်ခြင်းအစီအရင်များထံမှ အသက်ရှင်နိုင်ဖို့ လုံလောက်သော စွမ်းအား ပိုင်ဆိုင်ရန်မှာ ပို၍ ခက်ခဲသည်။ လက်တွေ့ကျကျ ပြောရလျှင် ၎င်းမှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
“ရှိတယ်”
သွမ့်လင်းထျန်၏ အသံထဲမှ တည်ကြည်လေးနက်မှုကို ကြားပြီးနောက် အကြီးအကဲဟော်က ပြန်ဖြေလိုက်သည်။
“ကျုပ်မှာ ဒီအစီအရင်တွေကို ရှောင်ကွင်းသွားဖို့ နည်းလမ်း ရှိတယ်... ကျုပ်မှာ အဖြေရှိပေမဲ့ မင်း ကိုယ်တိုင်ပဲ ဟင်းလင်းပြင်အတားအဆီးမှာဝင်ပေါက်တစ်ခု ဖန်တီးရမယ်... မင်း ကျွမ်းကျင်ထားတဲ့ နည်းစနစ်တွေ အားလုံးနဲ့တောင်မှ မင်း အထက်ပိုင်းပြည်နယ်ကို ပြန်သွားဖို့ ဟင်းလင်းပြင်အတားအဆီးမှာ ဝင်ပေါက်တစ်ခု မဖန်တီးနိုင်ခင် မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို စိန့်ကောင်းကင် ပဉ္စမပုံစံ ဒါမှမဟုတ် ဆဋ္ဌမပုံစံအထိ မြှင့်တင်ဖို့ လိုလိမ့်မယ်”
အကြီးအကဲဟော်က ပြောလိုက်သည်။
သွမ့်လင်းထျန်သည် အကြီးအကဲဟော်၏ စကားများကို လုံးဝ နားလည်သွားသည်။ ယခင်က ဤဟင်းလင်းပြင်အတားအဆီးတွင် ဝင်ပေါက်တစ်ခု ဖန်တီးရန် လိုအပ်သော စွမ်းအားမှာ စိန့်ကောင်းကင် သတ္တမပုံစံတွင် ရှိရမည်ဟု အကြီးအကဲဟော်က ပြောခဲ့သော်လည်း သူသည် ထိုအဆင့်ရှိ သာမန်ကျင့်ကြံသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။
သို့သော်လည်း သွမ့်လင်းထျန်တွင် အံ့မခန်း နည်းစနစ်များစွာနှင့် ကောင်းကင်အဓိပတိရတနာဖြစ်သော နဂါးသွဲ့ကျောက်ဓား ရှိနေသောကြောင့် သူသည် စိန့်ကောင်းကင် ပဉ္စမပုံစံသို့ ချိုးဖောက်ပြီးသည်နှင့် တစ်ပြိုင်နက် စိန့်ကောင်းကင် သတ္တမပုံစံ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
“ဒါပေမဲ့ ငါ့ရဲ့ ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ်ကြောင့် အံ့မခန်းဖြစ်လာတဲ့ ငါ့ရဲ့ သိုင်းတာအို ပင်ကိုပါရမီနဲ့ ရတနာခုနှစ်ပါးနန်းဆောင် စတုတ္ထအထပ်က အချိန်စီးဆင်းမှုရဲ့ အကူအညီနဲ့တောင်မှ စိန့်ကောင်းကင် ပဉ္စမပုံစံကို ချိုးဖျက်ဖို့ဆိုတာ ခက်ခဲနေတုန်းပဲ... ငါ အတားအဆီးတွေ ဆက်တိုက် ရင်ဆိုင်ရရင်တောင် ကိစ္စမရှိဘူး...ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေနဲ့ ယှဉ်ရင် ငါ အချိန်တိုအတွင်းမှာပဲ စိန့်ကောင်းကင် ပဉ္စမပုံစံကို ရောက်နိုင်သင့်တယ်”
ကိုယ့်ကိုယ်ကိုယ်ကို အားပေးစကား ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ရတနာခုနှစ်ပါးနန်းဆောင်၏ စတုတ္ထအထပ်သို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး သူ၏ အာရုံအားလုံးကို ကျင့်ကြံခြင်းတွင် မြှုပ်နှံထားလိုက်သည်။
သွမ့်လင်းထျန်သည် ဤလောကငယ်မှ ထွက်သွားကာ အထက်ပိုင်းပြည်နယ်သို့ ပြန်ရန် အလွန် ဆန္ဒပြင်းပြနေသော်လည်း ဟင်းလင်းပြင်အတားအဆီးကြောင့် အထက်ပိုင်းပြည်နယ်သို့ ပြန်ရန် ဝင်ပေါက်တစ်ခု ဖန်တီးနိုင်စွမ်း ရှိလာသည်အထိ သူ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ လိုအပ်သည်။
ကိုယ့်ကိုယ်ကိုယ်ကို တည်ငြိမ်စေရန်နှင့် သူ၏ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားဖို့ သွမ့်လင်းထျန်အတွက် အချိန်သိပ်မကြာလိုက်ပေ။ ထို့နောက် သူသည် စိန့်ကောင်းကင် ပဉ္စမပုံစံသို့ ချိုးဖောက်ရန် ရည်မှန်းချက်ဖြင့် ကြိုးကြိုးစားစား စတင် ကျင့်ကြံလိုက်သည်။
သို့သော်လည်း သွမ့်လင်းထျန် တည်ငြိမ်သွားပြီး ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူသည်နှင့် တစ်ပြိုင်နက် အံ့အားသင့်စွာဖြင့် သူ မျက်လုံးပွင့်လာသည်။ သူ မမျှော်လင့်ထားသောအရာတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်ပုံ ပေါက်နေသည်။
“ဒါ... ဒါက ဒီလောက်တောင် အံ့မခန်းဖြစ်နေတာလား... ဒါက ခရမ်းရောင် ပင်ကိုဝိညာဉ်အမြစ်ရဲ့ အစွမ်းလား”
သူ၏ ကျင့်ကြံမှုအမြန်နှုန်းမှာ ယခင်ကနှင့် ယှဉ်လျှင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနေကြောင်း သွမ့်လင်းထျန် တွေ့ရှိလိုက်ရသည်။ ဤကြီးမားသော ကွာခြားချက်ကို လျစ်လျူရှုနိုင်စရာ နည်းလမ်းမရှိပေ။
သွမ့်လင်းထျန်၏ ယခင် ပင်ကိုဝိညာဉ်အမြစ်မှာ မဲနယ်ရောင်ဖြစ်ကြောင်း သိထားသင့်သည်။ ၎င်းမှာ မဲနယ်ရင့်ရောင် ပင်ကိုဝိညာဉ်အမြစ် မဟုတ်သော်လည်း မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ဖြစ်နေသေးသည်။
“ဒီလို အမြန်နှုန်းအပြင် လောကငယ်နဲ့ ရတနာခုနှစ်ပါးနန်းဆောင်ထဲက ကောင်းမွန်တဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်နဲ့ဆိုရင် ငါ စိန့်ကောင်းကင် ပဉ္စမပုံစံကို ချိုးဖောက်ဖို့ မခက်ခဲသင့်ဘူး”
ရုတ်တရက် သွမ့်လင်းထျန်၏ ယုံကြည်မှုများ ပြည့်လျှံလာသည်။ စိန့်ကောင်းကင် ပဉ္စမပုံစံသို့ ချိုးဖောက်ခြင်းမှာ သူ ထင်ထားသည်ထက် ပို၍ လွယ်ကူနိုင်သည်ဟု သူ ခံစားလိုက်ရသည်။
ထို့နောက် သွမ့်လင်းထျန်သည် ချက်ချင်း ငြိမ်သက်သွားပြီး နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဥ်ကို အသုံးပြု၍ ကြိုးကြိုးစားစား စတင် ကျင့်ကြံလိုက်သည်။
သူ၏ ကျင့်စဉ်ကို အသက်သွင်းလိုက်စဉ် ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များသည် သူ၏ နေသူတော်စင်မူရင်းစွမ်းအင်နှင့် ပေါင်းစပ်သွားကာ နဂါးကိုးကောင်၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်သွားသည်။
သွမ့်လင်းထျန်၏ ကျင့်ကြံမှုအခြေခံမှာ မယုံနိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် တိုးတက်လာသည်။
တစ်ချိန်တည်းမှာပင် လောကငယ်၏ အဝင်ဝအပြင်ဘက်၌ လူစုကြီးတစ်ခု ရှိနေသည်။ သဘာဝကျကျပင် ထွက်သွားသော လူများလည်း ရှိကြသည်။
ကျန်ရစ်သူ အများစုမှာ ဒုစရိုက်မြို့တော်ရှိ အကြီးဆုံး မဟာမိတ်အဖွဲ့ သုံးခုမှ လူများနှင့် အတော်လေး အစွမ်းထက်သော အခြား မဟာမိတ်အဖွဲ့များမှ ဂိုဏ်းမဲ့ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များ၊ ဒုခေါင်းဆောင်များနှင့် အကြီးအကဲများ ထွက်မလာသေးသောကြောင့် သဘာဝကျကျပင် သူတို့ ထွက်သွား၍မရပေ။
သူတို့အပြင် အမှောင်နယ်မြေဂိုဏ်းမှ အဖွဲ့ဝင်အချို့လည်း ကျန်ရစ်နေခဲ့ကြသည်။ သူတို့သည် ဦးသျှောင်လေးပါးထဲမှ တစ်ဦးဖြစ်သော လင်းနို့စိမ်းဘုရင် ဝေ့ဆော်နှင့် အကြီးအကဲအချို့ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
မေ့လျော့မြေမှုန့်ဂိုဏ်း အပါအဝင် အင်အားစုတိုင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
***