“အဓိပတိသူတော်စင်လက်နက် အနှိုင်းမဲ့ခေါင်းလောင်းပေါ်မှာ အက်ကွဲကြောင်း ထင်နိုင်ရအောင် ဘယ်လောက်တောင် အစွမ်းထက်တဲ့ တိုက်ခိုက်မှုမျိုး ဖြစ်မလဲ... မယုံနိုင်စရာပဲ”
“ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့ အခြေတည်စင်္ကြရှင်တွေပဲ အဓိပတိသူတော်စင်လက်နက်ကို ပျက်စီးအောင် လုပ်နိုင်တာကို... အနှိုင်းမဲ့ခေါင်းလောင်းပေါ်မှာ အက်ကွဲကြောင်း ထင်ကျန်သွားစေဖို့အတွက် သူ့ကို ရိုက်ခတ်ခဲ့တဲ့ စွမ်းအားက အခြေတည်စင်္ကြရှင် တစ်ယောက်လောက် အစွမ်းထက်ရမယ်”
“အခြေတည်စင်္ကြရှင် တစ်ယောက်ပဲ အဓိပတိသူတော်စင်လက်နက်ကို ပျက်စီးအောင် လုပ်နိုင်တာလား... ဒါဆို စိန့်ကောင်းကင် အဆင့်အောက်က တစ်ယောက်ယောက်ဆီမှာသာ အနှိုင်းမဲ့ခေါင်းလောင်းလို အကာအကွယ်အဓိပတိသူတော်စင်လက်နက်တစ်ခု ရှိနေရင် စိန့်ကောင်းကင်အဆင့်စွမ်းအားရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ဒဏ်ရာမရဘဲ ခုခံနိုင်မယ်ဆိုတဲ့ သဘောလား”
“အဲဒီလိုတော့ မဟုတ်ဘူး... ဥပမာပြောရရင် စိန့်ကောင်းကင် ပထမပုံစံ ကျင့်ကြံသူ တစ်ယောက်ဆီမှာ အနှိုင်းမဲ့ခေါင်းလောင်း ရှိနေရင် သူက စိန့်ကောင်းကင် တတိယပုံစံအောက် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုပဲ ခုခံနိုင်မှာ... စိန့်ကောင်းကင် တတိယပုံစံ ဒါမှမဟုတ် အထက်အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုက အနှိုင်းမဲ့ခေါင်းလောင်းကို မပျက်စီးစေနိုင်ပေမဲ့ သူတို့ တိုက်ခိုက်မှုရဲ့ စွမ်းအားက စိန့်ကောင်းကင် ပထမပုံစံ ကျင့်ကြံသူကို ဒဏ်ရာရစေလိမ့်မယ်”
“ဟုတ်တယ်... အနှိုင်းမဲ့ခေါင်းလောင်းက အစွမ်းထက်တဲ့ အကာအကွယ် အဓိပတိသူတော်စင်လက်နက်ပဲ... ဒါပေမဲ့ သူ့ကို ကိုင်ဆောင်ထားတဲ့သူရဲ့ ကျင့်ကြံမှုအဆင့်အပေါ် မူတည်သေးတယ်”
ထိုအခိုက်အတန့်တွင် အခြေတည်စင်္ကြရှင် တစ်ယောက် ချန်ထားခဲ့သည်ဟု သံသယရှိသော ရတနာသိုက်ထဲ၌ ဖေးစီဟိုင် ကြုံတွေ့ခဲ့ရသည့် အရာကို လူတိုင်း သိချင်နေကြသည်။ အဓိပတိသူတော်စင်လက်နက် အနှိုင်းမဲ့ခေါင်းလောင်းကို ထိခိုက်သွားစေခဲ့သောအရာက မည်သည့်အရာ ဖြစ်မည်နည်း။
သူတို့ထဲမှ အများစုမှာ ကျောချမ်းသွားကြသည်။ အထူးသဖြင့် စောစောက ဖယ်ထုတ်ခံခဲ့ရသူများမှာ သူတို့ ဖယ်ထုတ်ခံခဲ့ရသည့်အပေါ် ဝမ်းသာနေမိကြသည်။ မဟုတ်ပါက သူတို့လည်း အဲဒီထဲမှာ သေဆုံးသွားဖို့ များသည်။
“အရှင်ဖေးစီဟိုင်ရဲ့ စွမ်းအားနဲ့ အဓိပတိသူတော်စင်လက်နက် အနှိုင်းမဲ့ခေါင်းလောင်းနဲ့ဆိုရင် အခြေတည်စင်္ကြရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုထက် အားနည်းတဲ့ တိုက်ခိုက်မှုတွေက သူ့ကို အန္တရာယ် မပေးနိုင်ဘူး... အခြေတည်စင်္ကြရှင်တွေ ဒါမှမဟုတ် အဲဒီထက် ပိုအစွမ်းထက်တဲ့သူတွေပဲ သူ့ကို အန္တရာယ် ပေးနိုင်မှာ”
“တကယ်ပဲ... အရှင်ဖေးစီဟိုင်က အခြေတည်စင်္ကြရှင် တစ်ယောက် ချန်ထားခဲ့တယ်လို့ သံသယရှိတဲ့ ရတနာသိုက်ထဲ ဝင်သွားပြီးတဲ့နောက် အခြေတည်စင်္ကြရှင် တစ်ယောက် ဒါမှမဟုတ် အထက် အဆင့်ရှိတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ရမယ်”
“အရှင်ဖေးစီဟိုင် အဲဒီထဲမှာ ဘာတွေ ကြုံတွေ့ခဲ့ရလဲ မသိဘူး”
လူတိုင်း၏ အာရုံစိုက်မှုက ဖေးစီဟိုင်ထံတွင် ရှိနေသည်။ အခြေတည်စင်္ကြရှင် တစ်ယောက် ချန်ထားခဲ့သည်ဟု သံသယရှိသော ရတနာသိုက်ထဲတွင် သူ ဘာတွေ ကြုံတွေ့ခဲ့ရသည်ကို သူတို့ အားလုံး သိချင်နေကြသည်။
စကားမပြောရဲသော အခြားသူများနှင့်မတူစွာပင် ခရမ်းရောင်နဂါးဘုရင်မ၌ စကားမပြောရဲသည့် စိုးရိမ်ပူပန်မှုများ မရှိပေ။ သူမ တကယ်ကို သိချင်နေသောကြောင့် သူ့ကို ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“ဖေးစီဟိုင်... ရှင် အဲဒီထဲမှာ ဘာတွေ ကြုံတွေ့ခဲ့တာလဲ”
ထို့နောက် ခရမ်းရောင်နဂါးဘုရင်မက ပြောလိုက်သည်။
“ကျမတို့ အမှောင်နယ်မြေဂိုဏ်းရဲ့ ဦးသျှောင်လေးပါးထဲက တစ်ယောက်ဖြစ်တဲ့ လင်းနို့စိမ်းဘုရင်လည်း အဲဒီထဲမှာ သေသွားတယ်... တကယ်လို့ ရှင့်ဆီမှာ သတင်းအချက်အလက် တစ်ခုခုရှိရင် တစ်စိတ်လောက် ကျမတို့ကို ပြောပြပါ... အမှောင်နယ်မြေဂိုဏ်းက ရှင့်ကို ကျေးဇူးတင်နေမှာပါ”
ခရမ်းရောင်နဂါးဘုရင်မ၏ စကားကို ကြားသောအခါ ဖေးစီဟိုင် မျက်မှောင်ကြုတ်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ ခေါင်းခါလိုက်သည်။
“လင်းနို့စိမ်းဘုရင်က အဲဒီထဲမှာ သေသွားတာလား... လောဘက တကယ်ကို အပြစ်တစ်ခုပဲ”
ခဏအကြာတွင် ဖေးစီဟိုင်သည် ခရမ်းရောင်နဂါးဘုရင်မ ပြန်ပြောမည့်အချိန်ကို မစောင့်ဘဲ ပြောလိုက်သည်။
“ကျုပ် ဟင်းလင်းပြင်အတားအဆီးမှာ ဝင်ပေါက်တစ်ခု ဖန်တီးပြီး အခြေတည်စင်္ကြရှင် တစ်ယောက် ချန်ထားခဲ့တယ်လို့ သံသယရှိတဲ့ ရတနာသိုက်ထဲကို ဝင်သွားပြီးတဲ့နောက်မှာ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုနဲ့ တွေ့ခဲ့တယ်”
ထိုအချိန်တွင် ခရမ်းရောင်နဂါးဘုရင်မနှင့် အခြားသူများသည် ၎င်းကို သေချာမတွေးကြပေ။ ယင်းသည် ကျန်ရှိနေသော ဇာတ်လမ်း၏ နိဒါန်းမျှသာ ဖြစ်သည်ဟု သူတို့ ယူဆလိုက်ကြသည်။
“သတ်ဖြတ်ခြင်းအစီအရင်လား”
ဖေးစီဟိုင် ဆက်ပြောလိုက်သောအခါမှသာ သူတို့ မှားကြောင်း သဘောပေါက်သွားကြသည်။
“သတ်ဖြတ်ခြင်းအစီအရင်ရဲ့ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်”
ဖေးစီဟိုင် စကားပြောသောအခါ သူ၏ မျက်နှာပေါ်တွင် တင်းမာသော အမူအရာတစ်ခု ရှိနေသည်။ သူ၏ မျက်လုံးများထဲတွင် အကြောက်တရား အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်သည်။
“အခြေတည်စင်္ကြရှင် တစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုတောင်မှ အဲဒီလောက် အစွမ်းမထက်ဘူး...
“ဆရာအရှင် ကျုပ်ကိုပေးထားတဲ့ အဓိပတိသူတော်စင်လက်နက် အနှိုင်းမဲ့ခေါင်းလောင်း ရှိနေလို့ တော်သေးတယ်... မဟုတ်ရင် ကျုပ် သေလောက်ပြီ... ဒါပေမဲ့ အနှိုင်းမဲ့ခေါင်းလောင်း ရှိနေတာတောင် ကျုပ်ရဲ့ လက်တစ်ဖက်နဲ့ ကမ္ပည်းတစ်ထောင်သူတော်စင်ဓား ဆုံးရှုံးခဲ့ရတယ်... ကျုပ်ရဲ့ ကွက်လပ်လက်စွပ်က အဲဒီစွမ်းအားနဲ့ ထိတွေ့မိတာနဲ့ ဖုန်မှုန့်အဖြစ် ပြောင်းသွားတယ်... ကျုပ်ရဲ့ ကမ္ပည်းတစ်ထောင်သူတော်စင်ဓားလည်း အဲဒီလိုပဲ ဖြစ်သွားတယ်”
စကားပြောနေစဉ် သူ၏ အသံမှာ ပိုပို၍ လေးနက်လာသည်။
ဖေးစီဟိုင် စကားပြောပြီးသောအခါ နေရာတစ်ခွင်လုံး တိတ်ဆိတ်သွားသည်။
လက်ရှိတွင် အမှောင်နယ်မြေဂိုဏ်းက ဦးသျှောင်လေးပါး၏ ခေါင်းဆောင်ဖြစ်သော ခရမ်းရောင်နဂါးဘုရင်မပင်လျှင် အကြောက်တရားကြောင့် ချွေးသီးချွေးပေါက်များ ကျလာသည်။ ဖေးစီဟိုင် ရောက်လာခြင်းအပေါ် သူမ အလွန်အမင်း ကျေးဇူးတင်နေမိသည်။ မဟုတ်ပါက သူမလည်း အခြေတည်စင်္ကြရှင် တစ်ယောက် ချန်ထားခဲ့သည်ဟု သံသယရှိသော ရတနာသိုက်ထဲသို့ ဝင်သွားပြီး ထိုသတ်ဖြတ်ခြင်းအစီအရင်နှင့် ကြုံတွေ့ရမည် ဖြစ်သည်။ ထို့ပြင် သူမ ထိုနေရာတွင် သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။ အဆုံး၌ သူမက ဖေးစီဟိုင်ထက် အားနည်းသည်။ ထို့ပြင် သူမထံ၌ အဓိပတိသူတော်စင်လက်နက် မရှိသလို အားကိုးစရာ အနှိုင်းမဲ့ခေါင်းလောင်းလည်း မရှိပေ။ ဖေးစီဟိုင်က ချဲ့ကားပြောနေသည်ဟု သူမ ထင်နိုင်သော်လည်း သူ ထိုသို့လုပ်ရန် အကြောင်းပြချက် မရှိကြောင်း သူမ သိသည်။
“ဘုရားရေ... အဲဒီလောက် အစွမ်းထက်တဲ့ သတ်ဖြတ်ခြင်းအစီအရင်... အခြေတည်စင်္ကြရှင် တစ်ယောက်တောင် အဲဒီလောက် အစွမ်းထက်တဲ့ သတ်ဖြတ်ခြင်းအစီအရင်ကို မဖွဲ့စည်းနိုင်ဘူး မလား”
“ဟုတ်တယ်... အရှင်ဖေးစီဟိုင်ရဲ့ အဆိုအရ အဲဒီသတ်ဖြတ်ခြင်းအစီအရင်ရဲ့ စွမ်းအားက အခြေတည်စင်္ကြရှင် တစ်ယောက်ရဲ့ အစွမ်းကုန် စွမ်းအားထက် ပိုအစွမ်းထက်တယ်တဲ့... ဘယ်သူကများ အဲဒီလို သတ်ဖြတ်ခြင်းအစီအရင်မျိုးကို ဖွဲ့စည်းနိုင်မလဲ ငါ တကယ် မသိတော့ဘူး”
“အရမ်း ထူးဆန်းတာပဲ”
အခြားသူများမှာ ဖေးစီဟိုင်၏ စကားကြောင့် ရရှိသွားသော တုန်လှုပ်မှုမှ ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာကြသည်။ မည်သူကမျှ သူ၏ စကားများကို သံသယမဝင်ကြပေ။ ဖေးစီဟိုင်က သတ်ဖြတ်ခြင်းအစီအရင်၏ စွမ်းအားမှာ အခြေတည်စင်္ကြရှင် တစ်ယောက်ထက် ပိုအစွမ်းထက်သည်ဟု ပြောသောအခါတွင်ပင် သူတို့ သူ့ကို သံသယမဝင်ခဲ့ကြပေ။ အကယ်၍ အခြားသူ တစ်ယောက်ယောက်သာ ဖြစ်ပါက သူတို့ သူ့ကို မေးခွန်းထုတ်ကောင်း ထုတ်ကြပေမည်။ သို့သော်လည်း ၎င်းမှာ ဖေးစီဟိုင် ဖြစ်နေသောကြောင့် သူ၏ စကားများကို သူတို့ လုံးဝ မေးခွန်းမထုတ်ခဲ့ကြပေ။ အဆုံး၌ ဖေးစီဟိုင်၏ ဆရာအရှင်မှာ လက်ရှိတွင် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အသန်မာဆုံးလူ နျဲ့ဝူထျန်း ဖြစ်သည်။ အကယ်၍ နျဲ့ဝူထျန်းသာ သိုင်းတာအိုသူတော်စင်နယ်မြေတွင် ရှိနေသေးပါက သူသည် အခြေတည်စင်္ကြရှင် တစ်ယောက် မဖြစ်သေးလျှင်တောင် အခြေတည်စင်္ကြရှင် တစ်ယောက် ဖြစ်ရန် အလွန် နီးစပ်နေမည်မှာ သေချာပေသည်။ ထိုကဲ့သို့သော ဆရာအရှင်မျိုး ရှိထားသောကြောင့် ဖေးစီဟိုင်သည် အခြေတည်စင်္ကြရှင် တစ်ယောက်၏ စွမ်းအားကို ကောင်းစွာ နားလည်ထားမည် ဖြစ်သည်။
“အဲဒီလို သတ်ဖြတ်ခြင်းအစီအရင်မျိုးကို... အစီအရင်တာအို ကျွမ်းကျင်တဲ့ အခြေတည်စင်္ကြရှင် တစ်ယောက်တောင် ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး မလား”
ခရမ်းရောင်နဂါးဘုရင်မက ဖေးစီဟိုင်ကို ကြည့်ကာ မေးလိုက်သည်။
“ဒါပေါ့... အခြေတည်စင်္ကြရှင် တစ်ယောက်တည်းက အဲဒါကို ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ သူတို့ သုံးယောက်ဆိုရင်ကော”
“သုံးယောက်လား”
ခရမ်းရောင်နဂါးဘုရင်မ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ အလိုအလျောက် တုန်ယင်သွားသည်။
အခြားသူများလည်း ထိတ်လန့်သွားကြသည်။
“အင်း...”
ဖေးစီဟိုင် ခေါင်းညိတ်လိုက်ပြီးနောက် သတိထားကာ ပြောလိုက်သည်။
“သတ်ဖြတ်ခြင်းအစီအရင်ဆီက စွမ်းအား ရိုက်ခတ်လာတဲ့အချိန်မှာ ကျုပ် အဲဒါကို လေ့လာဖို့ ကျုပ်ရဲ့ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်တယ်... အဲဒီအထဲမှာ မတူညီတဲ့ စွမ်းအင်သုံးမျိုး ရှိနေတာကို ကျုပ် တွေ့ခဲ့တယ်... သူတို့က ပြီးပြည့်စုံအောင် ပေါင်းစပ်နေပေမဲ့ ကျုပ်အာရုံခံနိုင်ခဲ့သေးတယ်... ကျုပ် မမှားဘူးဆိုရင် အဲဒီအစီအရင်ကို အခြေတည်စင်္ကြရှင် သုံးယောက် ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်”
ဖေးစီဟိုင် ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါ့အပြင် အခြေတည်စင်္ကြရှင် တစ်ယောက် ချန်ထားခဲ့တယ်လို့ သံသယရှိတဲ့ ဒီရတနာသိုက်ဆိုတာက တကယ်တော့ ရတနာသိုက် လုံးဝ မဟုတ်ဘူး... အဲဒါ ထောင်ချောက်တစ်ခုပဲ”
***