“ကျုပ် မမှားဘူးဆိုရင် အဲဒီထဲမှာ မင်းတို့ အမှောင်နယ်မြေဂိုဏ်းရဲ့ လင်းနို့စိမ်းဘုရင်တင် သေသွားရုံမကဘူး...ဒုစရိုက်မြို့တော်က မန်ဟောင်တောင် အဲဒီထဲမှာ သေသွားတယ်”
ဖေးစီဟိုင်က အသံနှိမ့်၍ ပြောလိုက်သည်။
“မန်ဟောင်လား”
ဖေးစီဟိုင်၏ စကားကို ကြားသောအခါ ခရမ်းရောင်နဂါးဘုရင်မ၏ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားသည်။ သူမ၏ ခန့်မှန်းချက် မှန်ကန်နေကြောင်း သူမ သဘောပေါက်သွားသည်။ ဝေ့ဆော်ကဲ့သို့ပင် မန်ဟောင်လည်း တစ်ခုခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းမဲ့ကျင့်ကြံသူ အများအပြားမှာ ဤစကားကို ကြားပြီးနောက် အံ့အားသင့်သွားကြသည်။
“မန်ဟောင်လား... အရှင်မန်ဟောင်လည်း သေသွားတာလား”
မျက်နှာတည်ပညာရှင် မန်ဟောင်သည် ဒုစရိုက်မြို့တော်တွင် လူသိများသူ တစ်ဦးဖြစ်သည်။ သူသည် ဒုစရိုက်မြို့တော်၏ ထောက်တိုင်တွေထဲမှ တစ်ယောက်လည်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ စိန့်ကောင်းကင် သတ္တမပုံစံတွင် ရှိသည်။ ထို့ပြင် မန်ဟောင်၏ အဓိပတိသူတော်စင်အဆင့်စာရင်းမှ အဆင့်မှာ အမှောင်နယ်မြေဂိုဏ်းမှ လင်းနို့စိမ်းဘုရင်ထက်ပင် ပိုမြင့်သည်။ မန်ဟောင်သည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၁ ချိတ်ထားသူ ဖြစ်သည်။
မန်ဟောင် သေဆုံးသွားသည့်အပေါ် လူတိုင်း ဘယ်လိုလုပ် အံ့အားမသင့်ဘဲ နေနိုင်မည်နည်း....
“ဒါဆို ရှင်က မန်ဟောင်အတွက် ရောက်လာတာပေါ့... ရှင်က မန်ဟောင်နဲ့ ရင်းနှီးပုံရတယ်... ကျမ စိတ်မကောင်းပါဘူး”
ခရမ်းရောင်နဂါးဘုရင်မ သက်ပြင်းချကာ ဖေးစီဟိုင်ကို နှစ်သိမ့်လိုက်သည်။
ဖေးစီဟိုင် ခေါင်းခါလိုက်သည်။
“ကျုပ်က မန်ဟောင်ကို ကြားပဲကြားဖူးတာ... သူနဲ့ မသိဘူး”
ဖေးစီဟိုင်၏ စကားများက ခရမ်းရောင်နဂါးဘုရင်မနှင့် ထိုနေရာတွင် ရှိနေသူတိုင်းကို နားရှုပ်သွားစေသည်။
အကယ်၍ ဖေးစီဟိုင်က မန်ဟောင်ကို မသိဘူးဆိုလျှင် သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် အဘယ့်ကြောင့် မန်ဟောင်ကို မေးခဲ့သနည်း....
“ကျုပ်ရဲ့ စီနီယာအစ်ကိုကြောင့် မန်ဟောင်ကို ရှာဖို့ ရောက်လာတာ... မန်ဟောင်ကြောင့် သူလည်း ဒီထဲကို ဝင်သွားလောက်တယ်”
ဖေးစီဟိုင်က မေးခွန်းကို ကွဲရှသောအသံဖြင့် ပြန်ဖြေလိုက်သည်။ သူသည် ဟင်းလင်းပြင်အတားအဆီးတွင် သူ ဖန်တီးခဲ့သော ဝင်ပေါက်ကို ကြည့်နေသည်။
ဖေးစီဟိုင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။
ဖေးစီဟိုင်က သူ၏ စီနီယာအစ်ကိုဟု ခေါ်လိုက်သော လူမှာ... သိုင်းတာအိုသူတော်စင်နယ်မြေ၏ လက်ရှိ အသန်မာဆုံးလူ နျဲ့ဝူထျန်း၏ နောက်ထပ် တပည့်တစ်ယောက်လော...
ဖေးစီဟိုင်က နျဲ့ဝူထျန်း၏ တစ်ဦးတည်းသော တပည့် မဟုတ်ဘူးလား...
မဟုတ်လျှင် သူက တစ်စုံတစ်ယောက်ကို အဘယ်ကြောင့် သူ၏ စီနီယာအစ်ကိုဟု ခေါ်မည်နည်း....
သဘာဝကျကျပင် ဖေးစီဟိုင် ပြောခဲ့သော စီနီယာအစ်ကိုမှာ နျဲ့ဝူထျန်းနှင့် ပတ်သက်မှု မရှိနိုင်ဟု ထင်ကြသူများလည်း ရှိသည်။ သူ၏ ထိုစီနီယာအစ်ကိုမှာ သူ ဝင်ရောက်ခဲ့သော ဂိုဏ်းတစ်ခုခုမှ သို့မဟုတ် အခြား ဆရာသခင်တစ်ယောက်၏ တပည့် ဖြစ်နိုင်သည်။
လူများက အချင်းချင်း စတင် တီးတိုးပြောဆိုလာကြသည်။
“ငါ့ရဲ့ စီနီယာအစ်ကိုကလည်း ငါ့ဆရာသခင် နျဲ့ဝူထျန်းရဲ့ တပည့်ပဲ”
သူ၏ စီနီယာအစ်ကိုမှာလည်း နျဲ့ဝူထျန်း၏ တပည့်တစ်ယောက်ဖြစ်သည်ဟု မထင်ကြသူများ၏ သံသယများကို ဖယ်ရှားပေးရန် ဖေးစီဟိုင်က ပြောလိုက်သည်။ သူ ပြောလိုက်သော စီနီယာအစ်ကိုမှာလည်း သိုင်းတာအိုသူတော်စင်နယ်မြေ၏ လက်ရှိ အသန်မာဆုံးလူ နျဲ့ဝူထျန်း၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ကြောင်းကို သူ အတည်ပြုပေးလိုက်သည်။
ဖေးစီဟိုင်၏ စီနီယာအစ်ကို အသက်ရှင်စဉ်က သူ၏ ဆရာသခင်ကို အရှက်မရစေချင်သောကြောင့် သူ့ ဆရာသခင်၏ တပည့်ဖြစ်ကြောင်း လူသိရှင်ကြား မကြေညာခဲ့ပေ။ ယခု သူ သေဆုံးသွားပြီဖြစ်ရာ ဖေးစီဟိုင်က လူတိုင်းကို သူ၏ စီနီယာအစ်ကို မည်သူမည်ဝါဖြစ်ကြောင်း သိစေချင်နေသည်။
“အရှင်ဖေးစီဟိုင်အပြင် စီနီယာနျဲ့ဝူထျန်းမှာ တခြား တိုက်ရိုက် ရှိသေးတာလား”
“စီနီယာနျဲ့ဝူထျန်းမှာ နောက်ထပ် တပည့်တစ်ယောက် ရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး”
“နျဲ့ဝူထျန်းက တိုက်ရိုက်တပည့်အဖြစ် လက်ခံထားတဲ့သူဆိုတော့ အံ့မခန်း သိုင်းတာအို ပင်ကိုပါရမီရှိမှာ သေချာတယ်”
ဖေးစီဟိုင် စကားပြောပြီးနောက် ထပ်မံ အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။ သူတို့၏ ခေါင်းစဉ်က ဆက်လက် ပြောင်းလဲသွားသည်။ လူအများအပြားက ဖေးစီဟိုင်၏ စီနီယာအစ်ကိုအကြောင်းကို သိချင်နေကြသည်။
ခရမ်းရောင်နဂါးဘုရင်မ အပါအဝင် လူတိုင်းက ဖေးစီဟိုင်၏ စီနီယာအစ်ကိုမှာ မည်သူဖြစ်မည်ကို တွေးတောနေကြစဉ် ဖေးစီဟိုင်က ကြေညာလိုက်သည်။
“ငါ့ရဲ့ စီနီယာအစ်ကိုက ဒုစရိုက်မြို့တော်က ပိုင်လီပဲ”
လူတိုင်း ထပ်မံ တိတ်ဆိတ်သွားကြသည်။
ပိုင်လီ....
ထိုနေရာတွင် ရှိနေသူ အများစုမှာ ဤနာမည်ကို ရင်းနှီးကြသည်။
ပိုင်လီသည် သူတို့ သိသော ဒုစရိုက်မြို့တော်၏ အသန်မာဆုံး ထောက်တိုင်တွေထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအခြေခံမှာ စိန့်ကောင်းကင် အဋ္ဌမပုံစံတွင် ရှိပြီး အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့်ကိုး ချိတ်ထားသည်။ သူသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့်တစ်ဆယ် ချိတ်ထားသော အမှောင်နယ်မြေဂိုဏ်းက ဦးသျှောင်လေးပါး၏ ခေါင်းဆောင် ခရမ်းရောင်နဂါးဘုရင်မထက်ပင် ပိုအစွမ်းထက်သည်။
ခရမ်းရောင်နဂါးဘုရင်မ တုန်လှုပ်မှုမှ ပြန်လည် ကောင်းမွန်လာပြီးနောက် အော်လိုက်သည်။
“ရှင့်ရဲ့ စီနီယာအစ်ကိုက... ပိုင်လီလား”
လူတိုင်းမှာလည်း အလားတူ အခြေအနေမျိုးတွင် ရှိနေကြသည်။ သူတို့ အံ့အားသင့်ကာ မယုံနိုင် ဖြစ်နေကြသည်။
ဖေးစီဟိုင်နှင့် နှိုင်းယှဉ်ပါက ပိုင်လီသည် အမြဲ လူရှေ့သူရှေ့ ထွက်ပေါ်လေ့ရှိသည်။ သူသည် သိုင်းတာအိုသူတော်စင်နယ်မြေတွင် အလွန် ကြာမြင့်စွာကတည်းက နာမည်ကြီးနေသော ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း ယနေ့မတိုင်မီက သူသည် သိုင်းတာအိုသူတော်စင်နယ်မြေက အသန်မာဆုံးလူ နျဲ့ဝူထျန်း၏ ကိုယ်ပိုင်တပည့်တစ်ဦးလည်း ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။
ယင်သည် လူတိုင်းအတွက် အလွန် အံ့အားသင့်စရာကောင်းသော သတင်းဖြစ်သည်။
ခရမ်းရောင်နဂါးဘုရင်မ၏ စကားကို ကြားသောအခါ ဖေးစီဟိုင် ခေါင်းညိတ်ကာ လေးပင်စွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်... စီနီယာအစ်ကိုက ဆရာသခင်ရဲ့ နာမည်နဲ့ မထိုက်တန်ဘူးလို့ အမြဲ ခံစားရလို့ ဆရာသခင်နဲ့ သူ့ရဲ့ ပတ်သက်မှုကို ဘယ်တုန်းကမှ မကြေညာခဲ့တာ”
ခရမ်းရောင်နဂါးဘုရင်မ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ပိုင်လီကလည်း စီနီယာနျဲ့ဝူထျန်းရဲ့ တိုက်ကိုက်တပည့် ဖြစ်နေလိမ့်မယ်လို့ ကျမ မမျှော်လင့်ထားခဲ့ဘူး”
ခဏအကြာတွင် ခရမ်းရောင်နဂါးဘုရင်မသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
“ရှင်... ရှင့်ရဲ့ စီနီယာအစ်ကို ပိုင်လီကို ရှာဖို့ ရောက်လာ... ဖြစ်နိုင်တာက... ဘာလို့လဲဆိုတော့...”
“အင်း... သူ့ရဲ့ ဝိညာဉ်ပုလဲက ကျုပ်ဆီမှာ ရှိတယ်... မကြာသေးခင်ကပဲ ကွဲသွားတာ”
ဖေးစီဟိုင်သည် ခရမ်းရောင်နဂါးဘုရင်မ ဘာပြောချင်သည်ကို သိသည့်အလား ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သူလည်း အဲဒီထဲမှာ သေသွားတာ ဖြစ်မယ်လို့ ကျုပ် သံသယရှိတယ်”
ဖေးစီဟိုင် စကားပြောသောအခါ တည်ငြိမ်နေပုံရသော်လည်း သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုတစ်စွန်းတစ်စ ရှိနေသည်။
ဖေးစီဟိုင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သာယာသော နေ့တစ်နေ့တွင် ရုတ်တရက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ လူတိုင်း တောင့်တင်းသွားကြသည်။
အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့်ကိုး စွမ်းအားရှင်၊ ရှားပါးလှသော စိန့်ကောင်းကင် အဋ္ဌမပုံစံ စွမ်းအားရှင် ပိုင်လီသည် အခြေတည်စင်္ကြရှင် သုံးယောက် ချန်ထားခဲ့သော ထောင်ချောက်ထဲတွင် သေဆုံးသွားပြီလော...
၎င်းသည် ထိုနေရာတွင် ရှိနေသူများနှင့် သိုင်းတာအိုသူတော်စင်နယ်မြေရှိ လူတိုင်းအတွက် အလွန် ကြီးမားသော ကိစ္စတစ်ခု ဖြစ်မည်မှာ သေချာသည်။
အဆုံး၌ ထိုကိစ္စသည် အဓိပတိသူတော်စင်အဆင့်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်အတွင်း ၀င်သော စွမ်းအားရှင် တစ်ဦး သေဆုံးမှုနှင့် ပတ်သက်နေသည်။
ခဏအကြာတွင် ထိုသတင်း စတင် ပျံ့နှံ့သွားသည်။
ထိုသတင်း ဒုစရိုက်မြို့တော်သို့ ရောက်လာသောအခါ ကြီးမားသော ပွက်လောရိုက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဒုစရိုက်မြို့တော်၏ ထောက်တိုင်တွေထဲမှ တစ်ယောက်ဖြစ်သော ပိုင်လီအပြင် မန်ဟောင်နှင့် အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ဦးဖြစ်သော လင်းနို့စိမ်းဘုရင်တို့လည်း သေဆုံးသွားကြပြီ ဖြစ်သည်။
ထိုနောက်တွင် ဒုစရိုက်မြို့တော်သို့ ပို၍ တုန်လှုပ်စရာကောင်းသော သတင်းများ ရောက်လာခဲ့သည်။
ဒုစရိုက်မြို့တော်ရှိ အသန်မာဆုံး မဟာမိတ်အဖွဲ့ သုံးခုဖြစ်သော သတ်ဖြတ်ခြင်းခုနစ်ပါး မဟာမိတ်အဖွဲ့၊ နှစ်တစ်ထောင် မဟာမိတ်အဖွဲ့နှင့် ထာဝရ မဟာမိတ်အဖွဲ့တို့သည် သူတို့၏ အဖွဲ့များကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ကြသည်။
အသန်မာဆုံး မဟာမိတ်အဖွဲ့ သုံးခုက အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာရုံသာမက တန်ခိုးထွား မဟာမိတ်အဖွဲ့၊ တစ္ဆေတစ်ရာ မဟာမိတ်အဖွဲ့တို့ကဲ့သို့ အနည်းငယ် အားနည်းသော မဟာမိတ်အဖွဲ့များပင်လျှင် သူတို့၏ အဖွဲ့များကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ကြသည်။
ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုမဟာမိတ်အဖွဲ့များ အားလုံး၏ ကျောရိုးများ သေဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။
ပိုင်လီ၊ မန်ဟောင်၊ ဝေ့ဆော်နှင့် ထိုလူများ အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။
“သိုင်းတာအိုသူတော်စင်နယ်မြေက အသန်မာဆုံးလူရဲ့ တိုက်ရိုက်တပည့် ဖေးစီဟိုင် ကိုယ်တိုင် သွားစုံစမ်းခဲ့တယ်လို့ ငါ ကြားတယ်... ဒီလူတွေ အားလုံးက အခြေတည်စင်္ကြရှင် သုံးယောက် ချန်ထားခဲ့တဲ့ ထောင်ချောက်ထဲမှာ သေသွားကြတာတဲ့”
“ဒါ့ပြင် အရှင်ဖေးစီဟိုင် အဲဒီနေရာလွတ်ထဲ ဝင်သွားတုန်းက အသက်ပျောက်လုနီးပါး ဖြစ်သွားတယ်လို့ ကြားတယ်... ကံကောင်းလို့ သူ့ဆီမှာ စီနီယာနျဲ့ဝူထျန်း ပေးထားတဲ့ အနှိုင်းမဲ့ခေါင်းလောင်း ရှိနေတာ... အဲဒီလိုနဲ့ သူ သေဘေးကနေ သီသီလေး လွတ်လာနိုင်ခဲ့တာပဲ... ဒါပေမဲ့ သူက လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ကြီးမားတဲ့ တန်ဖိုးတစ်ခုတောါ ပေးဆပ်လိုက်ရတယ်”
“အနှိုင်းမဲ့ခေါင်းလောင်း... ငါ ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ... ဪ ဟုတ်သားပဲ... မဟာ သူတော်စင်လက်နက်ဆယ်ခု စာရင်းမှာ အနှိုင်းမဲ့ခေါင်းလောင်းလို့ ခေါ်တဲ့ အကာအကွယ် အဓိပတိသူတော်စင်လက်နက် တစ်ခု ရှိတယ်... ဖြစ်နိုင်တာက”
“အဓိပတိသူတော်စင်လက်နက်သာ မရှိခဲ့ဘူးဆိုရင် အခြေတည်စင်္ကြရှင် သုံးယောက် ဖွဲ့စည်းထားတဲ့ ထောင်ချောက်ထဲကနေ အရှင်ဖေးစီဟိုင် အသက်ရှင် နိုင်မယ်လို့ မင်း ထင်လို့လား”
“အရှင်ပိုင်လီက တကယ်တော့ အရှင်ဖေးစီဟိုင်ရဲ့ စီနီယာအစ်ကိုပဲ... ဒါက စီနီယာနျဲ့ဝူထျန်းက အရှင်ဖေးစီဟိုင်ကို တပည့်အဖြစ် လက်မခံခင် အရှင်ပိုင်လီကို အရင် လက်ခံခဲ့တယ်ဆိုတဲ့ သဘောပေါ့”
“ငါ တစ်ခါမှ မသိခဲ့ဘူး... အရှင်ပိုင်လီက တကယ်ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ”
အလားတူ ဆွေးနွေးမှုများကို ဒုစရိုက်မြို့တော် တစ်ဝိုက်တွင် ကြားနိုင်သည်။
ထိုအံ့သြတုန်လှုပ်စရာ သတင်းများ ဒုစရိုက်မြို့တော်သို့ ပျံ့နှံ့သွားသည်နှင့်အမျှ ဖြစ်ပျက်ခဲ့သည်များကို သိရှိလာသူများ ပိုများလာသည်။
သတင်းပျံ့နှံ့နေသော အမြန်နှုန်းအရဆိုလျှင် သိုင်းတာအိုသူတော်စင်နယ်မြေ တစ်ခုလုံး သိသွားရန် အချိန်သိပ်ကြာမည် မဟုတ်ပေ။ ပို၍ တိကျစွာ ပြောရလျှင် အထက်ပိုင်းပြည်နယ် တစ်ခုလုံး သိသွားရန် အချိန်သိပ်ကြာမည် မဟုတ်ပေ။
မကြာမီတွင် အံ့အားသင့်စရာ သတင်းအချို့ ထပ်မံ ပျံ့နှံ့လာပြန်သည်။
ပိုင်လီနှင့် မန်ဟောင်တို့အပြင် ဒုစရိုက်မြို့တော်မှ အခြား ထောက်တိုင်လေးယောက်လည်း သေဆုံးသွားခဲ့သည်။ သူတို့၏ သက်ဆိုင်ရာ သားသမီးများက သူတို့၏ ဝိညာဉ်ပုလဲများ ကွဲသွားသောအခါ ဤအရာကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
“ငါတို့ရဲ့ စိန့်ကောင်းကင် အဋ္ဌမပုံစံ စွမ်းအားရှင် တစ်ယောက်နဲ့ စိန့်ကောင်းကင် သတ္တမပုံစံ စွမ်းအားရှင် ငါးယောက် သေသွားတာလား”
ဂိုဏ်းမဲ့ကျင့်ကြံသူများက ဤသတင်းကို ကြားသောအခါ လက်မခံနိုင်ကြပေ။
ဒုစရိုက်မြို့တော်ကို ကာကွယ်ရန် သစ္စာဆိုထားသော စွမ်းအားရှင် ဆယ်ယောက်ပင် မရှိပေ။ လက်ရှိတွင် သူတို့ထဲမှ ခြောက်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူတို့ထဲမှ တစ်ယောက်မှာ စိန့်ကောင်းကင် အဋ္ဌမပုံစံ စွမ်းအားရှင် ဖြစ်သည်။
“ဒီစွမ်းအားရှင်တွေရဲ့ ဝိညာဉ်ပုလဲတွေ ကွဲသွားတဲ့ အချိန်ကို အခြေခံပြီး ကြည့်ရင်... သူတို့ အားလုံးက တစ်ချိန်တည်းလောက်မှာ သေသွားကြတာပဲ... သူတို့က အခြေတည်စင်္ကြရှင် သုံးယောက် ဖွဲ့စည်းထားတဲ့ ထောင်ချောက်ထဲမှာ သေသွားကြတာ ဖြစ်ဖို့ များတယ်”
လူအများအပြား ခန့်မှန်းကြသည်။
“အဲဒီ အခြေတည်စင်္ကြရှင်တွေက ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ... လောကငယ်တစ်ခု ဖန်တီးဖို့ အချိန်တွေ အားထုတ်မှုတွေ အများကြီး ပေးပြီးတော့ အသုံးဝင်တဲ့အရာ ဘာတစ်ခုမှတောင် ချန်မထားခဲ့ဘူး... အဲဒီအစား ငါတို့ကို ဒုက္ခရောက်အောင် ထောင်ချောက်တစ်ခုတောင် ဆင်ထားခဲ့သေးတယ်”
ထိုအခြေတည်စင်္ကြရှင် သုံးယောက်၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်နိုင်ကြပေ။
သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ် တစ်လျှောက်တွင် အံ့သြတုန်လှုပ်စရာ သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြသည်။
ပြင်ပလောကတွင် မည်မျှပင် ဆူညံအုံကြွနေပါစေ သွမ့်လင်းထျန်မှာမူ ဤအကြောင်းကို ဘာမျှမသိသေးပေ။ သူသည် အခြေတည်မိစ္ဆာ သုံးကောင် ချန်ထားခဲ့သော ထောင်ချောက်ထဲတွင် ပိတ်မိနေဆဲ ဖြစ်သည်။
စာစဉ် ၁၅၁ပြီး၏။
***