ယွဲ့ချန်မင် ရုတ်တရက် နားလည်သွားသည်။ ကျောင်းအုပ်သည် ဘယ်လိုလုပ်ပြီး ယခုကဲ့သို့သော အဆင့်လွန်ပုဂ္ဂိုလ်တစ်ယောက်နှင့် သိကျွမ်းနိုင်မည်နည်း။ ဒီမြင့်မြတ်သည့် ဆရာကြီးသည် အလွန်မြင့်မားစွာ အလှမ်းကွာလွန်းလှသည်။
"ဒါက ချန်ချင်းစံအိမ်လား..."
နောက်ဆုံးတွင် ဝူထန်းနန်သည် ချန်ချင်းစံအိမ်သို့ ရောက်ရှိလာခဲ့၏။ သူသည် ရောဂါကုသရန်အတွက် တန်းစီနေသည့် သိုင်းသမားများကို ကြည့်လိုက်သည်။
အားလုံးတို့သည် ဒဏ်ရာအပြင်းအထန်ရထားပြီး အချို့ဆိုလျှင် အခြေခံများ ထိခိုက်ထားခြင်း သို့မဟုတ် ကုသရန်ခက်ခဲသည့် ဒဏ်ရာဟောင်းများပင် ရှိနေကြသည်။
ဘာပဲဖြစ်ဖြစ် ချန်ချင်းစံအိမ်၏ ကုသမှုစရိတ်မှာ စျေးပေါခြင်းမရှိရာ အသေးစားဒဏ်ရာများအတွက် လာရောက်ကုသလေ့ရှိသည့် နေရာမဟုတ်ပေ။
ဝူထန်းနန်သည် အသက်ကိုနက်ရှိုင်းစွာရှူပြီး ချန်ချင်းစံအိမ်ဆီသို့ လျှောက်လှမ်းသွား၏။ သူသည် အနည်းငယ်စိုးရိမ်နေပါသည်။ ရွှီယန်၏ ဆရာဖြစ်သူသည် မည်ကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမည်နည်း။ အဆင့်လွန်ပုဂ္ဂိုလ်တစ်ယောက် လေလား။ စိတ်ကူးကြည့်ရန် ခက်ခဲလွန်းလှသည်။
'မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်နိုင်တဲ့ လူဆိုတာကို ငါတစ်ခါမှ မကြားခဲ့ဖူးဘူး..'
ဝူထန်းနန်သည် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ရေရွတ်နေ၏။ သို့ပေမယ့် ရွှီယန်၏ စကားများမှာ လိမ်ပြောခဲ့ခြင်း မဟုတ်စေရန်လည်း အတွင်းစိတ်၌ မျှော်လင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အမှန်သာ ဖြစ်ပါက သူ၏ဒီခရီးစဉ်မှာ အလွန်ထိုက်တန်လှမှာ ဖြစ်၏။
"ဝူထန်းနန်က ဆရာကြီးကို နှိမ့်ချစွာနဲ့ တွေ့ဆုံခွင့်တောင်းပါတယ်.."
ဝူထန်းနန်သည် အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏အသွင်အပြင်ကို နှိမ့်ချကာ တစ်ဖက်လူကို ဆရာကြီးအဖြစ် သုံးစွဲ၏။
"ဝင်လာခဲ့.."
တည်ငြိမ်သည့်အသံတစ်ခု ထွက်ပေါ်လာ၏။
"ကျေးဇူးပါ.."
ဝူထန်းနန်သည် ချန်ချင်းစံအိမ်အတွင်းသို့ ခြေလှမ်းဝင်သွားသည်။
"ကျောင်းအုပ်... တကယ်ပဲ ခင်ဗျားကို.."
ရုတ်တရက် အံ့သြမှုတို့ဖြင့် ပြည့်နက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝူထန်းနန်က ခေါင်းမော့ကြည့်လိုက်ပြီးနောက် အံ့သြသွား၏။
"မင်းက... ယွဲ့ချန်မင်လား.."
သူသည် ခဏတာအချိန်ယူပြီးမှသာ ရှေ့ရှိလူမှာ ယွဲ့ချန်မင်ဖြစ်ကြောင်းကို မှတ်မိလိုက်သည်။ ဤသည်မှာ ကျောင်းတော်ရှိ ဂုဏ်ယူရသော ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သူ ဖြစ်၏။
"ကျွန်တော်ပါ.."
ဒီအချိန်၌ ယွဲ့ချန်မင်၏ မျက်လုံးများထဲ၌ မျက်ရည်တို့ဖြင့် ပြည့်လျှံလာခဲ့သည်။
"မင်း... မင်းရဲ့ကျင့်ကြံမှုက ဒီအဆင့်ထိတောင် ရောက်ပြီးပြီလား.."
ဝူထန်းနန်မှာ မယုံကြည်နိုင်စရာကောင်းလှစွာ အံ့ဩသွားသည်။ ထို့နောက် ဤသည်မှာ ဆီလျော်မှုရှိသည်ဟု ခံစားလိုက်ရ၏။
"ငါ့ကျောင်းတော်ရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက် ပီသလှတယ်... မင်းရဲ့ စိတ်ဝိဉာဉ်ခန္ဓာက တကယ့်ကို ထူးကဲတယ်။ ဒီလောက် အချိန်ကြာပြီးတဲ့နောက်မှာ ဒီအဆင့်ကိုရောက်နေတာ အံ့သြစရာမရှိဘူး.."
သို့ပေမယ့် ယွဲ့ချန်မင်က အရှက်ရစွာပြော၏။
"ကျောင်းအုပ်မသိတာ ဖြစ်လိမ့်မယ်... ဆရာကြီးက ကျွန်တော့်ကို တွေ့ဆုံပြီး ကံကောင်းမှုကို မချီးမြှင့်ခဲ့ချိန်အထိ ကျွန်တော် အသက်ရှင်ရုံတမယ်ပဲ မနည်းနေနိုင်ခဲ့တာ... အခုမှသာ ဒီလိုမျိုး စွမ်းဆောင်နိုင်လာခဲ့တာ.."
ထိုစကားကို ကြားရပြီးနောက် ဝူထန်းနန်မှာ ထပ်မံအံ့သြသွားပြန်၏။ သူသည် ယွဲ့ချန်မင်ကို ကြည့်ရှု့ပြီးနောက် ခြံဝန်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာထိုင်နေသည့် လူငယ်ဆီသို့ ခေါင်းလှည့်ကြည့်သည်။ တစ်ဖက်လူသည် စာအုပ်တစ်အုပ်ကို လက်ထဲတွင်ကိုင်ထား၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ဝူထန်းနန်သည် မှင်သက်သွား၏။ သူ၏မျက်လုံးများက လေးစားမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ကာ ထည်ဝါလှ၏။
ခေတ်အခါများစွာ၏ အလယ်တွင် ထိုင်နေသကဲ့သို့... လောကကြီး၏ အစိတ်အပိုင်းများတွင် မပါဝင်တော့သကဲ့သို့ ရှိ၏။ ပိုမိုကြည့်လေလေ တစ်ဖက်လူသည် ပိုမိုဆန်းကြယ်ကာ ဖော်ပြရန် ခက်ခဲလာပုံ ပေါ်သည်။
"ဆရာသခင်တစ်ပါးပဲ..."
ဤသည်မှာ အနှိုင်းမဲ့သည့် ဆရာသခင်တစ်ပါး ဖြစ်သည်။
ရုတ်တရက် သူသည် ရွှီယန်၏ စကားလုံးများကို အနည်းငယ် ယုံကြည်လာခဲ့၏။ သူ၏ ဆရာဖြစ်သူမှာ အမှန်တကယ်ကို ထူးကဲသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူသည် ယွဲ့ချန်မင်နှင့် စကားဆက်လက်ပြောကာ အချိန်ဖြုန်းမနေတော့ပေ။ လီရွှမ်ဆီသို့ လျှောက်သွားပြီး လေးစားစွာ ဦးညွှတ်၏။
"ဝူထန်းနန်က ဆရာကြီးကို တွေ့ဆုံပါတယ်.."
"အင်း... ထိုင်လေ... အရမ်းကြီးယဉ်ကျေးနေဖို့ မလိုပါဘူး.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး.."
ဝူထန်းနန်က ကုလားထိုင်ပေါ်တွင် ဂရုတစိုက်ဖြင့် ထိုင်သည်။ သူသည် ထိုင်ခုံတစ်ဝက်ကိုသာ နေရာယူထားပြီး အနည်းငယ် တောင့်တင်းနေ၏။ ဒီပုဂ္ဂိုလ်ကြီးကို တိုက်ရိုက် ကြည့်ရှု့ရဲခြင်း မရှိပေ။
လီရွှမ်က သူ၏ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို ရုတ်သိမ်းလိုက်သည်။ ဒီအချိန်၌ သူသည် လုံးဝကို သာမန်ဖြစ်လာခဲ့၏။ စိတ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်အပေါ်လည်း ချီးကျူးမိလိုက်သည်။ ဤသည်မှာ အမှန်တကယ်ကို အသုံးဝင်၏။
ယွဲ့ချန်မင်က ရောက်ရှိလာကာ ဝူထန်းနန်အတွက် စိတ်ဝိဉာဉ်လက်ဖက်ရည်ကို ငှဲ့ပေးသည်။ ပြီးနောက် အတိတ်အကြောင်းများကို ပြန်ပြောင်းပြောကြားရင်း ဒီနှစ်များအတွင်း ကျောင်းအုပ်၏ အတွေ့အကြုံများကို မေးမြန်း၏။
ဝူထန်းနန်က ပုံပြင်ဟောင်းအချို့နှင့် အတွေ့အကြုံများကို စတင် ဖြေးညှင်းစွာ ရှင်းပြသည်။ ဤသည်မှာ သူ၏ တင်းကြပ်နေသည့် စိတ်အခြေအနေကို ပြေလျော့စေရန် ဖြစ်ပြီး အတိတ်ကို လွမ်းဆွတ်ရင်းက သူ၏ အတွေ့အကြုံများကို ဆရာကြီးဆီသို့ သွယ်ဝိုက်စွာ မျှဝေပေးခြင်းလည်း ဖြစ်သည်။
"ဝူထန်းနန်က... တော်တော်လေး ထူးချွန်တာပဲ.."
ဝူထန်းနန် လျှောက်ဝင်လာပြီးနောက် လီရွှမ်သည် တစ်ဖက်လူ၏ ကျင့်ကြံမှု ခွန်အားအဆင့်ကို ကြည့်ရှု့ပြီးဖြစ်သည်။
မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် အရှိန်အဟုန်ကြီးစွာ ထွက်ပေါ်လာပြီး အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ရန်ပြုမှုကို တောင့်ခံနိုင်သည်မှာ ဝူထန်းနန်ကြောင့် ဖြစ်ပေလိမ့်မည်။
ယွဲ့ချန်မင်သည် ထိုကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအမျှင်ကို သန့်စင်ပြီးလျှင်တောင် ဝူထန်းနန်၏ပြိုင်ဖက် ဖြစ်မည်မဟုတ်သေးပေ။ ဝူထန်းနန်ဆီတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက် ၉ခုတို့ကို သန့်စင်ထား၏။
သို့ပေမယ့် ထိုမျှသာဆိုပါက နိယာမအငွေ့အသက် ၉ခုမှ စုစည်းလာမည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားသည် ယွဲ့ချန်မင်၏ ထိုကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအမျှင်ကို သန့်စင်ထားသည်နှင့်သာ တူညီနိုင်မှာဖြစ်သည်။
သို့ရာတွင် ဝူထန်းနန်၏ နိယာမအငွေ့အသက်၉ခု အတွင်းတွင် တစ်ခုချင်းစီတိုင်း၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတို့ ပါဝင်နေ၏။
အငွေ့အသက် တစ်ခုချင်းစီ၏ နိယာမစွမ်းအားသည် ယွဲ့ချန်မင်အား ပေးအပ်ထားသည့် နိယာမစွမ်းအား အမျှင်ထက် အားနည်းပေမယ့် သူ့တွင် ထိုကဲ့သို့သော စွမ်းအား၉ခုအား ပိုင်ဆိုင်ထားပါသည်။
"သူက ဖုံးကွယ်ရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲ.."
လီရွှမ်သည် နှလုံးသားထဲတွင် ရေရွတ်၏။ ကြည့်ရသည်မှာ ဝူထန်းနန်သည်လည်း ဉာဏ်ကောင်းသည့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို ဖော်ထုတ်ခြင်းမပြုဘဲ ဖုံးကွယ်ထား၏။ ဖြစ်နိုင်သည်မှာ အတိတ်တုန်းက ကြီးမားသည့် ဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခဲ့ဟန် ပေါ်သည်။
ထို့ကြောင့် သူ၏ အစစ်အမှန်ခွန်အားကို တတ်နိုင်သမျှဖုံးကွယ်ထားပြီး ရန်သူများအား အထင်သေးစေရန် ပြုလုပ်ထား၏။
"စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီးနေပြီပဲ.."
လီရွှမ်သည် သက်ပြင်းချ၏။ ဝူထန်းနန်သည် ဒီအဆင့်အထိ ကျင့်ကြံပြီးဖြစ်သည်။ ဤသည်မှာ စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်ဖြစ်၏။
နောက်တစ်ဆင့်မှာ နိယာမအငွေ့အသက် ၉သွယ်လုံးကို နိယာမများအဖြစ် ပြောင်းလဲပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းစေမည် ဖြစ်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ခန္ဓာကိုယ်အတွင်း၌ စုစည်းစေမည် ဖြစ်၏။
သိသာစွာပင် ထိုအဆင့်သည် စိတ်ဝိဉာဉ်နယ်မြေ၌ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အကြောင်းပြချက်မှာ စိတ်ဝိဉာဉ်နယ်မြေ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီသည် သိုင်းသမားတစ်ယောက်အား ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို စစ်မှန်စွာနားလည်ပြီး ခန္ဓာကိုယ်အတွင်း၌ စုစည်းနိုင်ရန်အတွက် ထောက်ပံ့ပေးရန် လုံလောက်ခြင်း မရှိပေ။
ဝူထန်းနန်သည် သူ၏ အတွေ့အကြုံများကို ရှင်းပြနေဆဲရှိ၏။ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီ ပြိုလဲပြီးနောက် ကျန်ရှိနေသည့် ပုဂ္ဂိုလ်များသည် မိုးပြာရောင်ပင်လယ်ဆီသို့ ထွက်ပြေးခဲ့ကြသည်။
ယွင်ထန်း၏ မိုးပြာရောင်ပင်လယ်မြို့တွင် သိုင်းပညာအကယ်ဒမီအသစ် တစ်ခုကိုပင် တည်ထောင်ခဲ့၏။ ယွင်ထန်း မိုးပြာရောင်ပင်လယ်မြို့၏ မြို့သခင်သည် ဝူထန်းနန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိသည်။
ထိုမြို့သည် အဆင့်လွန်ဂိုဏ်းများထဲ၌ ပါဝင်ပေမယ့် မိုးပြာရောင်ပင်လယ်ကိုသာ အုပ်စိုးပြီး ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များနှင့် တူညီစွာ ယှဉ်တွဲနေထိုင်ကြသည်။ ထို့ကြောင့် ဒေသ၁၈ခုတို့ကဲ့သို့ တင်းကြပ်သည့် အဆင့်အတန်းခွဲခြားမှုတို့ ရှိမနေပါ။
"တံခါးပိတ်ကျင့်ကြံပြီးတဲ့ နောက်မှာ ငါ့ရဲ့ခွန်အားက အခုဆိုရင် စိတ်ဝိဉာဉ်နယ်မြေရဲ့ အကန့်အသတ်ကို ရောက်နေပြီးပြီ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က ဒီဗိုင်းဝိဉာဉ်ကို စုစည်းနိုင်တယ်။ ဒီဗိုင်းဝိဉာဉ်ကို စုစည်းပြီးရင် နောက်တစ်ဆင့်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲမှာ ပေါင်းထည့်ဖို့ပဲ..."
ဝူထန်းနန်သည် သူ၏ သိုင်းပညာအတွေ့အကြုံများကို စတင်ပြောပြ၏။ ကြည့်ရသည်မှာ ယွဲ့ချန်မင်အား ရှင်းပြနေဟန်ရှိသည်။
သို့ပေမယ့် တကယ်တော့ ဒီအခွင့်အရေးကိုယူပြီး သူ၏ သိုင်းပညာအပေါ် ကိုယ်ပိုင်မေးခွန်းများအား ဖော်ပြနေခြင်း ဖြစ်၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာပြီးနောက် ဆက်လက်ကျင့်ကြံရန်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ပေါင်းစပ်ခြင်းဖြစ်သည်။
ပြောရလျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီ၉မျှင်အား သန့်စင်ခြင်းသည် အကန့်အသတ်ဖြစ်၏။ ပြီးနောက် ထို၉မျှင်တို့သည် ပေါင်းစပ်သွားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက်အား စုစည်းမည်ဖြစ်သည်။
နောက်တစ်ဆင့်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းရန်ဖြစ်၏။ သို့ရာတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက် ၉ခုတို့ကို စုစည်းပြီးနောက် အထွတ်အထိပ်သို့ ရောက်ရှိလုနီးနေပါပြီ။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းရန်အတွက် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်း မရှိသောကြောင့် ထပ်မံ အဆင့်ချိုးဖျက်ရန် ခက်ခဲလှ၏။
"မိုးပြာရောင်ပင်လယ်မှာတုန်းက အမွေအနှစ်နေရာ တစ်ခုကနေပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ပိုပြီးလှုပ်ရှားတက်ကြွတဲ့ လင်းကျီကို အာရုံခံစားနိုင်ခဲ့တယ်... အဲ့ဒါကြောင့်မလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအငွေ့အသက်၉ခုကို စုစည်းပြီးတဲ့နောက်မှာ နိယာမအမျှင်တွေကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအငွေ့အသက်ထဲမှာ ဖုံးကွယ်ထားခဲ့တယ်.."
"ဒါပေမယ့် အဲဒါတွေကို တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်ဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့်ပဲ ဆက်လက်တိုးတက်ဖို့အတွက် မလုံလောက်ဘူးဖြစ်နေတာ.."
ဝူထန်းနန်က သက်ပြင်းချသည်။
ယွဲ့ချန်မင်လည်းပဲ နက်ရှိုင်းစွာသက်ပြင်းချ၏။ အဆင့်တစ်ခုချင်းစီတိုင်း၏ ကျင့်ကြံမှုသည် အလွန် ခက်ခဲလွန်းလှသည်။ သန့်စင်ခြင်နည်းလမ်းအပြင် လုံလောက်သည့် ပါရမီကိုလည်း လိုအပ်၏။ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်များ၏ ခွန်အားသည် သူတို့၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် လင်းကျီအပေါ် နီးကပ်မှုအပေါ်၌ မှီခိုနေပါသည်။
ဤသည်က သူတို့ကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား ပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်နိုင်ပြီး သန့်စင်နိုင်စေ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကိုလည်း ပိုမိုလွယ်ကူစွာ နားလည်မှုရလာနိုင်သည်။
"ကျောင်းအုပ်တောင်မှ ဆက်ပြီးတော့ အဆင့် မချိုးဖျက်နိုင်ခဲ့ဘူး... အခြား သိုင်းသမားတွေဆိုရင် ပိုဆိုးမှာပေါ့.."
ယွဲ့ချန်မင်သည် သက်ပြင်းချ၏။
"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်က အဲ့ဒါနဲ့ သက်ဆိုင်နေလိမ့်မယ်... ငါ့အထင်တော့ ဒီဗိုင်းတံတားက အဓိကကျလိမ့်မယ်.."
ဝူထန်းနန်သည် သူသိရှိသည့် လျှို့ဝှက်ချက်အချို့ကိုလည်း ပြန်ပြောင်းပြောပြ၏။ ဥပမာအားဖြင့် ဒီဗိုင်းတံတား၏ တည်ရှိမှုဖြစ်သည်။
သို့ပေမယ့် သူသည် ဒီဗိုင်းတံတား၏ တည်ရှိမှုကိုနှင့် ဒီဗိုင်းတံတားအား ဖြတ်ကျော်ပြီးလျှင် အဆင့်ချိုးဖျက်ရန် အခွင့်အရေး ရှိနေသည်ဟုသာ နားလည်ထား၏။ ဒီဗိုင်းတံတားနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအသေးစိတ်အချက်အလက်များကိုတော့ သိရှိခြင်း မရှိပေ။
ဤသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အဓိကလျှို့ဝှက်ချက် ဖြစ်၏။ သူသည် ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့၏ မြို့သခင်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိပေမယ့် တစ်ဖက်လူသည် ထိုလျှို့ဝှက်ချက်အကြောင်းကို ပြောပြလိုခြင်း မရှိပေ။
'ဒီဗိုင်းတံတားလား... ထိုက်ချန်းရဲ့ နောက်ထပ် နယ်မြေတစ်ခုကို ဦးတည်တဲ့ တံတားတစ်ခုလား..'
လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။
အတွင်းဘက်နယ်မြေပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်နယ်မြေပဲဖြစ်ဖြစ် အားလုံးတို့မှာ ထိုက်ချန်းအတွင်း၌ ပါဝင်ကြသည်။ ထိုက်ချန်းမှာတော့ ရှင်းလင်းစွာပင် စိတ်ဝိဉာဉ်နယ်မြေနှင့် အတွင်းဘက်နယ်မြေတို့သာ ရှိနေခြင်းမဟုတ်ပေ။
'ထိုက်ချန်းရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးက ဘယ်လိုလုပ်ပြီးတော့ နယ်မြေတွေအများကြီး ကွဲပြားနေရတာလဲ... ကြည့်ရတာ လျှို့ဝှက်ချက်အချို့တော့ ရှိရမယ်..'
လီရွှမ်သည် နှလုံးသားထဲတွင် သုံးသပ်၏။ သို့ပေမယ့် သူသည် ၎င်းတို့ကို အရမ်းကြီး အာရုံစိုက်ခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သူဖန်တီးခဲ့သည့် သိုင်းပညာသည် သူ၏ကိုယ်ပိုင်ဖြစ်ပြီး ထိုက်ချန်းသိုင်းပညာ မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကြောင့် ကန့်သတ်မနေပါ။
"ပါရမီရှင်ရှင်တွေအကြား ယှဉ်ပြိုင်ပွဲက အဲ့ဒါနဲ့ ပတ်သက်နေတယ်... ငါ သိုင်းတစ်ထောင်ခန်းမ၊ လိင်ယွင်တောင်စံအိမ်နဲ့ ယွီလင့်စံအိမ်တို့ကို ဖိအားပေးပြီးတော့ စည်းမျဉ်းတွေကို လက်ခံစေခဲ့တယ်။ ဒီဗိုင်းတံတားပွင့်လာတဲ့အချိန်ကျရင် ငါအဲ့ဒီ့ကနေ တက်လှမ်းသွားလိမ့်မယ်.."
"တစ်ချက်က ငါ့ကိုယ်ငါ အဆင့်ချိုးဖျက်နိုင်ဖို့နဲ့ နောက်တစ်ချက်က တစ်ယောက်ယောက်ကို ရှာဖို့အတွက်ပဲ.."
ယွဲ့ချန်မင်က အံ့သြသွားပြီး မေး၏။
"ကျောင်းအုပ်က... လူတစ်ယောက်ကို ရှာနေတာလား.."
"သူမက ငါ့ရဲ့ သိုင်းပညာလမ်းညွှန်သူပဲ.."
ဝူထန်းနန်၏ မျက်နှာပေါ်၌ အတိတ်၏အရိပ်တို့ ပေါ်လာခဲ့သည်။
"ငါဝူထန်းနန်က အတွင်းဘက်နယ်မြေက ဆင်းရဲတဲ့ တောင်ပေါ်ရွာလေးတစ်ခုက လာခဲ့တာ... ပြီးတော့ ခြေတစ်လှမ်းချင်းစီနဲ့ စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်အထိ ရောက်ရှိလာခဲ့တယ်။ ဒါတွေအားလုံးက အဲ့ဒီ့အစ်မရဲ့ ညွှန်ကြားမှုကြောင့်ပဲ.."
လီရွှမ်မှာ အံ့သြသွားသည်။ ဝူထန်းနန်သည် အတွင်းဘက်နယ်မြေမှ လာခဲ့လေသည်လား။
"အဲ့ဒါဆိုရင် ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ တည်ထောင်သူဘိုးဘေးက..."
သူသည် ချက်ချင်းပင် ဝူထန်းနန်မှာ မည်သူဖြစ်သည်ကို တွေးမိလိုက်သည်။
"ကျောင်းအုပ်က အတွင်းဘက်နယ်မြေက လာတာလား.."
ယွဲ့ချန်မင်က အံ့ဩစွာအသံပြု၏။
"ဟုတ်တယ်.."
ဝူထန်းနန်က ခေါင်းငြိမ့်သည်။ ထို့နောက် သူ၏ ငယ်ရွယ်စဉ်က အတွေ့အကြုံများနှင့် အတွင်းဘက်နယ်မြေ၌ မြင့်တက်လာပုံတို့ကို ပြောပြသည်။
တိတ်ဆိတ်စွာ နားထောင်နေသည့် စုလင်းရှုံမှာ မနေနိုင်ဘဲ အနားသို့တိုးလာပြီး လီရွှမ်၏ဘေး၌ ဝင်ထိုင်၏။ သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး ဝူထန်းနန်ကို အထက်အောက် ကြည့်နေမိသည်။
တစ်ဖက်လူသည် အတွင်းဘက်နယ်မြေမှဖြစ်၏။ ထို့အပြင် ခုနစ်စင်ကြယ်အကယ်ဒမီ၏ တည်ထောင်သူဘိုးဘေးဖြစ်ကာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
***