လီရွှမ်၏ စိတ်အာရုံသည် ထိုက်ချန်းစာအုပ်မှ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ အပေါ်သို့ ရောက်ရှိသွား၏။ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားငယ် များစွာတို့ကို ဖန်တီးခဲ့သည်။
ဒီဗိုင်းစွမ်းအားကြီးမှာတော့ ယာယီအချိန်အတွင်း၌ တစ်ခုမှ ပြီးမြောက်ခြင်း မရှိသေးပေ။ သို့ရာတွင် အတွေးတစ်ချက်နှင့် ပြန်လည်မွေးဖွားခြင်းနှင့် အရိုးမှပြန်လည်ရှင်သန်ခြင်းကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့သည် သီအိုရီအားဖြင့် ပုံပေါ်လာခဲ့ပြီး ဖြစ်၏။ တရားဝင် ဖန်တီးပြီးမည်မှာ အချိန်အတိုင်းအတာ တစ်ခုသာ ကြာမှာဖြစ်သည်။
'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီး တွေကို အမြန်ဆုံး ပြီးပြည့်စုံအောင် လုပ်ရမယ်။ ပြီးတော့ နားလည်သဘောပေါက်ရန် ခက်ခဲမှုနဲ့ ကျင့်ကြံရန် ခက်ခဲမှုတွေကိုလည်း တက်နိုင်သမျှ လျှော့ချရမယ်။ တပည့်တွေကျင့်ကြံတဲ့အခါမှာ သေချာပေါက် နားလည်မှုရအောင်ပြင်ဆင်ရမယ်..'
လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ သို့ရာတွင် သိုင်းပညာတစ်ခုသည် ပိုမို စွမ်းအားကြီးမားလေလေ နားလည်သဘောပေါက်ရန် ပိုမိုခက်ခဲလေ ဖြစ်ကြောင်းကို သူသိ၏။ ခက်ခဲမှုကို လျှော့ချရန်မှာ အလွန်ခက်ခဲလှမှာ ဖြစ်သည်။ မဟုတ်ဘဲ အရမ်းကြီး လျှော့ချလိုက်ပါက သိုင်းပညာ၏စွမ်းအားသည် လုံလောက်မှုမရှိဘဲ ဖြစ်ကုန်မှာ ဖြစ်၏။
စုလင်းရှုံသည် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန်အတွက် စတင်ပြင်ဆင်၏။ မထင်မှတ်ထားသည့် ကိစ္စတို့ ပေါ်ပေါက်မလာပါက သူမသည် ဒီဗိုင်းခန္ဓာတစ်ခုအား ပြောင်းလဲနိုင်မှာ ဖြစ်သည်။
'သိုင်းစနစ် သုံးခုလုံး ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ရောက်ပြီးနေပြီ... ချီမန်သိုင်းပညာစနစ်ပဲ လိုတော့တယ်။ ဒါပေမယ့် အဲ့ဒါကလည်း ကိစ္စကြီးမဟုတ်ပါဘူး..'
ချီမန်သိုင်းပညာသည် အစတည်းက အခြားသိုင်းစနစ်များနှင့် ခြားနား၏။ အခင်းအကျင်း၊ ချိတ်တံဆိပ်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်များပါဝင်သည်။
ထိုချီမန်နည်းလမ်းများသည် ခွန်အားအဆင့် တိုးတက်မှုနှင့်အတူ စွမ်းအားတို့ မြင့်မားလာမှာဖြစ်၏။ ယခုအချိန်၌ လီရွှမ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားနှင့် တူညီစွာ ပြင်းထန်သည့် အခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသည်။
ချန်ချင်းစံအိမ်တွင် သိုင်းသမားများ နေ့စဉ်နေ့တိုင်း လာရောက်ကုသကြ၏။ လေလွင့်သိုင်းသမားများမှ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ သိုင်းသမားများအထိ လူအမျိုးမျိုး ရောက်ရှိလာကြသည်။
နေ့စဉ်ကုသမှုအတွက် လူနာအရေအတွက် ကန့်သတ်ထားပေမယ့် ဒဏ်ရာအပြင်းအထန် ရရှိထားခြင်း၊ ကုသမရသည့် ဒဏ်ရာဟောင်းများရှိခြင်း သို့မဟုတ် အခြေခံထိခိုက်ခြင်းတို့ ခံစားနေရသည့် သိုင်းသမားများအတွက် ဤသည်မှာ သူတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေး ဖြစ်သည်။ ထို့ကြောင့် လက်လျှော့သွားမည် မဟုတ်ပေ။
လီရွှမ်သည် မုန့်ရှူရှူတစ်ယောက် ရောဂါ လာရောက်ကုသသည့် လူနာများနှင့် တိတ်တဆိတ် စကားပြောနေပုံကို ရုတ်တရက် သတိထားမိလိုက်သည်။ မတော်တဆနှင့်လား ရည်ရွယ်ချက်ရှိရှိနှင့်လား မသိပေ။ နာမည်တစ်ခုကို ထည့်သွင်းပြောဆိုလေ့ ရှိသည်။ ကြည့်ရသည်မှာ သူသည် တစ်ယောက်ယောက်၏ အကြောင်းကို စုံစမ်းနေဟန်ရ၏။
သူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ လူနာများကို ရွေးချယ်မေးမြန်းသည်။ ဘာပဲဖြစ်ဖြစ် ထိုသိုင်းသမားများသည် လျှို့ဝှက်ချက်နှင့် သတင်းအချက်အလက်များကို ရှာဖွေသိရှိရာတွင် လေလွင့်သိုင်းသမားများထက် များစွာ ပိုမိုသာလွန်၏။
"ငါ မုကျားဖုန်းဆိုတဲ့ သိုင်းသမားတစ်ယောက်ရဲ့အမည်ကို ကြားဖူးတယ်။ သူက ပါရမီထူးချွန်ပြီးတော့ တော်တော်လေးလည်း ချောတယ်တဲ့။ အဲ့ဒါအမှန်ပဲလား... မင်းသူ့ကို ကြားဖူးလား.."
မုန့်ရှူရှူက သိလိုစွာမေး၏။
"မုကျားဖုန်းလား..."
စိတ်ဝိဉာဉ်ဂိုဏ်းရှိ သိုင်းသမားမှာ အံ့သြသွားသည်။ မုန့်ရှူရှူကို ထူးဆန်းစွာကြည့်၏။ တစ်ဖက်လူသည် ဘယ်လိုလုပ်ပြီး မုကျားဖုန်းအကြောင်းကို ပြောလာရသနည်း။
သို့ရာတွင် ချန်ချင်းစံအိမ်မှလူ ဖြစ်ပြီး ဒန်ဆေးလုံးပေးရာ၌ တာဝန်ယူထားရာ သူ့အနေနှင့် ထိပါးလို့မဖြစ်ပေ။ ကျေနပ်အောင် စွမ်းဆောင်နိုင်ပါက အပိုဆေးလုံးပင် ရရှိလာနိုင်၏။
"မင်းပြောတဲ့ မုကျားဖုန်းဆိုတာ မုမိသားစုရဲ့ ငရှုပ်သခင်လေး ဖြစ်လိမ့်မယ်။ သူ့ရဲ့ခွန်အားက တကယ်ပဲ သန်မာတယ်။ ပါရမီကောင်းမွန်ပြီး ချောမောတဲ့ အသွင်အပြင်လည်း ရှိတယ်.."
မုမိသားစုရှိ ငရှုပ်သခင်လေးသည် အမှန်တကယ်ကို ကျော်ကြား၏။ အထူးသဖြင့် လော့ဒေသတွင် ဖြစ်သည်။
"ငရှုပ်သခင်လေး..."
မုန့်ရှူရှူက နားမလည်စွာဖြင့် ဆက်လက်မေးသည်။
"သူ့ကို ဘာလို့ ငရှုပ်သခင်လေးလို့ ခေါ်ကြတာလဲ.."
ထိုသိုင်းသမားက ထူးဆန်းသွား၏။ မုန့်ရှူရှူသည် မုကျားဖုန်း၏အမည်ကို သိပြီး မုကျားဖုန်း၏အကြောင်းများကိုတော့ ဘယ်လိုလုပ်ပြီး မသိရသနည်း။
စိတ်ဝိဉာဉ်နယ်မြေတွင်... အထူးသဖြင့် လော့ဒေသတွင် မုကျားဖုန်း၏ အမည်ကို မသိသည့်လူ ရှားပါးကြသည်။ အထူးသဖြင့် မုမိသားစု၏ ငရှုပ်သခင်လေးဟု ဆိုလိုက်သည်နှင့် လူတိုင်းနီးပါး သိကြ၏။
"သူက မိန်းမအရမ်းလိုက်စားတဲ့ လူလေ... မင်းမသိဘူးလား.."
ထိုသိုင်းသမားက အံ့သြစွာပြော၏။
မုန့်ရှူရှူမှာ မှင်သက်သွားသည်။ ပြီးနောက် အသက်ကိုနက်ရှိုင်းစွာရှူပြီး ပြော၏။
"နည်းနည်းလောက် ပြောပြကြည့်ပါလား... သူက ဘယ်လိုမျိုး မိန်းမလိုက်စားသူ ဖြစ်တာလဲ.."
"အဲ့ဒါက နည်းနည်းတော့ ရှည်တယ်..."
ထိုသိုင်းသမားက ချောင်းဟန့်ကာ သူ၏မျက်နှာက အနည်းငယ် ဖြူရော်လာခဲ့သည်။ ရှင်းလင်းစွာပင် ဒဏ်ရာဟောင်းတို့ ပေါ်လာဟန်ရှိ၏။
မုန့်ရှူရှူက ဒန်ဆေးလုံးတစ်လုံးကို လက်ထဲသို့သွန်ကာ ပေးလိုက်သည်။ သူမေးစမ်းခဲ့သည့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ သိုင်းသမားများအကြားတွင် ရှေ့ရှိလူသာလျှင် မုကျားဖုန်းကို သိပုံရှိ၏။ ကျန်ရှိသည့်လူများမှာ မုမိသားစုမှ ဖြစ်မည်ဟုသာ ခန့်မှန်းနိုင်ကြသည်။
ထိုသိုင်းသမားမှာ ချက်ချင်းပင် ဝမ်းသာသွား၏။ သူသည် ဒန်ဆေးလုံးကိုသိမ်းကာ မုကျားဖုန်း၏ အချစ်ရေးအချစ်ရာ ကိစ္စများကို စတင်ပြောပြသည်။ အချစ်ကြွေးများ မည်မျှတင်ထားပုံ၊ ပြဿနာများ မည်မျှ လုပ်ခဲ့ပုံတို့ဖြစ်၏။
သူသည် မုမိသားစုမှ ငရှုပ်သခင်လေး၏ ထူးချွန်လှသည့် ပါရမီကိုလည်း လေးစားမိသည်။ တစ်ဖက်လူသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီးဖြစ်ကာ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့ပင် နီးကပ်နေလောက်၏။
မုန့်ရှူရှူမှာ မှင်သက်သွားသည်။ သူ၏နှလုံးသားထဲရှိ လူတစ်ယောက်၏ ပုံရိပ်သည် ပြိုလဲလာခဲ့၏။ ခဏတာအတွင်း မသက်မသာ ခံစားလိုက်ရသည်။
'အကိုမုက... ဒီလိုလူမျိုး တစ်ယောက်လား..'
သူ၏မျက်လုံးထဲတွင် အတိတ်ရှိပုံရိပ်အချို့ ရုတ်တရက်ပေါ်လာခဲ့၏။
ရဲစွမ်းကာ ထူးကဲသည့် အသွင်အပြင်နှင့် အကိုမုသည် မိန်းမလှလေးများစွာ၏ တစ်ဖက်သတ် သဘောကျမှုကို ခံရ၏။ သူသည် ဘယ်လိုလုပ်ပြီးတော့ ငရှုပ်တစ်ယောက် ဖြစ်နေရသနည်း။
တင့်တယ်လှပသည့် မိန်းကလေးတစ်ယောက်၏ မုကျားဖုန်း၏ ရင်ခွင်ထဲတွင် ချစ်ခင်မှုအပြည့်နှင့် မှီနေပုံကို ပြန်တွေးမိတိုင်းတွင် မခံမရပ်နိုင်စွာ ခံစားရ၏။
သူထင်ထားခဲ့သည့် ဟင်္သာမောင်နှံကဲ့သို့ လိုက်ဖက်လှသည့် စုံတွဲသည် လက်စသတ်တော့ အလိမ်အညာတစ်ခုဖြစ်နေလေသည်။ သူမသည် မုကျားဖုန်း၏ ဘဝထဲရှိ မိန်းမများစွာတို့အတွင်းမှ တစ်ယောက်သာလျှင် ဖြစ်၏။
ခဏတာအတွင်း မုန့်ရှူရှူသည် မှင်သက်နေပြီး ခန္ဓာကိုယ်၌ ဝိဉာဉ်တို့ လွင့်ပါးသွားသည့်ဟန် ရသည်။ သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြု၏။ သို့ပေမယ့် ခေါင်းကိုလှည့်ကာ ရုတ်တရက်မေးသည်။
"မုကျားဖုန်း အခု ဘယ်နေရာမှာလဲ.."
တစ်ဖက်သိုင်းသမားသည် မုန့်ရှူရှူ၏ တုံ့ပြန်မှုမှာ ထူးဆန်းနေသည်ဟု ခံစားရပေမယ့် ဖြေကြား၏။
"ကျွန်တော်လည်း မသိဘူး... မုမိသားစုရဲ့ ငရှုပ်သခင်လေးက ပျောက်နေတာ အချိန်အချို့ ကြာနေပြီ။ ပြောကြတာက သူ အချစ်ကြွေးအချို့ကို ရှောင်ပြေးနေတာတဲ့။ အချို့ကလည်း အသန်မာဆုံးအဆင့်ကို ချိုးဖျက်ဖို့အတွက် နည်းလမ်းကို ရှာဖွေနေတယ်လို့ ပြောတယ်။ အချို့ကလည်း အချစ်သစ်ကို လိုက်ရှာနေတယ်လို့ပြောတယ်.."
မုန့်ရှူရှူမှာ အသဲကွဲစွာ ခံစားလိုက်ရသည်။ သူ၏နှလုံးသားထဲရှိ ထိုလူ၏ပုံရိပ်သည် လုံးဝ ပြိုလဲလာခဲ့၏။
ချန်ချင်းစံအိမ်သို့ပြန်ကာ စိတ်ဓာတ်ကျနေပုံ ပေါ်ပြီး ထောင့်တစ်ခု၌ တစ်ယောက်တည်းထိုင်နေလေသည်။ အတွေးထဲတွင် နစ်မြုပ်နေ၏။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး နောက်ဆုံးတွင် နားလည်လာခဲ့သည်။ မုန့်ရှူရှူသည် စုလင်းရှုံ၏ ဖခင်ကိုမြင်ဖူးပြီး တစ်ဖက်လူ၏ လင်းနယ်မြေမှလာခြင်း ဖြစ်ကြောင်းကို သိရှိရပေမည်။ ထို့ကြောင့် ယခုအချိန်၌ မေးစမ်းနေခြင်း ဖြစ်၏။
'မုမိသားစုရဲ့ ငရှုပ်သခင်လေးလား... ကျွတ် ကျွတ်... သူက တကယ့်လူပဲ... မုဖိန်မင်ကိုလည်း ရွှီယန်က အနိုင်ယူခဲ့တယ်။ ဖြစ်နိုင်တာက သူ့ရဲ့သားများလား... အဲ့ဒါဆိုရင် စုလင်းရှုံရဲ့ ဖအေတူမောင်ပေါ့..'
လီရွှမ်သည် ထိုကိစ္စအား ဆက်လက်စဉ်းစားနေခြင်း မပြုတော့ပါ။ သူသည် စုလင်းရှုံ၏ နောက်ကြောင်းနှင့်ပတ်သက်ပြီး ဂရုစိုက်ခြင်းမရှိပေ။
ထို့အပြင် ထိုရန်ကြွေးများကို စုလင်းရှုံကိုယ်တိုင်က သူမဘာသာ ဖြေရှင်းမှာဖြစ်၏။ ထိုလူကို သူမ၏ ဖခင်အဖြစ် အသိအမှတ်ပြုမည်လား ဟူသည်မှာလည်း သူမ၏ကိစ္စသာ ဖြစ်သည်။
***