"အကြီးအကဲလျုံကို သွားခေါ်လိုက်.."
ထန်းကျင်းယန်က ခဏတာ တိတ်ဆိတ်နေပြီးနောက် လေးနက်သည့် အသံဖြင့်ခိုင်း၏။
"ဟုတ်ကဲ့ပါ သခင်မလေး.."
အစေခံက ထွက်ခွာသွားသည်။
"အကြီးအကဲလျုံ... ကျွန်မကြားတာတော့ ရှင့်မှာ ယွီကျိုးက ကျိန်နိုင်ငံနဲ့ အဆက်အသွယ်အချို့ ရှိတယ်တဲ့။ ရက်အနည်းငယ် ကြာပြီးရင် ကျွန်မအဲ့ဒီ့ကို သွားလည်ချင်တယ်။ လူအချို့နဲ့ မိတ်ဆက်ပေးလို့ရမလား.."
ထန်းကျင်းယန်က အပြုံးတစ်ခုဖြင့် မေး၏။
"ဒါက ကိစ္စသေးလေးပါ... ကျိန်နိုင်ငံဆီကို ဒီတံဆိပ်ပြားသာ ယူသွားလိုက်ပါ နန်းတော်သခင်မငယ်.."
အကြီးအကဲလျုံက ခေါင်းငြိမ့်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲလျုံ.."
ထန်းကျန်းယန်မှာ ဝမ်းသာသွား၏။ အကြီးအကဲလျုံကို ပြန်ခိုင်းပြီးနောက် သူမသည် ယွီကျိုးဆီသို့ ခရီးစဉ်အား စီမံသည်။
ထိုအတွင်းရေးကိစ္စများအတွက် မည်သည့်ပေါက်ကြားမှုမှ မရှိစေရန် သူမကိုယ်တိုင် ကြီးကြပ်ရန် လိုအပ်သည်။ ထိုနေ့တွင် ထန်းကျင်းယန်သည် ယွီကျိုးဆီသို့ ခရီးစတင်ထွက်ခဲ့၏။
"အလုပ်ဖြစ်တယ်..."
ရှေ့တွင် ပျံသန်းနေသည့် သင်္ဘောကိုကြည့်ကာ ဖန်းဟောင်က နဖူးမှ ချွေးစေးများကို သုတ်သည်။ စိတ်လှုပ်ရှားစွာဖြင့် အသံပြု၏။
"ငါစမ်းကြည့်မယ်.."
စုလင်းရှုံမှာ စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ပေ။ လက်တစ်ဝှေ့နှင့်အတူ ဆယ်ပေရှိသည့် မိုးပျံသင်္ဘောသည် ချက်ချင်းပင် ကျုံ့ဝင်သွားပြီး လက်ဝါးပေါ်သို့ ရောက်ရှိလာခဲ့၏။ ဒီအချိန်၌ ၎င်းသည် ကစားစရာ အရုပ်တစ်ခုနှင့်သာ တူညီနေပါသည်။
စုလင်းရှုံသည် မြန်ဆန်သော ရွေ့လျားမှုနှင့်အတူ လေထဲသို့ ရောက်ရှိသွားပြီး မိုးပျံသင်္ဘောကို လွှတ်လိုက်၏။
"ဘုန်း.."
ပေ၁၀၀ရှိသည့် သင်္ဘောကြီးပေါ်၌ အဆောက်အအုံများစွာတို့ ထွက်ပေါ်လာ၏။ ၎င်းသည် ခရမ်းရောင်လျှပ်စီးတို့ဖြင့် ဝန်းရံနေကာ အသက်သွင်းလိုက်လျှင် ခရမ်းရောင်နဂါးတစ်ကောင် လှည့်လည်နေသည့် ပုံရိပ်ယောင်တစ်ခုအား ဖြစ်ပေါ်စေသည်။
"မိုးပျံသင်္ဘောက ချဲ့လို့လည်း ရတယ်။ ကျုံ့လို့လည်း ရတယ်... သူ့ရဲ့အဓိကကိုယ်ထည်က မြေကြီးပေါ်မှာဆို ပျောက်ကွယ်သွားပြီး စံအိမ်တစ်ခု ဖြစ်လာနိုင်တယ်။ ပြီးတော့ ကာကွယ်မှုနဲ့ တိုက်ခိုက်မှု နှစ်ခုစလုံးအတွက်လည်း စွမ်းဆောင်ရည်တွေရှိတယ်.."
"အခင်းအကျင်းကနေတစ်ဆင့် အကာအကွယ်ကို အသက်သွင်းပြီး စစ်မှန်တဲ့ နဂါးတစ်ကောင် လှည့်လည်နေသလို စိတ်ကူးယဉ်ပုံရိပ်တွေကိုလည်း ပေါ်လာစေနိုင်တယ်.."
"ဒါပေမယ့် အဲ့ဒါကို လှည့်လည်နေစေဖို့ သက်ဆိုင်ရာ စိတ်ဝိဉာဥ်ပုံဆောင်ခဲ ပမာဏတစ်ခုတော့ လိုအပ်တယ်။ တန်တော့တန်ပါတယ်.."
"လေထဲမှာပျံသန်းနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းက အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် ပျံသန်းနေတာထက် မနှေးကွေးဘူး။ ပြီးတော့ ပုန်းအောင်းတဲ့ စွမ်းရည်အချို့လည်းရှိတယ်.."
ဖန်းဟောင်က ရှင်းပြသည်။
"ဒီမိုးပျံသင်္ဘောနဲ့ဆိုရင်... လင်းနယ်မြေ တလျှောက်လုံးမှာ ဆေးပညာကို လိုက်လံကျင့်ကြံလို့ရပြီ။ ချန်ချင်းစံအိမ်ရဲ့ နာမည်ကလည်း လင်းနယ်မြေတလျှောက် ကျော်ကြားလာပြီး ဒန်ဆေးနတ်သမီးကို တွေ့ဆုံနိုင်တဲ့လူတွေက ကောင်းမွန်တဲ့ ကံကြမ္မာနဲ့လူတွေ ဖြစ်လာလိမ့်မယ်.."
စုလင်းရှုံက တက်ကြွစွာ ပြော၏။ ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့လည်း အလွန်စိတ်လှုပ်ရှားနေပြီး မိုးပျံသင်္ဘောပေါ်သို့ တတ်ကြသည်။ မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို ရင်းနှီးအောင် ပြုလုပ်၏။
သင်္ဘောပျံသန်းရန်အတွက် လိုအပ်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများမှာတော့ သူတို့အတွက် ဘာမှမဟုတ်ပေ။
သူတို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ရတနာတိုက်များကို လုယူထားပြီး စိတ်ဝိဉာဉ်ပုံဆောင်ခဲများစွာအား ပိုင်ဆိုင်ထား၏။
ထို့အပြင် ချန်ချင်းစံအိမ်သည် နေ့စဉ်နေ့တိုင်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ များစွာကိုဝင်ပြီး လွတ်လွတ်လပ်လပ်် အသုံးပြုနိုင်စွမ်း ရှိပါသည်။
ဖန်းဟောင်သည် သူ၏ မိုးပျံသင်္ဘောကိုလည်း စတင်ပြုလုပ်၏။ အတွေ့အကြုံတို့ ရှိနေပြီးဖြစ်ကာ ဒုတိယမြောက်မိုးပျံသင်္ဘောသည် ပထမတစ်ခုလောက်လည်း စွမ်းအားကြီးရန် မလိုရာ ပြုလုပ်ရန် ခက်ခဲခြင်းမရှိပါ။
ဆရာဖြစ်သူ၏ မိုးပျံသင်္ဘောသာလျှင် ပိုမိုကြွယ်ဝသည့် အတွေးများနှင့် အားထုတ်မှုတို့ကို လိုအပ်ခြင်းဖြစ်၏။ သူ၏ ကိုယ်ပိုင် အသုံးပြုရန်အတွက်မှာတော့ သင့်တော်သလိုသာ ပြုလုပ်နိုင်ပါသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဒုတိယမြောက် မိုးပျံသင်္ဘောကို နောက်ဆုံးတွင် ထုလုပ်ပြီး၏။ ယခုအချိန်၌ ဖန်းဟောင်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနချုပ်သို့ သွားရောက်လည်ပတ်ရန် အချိန်ကျခဲ့ပါပြီ။ ထိုနေ့တွင် သူသည် ဆရာဖြစ်သူနှင့် မိတ်ဆွေများကို နှုတ်ဆက်စကား ပြောကြား၏။
"အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က လင်းနယ်မြေတလျှောက် နာမည်ကျော်ကြားနေပြီးပြီ... ငါ့ရဲ့ ဒန်ဆေးနတ်သမီးဆိုတဲ့ နာမည်ကလည်း ကျော်ကြားနေပြီးပြီ။ အခု နင့်အလှည့်ပဲ.."
စုလင်းရှုံက ဖန်းဟောင်ကို ဒန်ဆေးလုံးများအား ပေးသည်။
"စိတ်ချပါအမ... ကျွန်တော့နာမည် ဖန်းဟောင်လည်း လင်းနယ်မြေတလျှောက် မကြာခင် ပျံ့နှံလာစေရပါမယ်.."
ဖန်းဟောင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
ပေ၃၀ရှည်လျားသည့် မိုးပျံသင်္ဘောသည် ကောင်းကင်သို့ပျံသန်းသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။ သင်္ဘောပေါ်တွင် လူနှစ်ယောက်တို့ ရပ်နေ၏။ ဤသည်မှာတော့ ဖန်းဟောင်နှင့် ယွဲ့ချန်မင်တို့ ဖြစ်သည်။
"လူနာတွေကို ကုသဖို့အတွက် နောက်ထပ် နေရာအသစ်ကို ရှာရမယ့်အချိန်ပဲ.."
စုလင်းရှုံက အမိန့်ပေး၏။ ထို့ကြောင့် ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့က ထုတ်ပိုးမှုများကို စတင်လုပ်ဆောင်ကာ အရာအားလုံးတို့ကို သင်္ဘောပေါ်သို့ ရွေ့ပြောင်းသည်။
ကျုရှင်ကျန့်လည်း လာရောက်နှုတ်ဆက်၏။ သူသည် ချန်ချင်းစံအိမ်၌ ဆက်လက်နေလိုပေမယ့် ဒီနေရာမှာ သူနှင့်သက်ဆိုင်ခြင်း မရှိကြောင်းကို သိပါသည်။ ထို့အပြင် ပါရမီရှင်များ၏ တိုက်ပွဲအတွက် ပြင်ဆင်ရဦးမည်လည်းဖြစ်၏။
"ကျု့ရှင်ကျန့်... ဒီဆေးလုံးတွေက နင့်အတွက်.."
စုလင်းရှုံက သူ့ကို ဒန်ဆေးလုံးတို့အား ပေးသည်။
"ပြီးတော့ ရွှေဦးချိုသမင်ကိုလည်း နင့်ကို ပြန်ပေးလိုက်မယ်.."
စုလင်းရှုံက ထပ်ပေါင်းပြောသည်။
ရွှေဦးချိုသမင်မှာ ချစ်ဖို့ကောင်း၏။ သို့ပေမယ့် ကြောင်နီလောက် မခင်တွယ်မိပေ။ ဤသည်က သူမကို ကြောင်နီအား အနည်းငယ် လွမ်းဆွတ်စေ၏။
"ကျေးဇူးတင်ပါတယ် မိန်းကလေးစု.."
ကျုရှင်ကျန့်က ကျေးဇူးတင်၏။
"ရှောင်ကျင်း... မင်းကတကယ့်ကို အရှုံးသမားပဲ.."
သူသည် ရွှေဦးချိုသမင်ကို စီးနင်းရင်းမှ ရေရွတ်စွာပြော၏။
"မင်းအတွက် ဒီလောက်ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ငါရှာပေးခဲ့တယ်... ဒါပေမယ့် မင်းက မဖမ်းဆုပ်နိုင်ခဲ့ဘူး... မင်းရဲ့ကံတရားက လုံလောက်မှုမရှိဘူး။ ဒီနေ့ကစပြီး ငါနဲ့ပဲနေတော့။ ငါ့ရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီးတော့ လမ်းမှားကို မရောက်စေနဲ့.."
"ငါ့စကားကိုသာ ကောင်းကောင်းနားထောင်ခဲ့ရင် ဒီလိုအခွင့်အရေးမျိုးကို မင်းလက်လွှတ်ခဲ့မှာ မဟုတ်ဘူး.."
"အဲ့ဒါကြောင့်မို့လို့... ငါပြောရင် တစ်သွေမတိမ်းသာလိုက်လုပ်... အစွမ်းကုန်သာ လိုက်လုပ်... ရန်သူကို ထိပ်တိုက်တိုက်ခိုက်ဖို့ ပြောရင်တောင် မတွန့်ဆုတ်နဲ့။ ဘာလို့လဲဆိုတော့ အားလုံးက မင်းရဲ့ကောင်းကျိုးအတွက်ပဲ.."
ရွှေဦးချိုသမင်က ခေါင်းငြိမ့်သည်။
"ကျွန်တော်နားလည်ပါပြီ... နောက်တစ်ခါကျရင် မင်းရဲ့ဆုံးဖြတ်ချက်အပေါ် သံသယဝင်တာတွေ အမြင်မှားတာမျိုးတွေ မရှိစေရပါဘူး.."
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ တစ်ဖက်လူသည် ဒီအခွင့်အရေးကို အသုံးပြုပြီး ရွှေဦးချိုသမင်ကို ဦးနှောက်ဆေးမည်ဟု ထင်မထားခဲ့ပေ။
"ချန်ချင်းစံအိမ်က ခရီးဆက်ရင်းနဲ့ ဆေးပညာအတွေ့အကြုံတွေ့ကို ရှာဖွေမှာမို့လို့ ဒီနေရာကနေ ထွက်ခွာသွားတော့မယ်... ဒီနေ့မှာ ဆေးကုသဖို့အတွက် စောင့်နေတဲ့လူတွေ ပြန်လို့ရပြီ... တကယ်လို့ ရေစက်ရှိသေးရင် ပြန်ဆုံကြမယ်.."
ချိုင်လင်းအာက ကုသရန် စောင့်စားနေကြသည့် သိုင်းသမားအတန်းလိုက်ကို ပြောသည်။ စွမ်းအားကြီးမားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ထိုလူများကို စိတ်ပျက်စွာ ဆုတ်ခွာသွားရစေ၏။
"ဝုန်း.."
မိုးပျံသင်္ဘောသည် ချန်ချင်းစံအိမ်၏ အထက်၌ ထည်ဝါစွာဖြင့် ပေါ်လာခဲ့၏။ ၎င်း၏ ကိုယ်ထည်ကို ခရမ်းရောင်မိုးကြိုးများက ဝန်းရံနေပြီး တောက်ပသည့်အလင်းက အရပ်မျက်နှာအားလုံးတို့ဆီသို့ ပျံ့နှံသွားသည်။ စစ်မှန်သည့် နဂါးတစ်ကောင်ပင်လျှင် ဝန်းရံနေပုံရ၏။
ထိုအံ့ဖွယ်ကောင်းသည့် မြင်ကွင်းက သိုင်းသမားအားလုံးတို့ကို မှင်သက်သွားစေသည်။
"ဒါက ဘယ်လို ဒီဗိုင်းကိရိယာမျိုးလဲ.."
"ငါလည်းမသိဘူး... တစ်ခါမှလည်း မကြားဖူးဘူး.."
မိုးပျံသင်္ဘောသည် ကောင်းကင်ပေါ်သို့ ဖြေးညှင်းစွာ တက်သွားပြီးနောက် မနှေးမမြန် ရွေ့လျားနေ၏။ ၎င်း၏ ထည်ဝါမှုကို တမင် ပြသနေဟန်ရသည်။
လီရွှမ်သည် မိုးပျံသင်္ဘော၏ စံအိမ်အထက်၌ ထိုင်ကာ လမ်းတလျှောက်ရှိ မြင်ကွင်းများကို သက်တောင့်သက်သာနှင့် ခံစားနေ၏။ ချိုင်လင်းအာက နံဘေးတွင်ခစားသည်။
***