ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ လက်ချက်ဖြစ်မည်ကို သိပေမယ့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နောက်ကွယ်မှ အစီအမံများနှင့် မည်သည့်သိသာသည့် သက်သေကိုမှ ရှာတွေ့ခြင်း မရှိပေ။
ဒီအချိန်၌ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများသည်လည်း လျှို့ဝှက်ပါရမီရှင် အချို့ကို ထုတ်ဖော်ပြသပြီး ဖြစ်၏။
ဖန်းဟောင်သည် တစ်ကြိမ်တွင် အန္တရာယ်အများဆုံးအခြေအနေတစ်ခု အတွင်းသို့ပင် ကျရောက်သွားခဲ့သည်။ သူသည် သေခြင်း၏ အငွေ့အသက် ကပ်ဆွဲခြင်းကို ခံလိုက်ရ၏။ ထိုရက်စက်စဥ်းလဲသည့် စွမ်းအားသည် အလွန်ပြဿနာများလှသည်။
လျှို့ဝှက်အတတ်ကို အသုံးပြုကာ မရီတျန်တစ်ခုအတွင်း၌ ချိတ်ပိတ်ထားပြီး နောက်ပိုင်းမှ သန့်စင်ခြင်းအခင်းအကျင်းကို အသုံးပြုကာ ထိုအငွေ့အသက်ကို ဖယ်ထုတ်ရသည်။
ယွဲ့ချန်မင်မှာလည်း လင်းနယ်မြေအတွင်းသို့ ကြောက်စရာကောင်းသည့် တည်ရှိမှုအဖြစ် ပြန်လည်ဝင်ရောက်လာခဲ့၏။
ဖန်းဟောင်၏ အကာအကွယ်တစ်ယောက် အနေနှင့် သူသည် လုပ်ကြံသတ်ဖြတ်သူများကို ရင်ဆိုင်ရာတွင် ကြီးမားလှသည့် စွမ်းအားကို ပြသခဲ့သည်။
အထူးသဖြင့် ဖန်းဟောင်သည် ယာယီ သတိလက်လွတ် ဖြစ်သွားမှုကြောင့် သေခြင်း၏ အငွေ့အသက်ကပ်ငြိခြင်း ခံခဲ့ရသည့် အချိန်၌ ယွဲ့ချန်မင်သည် ဒေါသတကြီး တိုက်ခိုက်မှုပြုကာ သိုင်းတစ်ထောင်ခန်းမမှ ထိပ်တန်းကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
ယခုအချိန်၌ ဖန်းဟောင်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၌ သခင်ငယ်ဟူသည့် ရာထူးကို ဆုပ်ကိုင်ထားပြီးဖြစ်၏။ မဟာမိတ်ခေါင်းဆောင် ရာထူးကို အရယူရန်မှာ အချိန်တစ်ခုသာ လိုပါသည်။
မျိုးဆက်စုံ မဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် သူ့ကို မလေးစားသည့်လူ မရှိပေ။ စွမ်းအားအကြီးဆုံး ပါရမီရှင်ဖြစ်သည့် ကျုရှင်ကျန့်ပြောခဲ့ဖူးသည့် လူများပင် တူညီစွာဖြစ်၏။
ဖန်းဟောင်၏ သိုင်းပညာ နည်းလမ်းများသည် ခန့်မှန်း၍ မရနိုင်အောင် နက်ရှိုင်းလှသည်။ ဤသည်က သူတို့၏ စိတ်ကူးစိတ်သန်းများ အားလုံးကို ကျော်လွန်နေ၏။ အညံ့ခံရန်သာ တတ်နိုင်တော့သည်။
"သင်၏တပည့် ရွှီယန်သည် မူလဒီဗိုင်းအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်သွားသည်။ သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခဲ့သည်.."
တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းက ထွက်ပေါ်လာ၏။ ရွှီယန်သည် နောက်ထပ်အဆင့်ချိုးဖျက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ၇နှစ်အတွင်းတွင် သူသည် သချွမ်ဒေသ၌ အငြိမ်နေခြင်း လုံးဝမရှိခဲ့ပေ။ ရှေးဟောင်းသင်္ချိုင်းများကို ချိုးဖျက်ဝင်ရောက်ခြင်း၊ အကြွင်းအကျန် ဒီဗိုင်းဝိဉာဉ်အချို့ကို သတ်ဖြတ်ခြင်းတို့ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ရရှိမှုများမှာလည်း များပြားလှ၏။
သူသည် အချို့ ရင်ဆိုင်ရခက်ခဲပြီး စွမ်းအားကြီးမားသူများကိုလည်း ကြုံတွေ့ခဲ့သည်။ သို့ပေမယ့် အားလုံးတို့ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့၏။ ယခုအချိန်၌ မူလဒီဗိုင်းအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ချိုးဖျက်နိုင်ခဲ့လေသည်။
"ဒါက ကျင့်ကြံမှုအဆင့် မြင့်မားလာတဲ့ ပျော်ရွှင်မှုပဲ.."
လီရွှမ်မှာ စိတ်လှုပ်ရှားစွာ ခံစားနေရ၏။ ရွှီယန်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်နှင့် ပိုမိုနီးကပ်လာခဲ့ပြီးဖြစ်သည်။
ယခုအချိန်၌ သူ၏ သိုင်းပညာစနစ် လေးခုလုံးသည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ရောက်ရှိပြီး ဖြစ်၏။ ဖန်းဟောင်သည် အခင်းအကျင်းများ၊ လျှို့ဝှက်အတက်များ၊ ချိတ်တံဆိပ်များကို သုတေသနပြုလုပ်ကာ တိုက်ခိုက်မှုများစွာ တို့ကိုလည်း ဆန့်ကျင်ခဲ့၏။
ထို့ကြောင့် ချီမန်သိုင်းပညာ၏ အနာဂတ်လမ်းစဉ်အတွက် ဉာဏ်အလင်းပွင့်မှုများစွာ ရရှိခဲ့သည်။
လီရွှမ်သည် မူလချီသင်္ကေတ ငါးခုတို့ကို စုစည်းပြီးခဲ့၏။
ထိုအထဲမှ တစ်ခုမှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် သင်္ကေတဖြစ်သည်။
ချီမန်သိုင်းပညာ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်တွင် မည်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားမှ ပေါက်ဖွားလာခြင်း မရှိပါ။ သို့ပေမယ့် ချီမန်သင်္ကေတတို့သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အရင်းအမြစ် ဖြစ်လာခဲ့၏။ ၎င်းတို့ကို အသုံးပြုကာ ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ စွမ်းအားနှင့် အံ့ဖွယ်တို့ကို ပိုင်ဆိုင်နိုင်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အခင်းအကျင်းကို တည်ဆောက်နိုင်သည်။
ဤသည်မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားများနှင့် ခြားနားခြင်း မရှိပေ။ တပည့်လေးယောက်တို့ အတွင်းတွင် ရွှီယန်သည် အသန်မာဆုံး ဖြစ်နေဆဲရှိ၏။ ယခုအချိန်၌ သူသည် မူလဒီဗိုင်းအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ခဲ့ရာ ဝူထန်းနန်ပင်လျှင် သူ၏ပြိုင်ဖက် မဟုတ်တော့ပေ။ ဝူထန်းနန်၏ စွမ်းအားတို့ ကြီးမားစွာ တိုးတက်ခဲ့လျှင်တောင် ဖြစ်၏။
ယခုအချိန်၌ ရွှီယန်ကို လင်းနယ်မြေ၏ အထွဋ်အထိပ်၌ ရပ်တည်ပြီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မုန့်ချုံနှင့် စုလင်းရှုံတို့မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်၌သာ ရှိနေကြသေးသည်။
ဖန်းဟောင်မှာလည်း ချီမန်သိုင်းပညာ၏ စွမ်းအားနှင့် အခင်းအကျင်းတို့ကို တည်ဆောက်ကာ အခင်းအကျင်းကြီးများနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသည့် အသန်မာဆုံး ပုဂ္ဂိုလ်များအား ဖိနှိပ့်ကာ သတ်ဖြတ်ရန် ခက်ခဲခြင်း မရှိပါ။
'၅ခုမြောက် သိုင်းပညာစနစ်ကို စဉ်းစားရမယ့်အချိန်ပဲ..'
လီရွှမ်သည် ၅ခုမြောက် သိုင်းပညာအတွက် စိတ်ကူးအချို့ ရှိနေပြီး ဖြစ်၏။
'ငါ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် အထက်က ကျင့်စဉ်ကို ဖန်တီးပြီးနေပြီ။ ဟင်းလင်းပြင် ချိုးဖျက်မှုအတွက်လည်း တော်တော်လေး ဖန်တီးပြီးပြီ။ ဒန်ဆေးသိုင်းပညာစနစ်နဲ့ ချီမန်သိုင်းပညာစနစ်ကလည်း လားရာတွေ ရှိနေပြီးပြီ။ ဒါ့ကြောင့်မလို့ အဲ့ဒါတွေအပေါ်မှာ ထပ်ပြီးတော့အချိန်ကုန်ခံစရာ မလိုတော့ဘူး..'
'ဒီအချိန်က ၅ခုမြောက် သိုင်းပညာစနစ်ကို စဉ်းစားရမယ့်အချိန်ပဲ။ ၅ယောက်မြောက် တပည့်ကတော့ ဒီကျယ်ပြောတဲ့လင်းနယ်မြေမှာ တစ်ယောက်လောက် ရှာတွေ့နိုင်မှာပါ..'
လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် ဝူထန်းနန်သည် ချန်ချင်းစံအိမ်မှ ထွက်ခွာသွားခဲ့၏။
သူ၏ အကြံပေးမှုနောက်သို့ လိုက်ကာ အတားအဆီးတို့ကို ချိုးဖျက်ရန်အတွက် လုံလောက်သည့် ဗဟုသုတတို့ကို စုစည်းရန် စိတ်ဝိဉာဉ်နယ်မြေတလျှောက် ခရီးသွားလှည့်လည်ကာ အတွေ့အကြုံတို့ကို ရှာဖွေသည်။
သူသည် ဝူထန်းနန်ကို အကြောင်းကြားကာ လင်းနယ်မြေရှိ ထူးချွန်သည့် ပါရမီရှင်များကို အကဲခတ်ခိုင်းနိုင်သည်။ ၅ယောက်မြောက်တပည့် နေရာအတွက် ပြင်ဆင်မည်ဖြစ်၏။
'၅ခုမြောက် သိုင်းပညာစနစ်ကို... ငါ ဘယ်လိုမျိုး တီထွင်သင့်လဲ..'
လီရွှမ်သည် ခဏတာစဉ်းစားပြီးနောက် သဲလွန်စအများကြီး ရလာခြင်း မရှိခဲ့ပေ။
***