လီရွှမ်သည် ၅ခုမြောက် သိုင်းပညာစနစ်နှင့် ပတ်သက်ပြီး သဲလွန်စမရသေးရာ ဒီအချိန်အတွင်းတွင် ထိုကိစ္စကို ထားထားလိုက်သည်။ ထိုက်ချန်းစာအုပ်၏ ၁၁ရွက်မြောက် စာမျက်နှာကို ကြည့်ကာ သက်ပြင်းချသည်။
အစက ထိုက်ချန်းစာအုပ်၏ ၁၀ခုမြောက် စာမျက်နှာအပြီးတွင် ပိုမိုအဆင့်မြင့်မားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ ရှိနေမည်ဟု ထင်ထားခဲ့၏။
သို့ပေမယ့် ရလဒ်က သူ့ကို အံ့သြသွားစေသည်။ သူသည် ၁၀ခုမြောက်စာမျက်နှာရှိ သင်္ကေတများကို မှတ်သားပြီးနောက် ၁၁ခုမြောက်စာမျက်နှာရှိ သင်္ကေတများကို ၅နှစ်ကြာအောင် လေ့လာခဲ့ပြီး ယခုအချိန်အထိ ပြည့်စုံစွာ မှတ်မိခြင်း မရှိသေးပေ။
သင်္ကေတများက နက်နဲကာ မှတ်မိရန်ခက်ခဲသည်။ အချိန်တိုင်းတွင် ပြောင်းလဲနေပုံပေါ်ပြီး ရပ်တန့်နေဟန်လည်းရှိ၏။
'ထိုက်ချန်းစာအုပ်ကို လုံးဝ ဉာဏ်အလင်းရလာဖို့အတွက် အချိန်ဘယ်လောက် ကြာဦးမလဲမသိဘူး... ဒီဟာကို မှတ်တမ်းတင်တဲ့ လူကတော့ သေချာပေါက် အရမ်းစွမ်းအားကြီးမှာ..'
သူသည် ထိုက်ချန်းစာအုပ်၏ ပိုင်ရှင်ကို တွေးမိလိုက်သည်နှင့် နက်ရှိုင်းစွာ အံ့ဩလာမိသည်။ တစ်ဖက်လူ၏ ခွန်အားသည် သူ့ထက် များစွာသာလွန်နေမှာ ဖြစ်၏။
'ဒါပေမယ့် တစ်နေ့မှာ ငါမင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်..'
လီရွှမ်သည် ယုံကြည်ချက်အပြည့်ဖြင့် ရှိနေ၏။ ထိုက်ချန်းစာအုပ်ကို ကိုးကားချက်ယူထားသည့် သူ၏ သိုင်းပညာလမ်းစဉ်သည် ထိုက်ချန်းစာအုပ်၏ ပိုင်ရှင်အား ဖြတ်ကျော်နိုင်မည့် ယုံကြည်ချက်ဖြစ်၏။
သူသည် ရွှီယန်အပေါ်၌လည်း ယုံကြည်ချက်အပြည့် ရှိသည်။
လီရွှမ်သည် တာအိုရွှေစာအုပ်ကိုဖွင့်ကာ ၁၀ခုမြောက်စာမျက်နှာအတွက် ပေးလာခဲ့သည့် အချက်အလက်များကိုကြည့်၏။
ထိုက်ချန်းတာအို၏ သဘောတရားများ(မပြည့်စုံ) - ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သဘောတရားကို တည်ဆောက်ခြင်း၊ တာအို၏ ပြောင်းလဲမှုများကို နားလည်ခြင်း
"တာအိုသဘောတရား..."
ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၁၀မှ စတင်ပြီး ၎င်းသည် ထိုက်ချန်း၏ တာအိုသဘောတရားများကို ဖော်ပြ၏။
ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အခြေခံဖြစ်သည်။ ထို့ကြောင့် လီရွှမ်၏ လက်ရှိခွန်အားနှင့်ပင်လျှင် စာမျက်နှာ၁၁ရှိ သင်္ကေတများကို မှတ်သားရန် အလွန်ခက်ခဲနေခြင်း ဖြစ်၏။
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေအထက်မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ တာအိုသဘောတရားတွေရှိတယ်။ အဲ့ဒါတွေက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အခြေခံ ဖြစ်တယ်။ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်က နိယာမတွေရဲ့ ကန့်သတ်မှုကို မခံရတော့ဘူး။ အဲ့ဒီ့နိယာမတွေရဲ့ အထက်ကို ကျော်လွန်ပြီး ကိုယ်ပိုင် သိုင်းပညာစွမ်းအားကို တည်ဆောက်တယ်..'
'ဒ့ါကြောင့်မလို့ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ရဲ့ အထက်မှာ တာအိုသဘောတရားတွေ အတွက် ပြင်ဆင်ရမယ်။ အဲ့ဒါမှပဲ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အခြေခံကို ထိတွေ့နိုင်မှာ..'
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ သူသည် ယခုအချိန်၌ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ အထက်ရှိ ကျင့်စဉ်အတွက် အကြမ်းဖျင်း စိတ်ကူးတစ်ခု ရလာခဲ့၏။
ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောသည် ရွှေကြာကန်၏အထက်တွင် မျှောလွင့်နေ၏။ မကြာခင်တွင် သကျယ်ဒေသ၏ ရွှေကြာကန်၌ ချန်ချင်းစံအိမ် ရောက်ရှိနေသည့်သတင်းသည် ပျံ့နှံလာခဲ့၏။
ပြိုင်ပွဲအတွင်းတွင် ဒဏ်ရာရရှိထားသည့် ပါရမီရှင်များ၊ ဒဏ်ရာဟောင်းများနှင့် သိုင်းသမားများ၊ အခြေခံထိခိုက်ထားသည့် သိုင်းသမားများနှင့် ဒီဗိုင်းဝိဉာဉ်ထိခိုက်ထားသည့် သိုင်းသမားများပင်လျှင် စတင် လာရောက်ကုသကြ၏။
ထိုလူနာများသည် သူတို့၏ ကုသမှုစရိတ်အတွက် ပြင်ဆင်ပြီးတာ ကြာပြီဖြစ်သည်။ ချန်ချင်းစံအိမ်၏ ပေါ်ပေါက်လာမှုကိုသာ စောင့်စားနေခြင်း ဖြစ်၏။
ထို့ကြောင့် ချက်ချင်းပင် သွားရောက်ကုသနိုင်ကြသည်။
ယခုမျှ အချိန်အတော်ကြာအောင် လင်းနယ်မြေတွင် လှည့်လည်ပြီးနောက် ချန်ချင်းစံအိမ်နှင့် ပတ်သက်ပြီး မည်သူမှ ပြဿနာလုပ်ရဲခြင်း မရှိသလို ချန်ချင်းစံအိမ်၏ စည်းမျဉ်းများကိုလည်း မည်သူမှ ချိုးဖျက်ရဲခြင်း မရှိတော့ပေ။
ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးမားပြီး စည်းမျဉ်းများကို ဂရုစိုက်စရာ မလိုဟု မှတ်ယူထားသူများပင်လျှင် အပါအဝင် ဖြစ်၏။
သိုင်းသမားများစွာသို့ ချန်ချင်းစံအိမ်ဆီသို့ လာရောက်ကုသမှုနှင့်အတူ စံအိမ်တစ်ခုလုံးသည် စည်ကားလာခဲ့၏။
သို့ပေမယ့် ထိုကိစ္စအားလုံးသည် လီရွှမ်နှင့် သက်ဆိုင်ခြင်း မရှိပေ။ သူသည် စံအိမ်အတွင်းတွင် ထိုင်နေဆဲဖြစ်ပြီး ထိုက်ချန်း၏ တာအိုသဘောတရားများကို လေ့လာ၏။
ဒီတစ်ကြိမ်တွင် ချန်ချင်းစံအိမ်သည် ရွှေကြာကန်၌ လဝက်ကြာအောင် တည်ရှိနေပြီးမှ နောက်ထပ်နေရာကို ရွှေ့ပြောင်းခဲ့၏။
ယခုအချိန်၌ စုလင်းရှုံသည် ကိုယ်တိုင် ထွက်ခွာကုသပေးတာ အလွန်ရှားပါးလာခဲ့သည်။ ထူးဆန်းသည့် ရောဂါများ သို့မဟုတ် အလွန်ပြင်းထန်သည့် ဒဏ်ရာများ သို့မဟုတ် ခွန်အားကြီးမားသည့် လူနာများကိုသာလျှင် ကိုယ်တိုင် ကုသပေးမှုပြု၏။
ပုံမှန်အားဖြင့် ဒဏ်ရာများကို လာရောက်ကုသသည့် လူများအား ရှီအာ၊ ကျိုးယင်၊ မုန့်ရှူရှူ သို့မဟုတ် ယွဲ့အာတို့က ကြည့်ရှု့ပေးသည်။
ရောဂါလက္ခဏာ စမ်းသပ်ခြင်း စိတ်ဝိဉာဉ်ကိရိယာ၏ အဆင့်မြင့်လာမှုနှင့်အတူ ပြင်းထန်ကာ လျှို့ဝှက်သည့် ဒဏ်ရာဟောင်းများကိုပင် ရှာဖွေနိုင်လာ၏။ စမ်းသပ်မှုရလဒ်အတိုင်း ကုသမှု နည်းလမ်းများကိုလည်း ရရှိနိုင်သည်။
ယွဲ့အာသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာပြီးဖြစ်ကာ သူမ၏ ဒီဗိုင်းဝိဉာဉ်သည် အခြား အထွက်အထိပ်စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများထက် ပိုမိုသန်မာ၏။
စုလင်းရှုံ၏ ဒီဗိုင်းဝိဉာဉ်အပေါ် နားလည်မှုတို့အား ကျေးဇူးတင်ရပေမည်။ ဒီဗိုင်းဝိဉာဉ်ကို မြှင့်တင်ရန်အတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများကို ရှာတွေ့ခဲ့၏။
ယွဲ့အာသည် စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင် ဖြစ်ရာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်ပြီး လင်းနယ်မြေ၏ အသန်မာအဆုံးအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။
အဘိုးအိုတစ်ယောက်သည် တောင်ဝှေးကို ထောက်ကာ ချန်ချင်းစံအိမ်ဆီသို့ ရောက်ရှိလာခဲ့၏။ လီရွှမ်က ကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။
သို့ပေမယ့် အာရုံအများကြီး မထားပါ။ အဘိုးအို၏ ခန္ဓာကိုယ်အတွင်းတွင် သေခြင်းအငွေ့အသက်တစ်ခု ပုန်းအောင်းနေ၏။ ထိုအငွေ့အသက်သည် အလွန်လျှို့ဝှက်ပြီး အထူးလျှို့ဝှက်အတတ်ကို အသုံးပြုကာ သက်တမ်းကုန်ခမ်းမှု၏ သေခြင်းစွမ်းအင်နှင့် ပေါင်းစပ်နေသည်။
တစ်ကြိမ် အသုံးပြုပြီးသည်နှင့် သေဆုံးမှာ ဖြစ်သည်။ သူ၏ ဒီဗိုင်းဝိဉာဉ်၌ပင်လျှင် သေခြင်းအငွေ့အသက်တို့ ရစ်တွယ်နေ၏။
ဒီအဘိုးကြီးမှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်း တစ်ခုခုမှ အသေခံသိုင်းသမားတစ်ယောက် ဖြစ်သည်မှာ သေချာပါသည်။
ချန်ချင်းစံအိမ်သို့ လာရောက်သည့် ရည်ရွယ်ချက်မှာတော့ လီရွှမ်အနေနှင့် ဂရုစိုက်ခြင်း မရှိပေ။ တစ်ဖက်လူသည် မည်သည့်ထကြွမှုကိုမှ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
"ဟန်... ခင်ဗျားရဲ့ ရောဂါလက္ခဏာတွေက ထူးဆန်းတယ်.."
ရှီအာက အဘိုးအိုကို အံ့သြစွာကြည့်သည်။
"ကုသဖို့အတွက် ဖြစ်နိုင်လားမသိဘူး.."
အဘိုးအိုကား အက်ကွဲနေသည့်အသံဖြင့် မေး၏။
"ကျွန်တော်တော့ မတတတ်နိုင်ဘူး... ခင်ဗျားရဲ့အခြေအနေက ထူးဆန်းတယ်။ ရောဂါစစ်ဆေးတဲ့ စိတ်ဝိဉာဉ်ကိရိယာတောင်မှ အကဲဖြတ် မပေးနိုင်ဘူး။ ကျေးဇူးပြုပြီး ခဏစောင့်ပါ.."
ထိုကဲ့သို့သော အထူးလူနာများအတွက် စုလင်းရှုံကိုယ်တိုင် ကုသရန်လိုအပ်ပါသည်။
ကျိုးယင်သည် စုလင်းရှုံကို သွားရောက်အကြောင်းကြား၏။
"ဒန်ဆေးနတ်သမီးစုက ကျွန်တော့်ရဲ့ဒဏ်ရာကို ကုသနိုင်လား မသိဘူး.."
အဘိုးအိုက စုလင်းရှုံကို စိတ်ပူစွာနှင့် မျှော်လင့်စွာကြည့်သည်။
"ရှင့်ရဲ့အခြေအနေက ပုံမှန်မဟုတ်ဘူး... သက်တမ်းက ကုန်ခမ်းလုနီးနေပြီ။ အဲ့ဒါကို ဆွဲဆန့်ဖို့အတွက် ဒန်ဆေးလုံးကို လိုအပ်တယ်။ အဲ့ဒီ့အပြင် ခန္ဓာကိုယ်ထဲက သေခြင်းအငွေ့အသက်တွေကိုလည်း ဖယ်ရှားဖို့ လိုအပ်တယ်.."
"ကုသဖို့အတွက် စျေးနည်းမှာမဟုတ်ဘူး... လိုအပ်တဲ့စာရင်းကို ကျွန်မပေးလိုက်မယ်။ အဲ့ထဲက ပစ္စည်းတွေကိုသာ ရှာနိုင်မယ်ဆိုရင် ကုသနိုင်လိမ့်မယ်။ ပြီးတော့ ရှင့်ရဲ့သက်တမ်းကို နှစ်တစ်ရာလောက်ဆွဲဆန့်ဖို့ ပြဿနာရှိမှာမဟုတ်တော့ဘူး.."
စုလင်းရှုံက တည်ငြိမ်စွာ ပြော၏။
"တကယ်လား.."
အဘိုးအိုမှာ စိတ်လှုပ်ရှားလာခဲ့၏။
"ငါ့ရဲ့သက်တမ်းကို နှစ်တစ်ရာ ထပ်ရှည်စေနိုင်တာလား.."
စုလင်းရှုံက သူ့ကို လိုအပ်သည့် ပစ္စည်းစာရင်းအားပေး၏။
"ဒါပေါ့... ဒါက သက်တမ်းဆွဲဆန့်ခြင်း ဒန်ဆေးလုံးကို သန့်စင်ဖို့ပဲလိုအပ်တာ။ ဘာမှမဟုတ်ဘူး.."
"အံ့သြဖို့ကောင်းလိုက်တာ... ငါဆက်ပြီးတော့ အသက်ရှင်နိုင်ပြီ.."
အဘိုးအိုသည် အလွန် စိတ်လှုပ်ရှားနေ၏။ ထိုစိတ်လှုပ်ရှားမှုကြောင့် ဖိနှိပ့်ထားသည့် သေခြင်းအငွေ့အသက်တို့အား ထိန်းချုပ်နိုင်မှု ပျောက်ကင်းသွားသည့်ဟန် ရသည်။
သူ၏လက်များသည် မီးခိုးရောင်ပြောင်းလာခဲ့၏။ ဆေးစာရွက်ဆီသို့ လက်လှမ်းရင်းက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်သည်။
"ဘုန်း.."
ဒီအချိန်၌ အဘိုးအို၏ မျက်လုံးများသည် ရုတ်တရက် ရေခဲတမျှ အေးစက်လာပြီး ကြောက်စရာကောင်းသည့် သေခြင်းအငွေ့အသက်က လွှမ်းခြုံလာခဲ့သည်။
၎င်းသည် ညှို့မှိုင်းကာ ကြောက်ဖို့ကောင်း၏။ တစ္ဆေလက်သည်းတစ်ခု သဖွယ် စုစည်းလာပြီး စုလင်းရှုံကို တိုက်ခိုက်သည်။
***