တကယ်တော့ ဒီသူခိုးရဲ့ နည်းလမ်းတွေက တော်တော်လေးကို ပါးနပ်တယ်လို့ ပြောရမှာပါ။
သူ ချန်ထားခဲ့တဲ့ အမှတ်အသားဟာ သာမန် အဆင့် ၇ ကောင်းကင်အင်မော်တယ်တွေ နေနေသာသာ၊ အဆင့် ၈ သန့်စင်သောယန် အင်မော်တယ်တစ်ဦးတောင် ရှာတွေ့ဖို့ မလွယ်နေပါဘူး။
ဒါပေမဲ့ဒီနေ့မှာတော့ သူဟာ ကံဆိုးစွာနဲ့ပဲ ချူရှင်းဟီ နဲ့ သူ့ရဲ့ အဖော်နှစ်ယောက်နဲ့ လာတိုးမိတာပေါ့။
သာမန်လူတစ်ယောက်သာ ဒီသူခိုးရဲ့ ပစ်မှတ်ထားခြင်းကို ခံရမယ်ဆိုရင် အတော်လေး စိုးရိမ်ဖို့ ကောင်းသွားပြီ မဟုတ်လား။
အခုအချိန်မှာ ချူရှင်းဟီလည်း အရမ်းကို စိုးရိမ်နေပါပြီ။
"ဒီသူခိုးက အမှတ်အသားပဲ လုပ်သွားပြီး နောက်ကနေ လိုက်မလာဘူးဆို ဘယ်လိုလုပ်မတုန်း"
တကယ်လို့ သူခိုးက ရောက်မလာရင် ဘယ်လိုလုပ်မလဲ။ များသောအားဖြင့် သူခိုးတွေဟာ အမှတ်အသား လုပ်ပြီးရင် သူတို့ရဲ့ သားကောင်ကို တိတ်တဆိတ် စောင့်ကြည့်လေ့ရှိတယ်လို့ ကြားဖူးတာကြောင့် ချူရှင်းဟီ နည်းလမ်းတစ်ခု စဉ်းစားမိသွားခဲ့ပါပြီ။ အဲဒါကတော့ ကြွားဖို့ပါပဲ။
ချူရှင်းဟီဟာ ရေခဲမြို့တော်မှာရှိတဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဌာနခွဲဆီကို တန်းတန်းမတ်မတ် မသွားဘဲ၊ မာလင်းနဲ့ အားလန်တို့ကို ခေါ်ပြီး ရေခဲမြို့တော်မှာ ငွေဖြုန်းလို့ အကောင်းဆုံးနေရာက ဘယ်မှာလဲလို့ လိုက်စုံစမ်းပါတော့တယ်။
သူဟာ ဒီသူခိုးကို အကွက်ပြဖို့ လုံးဝ လိုအပ်နေတာလေ။
"ကြည့်စမ်း... မင်းရဲ့ သားကောင်က ဘယ်လောက်တောင် ချမ်းသာသလဲဆိုတာ။ ဒီတစ်ခါသာ အောင်မြင်ရင် မင်းက သူခိုးအသစ်လေးပဲဖြစ်ဖြစ်၊ သူခိုးအိုကြီးပဲဖြစ်ဖြစ် ချက်ချင်း အနားယူလို့ ရပြီ"
သူတို့ဟာ ရေခဲမြို့တော်က ချင်းကျန့်စံအိမ်လို့ခေါ်တဲ့ နေရာကို ရောက်လာကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေရာမှာ ပြည့်တန်ဆာ ရွေးချယ်ပွဲ ကျင်းပနေတာနဲ့ သွားတိုးပါပြီ။
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ပြည့်တန်ဆာလေးလေးတွေကို ကြည့်ချင်တယ်ဆိုတော့ မာလင်းက ချက်ချင်းပဲ ထောက်ခံလိုက်ပါတော့တယ်။
(အရင်တုန်းက ယုမြို့မှာသာ ဆောင်ကြာမြိုင်ကိစ္စ မရှိခဲ့ရင် ငါ မာလင်းဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ အယုံကြည်ရဆုံးလူ ဖြစ်လာပါ့မလား။)
ဒါကြောင့် အဲဒီတုန်းက ယုမြို့က အဖြစ်အပျက်တွေကို အောက်မေ့တဲ့အနေနဲ့ ဒီနေ့ညမှာ ပြည့်တန်ဆာလေး နှစ်ယောက်လောက်နဲ့ အတိတ်က အကြောင်းတွေကို အသေးစိတ် မြိန်ရည်ယှက်ရည် ပြန်ပြောင်း ပြောဆိုကြမယ်ဆိုရင် ဒါဟာ လုံးဝကို ယုတ္တိရှိတဲ့ ကိစ္စပဲ မဟုတ်လား။
ဒါ့အပြင် အခုက အခြေအနေတွေ ပြောင်းလဲသွားပြီလေ။ အရင်က မာလင်းက သတ္တိနည်းခဲ့ပေမဲ့ အခုသာ ဟိုဟွမ်မိသားစုလိုမျိုး နောက်တစ်ခါ ထပ်ကြုံရမယ်ဆိုရင်တော့ မာလင်းအနေနဲ့ ဒီလို ပြောလိုက်မိမှာပါ။
"ငါ အစွမ်းကုန် ကျုံးသလား၊ မကျုံးဘူးလားဆိုတာ စောင့်ကြည့်လိုက်"
ချင်းကျန့်စံအိမ်ဟာ အလွန်ကို စည်ကားနေပါတယ်။ ရေခဲမြို့တော်ကို တစ်ကမ္ဘာလုံးက လူငယ်ပါရမီရှင်တွေ ရောက်နေတဲ့ အချိန်ဆိုတော့လေ။
ချင်းကျန့်စံအိမ်က မိန်းကလေးတွေဟာလည်း သူတို့ရဲ့ အစွမ်းအစတွေကို အကုန်ထုတ်ပြီး ဖျော်ဖြေနေကြပါတယ်။ ဒါဟာ သူတို့အတွက် အခွင့်အရေးတစ်ခုပါပဲ။ ဒီလူငယ်တွေဟာ နောင်ကျရင် ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာနိုင်တာဆိုတော့ အဲဒီလိုလူမျိုးတစ်ယောက်နဲ့သာ ငြိသွားမယ်ဆိုရင် သူတို့ရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားမှာပါ။
ချူရှင်းဟီဟာ ချင်းကျန့်စံအိမ်ရဲ့ အကောင်းဆုံး သီးသန့်အခန်းကို မရွေးချယ်ဘဲ၊ မာလင်းနဲ့ အားလန်တို့ကို ခေါ်ပြီး ပင်မခန်းမကြီးမှာပဲ ထိုင်လိုက်ပါတယ်။
ခန်းမထဲမှာ ထိုင်ရတဲ့ အဓိက အကြောင်းရင်းကတော့ သူခိုးကို ထည့်သွင်းစဉ်းစားလို့ပါပဲ။
စဉ်းစားကြည့်ပါဦး။ သီးသန့်အခန်းဆိုတာ ပိုပြီး လုံခြုံတဲ့နေရာ မဟုတ်လား။ အဲဒီမှာဆို ခိုးရတာ ပိုခက်ခဲမှာပေါ့။
ဒါကြောင့် လူတွေအများကြီးရှိပြီး မျက်စိတွေ အများကြီးရှိတဲ့၊ ခိုးရတာ ပိုလွယ်ကူတဲ့ ပင်မခန်းမကြီးက သီးသန့်အခန်းထက် ပိုကောင်းတာပေါ့။
ခန်းမထဲမှာ ထိုင်ပေမဲ့ ချူရှင်းဟီရဲ့ အသုံးအစွဲကတော့ သေးသေးမွှားမွှား မဟုတ်ပါဘူး။ သူဟာ အကောင်းဆုံး စားသောက်ဖွယ်ရာတွေနဲ့ ရှားပါးသစ်သီးဝလံတွေကို အဆင့်မြင့်ဆုံး စံနှုန်းတွေနဲ့ မှာယူလိုက်ပါတယ်။
ချူရှင်းဟီရဲ့ ရက်ရက်ရောရော သုံးဖြုန်းမှုကို မြင်တော့ မိန်းကလေးတစ်စုဟာ မျက်လုံးတွေ နာလာတဲ့အထိ မျက်စိမှိတ်ပြ၊ မျက်စပစ်ပြနေကြပါပြီ။
ဒါပေမဲ့ ချူရှင်းဟီက ဘယ်လိုလူလဲ။
ဒီလို သာမန်မိန်းကလေးတွေ မဆိုထားနဲ့၊ ဒီနေရာက နာမည်ကြီး ပြည့်တန်ဆာလေးတွေတောင် သူ့မျက်စိထဲမှာ စိတ်တိုင်းမကျနေခဲ့ပါဘူး။
မာလင်းတောင်မှ စိတ်မဝင်စားတဲ့ ပုံစံနဲ့ ဒီလို ပြောနေပါပြီ။
"ရေခဲမြို့တော်က ပြည့်တန်ဆာလေးတွေရဲ့ အရည်အသွေး တိုးတက်လာဖို့ တာဝန်ခံရန်နဲ့ သေချာပေါက် ဆွေးနွေးရမယ်"
အခုအချိန်မှာ ချူရှင်းဟီကတော့ သူ့ဘေးနားက မျက်စပစ်ပြနေတာတွေကို လုံးဝ ဂရုမစိုက်နိုင်ပါဘူး။ လောလောဆယ် ဒါတွေကို စိတ်ဝင်စားနေတာမှ မဟုတ်တာ...။
(ငါ ချူရှင်းဟီရဲ့ ခေါင်းထဲမှာ ဟိုသူခိုးအကြောင်းပဲ ရှိနေတာပါလေ။ ဟုတ်ပြီလား။ သူ ဘယ်အချိန်မှာ လှုပ်ရှားမှာလဲ။ ငါ့ရဲ့ သိုလှောင်ခန်းလက်စွပ်ကို ဖြုတ်ပြီး စားပွဲပေါ် တင်ထားတာတောင် မင်းက လာမခိုးသေးဘူးလား။)
(မာလင်း ရှိနေလို့လား။)
ချူရှင်းဟီလည်း အံကြိတ်ပြီး ဆုံးဖြတ်လိုက်ပါပြီ။ သူခိုးကြီး အခွင့်အရေး ရသွားအောင်လို့ မာလင်းနဲ့ အားလန်တို့ကို ပြည့်တန်ဆာလေးတွေ ဖျော်ဖြေတာကို သွားကြည့်ဖို့ ချက်ချင်းပဲ စီစဉ်လိုက်ပါတယ်။
ဒါပေမဲ့ စောင့်ရင်း စောင့်ရင်းနဲ့... ချူရှင်းဟီခမျာ စောင့်ရလွန်းလို့ မျက်ရည်တောင် ဝဲလာပါပြီ။ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက် ရောက်လာပြီး ပြောလိုက်ပါပြီ။
"သခင်လေး... ပစ္စည်းတွေကို သေချာ သိမ်းထားပါနော်။ ဒီနေရာမှာ ပစ္စည်းတွေ ခဏခဏ ပျောက်တတ်လို့ အရမ်း သတိထားရတယ်"
(မင်း သတိပေးဖို့ လိုလို့လား။)
(ငါက ဒီကို ပြည့်တန်ဆာလေး လာကြည့်တာ ထင်နေလို့လား။)
(ငါက ပစ္စည်းပျောက်ချင်လို့ သီးသန့် လာတာပါကွာ။ ဟုတ်ပြီလား။)
(ပြီးတော့ ဒီမှာ ပစ္စည်းတွေ ခဏခဏ ပျောက်တတ်တယ်ဆို။ အခု ငါ့ရဲ့ သိုလှောင်ခန်းလက်စွပ်က စားပွဲပေါ်မှာ ပင့်ကူအိမ်တောင် တက်တော့မယ်။ ဘာလို့ ပျောက်မသွားသေးတာလဲဆိုတာ မင်း ပြောနိုင်မလား။)
အဲဒီအချိန်အတွင်း ချူရှင်းဟီတစ်ယောက် အိမ်သာသွားသယောင် အကြောင်းပြပြီး အခွင့်အရေးတောင် ပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ သူ ပြန်လာတော့လည်း သူ့လက်စွပ်က စားပွဲပေါ်မှာ ရှိနေတုန်းပါပဲ။
"ဒီနေရာမှာ ပစ္စည်းတွေ ခဏခဏ ပျောက်တတ်တယ်ဆို။"
“ငါ့လက်စွပ်ကို မင်းတို့ မျက်နှာရှေ့မှာတောင် လာချပေးထားတာလေ... ရေခဲမြို့တော်က သူခိုးတွေ အကုန် မျက်စိကန်းနေကြတာလား။”
“မင်း ငါ့ကို အမှတ်အသားတောင် လုပ်သွားပြီးပြီ မဟုတ်လား။ မခိုးတော့ဘူးလား။ ဒီထက်ပိုပြီး ကျွမ်းကျင်မှု မရှိကြတော့ဘူးလား။”
ချူရှင်းဟီ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်းမှာပဲ ချင်းကျန့်စံအိမ်ရဲ့ အဝင်ဝမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာပါပြီ။ နောက်တစ်စက္ကန့်မှာတင် အဝင်ဝက အစောင့်တွေဟာ အနက်ရောင်ဝတ် လူတစ်စုရဲ့ တိုက်ခိုက်မှုကြောင့် သွေးတွေအန်ပြီး လွင့်ထွက်လာကြပါတော့တယ်။
အဝင်ဝကနေ အနက်ရောင်ဝတ်ဆင်ထားတဲ့ လူတစ်စု တပြုံကြီး ၀င်လာကြပါပြီ။ ချူရှင်းဟီ အံ့ဩသွားတာကတော့ သူတို့ကို ဦးဆောင်လာတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားဟာ တကယ်တော့ အဆင့် ၇ ကောင်းကင်အင်မော်တယ် တစ်ဦး ဖြစ်နေလို့ပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းမှာဆိုရင်တော့ နန်းဆောင်တိုင်းမှာ အဆင့် ၇ ကောင်းကင်အင်မော်တယ်တွေဟာ ပုံအောရှိနေတာမျိုးပါ။ ဒါပေမဲ့ အဲဒါက မဟာမိုးကောင်းကင်ဂိုဏ်းမို့လို့လေ။ အပြင်လောကမှာတော့ အဆင့် ၇ ကောင်းကင်အင်မော်တယ်ဆိုတာ ဘယ်လောက်တောင် ရှားပါးလိုက်သလဲ။ လူအတော်များများဟာ သူတို့တစ်သက်မှာ တစ်ယောက်တောင် မြင်ဖူးဖို့ မလွယ်ပါဘူး။
ဒါပေမဲ့ ဒီလို သာမန် ချင်းကျန့်စံအိမ် လို နေရာမျိုးမှာ အဆင့် ၇ ကောင်းကင်အင်မော်တယ်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့မိပါဘူး။
ဒီလို ကောင်းကင်အင်မော်တယ်တစ်ယောက် ရုတ်တရက် ပေါ်လာမှုဟာ ချင်းကျန့်စံအိမ် တစ်ခုလုံးကိုလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။ ချူရှင်းဟီဟာ ဘေးနားကလူတွေရဲ့ တိုးတိုးတိတ်တိတ် ပြောဆိုသံတွေကနေတစ်ဆင့် ဒီကောင်းကင်အင်မော်တယ် ဘယ်သူဆိုတာကို သိလိုက်ရပါပြီ။
ဒီလူဟာ ဟန်တာ သွေးသောက်များလို့ခေါ်တဲ့ အလတ်စား လူဆိုးဂိုဏ်းအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ပါပဲ။
ဒီ ဟန်တာသွေးသောက်များ အဖွဲ့ဟာ သူတို့ကိုယ်သူတို့ လူဆိုးဂိုဏ်းအဖွဲ့လို့ပဲ ကြွေးကြော်လေ့ရှိပေမဲ့ ဘေးပတ်ဝန်းကျင်က ဧည့်သည်တွေရဲ့ တိုးတိုးတိတ်တိတ် ပြောစကားတွေအရတော့ ဒီအဖွဲ့ဟာ တကယ်တမ်းမှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး မကောင်းမှုပေါင်းစုံကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာ ချူရှင်းဟီ ရိပ်မိလိုက်ပါပြီ။
အဲဒီ အဆင့် ၇ ကောင်းကင်အင်မော်တယ်ရဲ့ နာမည်ကတော့ ကျန်းတုန်းခွေပါ။ ဒီလူဟာ အရင်က အဆင့် (၆) သာ ရှိခဲ့ပေမဲ့ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင် နိုးထမှုမှာ ကံကောင်းထောက်မစွာနဲ့ နိုးထလာတဲ့ ဝိညာဉ်စွမ်းအင်တွေကို အသုံးချပြီး အဆင့် ၇ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အဆင့် ၇ ကောင်းကင်အင်မော်တယ် ဖြစ်လာပြီးနောက်မှာတော့ ကျန်းတုန်းခွေဟာ ဟန်တာသွေးသောက်များ အဖွဲ့ကို အားသွန်ခွန်စိုက် တိုးချဲ့ပြီး အချိန်တိုအတွင်းမှာပဲ ဒီအဖွဲ့ဟာ ရေခဲမြို့တော်မှာရှိတဲ့ အဆင့်မသတ်မှတ်ရသေးတဲ့ အဖွဲ့အစည်းတွေထဲမှာ အင်အားအကြီးဆုံး ဖြစ်လာခဲ့ပါတယ်။
ဒါပေါ့... ဒီ အင်အားအကြီးဆုံး ဆိုတာက အဆင့်မရှိတဲ့ အဖွဲ့အစည်းတွေထဲမှာပဲ ပြောတာပါ။
မဟာမိုးကောင်းကင်ဂိုဏ်းလို အဖွဲ့အစည်းမျိုးကိုတော့ ကျန်းတုန်းခွေကို သတ္တိတွေ အဆတစ်ရာလောက် ပိုပေးလိုက်ရင်တောင် သူ လုံးဝ စော်ကားရဲမှာ မဟုတ်ပါဘူး။
ဘာလဲ။ အဆင့် ၇ ကောင်းကင်အင်မော်တယ်ဆိုတာ အရမ်း အစွမ်းထက်နေလို့လား။ မင်း ယုံမလား... မဟာမိုးကောင်းကင်ဂိုဏ်းကိုသာ ဒီနေ့ သွားစော်ကားကြည့်လိုက်။ မနက်ဖြန်ကျရင် ဟန်တာသွေးသောက်များ ဆိုတာ ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။
ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းလို ထိပ်တန်းအဖွဲ့အစည်းတွေဆိုတာ သာမန်လူတွေ အလွယ်တကူ ဆက်သွယ်လို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။
ဒါကြောင့် သာမန်လူတွေအတွက်တော့ ဟန်တာသွေးသောက်များ အဖွဲ့ဟာ ရေခဲမြို့တော်ရဲ့ ဘုရင်တစ်ဆူပါပဲ။
အခုအချိန်မှာ ကျန်းတုန်းခွေ ပေါ်လာတာကြောင့် စည်ကားနေတဲ့ ချင်းကျန့်စံအိမ်ကြီးဟာ ချက်ချင်းပဲ တိတ်ဆိတ်သွားပါတော့တယ်။ ချင်းကျန့်စံအိမ်ရဲ့ ပိုင်ရှင်ဟာ အနောက်ဘက်ကနေ အပြေးအလွှား ထွက်လာခဲ့ပါတယ်။
"သွေးသောက်ခေါင်းဆောင်ကြီး ကျန်း ဒီနေ့ ကြွရောက်လာတာဟာ ကျွန်မတို့ ချင်းကျန့်စံအိမ်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ မြန်မြန်... မြန်မြန်... ဘာတွေ ကြောင်ရပ်နေကြတာလဲ။ သွေးသောက်ခေါင်းဆောင်ကြီး ကျန်းကို ပြုစုပေးဖို့အတွက် မြန်မြန်လာကြလေ။"
ပိုင်ရှင်ဖြစ်သူဟာ ခုနတင် စင်ပေါ်မှာ ကပြနေတဲ့ ပြည့်တန်ဆာလေးတွေကို အသည်းအသန် လက်ယပ်ခေါ်လိုက်ပါပြီ။ ပြည့်တန်ဆာလေးတွေဟာလည်း ချက်ချင်းပဲ အလှပဆုံး အပြုံးတွေကို ဆင်မြန်းပြီး ကျန်းတုန်းခွေဆီကို လျှောက်လှမ်းသွားကြပါတယ်။
ဒါပေမဲ့ ကျန်းတုန်းခွေကတော့ အဲဒီမိန်းကလေးတွေကို တစ်ချက်တောင် လှည့်မကြည့်ပါဘူး။ အဲဒီအစား သူ့ရဲ့ အကြည့်တွေက ဧည့်သည်အားလုံးဆီကို ဝေ့ဝဲသွားပြီး အေးစက်စက် အသံနဲ့ ပြောလိုက်ပါတယ်.
"မျက်နှာတစ်ထောင်မြေခွေး။ မင်း သတ္တိရှိလှချည်လား။ ဝူမိသားစု ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို မင်းတစ်ယောက်တည်း ဝါးမျိုချင်နေတာလား။ မင်း စားပိုးမနင့်ဘူးလားလို့ မေးချင်တယ်။"
ကျန်းတုန်းခွေရဲ့ စကားကြောင့် ဘေးပတ်ဝန်းကျင်က လူတွေ မျက်နှာပျက်ကုန်ကြပါပြီ။
ကျန်းတုန်းခွေ ပြောလိုက်တဲ့ ဝူမိသားစုဆိုတာ ရေခဲမြို့တော်က မိသားစုကြီးတစ်ခုပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝူမိသားစုဟာ သန်းခေါင်ယံမှာ စီးနင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ ဝူမိသားစုဝင် အယောက် ၆၀ ကျော်ဟာ တစ်ညတည်းမှာတင် အဆိပ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြတာပါ။ တကယ့်ကို ရက်စက်ကြောက်မက်ဖွယ်ကောင်းလှတဲ့ လုပ်ရပ်ပါပဲ။
အဲဒီနောက်မှာတော့ ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးဟာလည်း အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ရေခဲမြို့တော်မှာ အကြီးအကျယ် ဟိုးဟိုးကျော်သွားခဲ့ပြီး လူတွေကတော့ ကျန်းတုန်းခွေနဲ့ ဝူမိသားစုကြား နှစ်ရှည်လများ ပဋိပက္ခတွေရှိနေခဲ့လို့ ကျန်းတုန်းခွေ လက်ချက်ပဲလို့ တိုးတိုးတိတ်တိတ် ပြောနေကြပါပြီ။ ဒါပေမဲ့ ဟန်တာသွေးသောက်များ အဖွဲ့ဟာ လူသတ်၊ မီးရှို့၊ ဓားပြတိုက်တာတွေ လုပ်လေ့ရှိပေမဲ့ အဆိပ်ခတ်တာကတော့ ကျန်းတုန်းခွေရဲ့ စတိုင် မဟုတ်ပါဘူး။
မျက်နှာတစ်ထောင်မြေခွေး ဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါမှာတော့ လူတွေဟာ အခြေအနေမှန်ကို သဘောပေါက်သွားကြပါတယ်။ မျက်နှာတစ်ထောင်မြေခွေးဆိုတာ အဆိပ်သုံးတာ ကျွမ်းကျင်တဲ့ နာမည်ကျော် သူခိုးကြီးတစ်ယောက်လို့ သိကြတာကိုး။
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူဟာ တစ်ကမ္ဘာလုံးမှာ ခိုးမှုတွေ အများကြီး ကျူးလွန်ခဲ့တာပါ။ အခု ဝူမိသားစု အဆိပ်ခတ်သတ်ခံရတာဟာလည်း ဒီမျက်နှာတစ်ထောင်မြေခွေးရဲ့ လက်ချက်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေါ့... မျက်နှာတစ်ထောင်မြေခွေး တစ်ယောက်တည်းတင် မဟုတ်ဘဲ ကျန်းတုန်းခွေလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေမှာ အသေအချာပါပဲ။ အခု ကျန်းတုန်းခွေက ဒီကိုလာပြီး မျက်နှာတစ်ထောင်မြေခွေးကို ရှာနေတယ်ဆိုတော့ ဒါဟာ ခိုးရလာတဲ့ ပစ္စည်းတွေကို ခွဲဝေရာမှာ မမျှမတ ဖြစ်လို့ ပေါ်လာတဲ့ ပြဿနာဆိုတာ ဦးနှောက်ရှိသူတိုင်း နားလည်ကြပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ချူရှင်းဟီဟာ သာမန်အချိန်တွေမှာ ဒီလို ညစ်ပတ်တဲ့ အရှုပ်အထုပ်တွေနဲ့ ထိတွေ့လေ့ မရှိပါဘူး။
ဒါပေမဲ့ ဒါဟာ ချူရှင်းဟီက ဒီအကြောင်းတွေကို မသိဘူးလို့လည်း မဆိုလိုပါဘူး။
ဒီလောကကကြီးက သိုင်းပညာကို အလေးထားတဲ့ လောကကြီးလေ။ လက်သီးအားကြီးတဲ့သူက အမှန်ပဲ။ ဟန်တာသွေးသောက်များလို အဖွဲ့မျိုးဟာ ဘယ်မြို့မှာမဆို ရှိတတ်စမြဲပါ။
ရာဇဝတ်မှု ကျူးလွန်တာ၊ လူသတ်တာ၊ မီးရှို့တာတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ သာမန်ကိစ္စတွေပါပဲ။ ဒါကြောင့်လည်း မိသားစုအတော်များများဟာ သူတို့ရဲ့ သားသမီးတွေကို ဂိုဏ်းကြီးတွေထဲ ရောက်အောင် အသည်းအသန် ပို့ချင်ကြတာပေါ့။
ဝူမိသားစုကိုပဲ ကြည့်ပါဦး။ တကယ်လို့ သူတို့မှာ မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တစ်ယောက်သာ ရှိနေခဲ့ရင်... ကျန်းတုန်းခွေ တစ်ယောက် သတ္တိ ဘယ်လောက်ရှိရှိ ဒီမျက်နှာတစ်ထောင်မြေခွေးနဲ့ ပေါင်းပြီး တစ်မိသားစုလုံးကို အဆိပ်ခတ်သတ်ဖို့ လုံးဝ တွေးရဲမှာ မဟုတ်ပါဘူး။
ဘာလဲ။ မဟာမိုးကောင်းကင်ဂိုဏ်း တပည့်ရဲ့ မိသားစုဝင်တွေကို အဆိပ်ခတ်သတ်တယ် ဟုတ်လား။ မဟာမိုးကောင်းကင်ဂိုဏ်းက မင်းတို့ တစ်မျိုးနွယ်လုံးကို သုတ်သင်ပစ်မှာ မကြောက်ဘူးလား။
ဒါပေမဲ့ လက်တွေ့လောကကြီးက ဒီလောက်အထိ ရက်စက်ပါတယ်။ မိသားစုတိုင်းမှာ အားကိုးရမယ့် အရှိန်အဝါကြီးတဲ့ နောက်ခံဆိုတာ မရှိကြပါဘူး။ ဝူမိသားစုလိုမျိုး တစ်မိသားစုလုံး အသတ်ခံရတဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ နေ့တိုင်းလိုလို ဖြစ်ပျက်နေတာပါ။
(ကျန်းတုန်းခွေ ဒီနေ့ ဒီကို ပေါ်လာတာဟာ သူနဲ့ မျက်နှာတစ်ထောင်မြေခွေးတို့ ဝူမိသားစုကို သုတ်သင်ပြီးနောက် ရလာတဲ့ ပစ္စည်းတွေကို ခွဲဝေရာမှာ သဘောထားကွဲလွဲလို့ ဖြစ်ရမယ်။)
ချူရှင်းဟီကတော့ ဒီလို "ခွေးအချင်းချင်း ကိုက်နေကြတာ" ကို ဘေးကနေ ထိုင်ကြည့်ရတာ တကယ်ကို သဘောကျနေပါပြီ။
ဒါပေမဲ့ ချူရှင်းဟီတစ်ယောက် စားပွဲပေါ်က သခွားမွှေးတစ်စိတ်ကို ကောက်ကိုင်ပြီး ဘေးကနေ အေးအေးဆေးဆေး ပွဲကြည့်ဖို့ ပြင်နေတုန်းမှာပဲ ကျန်းတုန်းခွေ နဲ့ လူတစ်စုဟာ သူ့ဆီကို ဝုန်းခနဲ ပြေးလာကြပါတော့တယ်။ နောက်တစ်စက္ကန့်မှာတင် သခွားမွှေးကို ကိုင်ထားတဲ့ ချူရှင်းဟီဟာ ပွဲကြည့်ပရိသတ်အဆင့်ကနေ ဇာတ်ပွဲရဲ့ ဇာတ်လိုက်အဆင့်ကို ရုတ်တရက် ရောက်ရှိသွားပါပြီ။
ချူရှင်းဟီ တစ်ယောက် ဘာတွေဖြစ်ကုန်တာလဲလို့ စဉ်းစားလို့တောင် မဆုံးသေးခင်မှာပဲ ကျန်းတုန်းခွေက အော်ပြောလိုက်ပါတယ်။
"မျက်နှာတစ်ထောင်မြေခွေး... မင်း မျက်နှာပြောင်းထားရုံနဲ့ ငါ မမှတ်မိတော့ဘူး ထင်နေလား။ မင်းကိုယ်ပေါ်မှာ ငါတို့ ဟန်တာ သွေးသောက်များ ရဲ့ အမှတ်အသားကို လုပ်ထားပြီးသားကွ။ မင်း ကမ္ဘာအဆုံးအထိ ပြေးရင်တောင် အလကားပဲ။ မင်းကတော့ တကယ်ကို သတ္တိကောင်းလှပါလား။ ရေခဲမြို့တော်မှာပဲ ဆက်နေရဲသေးတယ်ပေါ့။"
ချူရှင်းဟီ
"..."
ချူရှင်းဟီ တစ်ယောက် လုံးဝကို အံ့ဩသွားခဲ့ပါပြီ။
( ဘာတွေလဲကွာ... အစ်ကိုကြီး၊ လူမှားနေပြီ။ ကျွန်တော်က ဘေးက ကြည့်နေတဲ့သူပါ။ ကျွန်တော် ဒီနေ့ ခွေးအချင်းချင်း ကိုက်တာကို ကြည့်ချင်တာပါ၊ ခွေး အကိုက်ခံချင်တာ မဟုတ်ဘူးနော်)
"အဟမ်း... ဟိုလေ... ကျန်းတုန်းခွေ ဟုတ်လား။ ရောင်းရင်း လူမှားနေပြီ။"
"မင်း လာပြီး လိမ်မနေနဲ့။ မျက်နှာတစ်ထောင်မြေခွေး၊ မင်းက ပြာဖြစ်သွားရင်တောင် မင်းကိုယ်ပေါ်က ငါ့အမှတ်အသားကို မှတ်မိနေဦးမှာပဲ။"
ချူရှင်းဟီ တစ်ယောက် ဒီအချိန်မှာတော့ လုံးဝကို မျက်စိလည်သွားပါပြီ။
ဘာတွေဖြစ်နေတာလဲဟ။
ငါ့အပေါ်မှာ ရှိနေတဲ့ အမှတ်အသားက ဟန်တာသွေးသောက်များရဲ့ အမှတ်အသားကြီးလား။
ငါကတော့ အမှတ်အသားလုပ်သွားတာ သူခိုးထင်ပြီး လာခိုးမှာကို တစ်နေ့ခင်းလုံး ရင်ခုန်စွာနဲ့ စောင့်နေမိတာလေ။ စောင့်ရလွန်းလို့ ပန်းတောင် ညှိုးရတော့မယ်။ (စိတ်ကူးဖြင့်သာ မြင်ယောင်ပါလေ တာအိုရောင်းရင်းတို့) အခုတော့ သူခိုးမလာဘဲ တခြားလူရဲ့ အပြစ်ကို ခေါင်းခံပေးရမယ့် အခွင့်အရေးကြီး ရောက်လာတာပေါ့လေ။
ငါ ချူရှင်းဟီက သူများအပြစ်ကို တာဝန်ခံပေးရတာမျိုး ဝါသနာပါတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာမှလေ။ အဲဒီမှာ အပြစ်တွေကို ခေါင်းခံရင် ငါ့ကို အပြစ်ပေးခံရမှာကိုး။ အခု ဒီ ဟန်တာသွေးသောက်များ အမှတ်အသားက ဘာကြီးလဲ။
ဒါဆို ငါ့အပေါ်ကို အမှတ်အသား လုပ်သွားတဲ့ကောင်က ငါ့ဆီက လာခိုးမယ့်သူ မဟုတ်ဘဲ၊ တစ်ယောက်ယောက်က နည်းလမ်းတစ်ခုခု သုံးပြီး ဟန်တာသွေးသောက်များ ရဲ့ အမှတ်အသားကို ငါ့အပေါ် ရောက်အောင် လွှဲပြောင်းပေးလိုက်တာပေါ့။ ဟုတ်လား။
ချူရှင်းဟီ တစ်ယောက် ဒေါသထွက်လွန်းလို့ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။
ဒီနေ့ သူခိုးလာခိုးမှာကို စောင့်ရတာ မအောင်မြင်တာ ထားပါဦး။ အခုတော့ အေးအေးဆေးဆေး ပွဲတောင် ကြည့်ခွင့်မရတော့ဘူးလား။
***