ချူရှင်းဟီ ကတော့ ဟန်တာသွေးသောက်များအဖွဲ့က ဘယ်လို ညစ်ပတ်တဲ့ အလုပ်တွေ လုပ်ခဲ့သလဲဆိုတာလည်း မသိချင်သလို၊ သူတို့တွေ မျက်နှာတစ်ထောင်မြေခွေးနဲ့ ပစ္စည်းခွဲဝေရာမှာ ဘယ်လိုကြောင့် သဘောထားကွဲခဲ့သလဲဆိုတာလည်း စိတ်မဝင်စားပါဘူး။
ဘယ်ဘက်ကမှ လူကောင်းတွေ မဟုတ်တာကြောင့် သူကတော့ အေးအေးဆေးဆေး ဘေးကနေ ပွဲကြည့်သူပဲ ဖြစ်ချင်တာပါ။
တစ်ခါတလေ ခွေးအချင်းချင်း ကိုက်နေတာကို ပွဲကြည့်ရတာလည်း တကယ်တော့ ပျော်စရာကောင်းတယ် မဟုတ်လား။
ဒါပေမဲ့ သူက ပွဲကြည့်နေတုန်းမှာပဲ ဒုက္ခက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာလား။
အဲဒီ မျက်နှာတစ်ထောင်မြေခွေးကိုလည်း သူက သာမန်သူခိုးလေးပဲလို့ ထင်ထားခဲ့တာပါ။ တကယ်တော့ သူ အမှတ်အသား လုပ်သွားတာက ဒီအတွက်ကြောင့်ကိုး။
"ငါ နောက်ဆုံးအကြိမ် ပြောမယ်။ ရောင်းရင်း လူမှားနေပြီ။ ငါက မျက်နှာတစ်ထောင်မြေခွေး မဟုတ်ဘူး"
ချူရှင်းဟီက တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
ဒါပေမဲ့ သူ့စကား အဆုံးမှာ ကျန်းတုန်းခွေက တဟားဟားနဲ့ ရယ်မောလိုက်ပါပြီ။
"ဟားဟားဟားဟား... လူမှားတယ် ဟုတ်လား။ အဲဒီတော့ ဘာဖြစ်လဲ။ မင်းက မျက်နှာတစ်ထောင်မြေခွေး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... မင်းအပေါ်မှာ သူ့ရဲ့ အမှတ်အသား ရှိနေမှတော့ မင်းက သူ့နဲ့ ပတ်သက်နေတာ သေချာတယ်။ ဟေ့ကောင်တွေ။ ဒီကောင်စုတ်လေးကို စစ်ဆေးဖို့ ဖမ်းခေါ်သွားကြစမ်း။"
ကျန်းတုန်းခွေရဲ့ အမိန့်အောက်မှာ သူ့နောက်က အနက်ရောင်ဝတ် ဟန်တာသွေးသောက်များအဖွဲ့ လက်အောက်ငယ်သားတစ်စုဟာ ချူရှင်းဟီကို ဖမ်းဆီးဖို့ ရှေ့ကို တိုးဝင်လာကြပါတယ်။
မာလင်း ကတော့ ဘေးကနေ ကြည့်နေတာ ကြာပါပြီ။ မာလင်းကတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီတစ်ယောက် မတော်တဆ ဓားစာခံ ဖြစ်သွားရမှန်း သိပါတယ်။
တစ်ဖက်လူက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို ကောင်စုတ်လေး လို့ ခေါ်ဝံ့တာကို ကြားလိုက်ရတဲ့အခါ မာလင်းအနေနဲ့ စိတ်တိုလွန်းလို့ ရူးမတတ် ဖြစ်သွားပါပြီ။
ရေခဲမြို့တော်က လူမိုက်တွေဟာ ဒီလောက်တောင် သေချင်နေကြတာလား။ ဘာလေးပဲဖြစ်ဖြစ် သေလမ်းကိုပဲ ရှာနေကြတာလား။
မာလင်းဟာ ဖန်းဒူး ၀င်္ကပါကို အသက်သွင်းဖို့ ဟန်ပြင်လိုက်ပါတယ်။
ဒါပေမဲ့ မာလင်း ဝင်္ကပါကို မဖွင့်ရသေးခင်မှာပဲ ချူရှင်းဟီဆီကို ပြေးဝင်လာတဲ့ လူတွေရဲ့ ရှေ့မှာ ဘယ်သူမှ သတိမထားမိနိုင်တဲ့ ဓားအလင်းတန်းတစ်ခုဟာ ရုတ်တရက် ပေါ်ထွက်လာပါပြီ။
ဓားအလင်းတန်း လျှပ်ခနဲ လက်သွားရာကနေ တစ်ပြိုင်နက် အနက်ရောင်ဝတ် လူအတော်များများရဲ့ ခေါင်းတွေဟာ မြေပြင်ပေါ်ကို တိခနဲ ပြတ်ကျကုန်ပါတယ်။
လည်ပင်းတွေကနေ သွေးတွေ ပန်းထွက်လာပေမဲ့ အားလန်ရဲ့ ဓားကို ထိန်းချုပ်နိုင်စွမ်းက တကယ်ကို အစွမ်းထက်လှတယ် ဆိုရမှာပါ။ သွေးတွေ ဒီလောက် ပန်းထွက်နေတာတောင် ချူရှင်းဟီရဲ့ အပေါ်ကို သွေးတစ်စက်မှ မစင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဓားအလင်းတန်းက လူအတော်များများကို သတ်ဖြတ်ပြီးနောက်မှာတော့ အားလန်ဟာ ကျန်းတုန်းခွေရဲ့ ရှေ့ကို ချက်ချင်း ရောက်ရှိသွားပါပြီ။ ကျန်းတုန်းခွေ တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ပါဘူး။ အားလန်ရဲ့ ဓားက ဝှေ့ယမ်းလိုက်တာနဲ့ အဆင့် (၇) ကောင်းကင်အင်မော်တယ် ကျန်းတုန်းခွေရဲ့ ခေါင်းဟာ မြေပြင်ပေါ်ကို လိမ့်ကျသွားပါတော့တယ်။
"မလုပ်နဲ့..."
ချူရှင်းဟီက လက်ကို မြှောက်ပြီး တားလိုက်ပေမဲ့ အရာအားလုံးက နောက်ကျသွားပါပြီ။
ဘိုးဘေးအင်မော်တယ်အဆင့်ရှိတဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရဲ့ အမြန်နှုန်းဆိုတာ ဘယ်လိုမျိုးလဲ။ အားလန်ရဲ့ ဓားက ဘယ်လောက်တောင် မြန်လိုက်သလဲ။
သာမန် အဆင့် (၇) ကောင်းကင်အင်မော်တယ် နေနေသာသာ၊ သာမန် ဘိုးဘေးအင်မော်တယ် တစ်ယောက်တောင် အားလန်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို လွတ်အောင် ရှောင်နိုင်ဖို့ မသေချာပါဘူး။
ဒါကြောင့် ချူရှင်းဟီ စကားပြောဖို့ အချိန်မရလိုက်တာပါ။
အားလန်ရဲ့ ဒီလို လျှပ်တပြက် သတ်လိုက်မှုကြောင့် ချူရှင်းဟီ ဘာမှမတတ်နိုင်တော့ပါဘူး။
(ဘာတွေလဲကွာ... မသတ်ခင် အနည်းဆုံး မေးခွန်းလေး ဘာလေးတော့ မေးဦးမှပေါ့။ မင်းရဲ့ လှုပ်ရှားမှုက အရမ်းကို မြန်လွန်းတယ်ကွာ။)
ဒါပေမဲ့ အားလန်ရဲ့ သတ်ဖြတ်မှု မြန်ဆန်လွန်းတာကို ချူရှင်းဟီ ညည်းတွားနေတုန်းမှာပဲ ချင်းကျန့်စံအိမ်တစ်ခုလုံးဟာ ကမောက်ကမတွေ ဖြစ်ကုန်ပါပြီ။
လူတိုင်း သိထားရမှာက အားလန်ဟာ အမြဲတမ်း ကိုယ်ပျောက်နေတာပါ။ မာလင်းတောင် အားလန် ဘယ်မှာလဲဆိုတာ မသိနိုင်ပါဘူး။
ဒါကြောင့် အဲဒီနေရာမှာရှိနေတဲ့ လူတွေ မြင်လိုက်ရတာဟာ အားလန်က ဓားတိုလေးနဲ့ ဟန်တာသွေးသောက်များအဖွဲ့အဖွဲ့ဝင်တွေကို သတ်ဖြတ်နေတာ မဟုတ်ပါဘူး။
လူတိုင်း မြင်လိုက်ရတာကတော့ ဟန်တာသွေးသောက်များအဖွဲ့အဖွဲ့ဝင်တွေက ချူရှင်းဟီကို တိုက်ခိုက်ဖို့ ပြေးဝင်လာကြတယ်။ ချူရှင်းဟီကတော့ ဘာမှမလုပ်ဘဲ ငြိမ်နေတယ်။ ဒါပေမဲ့ သူ့နားကို ချဉ်းကပ်လာတဲ့သူတိုင်းရဲ့ ခေါင်းတွေက မြေပေါ်ပြတ်ကျကုန်တယ်။ နောက်ဆုံးမှာ ချူရှင်းဟီက လက်ကလေး တစ်ချက် မြှောက်လိုက်တဲ့အခါမှာတော့ အဆင့် (၇) ကောင်းကင်အင်မော်တယ် ကျန်းတုန်းခွေဟာ အသံတောင် မထွက်နိုင်ဘဲ သူ့ခေါင်းက မြေပေါ် လိမ့်ကျသွားတာပါပဲ။
ဒါတွေ အားလုံးဟာ တစ်စက္ကန့်အတွင်းမှာတင် ဖြစ်ပျက်သွားတာပါ။
လက်အောက်ငယ်သားတစ်စုကို ဦးဆောင်လာတဲ့ အဆင့် (၇) ကောင်းကင်အင်မော်တယ်တစ်ယောက်ဟာ တစ်စက္ကန့်တောင် မခံနိုင်သလို သူတို့တဖွဲ့လုံးလည်း ခေါင်းပြတ်သွားကြပါတယ်။
သွေးတွေဟာ ချင်းကျန့်စံအိမ်ကြီး တစ်ခုလုံးကို စွန်းထင်းသွားခဲ့ပါပြီ။ အဲဒီအချိန်မှာ ချင်းကျန့်စံအိမ်ကြီးဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတော့တယ်။
အဲဒါ အဆင့် (၇) ကောင်းကင်အင်မော်တယ်ကြီးလေ။
လူအတော်များများအတွက်တော့ အဆင့် (၇) ကောင်းကင်အင်မော်တယ်ဆိုတာ အလွန်ကို အစွမ်းထက်လှသူတစ်ဦးပါ။
ကျန်းတုန်းခွေဟာ အဆင့် (၇) ကို ရောက်ကတည်းက ရေခဲမြို့တော်မှာ သူ့ကို ဘယ်သူမှ မစော်ကားရဲပါဘူး။
အရင်က သူ့ကို ဆန့်ကျင်ခဲ့တဲ့ ဝူမိသားစုတောင် ကျန်းတုန်းခွေနဲ့ မျက်နှာတစ်ထောင်မြေခွေးတို့ရဲ့ လက်ချက်နဲ့ တစ်မျိုးလုံး အသတ်ခံလိုက်ရတာလေ။
ဒါပေမဲ့ လူတိုင်းရဲ့ မျက်စိထဲမှာတော့ အဲဒီလောက် အစွမ်းထက်တဲ့ ကျန်းတုန်းခွေဟာ စကားတစ်ခွန်းတောင် မပြောရသေးခင်မှာပဲ ခေါင်းပြတ်သွားရတာလား။
ပြီးတော့ တစ်ဖက်လူက လက်လေး တစ်ချက်ပဲ မြှောက်လိုက်တာလေ။
အခုအချိန်မှာတော့ ချူရှင်းဟီအပေါ် ထားတဲ့ လူတိုင်းရဲ့ အမြင်က ပြောင်းလဲသွားပါပြီ။ ဒီကြည့်ရတာ သဘောကောင်းပုံရတဲ့ လူငယ်လေးဟာ တကယ်တော့ ကောင်းကင်ဘုံက လူသတ်နတ်ဘုရား ဆင်းသက်လာတာပဲ ဖြစ်ရမယ်။
ကျန်းတုန်းခွေက သူ့လူတွေကို ခေါ်ပြီး ဒီလူငယ်ကို ဝိုင်းလိုက်တုန်းက ဘေးကလူတွေက ဒီလူငယ်တော့ ဒီနေ့ ဒုက္ခရောက်တော့မှာပဲဆိုပြီး သက်ပြင်းချခဲ့ကြတာပါ။
ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် ကျန်းတုန်းခွေနဲ့ သူ့လူတွေအားလုံး ခေါင်းပြတ်သွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။
ဒီလူငယ်လေးက ကျင့်စဉ်အဆင့် ဘယ်လောက်တောင် ရှိနေလို့လဲ။ အနည်းဆုံးတော့ အဆင့် (၈) သန့်စင်သောယန် အင်မော်တယ်တစ်ယောက်တော့ ဖြစ်ရမယ် မဟုတ်လား။
မာလင်း ကလည်း အဖြစ်အပျက်ကို ကြည့်ပြီး အံ့ဩမှင်သက်နေပါပြီ။ အမှန်အတိုင်း ပြောရရင်တော့ အားလန် ရဲ့ ဓားက မြန်မှန်း မာလင်း သိထားပေမဲ့ ဒီလောက်အထိ မြန်လိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
မြင်ကွင်းကို ကြည့်ရင်း မာလင်းတစ်ယောက် သူ့လည်ပင်းကိုသူ ပြန်စမ်းမိပြီး ကြက်သီးတောင် ထသွားပါတယ်။
ဒါက ဟေးယွဲ့ကလန်ရဲ့ အစွမ်းလား။
ပုံမှန်ဆိုရင်တော့ ဟေးယွဲ့ကလန်တွေဟာ မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ တကယ့်ကို အေးအေးဆေးဆေးနဲ့ အလိုက်သင့် နေတတ်ကြသူတွေပါ။ တစ်ခုခုဆိုရင် လူတိုင်းက ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကို၊ အစ်မတွေကို လာရှာပြီး ဒါလေး စမ်းသပ်ချင်လို့ ခဏလောက် အသေခံပေးပါဦးဆိုပြီး အကူအညီ တောင်းတတ်ကြသေးတာ။
ဒါကြောင့် လူတိုင်းက ဟေးယွဲ့ကလန်တွေကို အရမ်းသဘောကောင်းပြီး ကူညီတတ်သူတွေလို့ပဲ ထင်နေကြတာပါ။
ဒါပေမဲ့ အားလန်ရဲ့ အစွမ်းက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ မာလင်း အိပ်မက်တောင် မမက်ဖူးပါဘူး။ တကယ်လို့ အားလန်ကသာ သူ့ကို ပစ်မှတ်ထားလိုက်မယ်ဆိုရင် သူ သေချာပေါက် သေရမှာပဲလို့ မာလင်း ယုံကြည်သွားပါပြီ။
သူ့ရဲ့ သရဲတစ်သောင်း ၀င်္ကပါကိုသာ အသက်သွင်းနိုင်ရင်တော့ အားလန်ရဲ့ လှုပ်ရှားမှု အရိပ်အယောင်ကို မြင်ကောင်း မြင်တွေ့နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ လျှပ်တပြက် လှုပ်ရှားတတ်တဲ့ အားလန်က သူ့ကို ၀င်္ကပါ အသက်သွင်းဖို့ အချိန်ပေးပါ့မလား။
သူသာ အားလန်နဲ့ ပြိုင်ဘက်ဖြစ်ခဲ့ရင် ၀င်္ကပါကိုတောင် မဖွင့်ရသေးခင်မှာပဲ သူ့ခေါင်းက မြေပေါ် ရောက်နေလောက်ပြီလို့ မာလင်း ခံစားနေရပါပြီ။
လူတိုင်းက ဟေးယွဲ့ကလန်သားတွေကို အရမ်းသဘောကောင်းတယ်လို့ ထင်ကြပေမယ့်လည်း အခုအချိန်မှာတော့ လူတိုင်း အကြီးအကျယ် မှားနေပြီဆိုတာ မာလင်း သဘောပေါက်သွားပါပြီ။
ဟေးယွဲ့ကလန်တွေဆိုတာ မွေးရာပါ လုပ်ကြံသတ်ဖြတ်သူတွေလေ။ သူတို့က အမြဲ သဘောကောင်းနိုင်ပါ့မလား။
သူရဲကောင်းလေး ရှေ့မှာတော့ သူတို့က သဘောကောင်းကြတာပေါ့။ သူရဲကောင်းလေး ဘာပြောပြော သူတို့ နားထောင်ကြတယ်။ မာလင်းနဲ့ အားလန်တို့ ရယ်ရယ်မောမော စနောက်နေကြတာတောင် ဘာပြဿနာမှ မရှိဘူးလေ။
ဒါပေမဲ့ ဟေးယွဲ့ကလန်တွေက အမှောင်တန်ခိုးစွမ်းအားကို ဆုပ်ကိုင်ထားသူတွေလေ။ အမှောင်လမ်းစဉ် လျှောက်လှမ်းသူတွေကို ငြိမ်းချမ်းရေး တမန်တော်တွေလို့ ဘယ်သူကများ ထင်မှာလဲ။
ဟေးယွဲ့ကလန်တွေရဲ့ အကြီးမားဆုံး အစွမ်းကတော့ သတ်ဖြတ်ခြင်းပေပဲ။
တကယ်လို့ ဟေးယွဲ့ကလန်သားတစ်စုကသာ လူတစ်ယောက်ကို သတ်ဖို့ ဆုံးဖြတ်လိုက်ရင် ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့် ဖြစ်နေရင်တောင် အသက်ရှင်မယ်လို့ လုံးဝ အာမခံနိုင်မှာ မဟုတ်ပါဘူး။
သေမျိုးမဟုတ်တဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတစ်စု။ ပြီးတော့ ခုနက အားလန်ရဲ့ ပြတ်သားတဲ့ သတ်ဖြတ်မှုကို ကြည့်ရင် သူဟာ လူ့အသက်ကို ဘာမှမဟုတ်သလို သဘောထားတယ်ဆိုတာ ထင်ရှားပါတယ်။
သူရဲကောင်းလေးရဲ့ တားမြစ်ချက်သာ မရှိရင် အားလန် ဘာတွေလုပ်ဦးမလဲဆိုတာ မင်းတို့ စိတ်ကူးတောင် ယဉ်ရဲမှာ မဟုတ်ဘူး။
ဂိုဏ်းတူအစ်ကိုကြီး အားလန်ကတောင် ဒီလောက် ကြောက်စရာကောင်းနေတာ။ ငါတို့ရဲ့ ဟေးယွဲ့နန်းတော်ထဲမှာ ဒီလို ကြောက်စရာကောင်းတဲ့သူတွေ အယောက်ပေါင်း များစွာ ရှိနေသေးတာလေ...။
မဟာသူတော်စင်ကြီးအကြောင်းဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ မဟာသူတော်စင်ကြီးကတော့ လုပ်ကြံသတ်ဖြတ်မှုကိုတောင် မသုံးတော့ဘဲ ခန္ဓာကိုယ်ဖောက်ခွဲပြီး သတ်ဖြတ်တဲ့ စတိုင်ကိုတောင် ပြောင်းသုံးနေပြီ မဟုတ်ပါလား။
….
"ဟူး... ငါတို့က လက်တောင် ပါသွားပြီဆိုတော့ ဟို မျက်နှာတစ်ထောင်မြေခွေး ကိုပါ တစ်ခါတည်း သတ်လိုက်တာပေါ့။"
ချူရှင်းဟီတစ်ယောက် စားပွဲမှာ ထိုင်ရင်း သခွားမွှေးကို အေးအေးဆေးဆေး စားပြီး ပြောလိုက်ပါပြီ။
သူရဲကောင်းလေးရဲ့ စကားကို ကြားတာနဲ့ အားလန်က ဝေခွဲမနေပါဘူး။ သူဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စကြ၀ဠာတည်ရှိမှုကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားပါတော့တယ်။
ခဏအကြာမှာတော့ ကောင်းကင်ယံကနေ ခေါင်းတစ်လုံးဟာ ရေခဲမြို့တော် ထဲကို ပျံဝဲလာပြီး နောက်ဆုံးမှာတော့ ချင်းကျန့်စံအိမ် ထဲကို ပြုတ်ကျလာပါပြီ။ အဲဒီခေါင်းကတော့ ဒီနေ့ ချူရှင်းဟီကို အမှတ်အသား လုပ်သွားတဲ့သူရဲ့ ခေါင်းပါပဲ။
သေသွားတဲ့အချိန်အထိ သူ့ရဲ့ ခေါင်းပေါ်မှာ အပြုံးတစ်ခု ရှိနေတုန်းပါ။
ဒီမျက်နှာတစ်ထောင်မြေခွေးဟာ ဟန်တာသွေးသောက်များအဖွဲ့က သူ့အပေါ် လုပ်ထားတဲ့ အမှတ်အသားကို သိပြီးသားပါ။
ဒါပေမဲ့ သူက ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအမှတ်အသားကို တခြားလူဆီ လွှဲပြောင်းပေးနိုင်တဲ့ အထူးနည်းလမ်း ရှိနေလို့ပါ။
သူဟာ ဒီနည်းလမ်းကို အကြိမ်ပေါင်းများစွာ သုံးခဲ့ဖူးပြီး ပစ္စည်းတွေကိုလည်း မတရား ခိုးယူခဲ့တဲ့ အကြိမ်ရေ မရေမတွက်နိုင်တော့ပါဘူး။
ဒီနေ့ ချူရှင်းဟီဆီကို အမှတ်အသား လွှဲပေးပြီးတာနဲ့ မျက်နှာတစ်ထောင်မြေခွေးဟာ မြို့ပြင်ကို ချက်ချင်း ထွက်ပြေးခဲ့တာပါ။ ဒါပေမဲ့ သူ ဝမ်းသာလို့တောင် မဆုံးသေးခင်မှာပဲ အားလန်က ကောင်းကင်ကနေ ဆင်းသက်လာပါတယ်။ မျက်နှာတစ်ထောင်မြေခွေးဟာ အစကနေ အဆုံးအထိ အားလန်ရဲ့ အရိပ်ကိုတောင် မမြင်လိုက်ရဘဲ ခေါင်းနဲ့ကိုယ်နဲ့ အိုးစားကွဲသွားရှာပါပြီ။
ဒါကြောင့် သူ သေတဲ့အထိ မျက်နှာမှာ အပြုံးက မပျက်ခဲ့တာပါ။။
မျက်နှာတစ်ထောင်မြေခွေးရဲ့ ပြုံးနေတဲ့ ခေါင်းကို ကြည့်ပြီး ချူရှင်းဟီရဲ့ မျက်နှာအမူအရာက သိပ်မပြောင်းလဲပါဘူး။ အားလန်ရဲ့ နည်းလမ်းတွေက နည်းနည်း ရက်စက်တယ်ဆိုပေမဲ့ပေါ့။
ဒါပေမဲ့ ဒီလိုလူတွေဟာ သေသင့်တယ်လို့ပဲ ပြောလိုက်တာက သူတို့ကို ခွင့်လွှတ်ပေးလိုက်သလိုတောင် ဖြစ်နေဦးမှာပါ။
ကျန်းတုန်းခွေ တစ်ယောက် လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဘာတွေလုပ်ခဲ့သလဲဆိုတာ မေးနေစရာတောင် မလိုပါဘူး။ ကျန်းတုန်းခွေ သေသွားပြီးနောက် ဘေးပတ်ဝန်းကျင်က လူတွေရဲ့ မျက်နှာကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
လူတိုင်းက အစမှာတော့ ထိတ်လန့်သွားကြပေမဲ့၊ အဲဒီနောက်မှာတော့ လူပေါင်းများစွာရဲ့ မျက်နှာမှာ ဝမ်းသာတဲ့ အရိပ်အယောင်တွေ ထင်ဟပ်လာကြပါပြီ။
ဒီမျက်နှာတစ်ထောင်မြေခွေး အကြောင်းဆိုရင်တော့ ပိုတောင် ပြောစရာ မလိုသေးဘူး။ ဒီနေ့ သူက ချူရှင်းဟီနဲ့ သွားတိုးလို့သာ ဒီအမှတ်အသားက ချူရှင်းဟီဆီ ရောက်လာတာလေ။
တကယ်လို့ ချူရှင်းဟီ မဟုတ်ဘဲ တခြားလူဆိုရင်ကော။
တကယ်လို့သာ အပြစ်မဲ့တဲ့ သာမန်လူတစ်ယောက်ဆိုရင် အခုအချိန်မှာ သေရမှာက ကျန်းတုန်းခွေ မဟုတ်ဘဲ အဲဒီအပြစ်မဲ့သူပဲ ဖြစ်နေမှာပေါ့။
ဒါကြောင့် ချူရှင်းဟီက မျက်နှာတစ်ထောင်မြေခွေးကို လွှတ်မပေးခဲ့တာပါ။ လက်ပါသွားပြီဆိုမှတော့ ဒီလို အမှိုက်တွေကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်တာ ပိုကောင်းတာပေါ့။
ဒါပေမဲ့ ချူရှင်းဟီက အမှိုက်တွေကို ရှင်းနေတာ မှန်ပေမဲ့၊ ရုတ်တရက်ကြီး ပျံဝင်လာတဲ့ မျက်နှာတစ်ထောင်မြေခွေးရဲ့ ခေါင်းကတော့ နည်းနည်းတော့ လွန်သွားသလိုပါပဲ။
အခုအချိန်မှာတော့ ချင်းကျန့်စံအိမ်ထဲက လူအားလုံးဟာ ဆွံ့အပြီး မှင်သက်နေကြပါတော့တယ်။
အားလန်က အမြဲတမ်း ကိုယ်ပျောက်နေတဲ့သူဆိုတာကိုတော့ သိထားရပါမယ်။ ခုနက သူသတ်ဖြတ်နေတဲ့ အချိန်မှာလည်း ဘယ်သူမှ သူ့ကို မမြင်လိုက်ရဘဲ၊ ချူရှင်းဟီ က လက်တစ်ချက် မြှောက်လိုက်ရုံနဲ့ ကျန်းတုန်းခွေ နဲ့ တခြားလူတွေရဲ့ ခေါင်းတွေ မြေပေါ်ပြတ်ကျသွားတာကိုပဲ အားလုံးက မြင်လိုက်ရတာပါ။
ဒါက တော်တော်လေး လွန်လွန်းတယ်လို့ ထင်ရပေမဲ့ အနည်းဆုံးတော့ လူတွေ လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိပါသေးတယ်။
ဒါပေမဲ့ ခုနက မြို့ပြင်ကနေ ပျံဝင်လာတဲ့ ခေါင်းကတော့ နည်းနည်း ပိုပြီး မယုံနိုင်စရာ ဖြစ်မနေဘူးလား။
ဒီလူက ဒီမှာ ငြိမ်ငြိမ်လေး ထိုင်နေတယ်၊ ပြီးတော့ အဲဒီ မျက်နှာတစ်ထောင်မြေခွေး ကိုပါ သတ်လိုက်ဦးလို့ပဲ ပြောလိုက်တာ။ အဲဒီမှာတင် မျက်နှာတစ်ထောင်မြေခွေးက သေသွားရောလား။
ပြီးတော့ သူ့ခေါင်းက မြို့ပြင်ကနေ ချင်းကျန့်စံအိမ် အထိတောင် အဝေးကြီး ပျံလာတယ်ပေါ့။
ဒါက ဘယ်လိုမျိုး တန်ခိုးစွမ်းအင်လဲဟင်။
ချင်းကျန့်စံအိမ်ထဲမှာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အရွေးချယ်ခံပွဲ လာဖြေကြတဲ့ လူငယ်ပါရမီရှင်တွေ အများကြီး ရှိနေပါတယ်။ တချို့ကလည်း မိသားစုကြီးတွေက လာကြတာဆိုတော့ လောကကြီးအကြောင်း အတော်အသင့် မြင်ဖူးကြသူတွေပေါ့။
ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ဟာ လောကကြီးအကြောင်း တကယ်မြင်ဖူးရဲ့လားဆိုတာကို ရာနှုန်းပြည့် သံသယဝင်သွားကြပါပြီ။
နေပါဦး... ဒါက ဒဏ္ဍာရီထဲမှာ ကျန်ရစ်ခဲ့တဲ့ ပြောတဲ့အတိုင်း ဖြစ်လာစေတဲ့တာအို တန်ခိုးစွမ်းအင်များလား။
အသက်သိပ်မကြီးသေးပုံရတဲ့ ဒီလူက သေမင်း နတ်ဘုရား များလား။
သူက ဘယ်သူသေရမယ်လို့ ပြောလိုက်တာနဲ့ အဲဒီလူရဲ့ ခေါင်းက သူ့ဆီ တန်းတန်းမတ်မတ် ပျံလာရတာလား။
ဒါက လူတွေရဲ့ နားလည်မှုကို လုံးဝ ကျော်လွန်နေပြီလေ။ ဟုတ်တယ်မလား။
ဒါပေမဲ့ လူပေါင်းများစွာ အံ့ဩမှင်သက်နေတုန်းမှာပဲ တံခါးအပြင်ဘက်ကနေ ရုတ်ရုတ်သဲသဲ အသံတွေ ကြားလိုက်ရပါတယ်။ နောက်တစ်စက္ကန့်မှာတော့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က လူတစ်စုကို ဦးဆောင်ပြီး အပြင်ကနေ ချင်းကျန့်စံအိမ်ထဲကို ဝင်လာတာ မြင်လိုက်ရပါပြီ။ သူ့ကို မြင်လိုက်တာနဲ့ ခန်းမတစ်ခုလုံးလည်း အုတ်အော်သောင်းနင်း ဖြစ်သွားပါတော့တယ်။
"မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေပဲ..."
"ဒါ မဟာမိုးကောင်းကင်ဂိုဏ်းက တာဝန်ခံရန်လေ..."
"တာဝန်ခံရန် ကိုယ်တိုင်တောင် ရောက်လာတာလား..."
ဒါပေမဲ့ တာဝန်ခံရန် ပေါ်လာလို့ အံ့သြနေကြတဲ့ လူငယ်တစ်စုဟာ တာဝန်ခံရန်က ထိုင်နေတဲ့ ချူရှင်းဟီကို မြင်လိုက်ရတဲ့အခါမှာတော့ တုန်လှုပ်သွားတဲ့ မျက်နှာအမူအရာကို မြင်လိုက်ရပါတယ်။ နောက်တစ်စက္ကန့်မှာတော့ တာဝန်ခံရန်က အပြေးအလွှား ကြိုဆိုလိုက်ပါပြီ။
"အလို။ ရှင်းဟီ ပါလား။ မင်း ရေခဲမြို့တော် ကို လာမယ်ဆိုရင် ငါ့ကို ကြိုပြောပါလားကွ။ ငါအဘိုးကြီးရန် ဘာမှတောင် မပြင်ဆင်ထားရသေးဘူး။"
တာဝန်ခံရန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ တကယ့်ကို အုတ်အော်သောင်းနင်း ဆူညံပွက်လောရိုက်သွားပါတော့တယ်။
ဒီလူက... ချူရှင်းဟီ တဲ့လား။
***