ချင်းကျန့်စံအိမ် မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဟာ အချိန်တိုအတွင်းမှာပဲ ရေခဲမြို့တော်တစ်ခုလုံးကို ပြန့်နှံ့သွားပါတော့တယ်။
အစတုန်းကတော့ ကျန်းတုန်းခွေ အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ကြားရတဲ့အခါ လူတော်တော်များများဟာ အံ့ဩလွန်းလို့ အသက်ရှူတောင် မှားသွားကြပါသေးတယ်။
ကျန်းတုန်းခွေဆိုတာ ရေခဲမြို့တော်မှာ ဘယ်လောက်တောင် နာမည်ဆိုးနဲ့ ကျော်ကြားသလဲဆိုရင်... သူ သေသွားပြီလို့ ကြားတာနဲ့ လူတွေဟာ ချက်ချင်း ဗျောက်အိုးတွေဖောက်ပြီး အောင်ပွဲခံကြမယ့်သူတွေချည်းပါပဲ။ ဒါပေမဲ့ ပြဿနာက ကျန်းတုန်းခွေရဲ့က ငြင်းလို့မရအောင် အစွမ်းထက်နေတာလေ။
သူက အနည်းဆုံးတော့ အဆင့် (၇) ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ မဟုတ်လား။
သူ့မှာ ဘာမှတောင် တုံ့ပြန်ခွင့် မရလိုက်ဘူး၊ ခုခံခွင့်တောင် မရှိဘဲနဲ့ သူ့ခေါင်းက တိခနဲ ပြတ်ကျသွားတယ် ဟုတ်လား။
ဒါက နည်းနည်းတော့ မယုံနိုင်စရာ ဖြစ်မနေဘူးလား။
ဒါပေမဲ့ မကြာခင်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူလဲဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘယ်သူမှ မယုံနိုင်စရာလို့ မထင်ကြတော့ပါဘူး။
ချူရှင်းဟီ ဆိုတဲ့ နာမည်ကို အခုအချိန်မှာ တစ်လောကလုံးမှာ မကြားဖူးတဲ့သူ မရှိသလောက်ပါပဲ။ ချူရှင်းဟီက ဘယ်သူလဲဆိုတာကိုလည်း မသိတဲ့သူ မရှိပါဘူး။
ဒါကြောင့် ဒါတွေအားလုံးဟာ ချူရှင်းဟီရဲ့ လက်ချက်လို့ ကြားလိုက်ရတဲ့အခါမှာတော့ အားလုံးက ဒါဟာ တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲလို့ ချက်ချင်း ခံစားလိုက်ရပါတယ်။
ပြီးတော့ ချူရှင်းဟီ ရေခဲမြို့တော်ကို ရောက်နေတယ်ဆိုတဲ့ သတင်းကလည်း လူတိုင်းကို အကြီးအကျယ် လှုပ်ခတ်သွားစေပါတယ်။
အထူးသဖြင့် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် လူသစ်ရွေးချယ်ပွဲကို လာဖြေကြတဲ့သူတွေဆိုရင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေကြပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ ချူရှင်းဟီရဲ့ အဆင့်အတန်းက ဘယ်လောက်မြင့်သလဲဆိုတာ ဘယ်သူမသိဘဲ နေမလဲ။ တကယ်လို့သာ ဒီပွဲကို အောင်မြင်လို့ ချူရှင်းဟီရဲ့ မျက်စိကျခြင်းကို ခံရမယ်ဆိုရင် ဒါဟာ တစ်ချက်တည်းနဲ့ နတ်ပြည်ရောက်သွားသလိုမျိုး ဘဝတစ်ခုလုံး ပြောင်းလဲသွားမှာ မဟုတ်လား။
တာဝန်ခံရန်ကတော့ ချူရှင်းဟီနဲ့ ကျန်တဲ့နှစ်ယောက်ကို ကြိုဆိုတဲ့အနေနဲ့ ဂုဏ်ပြုစားပွဲတော်တစ်ခု ကျင်းပပေးဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ ချူရှင်းဟီက ငြင်းပယ်လိုက်ပါပြီ။
ဒါကြောင့် တာဝန်ခံရန်ဟာ သူတို့ သုံးယောက်အတွက် အကောင်းဆုံး တည်းခိုဆောင်တွေကိုပဲ ကိုယ်တိုင် စီစဉ်ပေးခဲ့ရပါတယ်။
…
တစ်ညတာ အနားယူပြီးတဲ့နောက် နောက်တစ်နေ့ မနက်မှာတော့ ချူရှင်းဟီဟာ အိပ်ရာနိုးလို့ မနက်စာစားပြီး ရေခဲမြို့တော်ထဲမှာ လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်လိုက်ပါတယ်။
ဒါပေမဲ့ သူ အပြင်တောင် မထွက်ရသေးခင်မှာပဲ ဂိုဏ်းရဲ့ ဌာနခွဲအပြင်ဘက်က အခြေအနေကို ကြည့်ပြီး အံ့ဩသွားရပါပြီ။
ဘုရားရေ... အခုအချိန်မှာ ဂိုဏ်းဌာနခွဲရဲ့ အပြင်ဘက်မှာတော့ လူပင်လယ်ကြီး ဖြစ်နေပါပြီ။ လူတွေဟာ ဌာနခွဲကို ဝိုင်းထားလိုက်တာ ရေပက်မဝင် တိုးလို့မရလောက်အောင်ပါပဲ။
ကံကောင်းထောက်မစွာနဲ့ တာဝန်ခံရန်က အခြေအနေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့ပြီး ချူရှင်းဟီကို အပြင်က အခြေအနေတွေအကြောင်း မချိပြုံးလေးနဲ့ ရှင်းပြလိုက်ပါတယ်။
ဘာမှတတ်နိုင်ဘူးလေ... အခုက မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တပည့်သစ် ရွေးချယ်ရေး ပထမအဆင့် ကျင်းပနေတဲ့ အချိန် မဟုတ်လား။
ဒီ ပထမအဆင့် ရွေးချယ်ပွဲက မဟာမိုးကောင်းကင်မြို့တော်မှာ ကျင်းပတဲ့ ဒုတိယအဆင့် ရွေးချယ်ပွဲနဲ့ မတူပါဘူး။
ပထမအဆင့် ရွေးချယ်ပွဲကတော့ တစ်လောကလုံးမှာရှိတဲ့ လူတိုင်းကို ဦးတည်ထားတာပါ။ မင်းရဲ့ အဆင့်အတန်းက ဘယ်လိုပဲရှိရှိ၊ မင်းသာ ဆန္ဒရှိမယ်ဆိုရင် မဟာမိုးကောင်းကင်ဂိုဏ်းက မင်းကို အရွေးချယ်ခံပွဲ ဝင်ဖြေခွင့် ပေးမှာပါ။
ဒါပေမဲ့ ပထမအဆင့်ကို လာဖြေကြတဲ့သူ အများစုကတော့ ပျော်ပွဲရွှင်ပွဲလိုမျိုး လာကြည့်ကြတာ များပါတယ်။
ဘာလို့လဲဆိုတော့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့်ကို အောင်မြင်ဖို့ဆိုတာကလည်း ပြောသလောက် မလွယ်ကူလို့ပါပဲ။
တာဝန်ခံရန်က အခုလို ပြောလိုက်ပါပြီ။
"ဒီနှစ်မှာတော့ ရှင်းဟီလေး စတင်ခဲ့တဲ့ နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီး ကြောင့် တစ်ကမ္ဘာလုံးရဲ့ ဝိညာဉ်စွမ်းအင်တွေ နိုးထလာခဲ့တယ်လေ။ ဒါကြောင့် အရင်က ကျင့်စဉ်ကျင့်ဖို့ အခွင့်အရေး မရှိခဲ့တဲ့သူတွေတောင် အခုတော့ အခွင့်အရေးတွေ ရလာကြပြီ။"
"ဂိုဏ်းအသီးသီးရဲ့ အရွေးချယ်ခံပွဲတွေကို လာဖြေတဲ့ တပည့်လောင်း အရေအတွက်ဟာ အရင်နှစ်တွေထက် အများကြီး ပိုများလာတယ်။ ဂိုဏ်းကြီးတွေအတွက်တော့ ပြဿနာမရှိပေမဲ့ ဂိုဏ်းငယ်လေးတွေဆိုရင်တော့ ပျော်လို့မဆုံး ဖြစ်နေကြတာပေါ့။"
"အရင်နှစ်တွေတုန်းကဆိုရင် သူတို့တွေဟာ ဂိုဏ်းကြီးတွေ ရွေးပြီးသား အကြွင်းအကျန်တွေကိုပဲ စောင့်ယူခဲ့ရတာ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရွေးချယ်စရာ တပည့်လောင်းတွေက အရင်ထက် အများကြီး ပိုများလာတာ သိသာတယ်။"
"မဟာဂိုဏ်းကြီး၁၀ ဂိုဏ်းကို ဝင်ခွင့် လာဖြေတဲ့ တပည့်လောင်း အရေအတွက်ကတော့ မရေမတွက်နိုင်အောင်ပါပဲ။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်း အကြောင်းဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။"
"ဂိုဏ်းချုပ်ကလည်း ကမ္ဘာ့နတ်ဘုရား အဆင့်ကို ရောက်သွားပြီး နှစ်တစ်ထောင်အတွင်း ပထမဆုံး ကမ္ဘာ့နတ်ဘုရား ဖြစ်လာခဲ့သလို၊ ရှင်းဟီလေးကလည်း တစ်ကမ္ဘာလုံးက လူငယ်တွေ ကိုးကွယ်အားကျရတဲ့ အိုင်ဒေါ idol တစ်ယောက် ဖြစ်နေပြီလေ။"
"အရွေးချယ်ခံပွဲအတွက် ရေခဲမြို့တော်ကို လာတဲ့သူတွေက အရင်ကတည်းက အများကြီးရှိနေတာ။ အခု ရှင်းဟီလေးပါ ရောက်နေတယ်ဆိုတဲ့ သတင်းကိုလည်း ကြားလိုက်ရရော။ အခု မြင်နေရတဲ့ အခြေအနေတွေကတော့ ဖြစ်လာတော့တာပါပဲ"
ချူရှင်းဟီဟာ ဌာနခွဲအတွင်းကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး စုပြုံတိုးဝှေ့နေတဲ့ လူအုပ်ကြီးကို မြင်လိုက်ရတဲ့အခါမှာတော့ ကြက်သီးတောင် ထသွားမိပါတယ်။
ဘုရားရေ... သူတို့တွေက အရမ်း စိတ်အားထက်သန်နေကြတာပဲ။ ဒီလူတွေ ကြည့်ရတာ ငါ့ကို ဝါးစားတော့မယ့်အတိုင်းပဲ... ဘာဖြစ်လို့လဲ။ ငါက အနောက်အရပ် ကျမ်းစာသွားပင့်တဲ့ တျန်စန်းလိုမျိုး အသက်ရှည်စေတဲ့ အားဆေးတစ်ခွက်လိုများ ထင်နေကြတာလား။
အရွေးချယ်ခံပွဲ လာဖြေတဲ့ သာမန်လူငယ်တွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ တာဝန်ခံရန်က မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တွေကို အမြန်စေလွှတ်ပြီး စနစ်တကျ ရှိအောင် ထိန်းသိမ်းခိုင်းထားတာကြောင့် လူတိုင်းဟာ အစီအစဉ် ကျသွားခဲ့ပါပြီ။
ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ဆက်ဆံရေးရှိတဲ့ မိသားစုကြီးတွေအတွက်ကျတော့ နည်းနည်းတော့ ခေါင်းခဲစရာ ဖြစ်လာပါတယ်။
အခုဆိုရင် ချူရှင်းဟီနဲ့ တွေ့ဆုံခွင့်တောင်းတဲ့ ဖိတ်စာတွေဟာ ဂိုဏ်းဌာနခွဲထဲကို အပုံလိုက် ရောက်ရှိလာနေပါတယ်။
ဖိတ်စာ အပုံလိုက်ကြီးကို ချူရှင်းဟီဆီ သယ်လာတဲ့ တာဝန်ခံရန်မှာလည်း မချိပြုံးလေးနဲ့ပါ။
ချူရှင်းဟီကတော့ ဖိတ်စာတွေကို မြင်လိုက်ရတာနဲ့ ပထမဆုံး တုံ့ပြန်လိုက်တာကတော့။
"ဒါတွေကို အကုန်လွှင့်ပစ်လိုက်ရင် မကောင်းဘူးလား... ဒီလောက်များတဲ့ ဖိတ်စာတွေကို တစ်ယောက်ချင်းစီ စကားတစ်ခွန်းစီပဲ ပြောရင်တောင် ဘယ်တော့မှ ပြီးမှာလဲ။"
ဒါပေမဲ့ တာဝန်ခံရန်ကတော့ ဒါတွေကို လွှင့်ပစ်လို့ မရဘူးလို့ ပြောလိုက်ပါတယ်။
"ရှင်းဟီလေး။ မသိသေးတာတစ်ခုရှိတယ်၊ ဖိတ်စာပို့ထားတဲ့ ဒီမိသားစုတွေထဲမှာ အများစုက ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြရုံတင်မကဘူး။ တချို့ဆို အရင်က ဂိုဏ်းကို အများကြီး ကူညီပေးခဲ့ဖူးတာလေ။ အဲဒါကြောင့်..."
တာဝန်ခံရန် ပြောချင်တဲ့ အဓိပ္ပာယ်က ရှင်းရှင်းလေးပါ။
"သူတို့ကို မဖြစ်မနေ တွေ့ပေးရမယ်" ဆိုတာပါပဲ။
ချူရှင်းဟီကတော့ တာဝန်ခံရန်ရဲ့ စကားကြောင့် မချိပြုံးလေးပဲ ပြုံးနိုင်ပါတော့တယ်။ ဒါပေမဲ့ ဒီမိသားစုတွေနဲ့ တွေ့ဆုံဖို့ကို ဘယ်လိုငြင်းရမလဲလို့ သူစဉ်းစားနေတုန်းမှာပဲ တာဝန်ခံရန်က ထပ်ပြောလိုက်ပါပြီ။
"ရှင်းဟီလေး... ငါ ကြိုပြောထားစရာတစ်ခုရှိပါသေးတယ်။"
"ပြောပါ တာဝန်ခံရန်..."
"အဟမ်း... အဲဒါက ဒီလိုပါ... ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တပည့်သစ်ရွေးချယ်မှုက တကယ်တော့ အရမ်းတင်းကျပ်တာမှန်ပေမဲ့... အရာရာတိုင်းမှာတော့ ချွင်းချက်ဆိုတာ ရှိစမြဲပဲလေ။ ရှင်းဟီလေး သိတဲ့အတိုင်း ငါတို့ဂိုဏ်းက အခုတော့ နံပါတ် ၁ ဂိုဏ်းကြီးဖြစ်နေပြီဆိုပေမဲ့ ဒီအဆင့်ကို ရောက်လာဖို့ လူအများကြီးရဲ့ အကူအညီကို ယူခဲ့ရတာ။ ငါတို့ဂိုဏ်းက ကိုယ့်ရဲ့ ကျေးဇူးရှင်တွေကို မေ့ပစ်လေ့မရှိဘူး၊ အဲဒါကြောင့် အခုလို တပည့်သစ်ရွေးတဲ့အခါမှာ တချို့မိတ်ဆွေဟောင်းတွေအတွက် နောက်ဖေးပေါက်လေးတွေတော့ ဖွင့်ပေးရတာမျိုး ရှိတတ်ပါတယ်။"
တာဝန်ခံရန်က ချူရှင်းဟီကို ကြည့်ရင်း အားနာနာနဲ့ ရှင်းပြနေပါပြီ။
ဘာပဲဖြစ်ဖြစ် ချူရှင်းဟီ ဒီကိုရောက်လာတာဟာ ဂိုဏ်းချုပ်ကိုယ်တိုင် လာရောက်စစ်ဆေးတာနဲ့ အတူတူပဲ မဟုတ်လား။ တကယ်လို့ ဒီနေ့သာ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လာခဲ့မယ်ဆိုရင် တာဝန်ခံရန်က ဒီလောက်အရှည်ကြီး ရှင်းပြနေစရာ မလိုပါဘူး၊ ဂိုဏ်းချုပ်ကြီးက ဒါတွေကို လူတိုင်းထက် ပိုသိတာကိုး။
ဘယ်မိသားစုမှာပဲဖြစ်ဖြစ် အဆက်အသွယ်ဆိုတာ ရှိကြတာပဲလေ။
ဒါပေမဲ့ ချူရှင်းဟီက ငယ်သေးတာဆိုတော့ အထင်လွဲမှာစိုးလို့ ကြိုပြောထားတာပါ။
ဒါပေမဲ့ တာဝန်ခံရန် ပြောနေတုန်းမှာပဲ အစက စိတ်မပါလက်မပါ ဖြစ်နေတဲ့ ချူရှင်းဟီဟာ ရုတ်တရက် မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပါတယ်။
ဘာ။ အဆက်အသွယ်တွေလား။
"တာဝန်ခံရန်... ဒါဆို ပြောချင်တာက ဒီဖိတ်စာပို့တဲ့သူတွေ အကုန်လုံးက နောက်ဖေးပေါက်တွေ၊ အဆက်အသွယ်တွေသုံးပြီး သူတို့တပည့်တွေကို ငါတို့ဂိုဏ်းထဲ သွင်းချင်နေတာပေါ့ ဟုတ်လား။"
(တာဝန်ခံရန်ရာ... ဒီအကြောင်းပြောနေမှတော့ပဲ ကျွန်တော် အိပ်ချင်ပြေသွားတော့တယ်။)
(နှစ်စတုန်းက မဟာမိုးကောင်းကင်မြို့တော်မှာ တပည့်တွေ ရွေးတုန်းက ငါ ချူရှင်းဟီတစ်ယောက် 'အညံ့စား (Trash)' တွေကို ရှာဖို့ အသေအလဲ ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ ကြည့်လိုက်စမ်းပါဦး... မူယွဲ့နိုင်ငံက တပည့်တွေဆိုရင် ဆေးဖော်စပ်တဲ့ ပါရမီက ကြောက်စရာကောင်းပါတယ်ဆိုမှ ကျင့်စဉ်ဘက်ကို လှည့်လိုက်ပြန်တော့လည်း ပါရမီက ကောင်းကင်ထိ ရောက်နေပြန်ရော။)
အခုဆိုရင် မူယွဲ့နိုင်ငံက သုတေသနလုပ်ထားတဲ့ ရှင်းဟီတံဆိပ် ဆေးပေါင်းစုံကြောင့် မဟာမိုးကောင်းကင်ဂိုဏ်းဟာ အရည်အသွေးနိမ့် ဆေးဝါးလောကမှာ ပြိုင်ဘက်ကင်းရုံ မကတော့ဘူး။ အဖော်တောင် မရှိတော့ဘူးလေ။
ဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားလိုက်တာ။
တခြားတပည့်တွေက မူယွဲ့နိုင်ငံကလူတွေလောက် အစွမ်းမထက်ကြဘူး ဆိုပေမယ့်လည်း ဒီတစ်သုတ်ဝင်လာတဲ့ တပည့်တွေက ပါရမီတင်ကောင်းတာမဟုတ်ဘဲ စိတ်ဓာတ်ကလည်း အရမ်းခိုင်မာကြပါတယ်။ ကျင့်စဉ်တိုးတက်မှုနှုန်းကလည်း မြန်လွန်းလို့ ချူရှင်းဟီတောင် ဆွံ့အခဲ့ရတာပါ။
(ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ဒီတပည့်တွေကို ရွေးချယ်မိတဲ့ ပြဿနာက ငါ့ကြောင့်လား။)
အဓိကပြဿနာက ပထမအဆင့်မှာတင် ရှိနေတာလေ။ ဒီပထမအဆင့်ကို တာဝန်ခံရန်က အရမ်းတင်းကျပ်ထားတော့ 'အညံ့စား' တစ်ယောက်မှ ဒုတိယအဆင့်ကို မရောက်နိုင်တော့တာပေါ့။
(ငါ ချူရှင်းဟီက ဒုတိယအဆင့်မှာ အညံ့စားတွေကို ရွေးချယ်ချင်ပါတယ်ဆိုမှ၊ အခြေအနေက လုံးဝ ခွင့်မပြုခဲ့ဘူး။)
ဒါပေမဲ့ အခုတော့ အခွင့်အရေး ရောက်လာပြီ။ တကယ်လို့ အဆက်အသွယ်ရှိတဲ့သူတွေကို ပထမအဆင့်မှာ အမြောက်အမြား သွင်းပေးနိုင်ရင်၊ ဒုတိယအဆင့် ရွေးချယ်ပွဲကျရင် တခြားတပည့်တွေကို ထားလိုက်ဦး၊ ဒီအဆက်အသွယ်နဲ့ ဝင်လာတဲ့သူတွေကိုပဲ ရွေးလိုက်ရင် ရှုံးဖို့က သေချာသွားပြီ မဟုတ်လား။
ဒါနဲ့ ချူရှင်းဟီက တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ်။
"တာဝန်ခံရန်... ဖိတ်စာပို့တဲ့ မိသားစုတွေကို အသိပေးလိုက်ပါ၊ ကျွန်တော် ချူရှင်းဟီ သူတို့ကို တစ်ယောက်ချင်းစီ တွေ့ပါ့မယ်။"
တာဝန်ခံရန်ဟာ ချူရှင်းဟီရဲ့ အဖြေကို ကြားလိုက်ရတဲ့အခါမှာတော့ စိတ်သက်သာရာ ရသွားပါတော့တယ်။
သူက ချူရှင်းဟီကို ဘယ်လိုကျိုးကြောင်းဆီလျော်အောင် ရှင်းပြရမလဲ၊ ချူရှင်းဟီကရော နားမလည်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်နေခဲ့တာလေ။
အခုတော့ ချူရှင်းဟီက တကယ့်ကို နားလည်ပေးတာပဲလို့ သူ ထင်သွားပါတယ်။
နှစ်စဉ်နှစ်တိုင်း မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်သစ်ခေါ်ရင် အဆက်အသွယ်နဲ့ လာတဲ့သူတွေ အမြဲရှိနေကျပါ၊ ဂိုဏ်းကလည်း သူတို့ကို ကိုင်တွယ်တဲ့ နည်းလမ်းက ရိုးရှင်းပါတယ်။
မင်းတို့က အရင်က ဂိုဏ်းကို ကူညီခဲ့ဖူးတယ်ဆိုတော့... ဂိုဏ်းက ဒီကျေးဇူးကို ပြန်ဆပ်ရမှာပေါ့။ တပည့်တစ်ယောက် သွင်းပေးဖို့ နေနေသာသာ၊ ဝက်တစ်ကောင် ပို့လိုက်ရင်တောင် ပထမအဆင့် အရွေးချယ်ခံပွဲကို သေချာပေါက် အောင်ပေးမှာပါ။
ဒါပေမဲ့ ဒုတိယအဆင့်မှာတော့ မတူတော့ဘူး... ဒုတိယအဆင့်က အရည်အချင်းစစ်ပွဲလေ။ တကယ်လို့ မင်းတို့တပည့်က အရည်အချင်းမရှိလို့ ဂိုဏ်းထဲမဝင်နိုင်ရင်တော့ ဂိုဏ်းကို အပြစ်တင်လို့မရဘူးလေ။ ဟုတ်တယ်မလား။
မိသားစုတွေကလည်း ဒါကို နားလည်ကြပါတယ်။ ပထမအဆင့်ကို အောင်ပေးတာကတင် ဂိုဏ်းက မျက်နှာသာပေးတာဖြစ်ပြီး၊ ဒုတိယအဆင့်မှာ ပါရမီမရှိဘဲနဲ့ ဝင်ချင်သေးတယ်ဆိုရင်တော့ ဒါက အတောမသတ် လောဘကြီးရာ ရောက်နေမှာပါ။
ဒါကြောင့် အဆက်အသွယ်ရှိသူတွေ ပထမအဆင့်မှာ ဘယ်လောက်ပဲ တိုးဝင်နေပါစေ၊ ဂိုဏ်းရဲ့ အရည်အသွေးကို မထိခိုက်ပါဘူး၊ အရေအတွက်ပဲ နည်းနည်း ပိုလာတာပါ။
မကြာခင်မှာပဲ တာဝန်ခံရန်ရဲ့ စီစဉ်မှုနဲ့အတူ အလယ်ပိုင်းပြည်နယ်က ဟုမိသားစုရဲ့ အိမ်တော်ရှင် ဟုပုချီ ဟာ မျက်နှာဖောင်းဖောင်း၊ နားရွက်ကားကားနဲ့ သူ့သား ဟုဝင်ဟိုင် ကို ခေါ်ပြီး ဂိုဏ်းဌာနခွဲထဲကို ပထမဆုံး ဝင်လာပါတော့တယ်။
ဟုပုချီဟာ တကယ့်ကို ရင်ကိုကော့ပြီး ဂုဏ်ယူဝင့်ကြွစွာနဲ့ ဝင်လာတာပါ။
သူဟာ ပထမဆုံး ဝင်ခွင့်ရတဲ့သူဆိုတာကို လူတွေအားလုံး သိအောင် ပြချင်နေတဲ့အတိုင်းပါပဲ။
သူတို့မှာ အခိုင်အမာ ကျောထောက် နောက်ခံရှိတာကိုး။ ဟုမိသားစုဟာ လက်ဖွဲ့မန္တန်တွေ၊ အင်းတွေနဲ့ အစပြုခဲ့တာဖြစ်ပြီး တစ်ချိန်က ကမ္ဘာပေါ်မှာ အလွန်ကျော်ကြားတဲ့ မိသားစုကြီးတွေထဲက တစ်ခုပါ။ မဟာမိုးကောင်းကင်ဂိုဏ်း မထွန်းကားသေးခင်တုန်းက ဟုမိသားစုဟာ ဂိုဏ်းကို အများကြီး ထောက်ပံ့ခဲ့ဖူးပါတယ်။
ဒါကြောင့် အခုအချိန်မှာ ဟုမိသားစုက စတင်ဆုတ်ယုတ်လာပြီဆိုရင်တောင် မဟာမိုးကောင်းကင်ဂိုဏ်းကတော့ အတိတ်ကအကြောင်းရင်းတွေကြောင့် ဟုမိသားစုအပေါ် အများကြီး ထောက်ထားငဲ့ညှာပေးဆဲပါပဲ။
ဒီတစ်ခေါက်မှာတော့ ဟုပုချီ က တာဝန်ခံရန်ကို လာရောက်ဂါရဝပြုပြီး သူ့သား ဟုဝင်ဟိုင် ကို ပထမအဆင့် အရွေးချယ်ခံပွဲ အောင်မြင်အောင် လုပ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ရေခဲမြို့တော် ကို လာခဲ့တာပါ။
ဒုတိယအဆင့်အတွက်ကတော့... ဟုပုချီမှာ အစီအစဉ်ရှိပြီးသားပါ။ တကယ်လို့သာ အဆင်မပြေခဲ့ရင် မဟာမိုးကောင်းကင်ဂိုဏ်းကို သွားပြီး ငိုယိုအကူအညီတောင်းဖို့ပေါ့။ သူတို့ဟုမိသားစုနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းတို့ရဲ့ ဆက်ဆံရေးအရ သူ့သားက ဒုတိယအဆင့်မှာ တကယ်ပဲ မအောင်မြင်ခဲ့ရင်တောင် ဂိုဏ်းထဲဝင်နိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာပေးနိုင်မှာ သေချာပါတယ်။
ဒါပေမဲ့ ဟုပုချီ ရေခဲမြို့တော်ကို ရောက်ရောက်ချင်းမှာပဲ ချူရှင်းဟီ ကိုယ်တိုင် ရောက်နေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
ဒါဟာ ဟုပုချီကို တကယ့်ကို စိတ်လှုပ်ရှားသွားစေပါတယ်။
ချူရှင်းဟီဆိုတာ ဘယ်သူလဲ။ သူက လူငယ်မျိုးဆက်ရဲ့ နံပါတ် ၁ ပုဂ္ဂိုလ်၊ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်လေ။
ဒီဘွဲ့ထူးတွေက ထားပါဦး... ဟုပုချီကို အံ့အားအသင့်ဆုံးဖြစ်စေတာကတော့ "အညံ့စားတွေကို အကောင်းစားဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့" ချူရှင်းဟီရဲ့ စွမ်းရည်ပါပဲ။
မူယွဲ့နိုင်ငံဆိုတာ တစ်ချိန်က "အညံ့စားမျိုးနွယ်" လို့တောင် အခေါ်ခံခဲ့ရတာလေ။ ဒါပေမဲ့ ချူရှင်းဟီက သူတို့ကို ရှာဖွေတွေ့ရှိသွားပြီးတဲ့နောက်မှာတော့...
အရင်တုန်းကတော့ မင်းတို့ မူယွဲ့နိုင်ငံကို လျစ်လျူရှုထားခဲ့နိုင်ပေမဲ့၊ အခုအချိန်မှာတော့ မူယွဲ့နိုင်ငံရဲ့ အဆင့်အတန်းကို မင်းတို့ အိမ်မက်တောင် မက်နိုင်တော့မှာ မဟုတ်ပါဘူး။
ဟုမိသားစုဟာ တစ်ချိန်က လက်ဖွဲ့မန္တန် တာအိုမှာ အလွန်ထွန်းကားခဲ့တဲ့ မိသားစုကြီးဖြစ်ပေမဲ့ မျိုးဆက်တွေ ကြာလာတာနဲ့အမျှ ထူးချွန်တဲ့သူ နည်းပါးလာပြီး တစ်စစနဲ့ ဆုတ်ယုတ်လာခဲ့ပါတယ်။ အခုဆိုရင် အိမ်တော်ရှင်ဖြစ်တဲ့ ဟုပုချီဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အကူအညီနဲ့သာ ဟုမိသားစုကို မနည်းထိန်းကျောင်းနေရတာပါ။ ဒါပေမဲ့ ဟုပုချီဟာ သူ့သားမှာ လက်ဖွဲ့မန္တန်ပညာရပ်ဆိုင်ရာ ထူးချွန်တဲ့ပါရမီရှိနေတာကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဟုပုချီရဲ့ နှစ်ပေါင်းများစွာ အသည်းအသန် ပြုစုပျိုးထောင်ပေးမှုအောက်မှာ သူ့သားရဲ့ အရည်အချင်းစစ် အမှတ်ဟာ (၆) မှတ်တောင် ရခဲ့ပါတယ်။
ဒီလောက် ထူးချွန်တဲ့သားမျိုးကို မဟာမိုးကောင်းကင်ဂိုဏ်းထဲ မသွင်းနိုင်ခဲ့ရင် ဒါဟာ ဂိုဏ်းအတွက် ဆုံးရှုံးမှုကြီး ဖြစ်မနေဘူးလား။
ဟုပုချီကတော့ စကားတွေ အရှည်ကြီး ပြောမနေတော့ပါဘူး။ သူနဲ့ သူ့သား ချူရှင်းဟီကို ဂါရဝပြုပြီးတာနဲ့ အကြောင်းစုံကို ချက်ချင်းပဲ တင်ပြပါတော့တယ်။
ဟုပုချီရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ ချူရှင်းဟီရဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေတောင် ဝဲတက်လာပါပြီ။
(သခင်ကြီးဟုရေ။ သခင်ကြီး ပြောတာတွေ တကယ့်ကို အမှန်ပဲ။)
(သခင်ကြီးရဲ့သားက အရည်အချင်းစစ်မှာ (၆) မှတ်တောင် ရထားတာလား။ တကယ်လို့ သူသာ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းထဲ မဝင်ရဘူးဆိုရင် ဒါဟာ သူ့ရဲ့ ပါရမီကို စော်ကားရာ ရောက်လိမ့်မယ်။)
“ဒီလို အညံ့စား... အဟမ်း၊ ဒီလို ပါရမီရှင် မျိုးကိုတော့ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက သေချာပေါက် အရခေါ်ရမယ်။ ဘယ်လက်လွတ်ခံလို့ရပါ့မလဲ”
***