မိသားစုအသီးသီးနဲ့ တွေ့ဆုံပွဲကတော့ အလွန်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။
ချူရှင်းဟီ ဟာ မိသားစုတွေဘက်က ပို့သမျှ လူသစ်အားလုံးကို လက်ခံလိုက်ရုံတင်မကဘဲ အရည်အချင်းစစ် အမှတ် ၆ မှတ်ဝန်းကျင်ပဲ ရှိတဲ့သူတိုင်းကိုပါ လက်ခံလိုက်ပါပြီ။
မိသားစုအသီးသီးကတော့ ချူရှင်းဟီရဲ့ ပွင့်လင်းပြတ်သားလှတဲ့ လုပ်ရပ်ကြောင့် အောင်ပွဲခံနေကြပါတော့တယ်။
“မျှော်လင့်ထားတဲ့အတိုင်း ချူရှင်းဟီ ပီသပါပေတယ်။ သူ့ရဲ့ အကွက်ရွှေ့မှုတွေက တကယ့်ကို ထူးခြားလွန်းတယ်။”
“ကြည့်လေ... ငါတို့ ပုံမှန်ဆိုရင် တာဝန်ခံရန်ဆီ သွားတဲ့အခါ ငါတို့တပည့်က ၆ မှတ်ပဲ ရတယ်လို့ ကြားတာနဲ့ သူက တစ်ခုခု မှားနေသလိုမျိုး မျက်မှောင်ကြီး ကြုတ်လိုက်တာ။ စကားတစ်ခွန်းမှ မပြောဘဲ ငြင်းရင်တောင် ငြင်းဦးမှာ။”
“ဒါပေမဲ့ ချူရှင်းဟီကို ကြည့်လိုက်ဦး... ငါတို့တပည့်က ၆ မှတ် ရတယ်လို့ ကြားတာနဲ့ ရတနာပုံကြီး တွေ့သွားတဲ့အတိုင်းပဲ၊ အဲဒီနေရာမှာတင် ချီးမွမ်းခန်းတွေ ဖွင့်တော့တာ။”
“ချူရှင်းဟီ ဖြစ်နေတာ မဆန်းပါဘူး၊ လူတွေရဲ့ အပြုအမူနဲ့ အဆင့်အတန်း ကွာခြားချက်က များလွန်းနေတာကိုး”
မိသားစုပေါင်းစုံက တပည့်အအများအပြားကို စာမေးပွဲစစ်စရာမလိုဘဲ ပထမအဆင့်ကို ကျော်ဖြတ်ခွင့်ပေးတာဟာ တပည့်သစ်ခေါ်ယူချိန်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။
ဘာပဲဖြစ်ဖြစ် ဒီလောကကြီးမှာ လုံးဝဥဿုံ တရားမျှတမှုဆိုတာ မရှိဘူးဆိုတာ လူတိုင်း သိကြတာပဲလေ။
ဩဇာတိက္ကကြီးမားတဲ့ မိသားစုတွေက သူတို့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး ပထမအဆင့်ကို ကျော်ဖြတ်တာဟာ အပြန်အလှန် အကျိုးပြုတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။
နံပါတ် ၁ ဂိုဏ်းကြီးတောင်မှ ဒီဓလေ့ထုံးစံကို ရှောင်လွှဲလို့ မရပါဘူး။
ဒါပေမဲ့ အရင်နှစ်တွေတုန်းကတော့ နောက်ဖေးပေါက် ကနေ ဝင်လာတဲ့ တပည့်အရေအတွက်ဟာ ဆယ်ဂဏန်းလောက်ပဲ ရှိပြီး အများဆုံးရှိမှ တစ်ရာထက် မပိုပါဘူး။ ဒီလူတွေကလည်း ဒုတိယအဆင့်မှာတင် ပြုတ်သွားလေ့ရှိတာကြောင့် ဂိုဏ်းအတွက် ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဒီနှစ်မှာတော့ တစ်ရက်တည်းအတွင်းမှာတင် ချူရှင်းဟီဟာ လူပေါင်း တစ်ထောင်နီးပါးကို စာမေးပွဲဖြေစရာမလိုဘဲ ပထမအဆင့် အအောင်ပေးလိုက်ပါပြီ။
ပိုပြီးတော့တောင် လွန်တာက ဟုမိသားစုက ဝက်ကလေးဆိုရင် ဒုတိယအဆင့်ကိုတောင် ဖြေစရာမလိုဘဲ ကင်းလွတ်ခွင့် ရသွားတာပါ။
ဒီသတင်း ထွက်လာတာနဲ့တစ်ပြိုင်နက် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် အရွေးချယ်ခံပွဲကို လာဖြေကြတဲ့ တပည့်လောင်းတွေဟာ အကြီးအကျယ် ဒေါသထွက်ကုန်ကြပါတယ်။
“လူနည်းစုကို အဆက်အသွယ်နဲ့ ပေးဝင်တာကတော့ ထားပါဦး။ လူတိုင်းက မမြင်ချင်ယောင် ဆောင်ပေးလို့ ရပါတယ်။”
“ဒါပေမဲ့ ချူရှင်းဟီ။ မင်း အခုလုပ်နေတာကတော့ နည်းနည်း လွန်မနေဘူးလား။”
“ငါတို့က နယ်ဝေးကနေ အခက်အခဲပေါင်းစုံကြားက လာရတာ၊ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် စစ်ဆေးမှုကို ဖြေဆိုခွင့်ရဖို့တောင် ပါရမီ ၉ မှတ် ပြည့်အောင် ကြိုးစားခဲ့ရတာ။”
“ပထမအဆင့်ကို အောင်ခဲ့ရင်တောင် ဒုတိယအဆင့်မှာ ပြုတ်သွားဖို့ အခွင့်အရေးက အများကြီး ရှိနေသေးတာလေ။”
“ဒါပေမဲ့ ဟိုမိသားစုကြီးတွေက တပည့်တွေကျတော့ ၆ မှတ်တည်းနဲ့ အောင်ရတယ် ဟုတ်လား။”
“ဒါက မတရားလွန်းဘူးလား။”
ပါရမီ ၉ မှတ်နဲ့အထက် ရတဲ့သူတွေကတော့ တော်သေးတယ်။ ဒါပေမဲ့ ၉ မှတ် မပြည့်လို့ ပြုတ်သွားတဲ့ လူငယ်အအများအပြားကတော့ မကျေမနပ် ဖြစ်နေကြပါပြီ။
“ဘာလို့လဲ။ မဟာမိုးကောင်းကင်ဂိုဏ်းက လူတိုင်းကို တန်းတူဆက်ဆံပါတယ်လို့ အမြဲပြောနေတာ မဟုတ်လား။”
“ဒါလား နံပါတ် ၁ ဂိုဏ်းရဲ့ လုပ်ရပ်။”
“ဒါလား ချူရှင်းဟီရဲ့ အရည်အချင်း။”
“မင်းတို့ မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်သစ်ရွေးချယ်မှုဟာ တရားမျှတတယ်။ ပါရမီပေါ်မှာပဲ အခြေခံတယ်လို့ ကြွေးကြော်ထားတာလေ။”
“ဒါပေမဲ့ အခု မင်းတို့ လုပ်နေတာကတော့ လွန်လွန်းအားကြီးပါတယ်။”
“သာမန်တပည့်တွေက အောင်မြင်ဖို့ ၉ မှတ် လိုပေမဲ့ မိသားစုကြီးတွေက တပည့်တွေကျတော့ ၆ မှတ်ပဲ လိုတယ် ဟုတ်လား။”
“မဟာမိုးကောင်းကင်ဂိုဏ်းက ဒီလိုလုပ်နေတာ အရမ်းကို ဗူးပေါ်သလို ပေါ်လွင်လွန်းနေပြီ။”
ရုတ်တရက်ဆိုသလို ရေခဲမြို့တော်တစ်ခုလုံးဟာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတယ်။
ပထမအဆင့် အောင်ထားတဲ့သူတွေကတော့ တော်သေးပေမဲ့ အမှတ်လေး နည်းနည်းလိုပြီး ကျရှုံးသွားတဲ့သူတွေကတော့ အတော်လေး ဒေါသထွက်နေကြပါပြီ။
"ငါတို့က ပါရမီ ၈ မှတ်ကျော် ရထားတာတောင် ဒုတိယအဆင့်ကို ဖြေခွင့်မရဘဲ၊ ပါရမီ ၆ မှတ်ပဲ ရှိတဲ့သူတွေက ဖြေခွင့်ရတယ် ဟုတ်လား။ ငါတို့ လက်မခံနိုင်ဘူး။ ငါတို့အတွက် တရားမျှတအောင် ပြန်လုပ်ပေး"
လူပေါင်းများစွာဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဌာနခွဲကို ဝိုင်းထားလိုက်ကြပါတယ်။
ဒေါသထွက်နေတဲ့ အရွေးချယ်ခံ တပည့်လောင်းတွေကို မြင်ရတဲ့အခါ တာဝန်ခံရန်လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး။
(အရင်နှစ်တွေတုန်းကလည်း လူမှုရေးအရ အခွင့်အရေးပေးတာတွေ ရှိခဲ့ပေမဲ့ ငါက ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာအတွင်းမှာပဲ ထားခဲ့တာလေ။ အခု ရှင်းဟီကတော့ စကားတစ်ခွန်းမှ မပြောဘဲ လူတွေအများကြီးကို လက်ခံလိုက်တော့ အပြင်လောကက ဒီလို တုံ့ပြန်တာဟာ ပုံမှန်ပါပဲ။)
ဒါက ကျောင်းတက်သလိုပေါ့... မင်းက ကျောင်းဝင်ခွင့်ရဖို့ အမှတ် ၆၀၀ ရအောင် ဖြေရပေမဲ့ တခြားလူက အမှတ် ၃၀၀ နဲ့ ဝင်သွားတာကို မင်း လက်ခံနိုင်ပါ့မလား။
အထူးဝင်ခွင့်ပေးတဲ့သူ နည်းနည်းပဲဆိုရင်တော့ ထားပါဦး၊ အခုလို အအများအပြားကြီးဆိုရင်တော့ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။
တာဝန်ခံရန်ဟာ ရှင်းဟီဆီကို ချက်ချင်း သွားတွေ့လိုက်ပါတယ်။ ဒါဟာ တပည့်သစ်ရွေးချယ်ရေး ကိစ္စဖြစ်တာကြောင့် ဂိုဏ်းတစ်ခုလုံးအတွက် အလွန်အရေးကြီးတဲ့ ကိစ္စလေ။
ဒါပေမဲ့ တာဝန်ခံရန်က ဒီကိစ္စကို ဘယ်လိုမျိုး အချောမွေ့ဆုံး ကိုင်တွယ်ရမလဲလို့ စဉ်းစားနေတုန်းမှာပဲ ရှင်းဟီက ထပ်ပြောလိုက်ပါတယ်။
"တာဝန်ခံရန်... မစိုးရိမ်ပါနဲ့။ လူတွေ ဒီလောက်အထိ လှုပ်လှုပ်ရှားရှား ဖြစ်နေရတဲ့ အကြောင်းရင်းက မိသားစုပေါင်းစုံက တပည့်တွေက ၆ မှတ်နဲ့ အောင်ပြီး သူတို့ကျတော့ ၈ မှတ် ရထားတာတောင် မအောင်လို့ မဟုတ်လား။"
တာဝန်ခံရန်က ခေါင်းညိတ်ပြရင်း စိတ်ထဲကနေ ပြောနေမိပါပြီ။
(ရှင်းဟီရာ... မင်း အကြောင်းရင်းကို သိနေမှတော့ ဘာလို့များ... )
ဒါပေမဲ့ တာဝန်ခံရန် စကားမပြောရသေးခင်မှာပဲ ချူရှင်းဟီ ပြောလိုက်တဲ့ နောက်ထပ်စကားတွေကြောင့် မှင်တက်သွားပါတော့တယ်။
"လူတိုင်းက မတရားဘူးလို့ ပြောနေကြမှတော့၊ ငါတို့လည်း တရားမျှတအောင် လုပ်ပေးရမှာပေါ့။ အခုကစပြီး မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် အရွေးချယ်ခံပွဲမှာ အရည်အချင်းစစ် အမှတ် ၆ မှတ် ပြည့်တဲ့သူမှန်သမျှ ပထမအဆင့်ကို အောင်မြင်တယ်လို့ သတ်မှတ်မယ်။"
တာဝန်ခံရန်
"...."
တာဝန်ခံရန်တစ်ယောက်တော့ ဒီအချိန်မှာ တကယ်ကို ဆွံ့အသွားပါပြီ။
(ဘာတွေဖြစ်ကုန်တာလဲ။)
(အခုကစပြီး ပါရမီ ၆ မှတ်တည်းနဲ့ ပထမအဆင့်ကို အောင်နိုင်တယ် ဟုတ်လား။)
(ရှင်းဟီရာ... မင်းပြောနေတာ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိဘူးလည်းဆိုတာ သိရဲ့လား။)
(ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ အရင်နှစ်တွေက အနိမ့်ဆုံးသတ်မှတ်ချက်ကို ၈ မှတ် ထားခဲ့တာတောင်မှ တစ်ကမ္ဘာလုံးက ပါရမီရှင်တွေ စုပြုံလာကြတော့ ပထမအဆင့် အောင်တဲ့သူ အရေအတွက်က မရေမတွက်နိုင်အောင် များပြားခဲ့တာလေ။ ဒုတိယအဆင့်ကို ဖြေမယ့်သူတွေ များလွန်းလို့ မဟာမိုးကောင်းကင်မြို့တော်ကြီးတောင် ပေါက်ကွဲထွက်မတတ် ဖြစ်ခဲ့ရတာ။ အဲဒါကြောင့်ပဲ အခု အမှတ် ၉ မှတ်အထိ အတင်းတိုးမြှင့် သတ်မှတ်ထားရတာ မဟုတ်လား။)
(ဒါပေမဲ့ အခု မင်းက ၆ မှတ်နဲ့ အောင်ပေးမယ်လို့ ပြောနေတယ်။)
(ဒီသတင်းသာ ထွက်သွားရင် ဘယ်လောက်အထိ ရိုက်ခတ်မှု ပြင်းထန်မလဲဆိုတာ မင်းသိရဲ့လား။)
(တကယ်လို့သာ ဒီစံနှုန်းအတိုင်း သွားမယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ပထမအဆင့် အောင်မယ့်သူ ဘယ်လောက်တောင် များလာမလဲ။ အဲဒီကျရင် မဟာမိုးကောင်းကင်မြို့တော်မှာ လူတွေ ရပ်စရာနေရာတောင် ရှိပါဦးမလား။ ငါတို့ဂိုဏ်းက မြို့ကို ဘယ်လောက်ပဲ အသည်းအသန် ချဲ့ချဲ့၊ အဲဒီလောက်များတဲ့ တပည့်လောင်းတွေကို လက်ခံနိုင်တယ်ထားဦး၊ ငါတို့ဂိုဏ်းက တစ်နှစ်ကို တပည့်သစ် ၃၀၀၀ ပဲ လက်ခံတာလေ...။ အပြင်စည်းတပည့်တွေနဲ့ သတ္တုတွင်းတပည့်တွေ ထပ်တိုးဦးတော့၊ အဲဒါက အကန့်အသတ် ရှိနေတာပဲ။)
လူတွေအများကြီးက မြို့တော်ထဲကို ရောက်လာပြီးမှ လက်တစ်ဆုပ်စာပဲ အရွေးခံရမယ်ဆိုရင်၊ ကျန်တဲ့ အရွေးမခံရတဲ့သူတွေက ပြဿနာမရှာကြပေဘူးလား။ ဒါကြောင့် ဒီ ၆ မှတ် သတ်မှတ်ချက်ဆိုတာကတော့ တကယ်ကို လွန်လွန်းနေပါပြီ။
ချူရှင်းဟီကတော့ တာဝန်ခံရန်ရဲ့ မေးခွန်းတွေကို စကားတစ်ခွန်းမှ ပြန်မရှင်းပြနေပါဘူး။ တာဝန်ခံရန်ကို ဒီနည်းလမ်းအတိုင်းသာ လုပ်ဖို့၊ ပြဿနာတက်ရင် သူ ချူရှင်းဟီပဲ တာဝန်ယူပါ့မယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။
ဒီလောက်အထိ အဓိပ္ပာယ်မရှိတဲ့ ကိစ္စမျိုးကို ရှင်းဟီက တာဝန်ယူမယ်ပြောရင်တောင် တာဝန်ခံရန်ကတော့ လွယ်လွယ်နဲ့ မကြေညာရဲပါဘူး။ သူ အကြာကြီး စဉ်းစားပြီးတဲ့နောက် နောက်ဆုံးမှာတော့ မာလင်း ကို သွားရှာပါတော့တယ်။
လူတိုင်းက မာလင်းကို ချူရှင်းဟီရဲ့ အရင်းနှီးဆုံး လူယုံတော်လို့ ပြောကြတာလေ။ ရှင်းဟီရဲ့ ဒီထူးဆန်းတဲ့ အကြံအစည်က တကယ်တော့ ဘာကို ဆိုလိုတာလဲ။
တာဝန်ခံရန်က ညတွင်းချင်းပဲ မာလင်းကို သွားရှာပြီး ချူရှင်းဟီရဲ့ အစီအစဉ်ကို ရှင်းပြလိုက်တဲ့အခါ မာလင်းဟာ တစ်မိနစ်တိတိ ကြောင်အပြီး မှင်တက်သွားပါတယ်။ ဒီသတင်းက မာလင်းအတွက်လည်း အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်ခဲ့ပုံပါပဲ။
တာဝန်ခံရန်က မာလင်းဆီက ဘာအဖြေမှ ရမှာမဟုတ်တော့ဘူးလို့ ထင်ပြီး ဒီအကြောင်းကို ဆရာဘိုးဘိုးဆီ သွားတင်ပြဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ မာလင်းက စကားပြောလိုက်ပါပြီ။
"တာဝန်ခံရန် ကတော့ ဝေဝေဝါးဝါး ဖြစ်နေပြီ။"
"ဟင်"
"ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ အရင်က ပြောခဲ့ဖူးတယ်။ ငါတို့ဂိုဏ်းရဲ့ စစ်ဆေးမှုက တကယ်တော့ အဓိပ္ပာယ်မရှိဘူးတဲ့။ ကြည့်လေ၊ အရင်တုန်းက ကျွန်တော် မာလင်းကို စစ်ဆေးခဲ့တာ တာဝန်ခံရန်ပဲ မဟုတ်လား။"
တာဝန်ခံရန်က ခေါင်းညိတ်ပြပါတယ်။
"ကျွန်တော် မာလင်းက အဲဒီတုန်းက စစ်ဆေးမှုမှာ အဆင့် ၁ ရခဲ့တာ... ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကျတော့။ ဂိုဏ်းတူအစ်ကိုကြီးက နောက်ဆုံးကနေ ရေတွက်ရင် အဆင့် ၁ ရခဲ့တာလေ။ ဒါပေမဲ့ တာဝန်ခံရန် ကြည့်လိုက်ဦး၊ ကျွန်တော် မာလင်းမှာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီနဲ့ ယှဉ်နိုင်တဲ့ အရည်အချင်း ဘာရှိလို့လဲ။ အဲဒါကြောင့် ငါတို့ရဲ့ စစ်ဆေးမှုက အဓိပ္ပာယ် မရှိဘူးဆိုတာ ဟုတ်နေတာပေါ့။"
တာဝန်ခံရန်ဟာ မာလင်းရဲ့ စကားကို ကြားပြီး အလေးအနက် စဉ်းစားမိသွားပါတယ်။ မာလင်းပြောတာ မှန်နေတာကိုး...။
တကယ်လို့ အမှတ်ကိုပဲ ကြည့်မယ်ဆိုရင် မာလင်းက ရှင်းဟီထက် သာမှာပေါ့။ ဒါပေမဲ့ လက်တွေ့မှာကျတော့ ဘယ်လိုလဲ။
ဒါကြောင့် ရှင်းဟီက စစ်ဆေးမှုက အဓိပ္ပာယ်မရှိဘူးလို့ ပြောတာက မှန်နေသလိုပါပဲ။
ဒါပေမဲ့ ယုတ္တိမရှိဘူးဆိုဦးတော့... ၆ မှတ်ဆိုတာကတော့ နည်းနည်း လွန်မနေဘူးလား။
တာဝန်ခံရန် ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ မာလင်းက ထပ်ပြောလိုက်ပါတယ်။
"တာဝန်ခံရန်က ဂိုဏ်းရဲ့ ဝါရင့်လူကြီးတစ်ယောက်ပဲ။ တာဝန်ခံတွေထဲမှာလည်း တာဝန်ခံရန်ရဲ့ အဆင့်အတန်းက မြင့်မားလှတာပဲ။ ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကို ဘာလို့ နားမလည်ရတာလဲ။"
တာဝန်ခံရန်ခမျာ မျက်ရည်တောင် ဝဲတက်လာခဲ့ပါပြီ။
ကောင်းပါပြီ... မာလင်းရာ... ငါ စကားတောင် ပြန်မပြောနိုင်တော့ပါဘူး။
"ကြည့်လေ... ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက စစ်ဆေးမှုတွေက အဓိပ္ပာယ်မရှိဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်။ တကယ်တော့ ဂိုဏ်းတူအစ်ကိုကြီးတင် မဟုတ်ဘူး၊ အပြင်လူတွေကလည်း ပြောကြတာပဲ။ ကျွန်တော်တို့ဂိုဏ်းရဲ့ စစ်ဆေးမှုမှာ ကျရှုံးခဲ့ပေမဲ့ တခြားဂိုဏ်းတွေ ရောက်သွားတဲ့အခါမှာတော့ အောင်မြင်ကျော်ကြားသွားတဲ့သူတွေ အများကြီးရှိတယ်လေ။"
"ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက စစ်ဆေးမှု နည်းလမ်းကို ပြုပြင်ပြောင်းလဲနေတာပါ။ သူပြောတဲ့ ၆ မှတ်ဆိုတာက သာမန် ၆ မှတ်ကို ပြောတာမဟုတ်ဘဲ ပြီးပြည့်စုံတဲ့ ၆ မှတ်ကို ပြောတာလို့ ကျွန်တော် ယုံကြည်တယ်။"
"ကျွန်တော်တို့ဂိုဏ်းက ဘာသာရပ် ၁၀ မျိုးကို စစ်ဆေးတာလေ။ ဘာသာရပ်တစ်ခုစီရဲ့ အမှတ်ပြည့်က ၁ မှတ်ပဲ။ စုစုပေါင်းရမှတ် ၉ မှတ်နဲ့အထက် ရတဲ့သူက ပထမအဆင့် အောင်တယ် မဟုတ်လား။ ဒါပေမဲ့ တာဝန်ခံရန် စဉ်းစားကြည့်ဖူးလား။ တကယ်တော့ စုစုပေါင်းရမှတ်ဆိုတာ ကဏ္ဍတစ်ခုတည်းပဲ ရှိသေးတာ။ တကယ်လို့ ငါတို့က ဒီနည်းလမ်းနဲ့ပဲ စစ်ဆေးနေမယ်ဆိုရင် ထူးခြားတဲ့ စွမ်းရည်ရှိတဲ့သူတွေကို လက်လွှတ်ရမှာပေါ့။"
"ဥပမာပြောရရင်... ဖန်းယုကျန်သာ စစ်ဆေးမှု ဝင်ဖြေရင် ဘယ်နှစ်မှတ် ရမလဲ။ ဥပမာ အိုးရန်မင် ရော။ သူတို့ ဘယ်နှစ်မှတ် ရမလဲ။ ဒါပေမဲ့ ၉ မှတ် ရတဲ့ တပည့်တွေက သူတို့ကို ယှဉ်နိုင်ပါ့မလား။"
ဒီနေရာမှာတော့ မာလင်းဟာ ကဏ္ဍပေါင်းစုံကနေ စတင်ပြီး ခွဲခြမ်းစိတ်ဖြာပြပါတော့တယ်။
မကြာခင်မှာပဲ မာလင်းက နိဂုံးချုပ်လိုက်ပါပြီ။
“ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ပြောလိုက်တဲ့ ၆ မှတ်ဆိုတာ ရမှတ်စုစုပေါင်း ၆ မှတ်ကို ပြောတာ မဟုတ်ဘဲ၊ အနည်းဆုံး ဘာသာရပ် ၆ မျိုးမှာ အမှတ်ပြည့်ရတာကို ဆိုလိုတာပါပဲ။”
မာလင်း က ဆက်ပြောလိုက်ပါတယ်။
"တာဝန်ခံရန်။ ကျွန်တော် ဥပမာတစ်ခု ပေးပါ့မယ်။ ဘာသာရပ် ၁၀ မျိုး၊ စုစုပေါင်း အမှတ် ၁၀၀ ရှိတဲ့ စာမေးပွဲတစ်ခုမှာ တစ်ယောက်က ဘာသာရပ်တိုင်းမှာ ၉ မှတ်စီ ရတယ်ဆိုပါစို့။ ဒါဆို သူက စုစုပေါင်း အမှတ် ၉၀ ရပြီး ပထမအဆင့်ကို အောင်သွားမယ်၊ ဟုတ်တယ်မလား။"
"ဒါပေမဲ့ နောက်ထပ် လူတစ်ယောက်ကကျတော့ အဲဒီ ၁၀ ဘာသာထဲမှာ ၆ ဘာသာကို အမှတ်ပြည့် ၁၀ မှတ်စီ ရတယ်။ ကျန်တဲ့ ၄ ဘာသာမှာကျတော့ အမှတ်က အရမ်းနည်းနေတယ်၊ သုညတောင် ဖြစ်နိုင်တယ်။ တာဝန်ခံရန် အမြင်မှာ ဘယ်သူ့ရမှတ်က ပိုမြင့်တယ်လို့ ထင်သလဲ။"
တာဝန်ခံရန်က ချက်ချင်းပဲပြောလိုက်ပါပြီ။
"အမှတ် ၉၀ ရတဲ့သူက ပိုမြင့်တာပေါ့။ ငါလည်း သင်္ချာတော့ တတ်ပါတယ်”
ဒါပေမဲ့ ရလဒ်ကတော့ မာလင်းက ချက်ချင်းပဲ အော်လိုက်တာပါပဲ။
"တာဝန်ခံရန်က သင်္ချာအကြောင်း ဘာမှနားမလည်တာပဲ။"
မာလင်းက ဆက်ပြောလိုက်ပါတယ်။
"လာ... လာ... လာ... ကျွန်တော့်ရဲ့ သင်္ချာနည်းနဲ့ တာဝန်ခံရန်အတွက် တစ်ခုလောက် တွက်ပြမယ်။"
"ဘာသာရပ် ၁၀ မျိုးလုံးမှာ ၉ မှတ်စီရတဲ့ အမှတ် ၉၀ ပါရမီရှင်နဲ့၊ ၆ ဘာသာမှာ ၁၀ မှတ်စီရပြီး ကျန်တဲ့ ၄ ဘာသာမှာ သုညရတဲ့ အမှတ် ၆၀ ပါရမီရှင်။ ဘယ်ဘက်ကကြည့်ကြည့် အမှတ် ၆၀ ပါရမီရှင်က ပိုထူးချွန်ပြီး သူ့ရဲ့ရမှတ်က ပိုမြင့်တယ်။"
"ဘာလို့လဲဆိုတာ စဉ်းစားကြည့်လေ။ ဒီအမှတ် ၆၀ ရတဲ့ ပါရမီရှင်မှာ အမှတ် ၉၀ ရတဲ့သူထက် ပိုသာနေတဲ့ ဘာသာရပ် ၆ ခုတောင် ရှိနေတာ မဟုတ်လား။"
"ဟိုအမှတ် ၉၀ ရတဲ့သူကျတော့ အမှတ် ၆၀ ရတဲ့သူထက် သာတာ ၄ ဘာသာပဲ ရှိတာလေ။"
"ဒါကြောင့် ကျွန်တော်က တာဝန်ခံထက် ဘာသာရပ် ၆ ခုမှာ သာနေပြီး၊ တာဝန်ခံရန်က ကျွန်တော့်ထက် ၄ ဘာသာပဲ သာတာ။ ကဲ ပြောပါဦး... ဘယ်သူ့ရမှတ်က ပိုမြင့်သလဲ။"
တာဝန်ခံရန်။
"အဲဒါဆို... ၆၀ က ၉၀ ထက် ပိုများတယ်ပေါ့။"
"တာဝန်ခံရန်ကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ။" မာလင်းက ကျေနပ်အားရစွာနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။
တာဝန်ခံရန်တစ်ယောက်တော့ လုံးဝကို မှင်တက်သွားပါပြီ။
( ငါက သင်္ချာပညာရှင် မဟုတ်ဘူးဆိုပေမဲ့... သင်္ချာတော့ နားလည်ပါသေးတယ်... ဒါပေမဲ့ ဒီနေ့ ဒီသင်္ချာပါရမီရှင် မာလင်းနဲ့လည်း တွေ့ရော၊ ငါကိုယ်တိုင် သင်္ချာအကြောင်း ဘာမှနားမလည်တော့သလို ခံစားနေရပြီလား။)
(ဒီ ၆၀ က ၉၀ ထက် ပိုများတယ်ဆိုတာ။ မဟုတ်သေးပါဘူး။ ရှင်းနေတာပဲ ၉၀ က ၆၀ ထက် များတာလေ... ဒါပေမဲ့ ဘာဖြစ်လို့ မာလင်းပြောတာတွေက သဘာ၀ကျနေသလို ခံစားနေရတာလဲ။)
(ဒါ ငါ့ရဲ့ သင်္ချာမှာ ပြဿနာရှိနေတာလား၊ ဒါမှမဟုတ် လူတွေရဲ့ အကျင့်စရိုက်တွေ ကသောင်းကနင်း ဖြစ်ကုန်တာလား၊ ကိုယ်ကျင့်တရားတွေပဲ ပျက်စီးကုန်တာလား။)
***