ခြောက်မှတ်တန် အရည်အချင်းစစ် စနစ်ဟာ မဟာနေမင်း ကုန်းမြေတိုက်ကြီးပေါ်က အဓိကဂိုဏ်းကြီးတွေရဲ့ အရည်အချင်းစစ် စံနှုန်းတစ်ခုအဖြစ် အချိန်တိုအတွင်းမှာပဲ ပြောင်းလဲသွားခဲ့ပါတယ်။
တချို့သော အလတ်စားနဲ့ အငယ်စားဂိုဏ်းတွေဆိုရင် ဒီခြောက်မှတ်တန်စနစ်ကို အခြေခံပြီး ငါးမှတ်တန်၊ လေးမှတ်တန်၊ နောက်ဆုံး သုံးမှတ်တန်စနစ်တွေအထိပါ အသစ်ထွင်ပြီး ကျင့်သုံးလာကြပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းမှာတော့ ဆရာဘိုးဘိုးဟာ ဂိုဏ်းပေါင်းစုံက သူတို့ရဲ့စနစ်ကို အတုယူနေကြကြောင်း တပည့်တွေ ပို့သမျှသတင်းတွေကို ဖတ်ရင်း မျက်နှာကြီးဟာ လပြည့်ဝန်းလို ပြည့်၀ တောက်ပနေပါတော့တယ်။
“အော်။ ရှင်းဟီလေး။ သူကတော့ တကယ်ပဲ လမ်းဟောင်းအတိုင်း လျှောက်တဲ့သူ မဟုတ်ဘူး။”
“တခြားသူတွေ မတွေးရဲတာကို တွေးရဲရုံတင်မကဘူး၊ တခြားသူတွေ မလျှောက်ရဲတဲ့ လမ်းတွေကိုလည်း ရဲရဲဝံ့ဝံ့ လျှောက်ရဲတယ်။”
ဒါပေမဲ့ ချူရှင်းဟီ ဖန်တီးလိုက်တဲ့ ဒီခြောက်မှတ်တန်စနစ်ဟာ မဟာမိုးကောင်းကင်ဂိုဏ်းအတွက် အခုလက်ရှိတင်မကဘဲ အနာဂတ်မှာပါ မှန်းဆလို့မရနိုင်တဲ့ အကျိုးကျေးဇူးတွေကို သယ်ဆောင်လာပေးတာပါ။
“စဉ်းစားကြည့်လေ။ နောင်အနာဂတ်မှာ ဒီလိုစစ်ဆေးမှုမျိုးမှာ ပါဝင်တဲ့သူတိုင်းဟာ ခြောက်မှတ်တန်ပဲဖြစ်ဖြစ်၊ ငါးမှတ်၊ လေးမှတ်၊ သုံးမှတ်ပဲဖြစ်ဖြစ်၊ ဒီစစ်ဆေးမှုမှာ ပါဝင်လိုက်တာနဲ့ ဒီစနစ်ရဲ့ မူလအစက မဟာမိုးကောင်းကင်ဂိုဏ်းပဲဆိုတာကို အလိုလို သတိရသွားကြမှာ မဟုတ်လား။”
အဲဒီအခါမှာ မေးခွန်းတစ်ခု ပေါ်လာပါလိမ့်မယ်။ တကယ်လို့ ခြောက်မှတ် ရနိုင်တဲ့သူဆိုရင် မဟာမိုးကောင်းကင်ဂိုဏ်းကိုပဲ ဦးစားပေးပြီး ရွေးချယ်ကြမှာ မဟုတ်ဘူးလား။
ပြီးခဲ့တဲ့ နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်တုန်းက ချူရှင်းဟီက တစ်ကမ္ဘာလုံးက လူတွေကို သူတို့ရဲ့ စွမ်းရည်တွေ ထုတ်ပြဖို့ စင်မြင့်ထက်မှာ အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီတုန်းက ဆရာဘိုးဘိုးအနေနဲ့ နည်းနည်းတော့ စိတ်ထဲမှာ မတင်မကျ ဖြစ်ခဲ့ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုအခွင့်အရေးကောင်းမှာ တခြားသူတွေကို ပါဝင်ဆင်နွှဲခွင့်ပေးလိုက်တာဟာ နည်းနည်းတော့ ရှုံးသလို ခံစားခဲ့ရတာကိုး။
ဒါပေမဲ့ ချူရှင်းဟီရဲ့ အတွေးအခေါ်က တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြည့်စုံတယ်ဆိုတာ လက်တွေ့မှာ သက်သေပြလိုက်ပါပြီ။
“တစ်ကမ္ဘာလုံးက လူတွေဟာ သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ပြနေကြတယ်ဆိုပေမဲ့၊ ဘယ်သူတွေပဲ ထုတ်ပြနေပါစေ အဲဒါတွေအားလုံးက ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကြောင့် ဖြစ်လာတာ မဟုတ်လား။”
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အင်အားဟာ တစ်ဦးချင်းစီ ထုတ်ပြနေစရာ မလိုတော့တဲ့အထိကို မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်နေပါပြီ။
ဒါ့အပြင် ဒီပွဲအကြောင်း ပြောကြတဲ့အခါတိုင်း လူတိုင်းက မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ စိတ်ထားကြီးမြတ်မှုကိုပဲ ချီးကျူးကြမှာပါ။ နာမည်ထုတ်ဖော်ပြောဖို့ အဆင်မပြေတဲ့ အဆင့် ၃ ရှိတဲ့ ဂိုဏ်းတစ်ခုနဲ့တော့ လုံးဝ ကွာခြားတာပေါ့။
ဒီတစ်ခေါက် ချူရှင်းဟီက ဂိုဏ်းချုပ်ကိုယ်စားလှယ်အဖြစ်နဲ့ ဂိုဏ်းရဲ့လုပ်ငန်းတွေကို လှည့်လည်စစ်ဆေးတဲ့အခါမှာ ဆရာဘိုးဘိုးအနေနဲ့ အစပိုင်းမှာ နည်းနည်း စိုးရိမ်ခဲ့ပါသေးတယ်။
“ဘာပဲဖြစ်ဖြစ် ရှင်းဟီလေးက ငယ်သေးတယ်လေ။ တချို့ကိစ္စတွေကို သူ သေချာ ကိုင်တွယ်နိုင်ပါ့မလား။”
ဒါပေမဲ့ ချူရှင်းဟီဟာ ရုံမြို့တော်က ဥက္ကာခဲသံတွင်း ပြဿနာကို အပြစ်ပြောစရာမရှိအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ မေတ္တာရော၊ အာဏာပါ ပြသနိုင်ခဲ့သလို ဆုပေး၊ ဒဏ်ပေးစနစ်ကိုလည်း ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။
ခံစားခွင့်တွေကို နှစ်ဆတိုးပေးလိုက်တဲ့ အကွက်ဟာ ဥက္ကာခဲသံတွင်းကို ထိန်းချုပ်နိုင်ခဲ့ရုံတင်မကဘဲ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တခြားသော အဓိကလုပ်ငန်းတွေအတွက်ပါ စံနမူနာဖြစ်စေခဲ့ပါတယ်။
လုပ်ငန်းပေါင်းစုံက ဘာလို့ ဒီလောက်မြန်မြန် ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ကြသလဲဆိုတာကို ဆရာဘိုးဘိုး ကောင်းကောင်းကြီး သိတာပေါ့။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ လက်အောက်မှာရှိတဲ့ လုပ်ငန်းတွေကို တာဝန်ယူထားရတဲ့ တာဝန်ခံတွေ ဒါမှမဟုတ် မန်နေဂျာတွေထဲမှာ ဂိုဏ်းရဲ့ နန်းတော်ရှင် အကြီးအကဲတွေ၊ ဆရာဘိုးဘိုးကိုယ်တိုင် ဒါမှမဟုတ် ဂိုဏ်းချုပ်ကြီးနဲ့တောင် နွယ်ယှက်မနေတဲ့သူဆိုတာ မရှိသလောက်ပါပဲ။
သူတို့ နေ့စဉ် ဘာတွေလုပ်နေကြသလဲဆိုတာကို လူတိုင်းက မသိဘဲ နေပါ့မလား။
ဒါဟာ ဂိုဏ်းအတွက် ကြီးကြီးမားမား ပြဿနာမဖြစ်စေသရွေ့ အားလုံးက တိတ်တဆိတ် ခွင့်ပြုထားခဲ့ကြတာပါ။
အခု ချူရှင်းဟီရဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ လုပ်ငန်းပေါင်းစုံက တာဝန်ခံတွေကလည်း လူအတွေ မဟုတ်ကြပါဘူး။
ချူရှင်းဟီဟာ အခုကတည်းက ဂိုဏ်းချုပ်ကိုယ်စားလှယ်အဖြစ် စစ်ဆေးနေပြီဆိုတော့ ဂိုဏ်းချုပ်ရာထူးကို ရဖို့က ဝေးသေးလို့လား။
တာဝန်ခံတစ်ယောက်အနေနဲ့ သင့်ကို ဘယ်သူပဲ ရာထူးတိုးပေးခဲ့ပါစေ၊ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အနာဂတ်အရှင်သခင်က ဘယ်သူလဲဆိုတာကိုတော့ ဘယ်တော့မှ မမေ့သင့်ပါဘူး။
တကယ်လို့ ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ရင်တောင် ချူရှင်းဟီ ဒါမှမဟုတ် ဆရာဘိုးဘိုး ထွက်လှုပ်ရှားစရာတောင် မလိုပါဘူး။ သက်ဆိုင်ရာ အထက်လူကြီးဖြစ်တဲ့ နန်းတော်ရှင် အကြီးအကဲ ဒါမှမဟုတ် သာမန် အကြီးအကဲက သက်ဆိုင်သူကို အစအနတောင် မကျန်အောင် ရှင်းထုတ်ပစ်လိုက်မှာပါ။
ဥက္ကာခဲသံတွင်းအကြောင်း ပြောရမယ်ဆိုရင် ချူရှင်းဟီက မန်နေဂျာတစ်ယောက်ကို ဂိုဏ်းအတွင်းစည်းထဲအထိ အထူးရာထူးတိုးပေးခဲ့တာကို ဆရာဘိုးဘိုး မှတ်မိနေပါတယ်။
“သူ့နာမည်က ဘယ်သူပါလိမ့်... ဪ... ဝေရှင်းပဲ။”
သူ့ကို တာဝန်ချပေးလိုက်တဲ့ နေရာကတော့ ဆရာဘိုးဘိုးအတွက် နည်းနည်းတော့ မသင့်တော်သလို ခံစားခဲ့ရပါတယ်။
ဝေရှင်းတစ်ယောက် ဟေးယွဲ့နန်းတော်မှာ ပျော်ရဲ့လားလို့ ဆရာဘိုးဘိုး တွေးနေမိပါပြီ။
….
ဟေးယွဲ့နန်းတော်။ ဆရာဘိုးဘိုးက သူ့အကြောင်း တွေးနေတာကို ဝေရှင်း မသိပေမဲ့၊ ဝေရှင်းကတော့ ဒီရက်ပိုင်းမှာ သူ တကယ့်ကို ပျော်နေရပါတယ်လို့ ထုတ်ဖော်ပြောပြလိုက်မှာပါ။
ဘယ်လိုလုပ် မပျော်ဘဲ နေမလဲ။
နေ့တိုင်း ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကိုကြီး အမြောက်အမြားဟာ သူ့ရှေ့မှာ ပုံစံအမျိုးမျိုးနဲ့ သေပြနေကြတာလေ။ ပြီးရင် အဲဒီသေခြင်းတရားတွေရဲ့ အဓိပ္ပာယ်ကို ဝေရှင်းနဲ့ ဆွေးနွေးကြပါသေးတယ်။
သူတို့က သေဆုံးတဲ့အခါ ခံစားရတဲ့ အမျိုးမျိုးသော ခံစားချက်တွေကိုတောင် ဝေရှင်းကို အသေးစိတ် ရှင်းပြနေကြတာပါ။
ကျင့်ကြံသူတွေရဲ့ အိပ်မက်က ထာဝရအသက်ရှင်ခြင်းလို့ ပြောကြတယ် မဟုတ်လား။ ဝေရှင်းတစ်ယောက် ဟေးယွဲ့နန်းတော်မှာ သုတေသနလုပ်နေတာကတော့ ထာဝရအသက်ရှင်ခြင်း မဟုတ်ပါဘူး။ ထာဝရသေခြင်းပါ။
အစပိုင်းမှာတော့ ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့ အဆင်ပြေပါသေးတယ်. သူတို့ကိုယ်တိုင်ပဲ သေပြကြတာကိုး။ ဝေရှင်းလည်း အမြဲကြည့်နေရတော့ နည်းနည်းတော့ ကျင့်သားရလာပါတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေက လွန်လာကြပါပြီ။ သူတို့နဲ့အတူ ပါဝင်ဆင်နွှဲဖို့ (အတူတူသေဖို့) ဝေရှင်းကို တောင်းဆိုလာကြတာပါ။
လူသားတစ်ယောက်ကို ဒီလိုစကားမျိုး ပြောလာလိမ့်မယ်လို့ ရောင်းရင်းတို့ ယုံနိုင်ပါ့မလား။
“ငါ ဝေရှင်းက မင်းတို့ ဟေးယွဲ့ကလန်နဲ့ တူလို့လား။ ငါက ပူးပေါင်းလို့ရပါတယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အလွန်ဆုံး ပူးပေါင်းနိုင်လှ တစ်ကြိမ်ပဲ။ အဲဒီတစ်ကြိမ်ပြီးရင် ငါဆိုတဲ့ ဝေရှင်းက ဒီလောကကြီးမှာ ရှိတော့မှာ မဟုတ်ဘူးလေ။”
ဟေးယွဲ့ကလန်ကလည်း ဒီပြဿနာကို သတိထားမိပုံရပါတယ်။ ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီးတွေက အလိုက်တသိနဲ့ပဲ ပြောလိုက်ပါပြီ။
"ဝေရှင်း။ ငါတို့ပြောတဲ့ 'ပူးပေါင်းတယ်' ဆိုတာက အဲဒီလိုမျိုး မဟုတ်ပါဘူး။ ငါတို့ကို မင်းက သတ်ပေးတာမျိုးပါ။”
အဲဒီနောက်မှာတော့ ဝေရှင်းဟာ သားသတ်သမားတစ်ယောက်လို ဓားကိုဆွဲပြီး နေ့စဉ်နဲ့အမျှ ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကိုကြီး အမျိုးမျိုးကို ခုတ်ဖြတ်သတ်ဖြတ်ပေးရတဲ့ အလုပ်ကို မဖြစ်မနေ လုပ်ရပါတော့တယ်။
“ငါ ဝေရှင်းက သူလျှိုတစ်ယောက်ဆိုပေမဲ့ လူသတ်ဝါသနာပါတဲ့ စိတ်တ္တဇ လူသတ်သမားတော့ မဟုတ်ဘူးလေ...။”
တကယ်လို့ လူသတ်ဝါသနာပါတဲ့သူ ဖြစ်နေရင်တောင် ဟေးယွဲ့ကလန်နဲ့တွေ့ရင် လက်လျှော့သွားရမှာပါ။ ဘာလို့လဲဆိုတော့ ရောင်းရင်းက ဓားနဲ့တစ်ချက်ခုတ်လိုက်တိုင်း အဲဒီဂိုဏ်းတူအစ်ကိုကြီးက ခုတ်ခံရတဲ့ ခံစားချက်ကို အဲဒီနေရာမှာတင် ချက်ချင်း ပြန်ရှင်းပြနေတာလေ။ အဲဒါ ဘယ်လောက်တောင် စိတ်ခြောက်ခြားစရာကောင်းသလဲ စဉ်းစားသာကြည့်ပါတော့။
နေ့တိုင်း ဂိုဏ်းတူအစ်ကိုကြီးတွေကို ခုတ်သတ်နေရတာကမှ တော်သေးတယ်။ ဟေးယွဲ့နန်းတော်ရဲ့ ဆယ်ရက်တစ်ကြိမ် အပြန်အလှန် ဓားချင်းခုတ်ပွဲ ဆိုတာကတော့ တကယ့်ကို လွန်လွန်ကျူးကျူးပါပဲ။
ဒီလို အပြန်အလှန် ခုတ်ကြတဲ့ပွဲကို စီစဉ်ပေးတာက ချူရှင်းဟီ ပဲလို့ သူ ကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီပွဲရဲ့ အကြောင်းအရာတွေကို သိလိုက်ရတဲ့အခါမှာတော့ ဝေရှင်းတစ်ယောက် မေးခွန်းထုတ်ချင်လာပါပြီ။
"ဒါက လူဦးနှောက်ကနေ ထွက်လာတဲ့ အတွေးမျိုး ဟုတ်ရဲ့လားဟင်"
အဲဒီ အပြန်အလှန် ဓားချင်းခုတ်ပွဲ ဆိုတာက ဟေးယွဲ့ကလန်ဝင်တွေ အားလုံးက မျက်နှာဖုံးတွေစွပ်၊ သူတို့ရဲ့ အော်ရာအရှိန်အဝါတွေကို ဖျောက်ထားကြပြီးတော့ ငါခုတ်မယ်၊ မင်းခန့်မှန်းဆိုတဲ့ ဂိမ်းကို ကစားကြတာပါ။
အဲဒီဂိမ်းက တစ်ယောက်က ဓားနဲ့ခုတ်လိုက်ရင် ကျန်တဲ့သူတွေက ဘယ်သူ့ကို ခုတ်လိုက်တာလဲဆိုတာ ခန့်မှန်းရတာပေါ့။
တကယ်လို့ တစ်ယောက်က မှန်အောင်ခန့်မှန်းနိုင်ရင်တော့ ဂုဏ်ယူပါတယ်။ ရောင်းရင်းက နောက်တစ်ခါ အခုတ်ခံရမယ့်သူ ဖြစ်လာမှာပါ။ တကယ်လို့ ခန့်မှန်းတာ မှားသွားရင်တော့ ကံဆိုးတာပေါ့။ ရောင်းရင်းက တခြားသူကိုပဲ လိုက်ခုတ်နေရဦးမှာပါ။
အရင်တုန်းကတော့ ဟေးယွဲ့ကလန်သားတွေက ဘယ်သူ့ကိုမှ မခုတ်ချင်ကြပါဘူး။ အခုတ်ပဲ ခံချင်ကြတာပါ။ ဒါပေမဲ့ ခုတ်မယ့်သူကတော့ ရှိရမှာ မဟုတ်လား။ အဲဒီတော့ ဝေရှင်း ရောက်လာတဲ့အခါမှာ ဒီဂိမ်းက ပြည့်စုံသွားပါတော့တယ်။
ဟေးယွဲ့ကလန်က ခုတ်ရမယ့် အခန်းကဏ္ဍအားလုံးကို ဝေရှင်းလက်ထဲ အပ်လိုက်ကြပါပြီ။
ဒီလိုနဲ့ အပြန်အလှန် ဓားချင်းခုတ်ပွဲမှာ ဝေရှင်းတစ်ယောက် ထူးဆန်းအံ့ဩဖွယ်ရာ ဂိမ်းအမျိုးမျိုးကို မျက်မြင်တွေ့ခဲ့ရပါတယ်။
ဥပမာ - "မင်း အမူအရာပြ၊ ငါခုတ်မယ်။"
"အမှန်အတိုင်းပြောမလား၊ သွေးအန်မလား။"
"ဒီနေ့တော့ သေမင်းနိုင်ငံတော်ထဲ လမ်းလျှောက်ထွက်ကြစို့။"
ဝေရှင်းတစ်ယောက် ဒီလိုဂိမ်းမျိုးတွေကို တစ်ခါမှ မကြားဖူး၊ မမြင်ဖူးပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ သူ အကုန်လုံး ပါဝင်ဆင်နွှဲခဲ့ရပါတယ်။ အခုဆိုရင် ဝေရှင်းဟာ ခံစားချက်မရှိတဲ့ အေးစက်စက် လူသတ်သမားတစ်ယောက် ဖြစ်လာပြီလို့တောင် သူ ကိုယ်တိုင် ခံစားနေရပါပြီ။
ဟေးယွဲ့ကလန်တွေက ဒီလောက်တောင် လွန်လွန်ကျူးကျူး ဖြစ်နေတာကို ပထမဆုံး မြင်လိုက်ရတုန်းက ဝေရှင်းဟာ မဟာသူတော်စင်ကြီးဆီကို သွားတိုင်ပြီး ထိန်းကျောင်းပေးဖို့ မျှော်လင့်ခဲ့ပါသေးတယ်။
ဒါပေမဲ့ သွားမေးကြည့်လိုက်တော့မှ မဟာသူတော်စင်ကြီးက သူ့ရဲ့ကျင့်စဉ်ကို ပြင်ဆင်နေရင်းနဲ့ သူ့ကိုယ်သူ သေအောင် ပြင်မိသွားလို့ အခုထိ ပြန်မရှင်လာသေးဘူးတဲ့လား။
“ကတောက်။ ဟေးယွဲ့နန်းတော်မှာ ပုံမှန်လူကို ထားပါဦး၊ ငါကလွဲရင် ကျန်တဲ့သူတွေက လူရော ဟုတ်ကြရဲ့လား။”
ဟေးယွဲ့ကလန်သားတွေက ဖောက်ပြန်နေတယ်ဆိုရင် လူရိုင်းမျိုးနွယ်စုကတော့ တကယ့်ကို ကြောက်စရာကောင်းအောင် ရူးသွပ်နေပါပြီ။
အစပိုင်းမှာ လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲတွေကို မွေးမြူနေတာကို မြင်လိုက်ရတဲ့အခါ ဝေရှင်းဟာ တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကြီးကို ရှာဖွေတွေ့ရှိသွားပြီလို့ ထင်မိခဲ့တာပါ။
“မဟာမိုးကောင်းကင်ဂိုဏ်းက လူရိုင်းမျိုးနွယ်စုကို နေ့တိုင်း အရင်းအမြစ်တွေ အများကြီး ထောက်ပံ့ပေးပြီး ဟေးယွဲ့နန်းတော်မှာ မိစ္ဆာသားရဲတွေ မွေးခွင့်ပေးထားတာဟာ လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားလို့လား။”
“တကယ်လို့သာ အမှန်ဆိုရင် ဒါဟာ တစ်ကမ္ဘာလုံးရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် ကိစ္စရပ်ကြီး ဖြစ်လာမှာပါ။”
“ဘာပဲဖြစ်ဖြစ် ဒီလောကမှာ မိစ္ဆာသားရဲတွေ ဘယ်လောက်တောင် များသလဲ။”
“တကယ်လို့သာ သူတို့က မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အင်အားမျိုး ဖြစ်လာမလဲ။”
ဒါကြောင့် ဝေရှင်းဟာ လူရိုင်းမျိုးနွယ်စုတွေ ရှိရာဘက်ကို တိတ်တဆိတ် ထောက်လှမ်းဖို့ သွားခဲ့ပါတယ်။ သူတို့ ဒီနည်းလမ်းကို တကယ်ပဲ တတ်မြောက်သွားပြီလားဆိုတာ သိချင်လို့ပေါ့။
ဒါပေမဲ့ သူ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ သူ့ကို သေလုနီးပါး ဖြစ်သွားစေခဲ့ပါတယ်။
ဝေရှင်း အဲဒီထဲကို ဝင်သွားပြီးတဲ့နောက်မှာ လွတ်ထွက်နေတဲ့ မိစ္ဆာသားရဲတစ်ကောင်နဲ့ မတော်တဆ တိုးမိပြီး သေမတတ် အလိုက်ခံရပါတော့တယ်။ ကံကောင်းတာကတော့ လမ်းသွားလမ်းလာ ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကိုကြီးတချို့က ဝင်ကူညီပြီး မိစ္ဆာသားရဲရဲ့ ဗိုက်ထဲကို ဝင်သွားကြလို့သာ ဝေရှင်းတစ်ယောက် ဆက်အလိုက်မခံရတော့တာပါ။
ဒါပေမဲ့ ဝေရှင်းက အန္တရာယ်တစ်ခုကြောင့်နဲ့တော့ လက်မလျှော့ပါဘူး။ သူ ဆက်ပြီး ထောက်လှမ်းတဲ့အခါမှာတော့ တကယ့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
အိုးရန်မိသားစုက လူတွေဟာ ထူးဆန်းတဲ့ ကိရိယာတချို့ကို ဒီကို ယူလာကြပြီး ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကိုကြီးတွေရဲ့ အကူအညီနဲ့ မိစ္ဆာသားရဲတစ်ကောင်ကို အဲဒီနေရာမှာတင် ဖမ်းဆီးလိုက်တာကို ဝေရှင်း ကိုယ်တိုင် မြင်လိုက်ရတာပါ။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ဝေရှင်းက တွေးမိသွားပါတယ်။
"လူရိုင်းမျိုးနွယ်စုက အိုးရန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ထားတာလား"
အိုးရန်မိသားစုရဲ့ မှော်ရတနာသွန်းလောင်ခြင်းစွမ်းရည်ဆိုတာ တစ်ကမ္ဘာလုံးက မနာလိုဖြစ်ရတဲ့ အစွမ်းလေ။
အချိန်စကြ၀ဠာ ပုလွေဆိုတာတောင် အိုးရန်မိသားစုနဲ့ ဖန်းယုကျန် တို့ ပူးပေါင်းမှ လုပ်နိုင်တာ မဟုတ်လား။
ဒါကြောင့် ဒီတစ်ခါတော့ အိုးရန်မိသားစုက လူရိုင်းမျိုးနွယ်စုနဲ့ ပူးပေါင်းထားတာ ဖြစ်ရမယ်။ လူရိုင်းမျိုးနွယ်စုက မွေးမြူမယ်၊ အိုးရန်မိသားစုကတော့ သူတို့ရဲ့ လျှို့ဝှက်ရတနာတွေနဲ့ မိစ္ဆာသားရဲတွေကို ထိန်းချုပ်မယ်ပေါ့။
ဝေရှင်းတစ်ယောက် တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကြီးကို ရှာတွေ့ပြီလို့ ထင်လိုက်တဲ့အချိန်မှာပဲ အိုးရန်မိသားစုဝင်တွေက သူတို့ရဲ့ ထူးဆန်းတဲ့ လျှို့ဝှက်ကိရိယာတွေကို ဖွင့်လိုက်ကြပါတယ်။ အဲဒါက အသားကင်စက်တွေ ဖြစ်နေတာပါပဲ။
အဲဒီနောက်မှာတော့ ဝေရှင်းရဲ့ မှင်တက်နေတဲ့ အကြည့်တွေအောက်မှာတင် အိုးရန်မိသားစုနဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေဟာ အတူတူထိုင်ပြီး အသားကင်ကြပါတော့တယ်။ ကင်ခံနေရတဲ့ အသားကလည်း ဝေရှင်း စောစောကတင် သတ်မှတ်ထားခဲ့တဲ့ ကောင်ကြီး ဖြစ်နေတာပါ။
"ဒါဟာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်မယ့် မိစ္ဆာသားရဲကြီးပဲ"
“သိမ်းပိုက်တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကတောက်။ မိစ္ဆာသားရဲကို ထိန်းချုပ်ပြီးရင် စားဖို့ပဲလားဟင်”
(မင်းတို့ ရူးနေကြတာလား။)
“မဟာမိုးကောင်းကင်ဂိုဏ်းက လူရိုင်းမျိုးနွယ်စုကို နေ့တိုင်း အရင်းအမြစ်တွေ ဒီလောက်ပံ့ပိုးပေးနေတာက ပိုပြီးအရသာရှိတဲ့ မိစ္ဆာသားရဲတွေ ဖြစ်လာအောင် လေ့ကျင့်မွေးမြူခိုင်းဖို့လား။”
ရလဒ်အနေနဲ့ကတော့ စိတ်လေနေတဲ့ ဝေရှင်းဟာ အဲဒီနေရာမှာတင် အမိခံလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် သူရဲကောင်း ဝေရှင်းဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့ အိုးရန်မိသားစုကပါ သူ့ကို အလေးအနက်ထားပြီး အရိုအသေပေးလိုက်ကြပါပြီ။
"မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် သူရဲကောင်း ဝေရှင်း" ဆိုတဲ့ ဇာတ်လမ်းက ဒီရက်ပိုင်းအတွင်းမှာတင် ဂိုဏ်းတစ်ခုလုံးမှာ ဟိုးဟိုးကျော်နေခဲ့တာကိုး။
အိုးရန်မင်တောင်မှ ဒီအကြောင်းကို ကြားပြီးနောက်မှာတော့ သဘောတူထောက်ခံခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်။ ပုံမှန်စိတ်ရှိတဲ့ ဘယ်သူများ ဟေးယွဲ့နန်းတော်ကို ရွေးချယ်ပါ့မလဲ။
ဒါပေမဲ့ ဒီဂိုဏ်းတူညီလေး ဝေရှင်းကတော့ ဟေးယွဲ့နန်းတော်ကို ရွေးချယ်ခဲ့ရုံတင်မကဘဲ "ရှင်ရင်လည်း ဟေးယွဲ့နန်းတော်က လူ၊ သေရင်လည်း ဟေးယွဲ့နန်းတော်က သရဲပဲ။" ဆိုတဲ့ သူရဲကောင်းဆန်တဲ့ စကားတွေကိုတောင် ကြွေးကြော်ခဲ့ပါသေးတယ်။
ပြီးတော့ သူက သေရင်သေပါစေ။ မဟာမိုးကောင်းကင် တောင်တန်းပေါ်ကနေပဲ ခုန်ချပါစေ။ ဟေးယွဲ့နန်းတော်ကနေ ဘယ်တော့မှ ထွက်မှာမဟုတ်ဘူးလို့ပါ ကြေညာခဲ့တာပါ။
ဒီလို သူရဲကောင်းဆန်တဲ့ စကားတွေကြောင့်ပဲ "ဝေရှင်းဆိုတာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် သူရဲကောင်း" ဆိုတဲ့ ဘွဲ့ထူးဟာ အချိန်တိုအတွင်းမှာတင် ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တာပါ။
ဆရာဘိုးဘိုးကနေစလို့ အပြင်စည်းတပည့်တွေအထိ လူတိုင်းက သူ့ကို အသိအမှတ်ပြုကြပါတယ်။
တကယ်တော့ ဝေရှင်းက အပြင်စည်းကနေ အတွင်းစည်းကို ရုတ်တရက်ကြီး ရာထူးတိုးသွားတာကို အစပိုင်းမှာ မကျေနပ်တဲ့ အပြင်စည်းတပည့်တွေ အများကြီး ရှိနေခဲ့တာပါ။ ဒါပေမဲ့ ဝေရှင်းက ဟေးယွဲ့နန်းတော်ထဲ ဝင်သွားတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘယ်သူကမှ ကန့်ကွက်ဖို့ မဝံ့ရဲကြတော့ပါဘူး။
ဘယ်သူကများ ဝေရှင်းကို မချီးကျူးဘဲ နေနိုင်ပါ့မလဲ။
"ဝေရှင်းဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် သူရဲကောင်းပါပဲ။"
ဘာလဲ။ မင်းက မကျေနပ်ဘူးလား။ ဒါဆိုရင်တော့ ဟေးယွဲ့နန်းတော်ကို သွားဖို့ လျှောက်လွှာတင်လိုက်လေ။ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ဆရာဘိုးဘိုးက အပြင်စည်းတပည့် တစ်သုတ်ကို အတွင်းစည်းကို ရာထူးတိုးပေးဖို့ ပြင်ဆင်နေတယ်လို့ ကြေညာခဲ့သေးတယ်။ အဲဒီတုန်းက အပြင်စည်းတစ်ခုလုံး ပျော်ရွှင်သံတွေနဲ့ ပြည့်နှက်နေခဲ့တာပေါ့။
ဒါပေမဲ့ အဲဒီရာထူးတိုးတာက ဟေးယွဲ့နန်းတော်ထဲ ဝင်ဖို့ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ အပြင်စည်းတပည့်တွေ အားလုံးက ချူချန်းကို တညီတညွတ်တည်း ထောက်ခံတင်မြှောက်လိုက်ကြပါတယ်။
ပြီးတော့ သူတို့က ဒီလို ပြောလိုက်ကြပါသေးတယ်။
"ဒီလို အခွင့်အရေးမျိုးနဲ့ ထိုက်တန်တာ ချူချန်းတစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်တို့လို လူတွေအတွက်ကတော့ ဒါနဲ့ လုံးဝ မထိုက်တန်ပါဘူး။ လုံးဝကို မထိုက်တန်တာပါ။"
***