ကြည့်ရှုနေသူအားလုံး အသက်ရှူမှားသွားကြသည်။ အားကြီးသူက အားနည်းသူကို နှိပ်ကွပ်မည့် မြင်ကွင်းမျိုး မြင်တွေ့ရတော့မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ဇာတ်လမ်းက ပို၍ပင် ပြင်းထန်လာ၏။
ယနေ့၏ ဇာတ်ဆောင်မှာ ယန်ဝေ သာ မဟုတ်ခဲ့လျှင် သူတို့ ဝမ်းသာအားရ လက်ခုပ်တီးမိကြပေမည်။
ယန်ဝေ၏ မျက်နှာပျက်သွားသည်။ သူသည် နောက်ဆုံးတွင် အကောင်းဆုံး ဆေးမီးဖိုခန္ဓာ တစ်ခုကို တွေ့ရှိခဲ့ပြီး သူမကို လဲ့ယန်ဂိုဏ်းသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားရန် ပြင်ဆင်နေပါသည်။
သို့သော် တစ်ယောက်ပြီးတစ်ယောက် သူ့ကို လာရောက်နှောင့်ယှက်နေကြ၏။ ယခုအခါ သူ့ဒေါသများ ပေါက်ကွဲလာပြီး စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။
ယနေ့ ဘယ်သူပဲပေါ်လာပေါ်လာ ထိုမိန်းမကို သူရအောင် ယူသွားမည်။
“စကားလုံးတော့ အကြီးကြီးပဲ။ ဘယ်သူကများ ငါ့ကို....”
သူသည် ပြောရင်းဆိုရင်း သေလမ်းရှာသူ ကြည့်ရန် လှည့်လိုက်စဉ် ငါ့ကိုဟူသော စကားမှာ လည်ချောင်းထဲ၌ တစ်ဆို့သွားတော့၏။
သူ့ ဒေါသများမှာ ချက်ချင်းဆိုသလို ငြိမ်းသတ်ခြင်းခံလိုက်ရပြီး တုန်လှုပ်မှုနှင့် အံ့အားသင့်မှုတို့ အစားထိုးဝင်ရောက်လာသည်။ သူသည် မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။
“ရှောင်... ရှောင်ချန်း မင်း ဒါ ဘာသဘောလဲ”
ရှောင်ချန်းဟူသော အမည်ကို ကြားလိုက်ရသည်နှင့် လူအုပ်ကြီးမှာ ငြိမ်ကျသွား၏။ သူတို့မျက်လုံးများ ပြူးကျယ်သွားကြပြီး အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။
ရှောင်ချန်းကို ကြည့်နေသည့် သူတို့အကြည့်များမှာ ဝေခွဲမရဖြစ်မှုနှင့် သတိထားမှုတို့ဖြင့် ပြည့်နှက်နေ၏။
ရှောင်ချန်းက နှာခေါင်းရှုံ့လိုက်သည်။
“မင်း ရိုက်ဖို့ပြင်နေတဲ့လူက ငါ့ရဲ့ ဂိုဏ်းတူညီလေးပဲ။ မင်းက ငါ့ကို ဘာသဘောလဲလို့ မေးနေသေးတာလား”
ထိုပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားတစ်ခွန်းမှာ ယန်ဝေ၏ မောက်မာမှုများကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်သည်။ သူသည် ယခင်ကကဲ့သို့ မောက်မာရဲတင်းခြင်း မရှိတော့ပေ။
“စီနီယာအစ်ကိုကြီး၊ ဆရာတူညီအစ်ကိုတို့ ကျေးဇူးတင်ပါတယ်”
ယဲ့ပေ့ရွှမ်သည် သူ့ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျသွားသလို ခံစားလိုက်ရပြီး ကျေးဇူးတင်ကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
သူသည် ယန်ဝေကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမှာ သူ့တွင် ဆရာဖြစ်သူထံမှ ရရှိထားသော ဓားကျောက်စိမ်း ရှိနေခြင်းကြောင့်သာမက သူ့ဆရာတူညီအစ်ကိုများလည်း ဤဖလှယ်ပွဲသို့ ရောက်ရှိနေသည်ကို သိထားသောကြောင့်ပေ။
တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် သူ ယဲ့ပေ့ရွှမ်အနေဖြင့် လဲ့ယန်ဂိုဏ်းကို ကြောက်ရွံ့စရာမလိုပေ။ ယန်ဝေကို ဤနေရာတွင် သတ်ပစ်လိုက်လျှင်ပင် ဘိုင်ယွင်မြို့ မှ ဘေးကင်းကင်းဖြင့် ထွက်ခွာသွားနိုင်၏။
“အင်း”
ရှောင်ချန်းက တိုတိုတုတ်တုတ်သာ ပြန်ထူးလိုက်ပြီး အေးစက်ကာ ဩဇာညောင်းသော လေသံဖြင့် ယန်ဝေကို ငုံ့ကြည့်လိုက်သည်။
“မင်း ရိုးရိုးပဲ တွားသွားပြီး ထွက်သွားမှာလား၊ ဒါမှမဟုတ် ငါကပဲ မင်းကို လွင့်ထွက်သွားအောင် လုပ်ပေးရမလား”
အရှက်ခွဲလိုက်ခြင်းပေ။
ယန်ဝေ၏ မျက်နှာမှာ ပို၍ပင် အကျည်းတန်သွား၏။ သူသည် ဘေးနားရှိ အမျိုးသမီးကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
အကယ်၍ သူသည် ထိုအမျိုးသမီးကို ကိုယ်လုပ်တော်အဖြစ် ရရှိခဲ့ပါက ငါးနှစ်အတွင်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ သေချာပေါက် ရောက်ရှိသွားမည်ဖြစ်ပြီး လဲ့ယန်ဆန္ဒကိုလည်း ကျွမ်းကျင်သွားနိုင်ပေသည်။
ဤကဲ့သို့ ရှားပါးလှသော ဆေးမီးဖိုခန္ဓာ ကို လက်လွတ်လိုက်ရပါက သူ့တိုးတက်မှုနှုန်းမှာ (၁၀) နှစ် သို့မဟုတ် ထို့ထက်မက နှေးကွေးသွားပေလိမ့်မည်။
ဆိုရိုးစကားကဲ့သို့ပင်။
‘လူသည် စည်းစိမ်အတွက် သေရဲပြီး ငှက်သည် အစာအတွက် သေရဲ၏’
ထို့အပြင် သူသည် ပြင်ဆင်မှုမရှိဘဲ လာခဲ့ခြင်းမဟုတ်။ ရှောင်ချန်းက အစွမ်းထက်သော်လည်း ယန်ဝေ့တွင်လည်း ကိုယ်ပိုင်ကျောထောက်နောက်ခံ ရှိပါ၏။
သူ၏ ဘိုးဘေးကြီးသည် ယဲ့မိသားစုနေအိမ်သို့ ရောက်ရှိနေပြီး ရှောင်ချန်း၏ ဆရာ သူတော်စင်တစ်ပိုင်းချူမှာ ဝမ်တောက်ကျောင်းတော် တွင်သာ ရှိနေသေးသည်။
သူ့ ဘိုးဘေးကြီးက ရှောင်ချန်းကို တိုက်ခိုက်လျှင် သူသည် ဘိုင်ယွင်မြို့မှ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်၏။
လက်စားချေခြင်းကို ကြောက်နေစရာ မလိုပေ။
ဝမ်တောက်ကျောင်းတော်က ဤကိစ္စကို မေးမြန်းလာမည်ဆိုလျှင်လည်း သူ ဂရုမစိုက်ပါ။ လဲ့ယန်ဂိုဏ်း၏ နောက်ကွယ်တွင် ဝမ်တောက်ကျောင်းတော်၏ ကာလရှည်ပြိုင်ဘက်ဖြစ်သော တာ့ယန်မြင့်မြတ်နယ်မြေ ရှိနေ၏။
ထိပ်တိုက်ရင်ဆိုင်လာရလျှင် တာ့ယန်မြင့်မြတ်နယ်မြေက သူတို့ကို ကာကွယ်ပေးလိမ့်မည်။
“ဟမ့်”
ယန်ဝေ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ရှောင်ချန်း၊ တခြားသူတွေက မင်းကို ကြောက်ချင်ကြောက်မယ်၊ ဒါပေမဲ့ ငါ ယန်ဝေကတော့ မကြောက်ဘူး။ ငါ အစက ယဲ့မိသားစု မျက်နှာထောက်နေတာ။ ဒါပေမဲ့ မင်းက ငါ့ကို အထပ်ထပ်အခါခါ အရှက်ခွဲနေတယ်။ ဒီလိုဖြစ်လာမှတော့ ဒီနေ့ ဘာပဲဖြစ်ဖြစ် အဲဒီမိန်းမကို အတူ ခေါ်သွားရမယ်”
ရှောင်ချန်း မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“မင်း ငါ့ကို ရန်စရဲအောင် ဘယ်သူက သတ္တိပေးထားလဲဆိုတာ မသိပေမဲ့၊ ဇွတ်အတင်းဖြစ်နေမှတော့ လုပ်လေ။ မင်းရဲ့ နောက်ဆုံးလက်နက်ကို ထုတ်ပြလိုက်။ ဒါမှ ရှုံးသွားတဲ့အခါ မတရားဘူးလို့ မခံစားရမှာ”
လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွား၏။ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ပါရမီရှင်ရှောင်သည် ယန်ဝေကို ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူရုံတင်မကဘဲ သူ၏ စိတ်ဓာတ်ကိုပါ နင်းခြေပစ်တော့ပုံပင်။
ယဲ့ပေ့ရွှမ်က ရှောင်ချန်းကို အထင်ကြီးလေးစားစွာ ကြည့်လိုက်သည်။
‘ဒါ... ဒါကမှ သူတို့ရဲ့ နည်းဗျူဟာကို သူတို့ဆီ ပြန်လှည့်တဲ့ နည်းအစစ်ပဲ။ တစ်နေ့ကျရင် ငါလည်း စီနီယာအစ်ကိုကြီးလို ဖြစ်လာစေရမယ်’
ယန်ဝေ၏ မျက်နှာမှာ နီမြန်းလာသည်။ ရှောင်ချန်း၏ စကားလုံးများမှာ သူ့ပါးကို ရိုက်လိုက်သော လက်ဝါးရိုက်ချက်များအလားပေ။
“မင်းကိုယ်တိုင် ငါ့ကို ဖိအားပေးတာနော်”
သူ ပြောပြီးသည်နှင့် သိုလှောင်လက်စွပ်မှ အလင်းတစ်ခု လက်သွားသည်။ ကြေးညိုရောင် ရှေးဟောင်းခေါင်းလောင်းတစ်ခုမှာ လေထဲသို့ ပျံတက်လာ၏။
ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင် နေမင်းကိုးစင်းကို ထွင်းထုထားပြီး တစ်စင်းချင်းစီမှာ အစစ်အမှန်အဖြစ် တောက်လောင်လာတော့မည့်အလား အသက်ဝင်လှသည်။
ထိုရှေးဟောင်းခေါင်းလောင်း ပေါ်လာသည်နှင့် တောက်လောင်နေသော နေမင်းကြီးအလား ပတ်ဝန်းကျင်မှ လေထုမှာလည်း ပူပြင်းလာကာ အနီးနားရှိ ကြည့်ရှုသူများမှာ ချွေးဒီးဒီးကျလာပါတော့သည်။
လူအုပ်ထဲမှ ဗဟုသုတရှိသူအချို့က ၎င်းကို မှတ်မိသွားပြီး ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။
“ဒါက ကျို့ယန်ရှေးဟောင်းခေါင်းလောင်းပဲ၊ ကျို့ယန်မဟာသူတော်စင်ရဲ့ သူတော်စင်တစ်ပိုင်းအဆင့် လက်နက်ပဲ”
“သတင်းတွေအရဆို ယန်ဝေက ကျို့ယန်မဟာသူတော်စင်ရဲ့ အချစ်ဆုံးမြေးလို့ ကြားဖူးတယ်။ မဟာသူတော်စင်က သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ ဒီသူတော်စင်တစ်ပိုင်းအဆင့်လက်နက်ကို သူ့ဆီ တကယ်ပေးလာလိမ့်မယ်လို့ မထင်ထားဘူး”
“မအံ့ဩတော့ပါဘူး၊ ဒါကြောင့်လည်း သူက ရှောင်ချန်းကို စိန်ခေါ်ရဲတာကိုး။ ကျို့ယန်ရှေးဟောင်းခေါင်းလောင်းက သူတော်စင်တစ်ပိုင်းရဲ့ စွမ်းအားပါဝင်တယ်”
ရှောင်ချန်းက ခေါင်းလောင်းကို ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“ဒါပဲလား။ ငါ တကယ် စိတ်ပျက်မိသွားပြီ”
ယန်ဝေ၏ မျက်နှာသည် ပို၍ မည်းမှောင်လာ၏။
“သိပ်ပြီး မောက်မာမနေနဲ့ ရှောင်ချန်း။ ဒီကျို့ယန်ရှေးဟောင်းခေါင်းလောင်းနဲ့ဆိုရင် ငါ့ဘိုးဘေးရဲ့ စွမ်းအားကို ငှားသုံးလို့ရတယ်။ မင်းက သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတောင် မဟုတ်သေးဘူး။ အဲဒီအဆင့်ဖြစ်နေရင်တောင် သူ့ရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်ဘူး။ ဒီနေ့ မင်းရဲ့ ပြိုင်ဘက်ကင်းဆိုတဲ့ ဂုဏ်သတင်းကို ငါ ရိုက်ချိုးပစ်မယ်”
ရှောင်ချန်းက ပြုံးလိုက်သည်။
“ကောင်းပြီလေ။ ငါ မင်းကို အဲဒီအခွင့်အရေး ပေးမယ်။ မင်းရဲ့တိုက်ကွက်ကို စလိုက်တော့”
လူတိုင်း ကြောင်အသွားကြသည်။
ယန်ဝေသည် အလွန်အမင်း မောက်မာလွန်း၍ သူ၏ နောက်ဆုံးလက်နက်ကို အကုန်ထုတ်ပြနေသည်။ သို့သော် ရှောင်ချန်းက သူ့ကို တားဆီးရန် အခွင့်အရေးကို အသုံးမချဘဲ နေရာတွင် ရပ်ပြီး စောင့်နေသည်။
ယဲ့ပေ့ရွှမ်နှင့် ဝမ်တောက်ကျောင်းတော်မှ အခြားတပည့်များသာလျှင် မျောက်ပွဲကို ကြည့်နေရသကဲ့သို့ ရယ်ချင်ပတ်ကျိဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
“ငါ့ရဲ့ သွေးအဆီအနှစ်နဲ့ ဆင့်ခေါ်တယ်”
ယန်ဝေသည် အော်ဟစ်လိုက်ရင်း လက်ကောက်ဝတ်ကို လှီးဖြတ်ကာ သူ့သွေးအဆီအနှစ်ကို ရှေးဟောင်းခေါင်းလောင်းပေါ်တွင် သုတ်လိမ်းလိုက်ပြီး မန္တန်များကို ရွတ်ဆိုလိုက်သည်။
ခေါင်းလောင်းပေါ်ရှိ နေမင်းကိုးစင်းမှာ ပျံထွက်လာပြီး ယဲ့မိသားစုနေအိမ်၏ ကောင်းကင်ယံတွင် နေရာယူလိုက်ကြ၏။
နေမင်းကိုးစင်း ထွက်ပေါ်လာသည်ကို မြင်သောအခါ ယန်ဝေ၏ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် လင်းလက်လာသည်။
‘ငါ ယန်ဝေ တစ်နေ့မှာ ကျော်ကြားလာလိမ့်မယ်လို့ မထင်ထားဘူး။ ရှောင်ချန်းကို အနိုင်ယူပြီးရင် ငါက ရွှမ်ထျန်တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်လာလိမ့်မယ်။ ငါ့ဦးလေးနေရာကို အစားထိုးပြီး လဲ့ယန်ဂိုဏ်းရော တာယန့်မြင့်မြတ်နယ်မြေကိုပါ ဦးဆောင်နိုင်တဲ့သူ ဖြစ်လာလိမ့်မယ်ကွ’
ရှုံးနိမ့်သွားဖို့ဆိုသည်လား။ ထိုအတွေးသည် သူ့ခေါင်းထဲတွင် မရှိပေ။ ကျို့ယန်ရှေးဟောင်းခေါင်းလောင်း ရှိနေ၍ သူ မရှုံးနိုင်ပေ။
နေမင်းကိုးစင်း ထွက်ပေါ်လာသည်နှင့် စည်ကားသိုက်မြိုက်နေသော ယဲ့မိသားစုရင်ပြင်မှာ ရုတ်တရက် တိတ်ဆိတ်သွား၏။
လူတိုင်း၏ မျက်လုံးများမှာ နေမင်းများ၏ အံ့ဖွယ်မြင်ကွင်းကို ကြည့်ရန် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
အဖိုးတန်ရတနာခန်းမဆောင်တွင်၊
ချောင်ရို့ချန် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ယဲ့လင်းခွန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“သခင်လေးခွန်း၊ ခင်ဗျားတို့ ယဲ့မိသားစုက တကယ့်ကို ပွဲစည်အောင် လုပ်တတ်တာပဲ။ အရှိန်အဝါကောင်းအောင် နေမင်းကိုးစင်းတောင် ဖန်တီးထားတယ်ပေါ့”
ယဲ့လင်ခွန်းသည် ခေါင်းခါလိုက်သည်။ “သခင်လေးချန်း၊ ဒါ ကျွန်တော်တို့ ရဲ့မိသားစုက လုပ်တာ မဟုတ်ဘူး။ ဖြစ်နိုင်တာ တစ်ယောက်ယောက်က အဆင့်မြင့် ဝိညာဉ်လက်နက်နဲ့ တိုက်ခိုက်နေတာ ဖြစ်ရမယ်”
ယဲ့မိသားစု၏ အကြီးအကဲကိုးက ကြားဖြတ်ပြောလိုက်သည်။
“အဆင့်မြင့်လက်နက်တင်မဟုတ်ဘူး။ အဲဒီနေမင်းကိုးစင်းမှာ စစ်မှန်တဲ့ တာအိုအနှစ်သာရ တွေ ပါဝင်နေတယ်။ ဒါက သူတော်စင်တစ်ပိုင်းလက်နက် ဖြစ်ရမယ်။ လဲ့ယန်ဂိုဏ်းရဲ့ ကျို့ယန်ရှေးဟောင်းခေါင်းလောင်း ထင်တယ်”
ချောင်ရို့ချန်၏ မျက်နှာမှာ စိတ်လှုပ်ရှားစွာဖြင့် ဝင်းလက်လာသည်။
“ဒါဆို ပွဲကြည့်ရတော့မှာပေါ့”
ယဲ့မိသားစုအကြီးအကဲကိုး “...”
ယဲ့လင်ခွန်း “...”
ချူဖုန်း က ရယ်မောလိုက်သည်။ “အချိန်ကိုက်ပဲ။ သွားကြည့်ကြစို့။ ပွဲကြီးပွဲကောင်းတစ်ခုကို မတွေ့ရတာ ကြာပြီ”
ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ပျောက်ကွယ်သွားတော့၏။
အခြားအကြီးအကဲများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ ချူဖုန်းတို့ ရောက်ရှိသွားသောအခါ ရှောင်ချန်းသည် မရင်းနှီးသော လူငယ်တစ်ဦးနှင့် ရင်ဆိုင်နေရသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။
ချောင်ရို့ချန်က တီးတိုစ ရေရွတ်လိုက်၏။
“ဆရာ... ကျွန်တော်တို့က... ကိုယ်နဲ့ ပတ်သက်နေတဲ့ ပွဲကို ကိုယ်ပြန်ကြည့်နေရတာလား”
ချူဖုန်းက ခေါင်းငြိမ့်ပြလိုက်သည်။ “အတိအကျပဲ။ အိမ်မီးလောင်တယ်ဆိုလို့ ပြေးကြည့်မိမှ ကိုယ့်အိမ်ကိုယ် ပြန်မြင်လိုက်ရသလိုမျိုးပေါ့။း”
ထိုသို့ ပြောဆိုနေကြသော်လည်း ဆရာရော တပည့်ပါ ဝင်ရောက်စွက်ဖက်မည့် အရိပ်အယောင် မရှိကြပေ။
ရှောင်ချန်းသည် သူတော်စင်တစ်ပိုင်းအဆင့် ဖိအားများကို ထုတ်လွှတ်နေသည့် နေမင်းကိုးစင်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ဒါ မင်းရဲ့ နောက်ဆုံးလက်နက်လား။ ထည့်ပြောနေဖို့တောင် မတန်ဘူး”
ထိုစကားများအဆုံးတွင် လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ လူတိုင်း၏ အကြည့်များမှာ ရှောင်ချန်းနှင့် ယန်ဝေကြားတွင် ကူးလူးပျံနှံ့နေတော့သည်။
***