“ရှောင်ချန်း၊ မင်းရဲ့ မာနကြီးတဲ့အမူအရာကို ဒီနေ့ ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
ယခုအချိန်မှာတော့ ယန်ဝေသည် အမြီးနင်းခံလိုက်ရသည့် ယုန်တစ်ကောင်လို ဖြစ်နေပြီး သူ့မျက်လုံးအစုံမှာလည်း ဒေါသကြောင့် သွေးများဖြင့် ဖုံးလွှမ်းနေတော့သည်။
“နေမင်းကိုးပါး ပျက်သုဉ်းခြင်း”
သူ့အသံဆုံးသည်နှင့် ကောင်းကင်ယံရှိ နေမင်းကိုးစင်းသည် ရုတ်တရက် အောက်သို့ ဆင်းသက်လာတော့သည်။ ၎င်းတို့၏ အရှိန်မှာ မမြန်သော်လည်း ရှောင်ချန်းအတွက်မူ မည်သည့်နေရာသို့မျှ ပြေးမလွတ်နိုင်သည့်အလား ခံစားလိုက်ရ၏။
ရှောင်ချန်းကို တောက်လျှောက် တိတ်တဆိတ် ကာကွယ်ပေးနေခဲ့သော မြို့စားရီရှန်းသည် ကျောင်းအုပ်ကြီးဆီမှ လက်ဆောင်ရရှိထားသည့် မြင့်မြတ်လက်နက်ကို ထုတ်ယူကာ ဝင်ရောက်စွက်ဖက်ရန် ပြင်လိုက်စဉ် လက်ဖဝါးတစ်ဖက်က သူ့ပခုံးကို ဖိချလာ၏။
ခဏချင်းမှာပင် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။မြို့စားရီရှန်း လှည့်ကြည့်လိုက်သောအခါ ရင်းနှီးသော မျက်နှာတစ်ခုက ပြုံးလျက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းနေသည်ကို မြင်လိုက်ရ၏။
“ချူ...”
“ကြည့်ရုံပဲ ကြည့်နေစမ်းပါ”
ချူဖုန်းက သူ့စကားကို ဖြတ်ပြောလိုက်ပြီး ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာနေသော နေမင်းကိုးစင်းကို ပြုံးလျက်ပင် စိုက်ကြည့်နေ၏။
သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
၎င်းကို မြင်လိုက်ရသည့်အခါ မြို့စားရီရှန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ စိတ်အေးသွားတော့၏။
‘ဌာနမှူးချူ ဒီမှာရှိနေမှတော့ ဘာမှပူစရာ မလိုတော့ဘူး’
ယန်ဝေက အားရပါးရ ရယ်မောလိုက်ပြီး အော်ဟစ်တော့သည်။
“ဟားဟားဟား... ရှောင်ချန်း၊ မင်း အခု နောင်တရနေပြီလား။ ငါ့ရဲ့ ကျို့ယန်ခေါင်းလောင်းထဲမှာ ဘိုးဘေးရဲ့ တာအိုအနှစ်သာရတွေပါတယ်။ နေရောင်ခြည် ရှိနေသရွေ့ မင်းအတွက် ပုန်းစရာ နေရာရှိမှာ မဟုတ်ဘူး”
“ငါ နောင်တရတယ်လို့ ဘယ်သူပြောလဲ”
ရှောင်ချန်းသည် တည်ငြိမ်အေးဆေးစွာပင် ရှိနေ၏။ သူ၏ နက်ရှိုင်းပြီး တုန်လှုပ်မှုကင်းသော မျက်လုံးအစုံမှာ လောကကြီးကို ထိုးထွင်းသိမြင်ထားသည့်အလားပင်။
သူ့လက်ထဲတွင် ဓားကျောက်စိမ်းတစ်ခုကို ကိုင်ဆောင်ထားပြီး စကားတစ်ခွန်းကို ညင်သာစွာ ဆိုလိုက်၏။
“ဖြတ်တောက်စေ”
ချွမ်၊
ဓားကျောက်စိမ်းဆီမှ ဓားချီများ အရှိန်အဟုန်ဖြင့် ပွင့်ထွက်လာပြီး ဓားတစ်လက်အသွင် ပြောင်းလဲကာ နေမင်းကိုးစင်းဆီကို ခုတ်ပိုင်းလိုက်သည်။
ဘုန်း၊
မိုးခြိမ်းသံအလား ကျယ်လောက်သည့် ပေါက်ကွဲသံကြီးနှင့်အတူ နေမင်းကိုးစင်းမှာ တစ်ခဏချင်းအတွင်း ပျက်စီးသွားတော့၏။
ကျန်ရှိနေသော ဓားချီများသည် ရှေးဟောင်းခေါင်းလောင်းကြီးကို ရိုက်ခတ်သွားတော့သည်။ ကျယ်လောင်သည့် ခေါင်းလောင်းသံကြီးနှင့်အတူ ယန်ဝေ့ရှေ့သို့ ပြုတ်ကျလာတော့သည်။
ယန်ဝေသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။ သူ့ဒူးနှစ်ဖက်မှာ ညွတ်ကျသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။
“မင်း ရှုံးပြီ”
ရှောင်ချန်း ထိုစကားသုံးခွန်းကို သာမန်စကားတစ်ခုအလား ပြောလိုက်သည်။ ခုနကဖြစ်ပျက်သွားသည့်အရာမှာ အသေးအဖွဲကိစ္စတစ်ခုထက် မပိုသည့်အလား။
“မင်း... ဖူး...”
ယန်ဝေသည် ဒေါသအလွန်အမင်း ထွက်သွားကာ ထိုနေရာမှာပင် မေ့လဲသွားတော့၏။
ရှိနေကြသူများမှာ ဆွံ့အ မှင်တက်သွားကြပြီး မျက်လုံးအပြူးသား ပါးစပ်ဟောင်းသား ဖြစ်သွားသည်။
ချောင်ရို့ချန် တစ်ယောက်သာ အေးအေးလူလူပြောလိုက်သည်။ “စီနီယာအစ်ကိုကြီးဆိုတဲ့အတိုင်းပဲ။ လူအုပ်ကြီးကို စကားလုံးနည်းနည်းလောက်နဲ့ တုန်လှုပ်သွားစေတယ်။ ငါကတော့ လိုပါသေးတယ်”
ထိုအတောအတွင်း၊
ယဲ့မိသားစုနေအိမ်၏ သီးသန့်ဝင်းတစ်ခုအတွင်း၌။
အဖြူရောင်ဆံပင်များ၊ သွေးရောင်လွှမ်းသည့် မျက်နှာထားဖြင့် လူအိုကြီးနှစ်ဦးသည် လက်ဖက်ရည်သောက်ရင်း စစ်တုရင် ကစားနေကြ၏။
ရုတ်တရက်ဆိုသလို ရင်ဘတ်ပေါ်တွင် တောက်ပသော နေမင်းပုံစံ ပန်းထိုးထားသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသူမှာ တစ်ခဏချင်းအတွင်း မျက်နှာပျက်သွားတော့သည်။
“ဒုက္ခပဲ။ ငါ့မြေးလေး အန္တရာယ်ရှိနေပြီ။ ညီနောင်ယဲ့၊ ငါတို့ နောက်မှ ဆက်ဆွေးနွေးကြတာပေါ့။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက် သူသည် ဝင်းအတွင်းမှ ပျောက်ကွယ်သွားတော့၏။ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူ၊ ဘိုင်ယွင်မြို့မှ ဆံဖြူဘိုးဘေးမှာ တခဏမျှ မှင်သက်သွားပြီး သူပါ လိုက်ပါ ပျောက်ကွယ်သွားသည်။
“ဘယ်သူက ငါ့ရဲ့ မြေးလေးကို နာကျင်အောင် လုပ်တာလဲ”
ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ လူရိပ်ကို မမြင်ရသေးမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက ယဲ့မိသားစုနေအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
မေ့လဲနေသော ယန်ဝေသည် ထိုအသံကြောင့် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ကောင်းကင်ယံသို့ အသည်းအသန် အော်ဟစ်လိုက်သည်။
“ဘိုးဘေး၊ ကျွန်တော့်ကို ကယ်ပါဦး”
“ဟဲ့ကောင်၊ သေရာကနေ လန့်နိုးလာတာပဲ”
၎င်းကို မြင်လိုက်ရသော် ချောင်ရို့ချန်က စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်၏။ အခြားသော စပ်စုနေကြသူများလည်း ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။
ထိုစဉ် ယန်ဝေ၏ ခေါင်းပေါ်၌ နေမင်းကဲ့သို့ တောက်ပနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ရှိနေသူအားလုံးကို အေးစက်ကာ အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်လာ၏။
“ဘယ်သူမှ ဝန်မခံဘူးဆိုရင် မင်းတို့အားလုံး ငါ့မြေးလေးကို ဝိုင်းတိုက်ခိုက်ပြီး ဒဏ်ရာရအောင် လုပ်တယ်လို့သတ်မှတ်မယ်”
သူတော်စင်တစ်ပိုင်းယန်ကိုးပါး၏ လေသံမှာ ပုရွက်ဆိတ်အုပ်ကို ပြောနေသကဲ့သို့ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေ၏။
“ကျွန်တော်လုပ်တာပါ။ ဝမ်တောက်ကျောင်းတော်ရဲ့ ရှောင်ချန်း”
ရှောင်ချန်းသည် ပြောရင်းနှင့် ရှေ့သို့ လှမ်းတက်လာသည်။ သူ့အမူအရာမှာ တည်ငြိမ်နေပါ၏။
သူသည် လူတိုင်း၏ အကြည့်ကို မာနကြီးစွာ ခေါင်းမော့ကာ ရင်ဆိုင်လိုက်သည်။
“ကောင်းပြီ... ကောင်းတယ်... အရမ်းကောင်းတယ်။ မင်းက ဝမ်တောက်ကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်ပေါ့လေ။ မင်းက စီနီယာအဆင့်အတန်းကို အသုံးချပြီး မျိုးဆက်သစ်တွေကို နှိပ်စက်နေတာပေါ့။ ဒါဆိုရင် ဒီအဘိုးကြီးကလည်း အလားတူလုပ်တာကို အပြစ်မတင်နဲ့တော့”
အမှန်တရားကို မစုံစမ်းတော့ဘဲ ထိုသူတော်စင်တစ်ပိုင်းသည် ရှောင်ချန်းကို တိုက်ရိုက်ပင် အပြစ်တင်လိုက်တော့၏။
“နေပါဦး၊ တာအိုမိတ်ဆွေကျို့ယန်”
အိုမင်းနေသည့် အသံတစ်သံ ထွက်ပေါ်လာပြီး သူတော်စင်တစ်ပိုင်းကျို့ယန်၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
ထိုအခါမှ ကြည့်ရှုနေသူများမှာ သတိပြန်ဝင်လာကြပြီး အံ့အားသင့်သွားကြတော့သည်။
“သူတော်စင်တစ်ပိုင်းကျို့ယန်”
“သူတော်စင်တစ်ပိုင်းကျို့ယန်ကိုယ်တိုင် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ရှောင်ချန်းတော့ ဒုက္ခရောက်တော့မှာပဲ”
“မသေချာပါဘူး။ ဒါက ဘိုင်ယွင်မြို့ပဲလေ။ ယဲ့မျိုးနွယ်စုက ဝမ်တောက်ကျောင်းတော်ရဲ့ လက်အောက်ခံဆိုတော့ သူတို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”
“…”
သူတော်စင်တစ်ပိုင်းကျို့ယန်သည် အသံလာရာဘက်သို့ လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ညီနောင်ယဲ့၊ ဒီကိစ္စက မင်းတို့ ယဲ့မျိုးနွယ်စုနဲ့ မဆိုင်ဘူး။ ငါ့ကိစ္စကို ဝင်စွက်ဖက်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”
ယဲ့မျိုးနွယ်စု၏ ဘိုးဘေးက ပြန်လည်ဖြေကြားသည်။ “တာအိုရောင်းရင်ကျို့၊ ခင်ဗျားတို့နှစ်ယောက်ကြားက ကိစ္စက ကျွန်တော့်လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေပါတယ်။ ဒါပေမဲ့ ဒါက ယဲ့မျိုးနွယ်စုရဲ့ ပိုင်နက်ပါ။ ကျွန်တော့်ကို မျက်နှာထောက်ပြီး ဒီကိစ္စကို အခုလောလောဆယ်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဖလှယ်ပွဲ ပြီးဆုံးတဲ့အထိ စောင့်ပြီးမှ ခင်ဗျားတို့ရဲ့ နာကြည်းချက်တွေကို ဖြေရှင်းကြပါလား”
သူသည် ဘက်မလိုက်သည့်အလား ပြောဆိုနေသော်လည်း အမှန်စင်စစ် ရှောင်ချန်းကို ကာကွယ်ပေးနေခြင်းပေ။
သုံးရက်ဆိုသော အချိန်သည် ဝမ်တောက်ကျောင်းတော်မှ ပညာရှင်များ ဘိုင်ယွင်မြို့သို့ ရောက်ရှိလာရန် လုံလောက်သော အချိန်ပင်။
ယဲ့မျိုးနွယ်စုဘိုးဘေး၏ ရည်ရွယ်ချက်ကို သူတော်စင်တစ်ပိုင်းကျို့ယန်က အဘယ်သို့ မသိဘဲ နေမည်နည်း။ သူက အေးစက်စွာ ပြောသည်။
“အဲ့ဒီကောင်လေးကို လွှတ်ပေးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ငါ့မြေးလေးကို နာကျင်အောင် လုပ်ခဲ့တယ်။ သူက အသက်ကြီးတာကို အခွင့်ကောင်းယူပြီး ငယ်တဲ့သူကို အနိုင်ကျင့်တာ။ သူ ဒူးထောက်ပြီး မတောင်းပန်ဘူးဆိုရင်တော့ အတင်းအဓမ္မ ခေါ်သွားပြီး ဆုံးမရလိမ့်မယ်”
၎င်းကို ကြားလိုက်ရသော် ယဲ့မျိုးနွယ်စုဘိုးဘေး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကိစ္စကို ပြေလည်အောင် ညှိနှိုင်းပေးရန် ပြင်လိုက်စဉ်မှာပင် ရှောင်ချန်းကး ရှေ့သို့ လှမ်းတက်လာပြီး သူ့ကို အနည်းငယ် ဦးညွှတ်လိုက်၏။
“စီနီယာယဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်တို့နဲ့ လဲ့ယန်ဂိုဏ်း ကြားက ကိစ္စပါ။ စီနီယာ ဝင်စွက်ဖက်ဖို့ မလိုပါဘူး”
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်းက ရှောင်ချန်းကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ယဲ့မျိုးနွယ်စုဘိုးဘေးပင် သူ့အတွက် ဆက်လက်ပြီး ညှိနှိုင်းပေးရန် ခက်ခဲသွားတော့သည်။
သူတော်စင်တစ်ပိုင်းကျို့ယန်က ရယ်မောလိုက်သည်။
“ညီနောင်ယဲ့၊ ငါ မင်းကို မျက်နှာမထောက်ဘူးလို့ အပြစ်မတင်နဲ့နော်။ ဒီကလေးကပဲ စေတနာကို နားမလည်တာ။ ဟေ့ကောင်လေး... ငါ့စကားက အတည်ပဲ။ မင်းကို အသက်ရှူ သုံးကြိမ်စာ အချိန်ပေးမယ်။ မင်း ဒူးထောက်ပြီး အပြစ်ဝန်ခံမယ်ဆိုရင် ငါက မင်းလို ကလေးတစ်ယောက်ကို အဆင့်အတန်းနှိမ့်ပြီး ရန်မလုပ်ဘူး”
“အသက်ရှူ သုံးကြိမ်စာ အချိန်ပေးဖို့ မလိုပါဘူး။ ကျွန်တော် ရန်သူ့ကို ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး”
ရှောင်ချန်းက ပြတ်သားစွာ ပြောလိုက်သည်။
“ပြီးတော့... ခင်ဗျား ကျွန်တော့်ကို နာကျင်အောင် မလုပ်နိုင်ပါဘူး”
လူတိုင်း ရင်တုန်သွားကြသည်။ ဝမ်တောက်ကျောင်းတော်မှ ပြိုင်ဘက်ကင်းပါရမီရှင် ရှောင်ချန်းအကြောင်း သူတို့ကြားဖူးပြီးသားပင်။
ယခု လူကိုယ်တိုင် မြင်လိုက်ရတော့မှ သူ့ကျော်ကြားမှုနှင့် ထိုက်တန်ကြောင်း သိလိုက်ရတော့၏။
ဒီလို ယုံကြည်မှုမျိုးက... တကယ့်ကို ပြိုင်ဘက်ကင်းပဲ။
“ဟားဟားဟား...”
သူတော်စင်တစ်ပိုင်းကျို့ယန်သည် ရုတ်တရက် အားရပါးရ ရယ်မောလိုက်၏။ သူ့ရည်ရွယ်ချက်မှာ ရှောင်ချန်း၏ ပြိုင်ဘက်ကင်း တာအိုနှလုံးသား ကို ချိုးနှိမ်ပစ်ရန်ပင်။
ထိုသို့လုပ်နိုင်ပါက သူသည် တာ့ယန် မြင့်မြတ်နယ်မြေထံမှ ချီးမွမ်းမှုကို ရရှိပေလိမ့်မည်။။ ချူဖုန်း၏ တုံ့ပြန်မှုအတွက်ကိုတော့ သူ လုံးဝမစိုးရိမ်ပေ။
အဆိုးဆုံးဖြစ်လျှင် ပြန်ရောက်သည်နှင့် တံခါးပိတ်ကျင့်ကြံနေလိုက်ရုံပင်။ တစ်ဖက်လူက ဓားတစ်လက်တည်းနှင့် လဲ့ယန်ဂိုဏ်း၏ တံခါးဝကို လာရောက် တိုက်ခိုက်မှာ မဟုတ်တာတော့ သေချာ၏။
သူ မမျှော်လင့်ထားသည်မှာ ရှောင်ချန်းက သူ့ကို ဒုက္ခပေးရန် အကောင်းဆုံး ဆင်ခြေကို ကိုယ်တိုင်ပေးလိုက်ခြင်းပင်။
“မောက်မာလိုက်တဲ့ကောင်။ ဒါဆိုရင် ဒီနေ့ ငါမင်းကို နာကျင်အောင် လုပ်နိုင် မလုပ်နိုင် ကြည့်ရသေးတာပေါ့”
သူ့အသံ ဆုံးသည်နှင့် သူတော်စင်တစ်ပိုင်းကျို့ယန်၏ အငွေ့အသက်များသည် အထွတ်အထိပ်သို့ မြင့်တက်လာသည်။ သူ့နောက်ကွယ်တွင် သူ ပြီးပြည့်စုံခြင်းအဆင့်ဖိ တတ်မြောက်ထားသည့် လဲ့ယန်ဆန္ဒ၏ သရုပ်သဏ္ဍာန် နေမင်းကိုးစင်း ပေါ်ထွက်လာ၏။
နေမင်း တစ်စင်းချင်းစီတွင် တာအိုအနှစ်သာရများ ပါဝင်သည်။
၎င်းတို့အနက် တစ်စင်း ဆင်းသက်လာလျှင်ပင် ရှောင်ချန်းကို လုံးဝ ချေမှုန်းပစ်ရန် လုံလောက်ပေသည်။
အများစုမှာ ရှောင်ချန်း၏ ကံကြမ္မာအတွက် သနားသွားရသည်။
“ဒါ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ကျဆုံးရမဲ့ နေရာလား”
“တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေဒဏ်ကို အခံရဆုံးပဲ...”
ထိုသို့ သနားကရုဏာသက်နေကြသည့် အသံများကြားထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
“ခင်ဗျား တကယ်ပဲ သူ့ကို နာကျင်အောင် မလုပ်နိုင်ပါဘူး”
ထိုစကားများ ထွက်လာသည်နှင့် သူတော်စင်တစ်ပိုင်းကျို့ယန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဘယ်သူက ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို ပြောရဲတာလဲ”
***