ထိုအသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း လူတစ်ဦး၏ နားထဲသို့ တီးတိုးလေး ကပ်ပြောလိုက်သည့်အလား နူးညံ့ပါ၏။
လူတိုင်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ကျော့ရှင်းမှုနှင့် ရင်သပ်ရှုမောဖွယ် ခန့်ညားမှုတို့ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးသည် လက်ထဲမှ ခေါက်ယပ်တောင်ကို အပျင်းပြေ ခတ်ရင်း ရပ်နေ၏။
သူ၏ နောက်ပြောင်လိုသော အကြည့်တို့က သူတော်စင်တစ်ပိုင်းကျို့ယန် အပေါ် ဝေ့ဝဲသွားပုံမှာ ထိုသူ့ကို အရေးမထားကြောင်း ထင်ရှားလှသည်။
ဘေးလူများကို အံ့အားသင့်စေသည်မှာ ထိုလူငယ်၏ အပြုအမူတစ်ခုတည်းကြောင့်တင်မဟုတ်။ သူ့ဘေးတွင် ရပ်နေသူများကလည်း သူတော်စင်တစ်ပိုင်းကျို့ယန်ကို အထင်ကြီးလေးစားပုံ လုံးဝမပြကြခြင်းပင်။
‘သူ ဘယ်သူလဲ’
သူတော်စင်တစ်ပိုင်းကျို့ယန် အပါအဝင် လူအများမှာ နားမလည်နိုင်ဖြစ်သွားကြတော့၏။ ထိုလူသည် သူတို့ရှေ့တွင် ရပ်နေသော်လည်း မြူတစ်လွှာ အုပ်မိုးထားသည့်အလားပေ။
ပထမတစ်ချက် ကြည့်လိုက်လျှင် မကျင့်ကြံနိုင်သော သာမန်လူတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း ထိုအချက်ကပင် သူ့ကို ပို၍ ထူးခြားသွားစေသည်။
ရှောင်ချန်းတို့က စကားဆိုလိုက်သူမှာ အခြားသူမဟုတ်ဘဲ ချူဖုန်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့မျက်နှာပေါ်တွင် ဝမ်းသာမှုများ ဖြစ်တည်လာကြ၏။
သူတို့သည် ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
“တပည့်တို့ ဆရာ့ကို ဂါရဝပြုပါတယ်”
ချူဖုန်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရင်းဆိုသည်။ “နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ထိုစကားများ ထွက်လာသည်နှင့် လူအုပ်ကြီးမှာ လျှပ်စီးအပစ်ခံရသည့်အလား မှင်သက်သွားကြတော့၏။
ယဲ့မိသားစု ဘိုးဘေးမှာ ပထမဆုံး သတိပြန်ဝင်လာသူဖြစ်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။
“ဒီအဘိုးကြီးက ဌာနမှူးချူ ရောက်လာတာကို မသိလိုက်လို့ ကောင်းကောင်းမကြိုဆိုနိုင်ခဲ့ဘူး။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ချူဖုန်းကလည်း ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်သည်။
“အကြီးအကဲက မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော်က ပွဲကြည့်ရုံ သက်သက်လာတာပါ။ ယဲ့မိသားစုကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော့်ကို လျစ်လျူရှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုကဲ့သို့ တင့်တယ်ကျော့ရှင်းမှုများသည် သူတော်စင်တစ်ပိုင်း အချင်းချင်း ဖြစ်သော်လည်း ကွာခြားချက်မှာ အလွန်သိသာလှ၏။
လူအုပ်ကြီးသည် ချူဖုန်းကို လေးစားစွာ ကြည့်လာသည်။
သူတော်စင်တစ်ပိုင်းကျို့ယန်ကို ကဲ့ရဲ့ကြတော့သည်။
“ ချူဖုန်းကို ကြည့်လိုက်စမ်း ဒါမှ တကယ့် သူတော်စင်တစ်ပိုင်း အစစ်အမှန် ဖြစ်သင့်တဲ့ပုံစံ။ မင်းရဲ့ အော်ဟစ်ကြိမ်းမောင်းနေပုံက လောကကြီးကို မမြင်ဖူးတဲ့ တောသားတစ်ယောက်လိုပဲ ‘
‘မင်းက လဲ့ယန်ဂိုဏ်းအတွက် အရှက်ရစရာပဲ’
ချူဖုန်းကို မှတ်မိသွားသည်နှင့် သူတော်စင်တစ်ပိုင်းကျို့ယန်သည် မျက်နှာပျက်သွားတော့သည်။
သူတော်စင်တစ်ပိုင်းချူ၏ ကျော်ကြားမှုမှာ လူတိုင်းသိပြီးသားပင်။ မည်သို့ပင်ဆိုစေကာမူ ထိုသည် တာ့ယန်မြင့်မြတ်နယ်မြေမှ သူတော်စင်တစ်ပိုင်းတစ်ဦးကို ဓားတစ်ချက်တည်းနှင့် ခေါင်းဖြတ်သတ်ခဲ့သူပေ။
ဝါရင့်သူတော်စင်တစ်ပိုင်းအဆင့်များပင်လျှင် သူ့ကို ရန်စရန် တွန့်ဆုတ်ကြသည်။ အကြောင်းမှာ သူ့ခွန်အား မည်မျှနက်ရှိုင်းသည်ကို မသိကြသောကြောင့်ပင်။
ယန်ဝေမှာလည်း ရုတ်တရက် ရင်ဘတ်ကို ဖိကာ မေ့လဲချင်ယောင်ဆောင်ပြီး ပြန်လဲကျသွားတော့သည်။
ယဲ့မိသားစုဘိုးဘေးသည် ကျို့ယန်၏တုံ့ပြန်မှုကို သတိပြုမိသော်လည်း မီးလောင်ရာ လေပင့်ခြင်း မပြုပေ။ ထိုအစား သူ ချူဖုန်းကို ပြုံးပြလိုက်သည်။
“သူတော်စင်တစ်ပိုင်းချူ၊ ကျွန်တော်တို့အားလုံးက ဂုဏ်သိက္ခာရှိတဲ့သူတွေပါ။ လူငယ်တွေရှေ့မှာ ရန်ဖြစ်နေတာက သိက္ခာကျစရာ ဖြစ်လိမ့်မယ်။ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရင် မကောင်းဘူးလား”
“အကြီးအကဲယဲ့ စကားက မှန်ပါတယ်”
ချူဖုန်း အသာအယာ ရယ်မောရင်း ပြန်ပြောသည်။
“ခင်ဗျားတို့ ပိုင်နက်ထဲမှာ လူသတ်တာက ကျွန်တော်တို့ ဝမ်တောက်ကျောင်းတော်ရဲ့ သိက္ခာကိုလည်း ကျဆင်းစေတယ်။ ဒီလိုကိစ္စမျိုး ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး”
ယဲ့မိသားစု ဘိုးဘေးနှင့် သူတော်စင်တစ်ပိုင်းကျို့ယန်တို့ နှစ်ဦးစလုံး စိတ်ထဲတွင် သက်ပြင်းချလိုက်မိကြ၏။
ဤလူမှာ လုံးဝ အကျိုးအကြောင်းမသင့်သူတော့ မဟုတ်ပေ။
သို့သော်လည်း ချူဖုန်း၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကျို့ယန်ကို စိုက်ကြည့်လိုက်သည်။
“အဘိုးကြီး... မြို့ပြင်မှာ ကျုပ်နဲ့ တစ်ဦးချင်း ယှဉ်ပြိုင်ရဲလား”
ကျို့ယန်၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။ သူ မာနကို လျှော့ချကာ လျော်ကြေးပေးပြီး တောင်းပန်ရန် အသင့်ပြင်ထားသော်လည်း ထိုသူက ကိစ္စကို ဤအဆင့်ထိ ရောက်အောင် တွန်းပို့လိမ့်မည်ဟု မထင်ထားပေ။
အကယ်၍ သူသာ ငြင်းပယ်လိုက်ပါက သူတော်စင်တစ်ပိုင်းအဆင့်များကြားတွင် လှောင်ပြောင်စရာ ဖြစ်သွားပေလိမ့်မည်။
“လူငယ်လေး၊ မင်းက တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့ ဒီအဘိုးကြီးက မင်းကို ကြောက်နေတယ်လို့ ထင်နေတာလား”
“ရှေ့က ကြွပါ”
ချူဖုန်းက ယဉ်ကျေးစွာ လက်ပြလိုက်၏။
“ဟမ့်”
ကျို့ယန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘိုင်ယွင်မြို့ပြင်ရှိ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ချူဖုန်းက ခြေတစ်လှမ်းလှမ်းလိုက်ပြီး နောက်က လိုက်သွား၏။ ယဲ့မိသားစု ဘိုးဘေးကလည်း သူတို့နောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။
အသက်ရှူချိန် အနည်းငယ်အကြာတွင် ကျန်ရှိနေသော ကျင့်ကြံသူများမှာ ကြောင်တောင်တောင် ဖြစ်နေရာမှ သတိဝင်လာပြီး မြို့ပြင်သို့ အလုအယက် ပြေးထွက်သွားကြ၏။
“နေမင်းကိုးစင်း ကောင်းကင်ယံကို လင်းစေ”
“ဓားတစ်သောင်းတို့အပြန်”
သူတို့ တိုက်ပွဲနေရာသို့ မရောက်ခင် လူအုပ်ကြီးသည် သောင်းနှင့်ချီသော ဓားအလင်းတန်းများ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ကောင်းကင်မှ နေမင်းကိုးစင်းကို ထိုးဖောက်ပြီး သူတော်စင်တစ်ပိုင်းကျို့ယန် ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။
သူတို့ ရောက်ရှိသွားချိန်တွင် ဒဏ်ရာများဖြင့် ဖရိုဖရဲ ဖြစ်နေသော ကျိုယန်သည် မြေပြင်ပေါ်တွင် ပုံလျက်သား ထိုင်နေပြီး မျက်နှာမှာလည်း အသက်မဲ့နေသည်။
ဌာနမှူးချူက အနီးအနားတွင် တည်ငြိမ်စွာ ရပ်နေပြီး ပြတ်တောက်နေသော လက်မောင်းတစ်ဖက်ကို ကိုင်ထားသည်။ သူက ထိုလက်မောင်းကို ကျို့ယန်ရှေ့သို့ ပစ်ချပေးလိုက်ပြီး ပြောလိုက်၏။
“ကျုပ်က အမြဲတမ်း စကားတည်တယ်။ ခင်ဗျားကို မသတ်ဘူးလို့ ပြောရင် မသတ်ဘူး။ ဒီလက်မောင်းက ခင်ဗျားအတွက် အပြစ်ဒဏ်ပဲ။ လက်ခံလား”
ကျို့ယန်သည် မိမိ၏ ပြတ်တောက်သွားသော လက်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဌာနမှူးချူရဲ့ ဓားပညာက ပြိုင်ဘက်ကင်းပါပဲ။ ဒီအဘိုးကြီး အရှုံးပေးပါတယ်”
“နောက်တစ်ခါဆို ပိုသတိထားပေါ့”
ထိုနောက်ဆုံးစကားနှင့်အတူ ချူဖုန်းသည် လှည့်ထွက်သွားပြီး စိတ်ဓာတ်ကျကာ မျက်နှာပြာနှမ်းနေသော ကျို့ယန်ကို ချန်ရစ်ထားခဲ့သည်။
လူအုပ်ကြီးသည် ချူဖုန်းက သူတော်စင်တစ်ပိုင်းကျို့ယန်ကို အားစိုက်ထုတ်စရာမလိုဘဲ အနိုင်ယူလိုက်သည်ကို ကြည့်ရင်း သူတို့အကြည့်များတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
သူတို့သည် စိတ်လှုပ်ရှားစရာ တိုက်ပွဲတစ်ခုကို မျှော်လင့်ထားခဲ့ကြသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
“တပည့်ကို ကူညီပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်”
ရှောင်ချန်းက ချူဖုန်းကို အလေးအနက် ဦးညွှတ်လိုက်သည်။
ချူဖုန်းက သူ့ကို ထူပေးလိုက်၏။ “ကျေးဇူးတင်စရာ မလိုဘူး။ ငါ ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို နာကျင်အောင် မလုပ်နိုင်ဘူး”
ရှောင်ချန်းက သူ့ဆရာကို ကျေးဇူးတင်စွာဖြင့် ကြည့်ရင်း စိတ်ထဲမှ ရေရွတ်မိ၏။
‘ဆရာ့ရဲ့ အရှိန်အဝါက တကယ့်ကို ပြိုင်ဘက်ကင်းပဲ၊ ကျွန်တော်က ဆရာ့ရဲ့ တောက်ပမှုကို အစအနလေးတောင် မမီပါလား’
သူတို့ စကားပြောဆိုရင်း ယဲ့မိသားစုဆီသို့ ပြန်သွားကြပြီး ဖလှယ်ပွဲတော်ကို ဆက်လက် ဆင်နွှဲကြသည်။
သို့သော် ယဲ့မိသားစု ဘိုးဘေးမှာမူ သူတို့နှင့်အတူ ပြန်မလိုက်ခဲ့ပေ။ ထိုအစား သူက သူတော်စင်တစ်ပိုင်းကျို့ယန်၏ ဘေးသို့ ဆင်းသက်လိုက်၏။
“တာအိုရောင်းရင်း ကျို့ယန်၊ ကျုပ်အိမ်မှာ အရင်ဆုံး ဒဏ်ရာ ကုသပါဦး။ ကျုပ်တို့ရဲ့ အရောင်းအဝယ်ကို ရက်နည်းနည်းလောက် ရွှေ့ဆိုင်းထားလို့ ရပါတယ်”
သူတော်စင်တစ်ပိုင်းကျို့ယန်မှာ ထိုစကားကြောင့် စိတ်လှုပ်ရှားသွားပြီး ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
“ညီနောင်ယဲ့ရှေ့မှာ အရှက်ရမိပါပြီ။ ဒီကိစ္စက ကျွန်တော့်ရဲ့ မောက်မာမှုကြောင့် ဖြစ်ရတာပါ။ ကျုပ် ပြန်ပြီး ဒဏ်ရာကုသနိုင်အောင် အရောင်းအဝယ်ကို အမြန်ဆုံး အဆုံးသတ်ကြတာပေါ့”
သူသည် ဘိုင်ယွင်မြို့တွင် တစ်စက္ကန့်မှ ဆက်မနေချင်တော့ပေ။ အရှက်ရခြင်းကြောင့်သာမက ချူဖုန်း စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့သောကြောင့်လည်းပါ၏။
ထိုဓားတစ်ချက်မှာ သူ့လက်မောင်းကိုသာ ဖြတ်တောက်သွားသည့်အပြင် တာအိုနှလုံးသားကိုပါ ရိုက်ချိုးပစ်လိုက်လေသည်။
သူသည် ဤတစ်သက် ချူဖုန်းကို ရင်ဆိုင်ရန် ဘယ်သောအခါမှ ရဲတော့မည်မဟုတ်ပေ။
“ကောင်းပါပြီ၊ သွားကြစို့”
ယဲ့မိသားစုဘိုးဘေးက ပြောရင်းနှင့် မတ်တပ်ရပ်လိုက်သည်။
သူတော်စင်တစ်ပိုင်းကျို့ယန်သည် ပြတ်တောက်သွားသော ဘယ်ဘက်လက်ကို ကောက်ယူကာ လက်ချောင်းများမှ သိုလှောင်လက်စွပ်ကို ပြန်ယူရန် ကြံလိုက်သော်လည်း နောက်တစ်ခဏ၌ ထိတ်လန့်သွားကာ မှင်သက်သွားတော့သည်။
သူ့ဘယ်ဘက်လက်မှ သိုလှောင်လက်စွပ် နှစ်ကွင်းလုံး မရှိတော့ပေ။ ထိုအထဲတွင် ယဲ့မိသားစုဘိုးဘေးနှင့် လဲလှယ်ရန် ယူဆောင်လာသော ပစ္စည်းလည်း ပါဝင်နေ၏။
သူ၏ဗလာဖြစ်နေသော လက်ချောင်းများကို စိုက်ကြည့်ရင်း စည်းစိမ်သုံးပုံနှစ်ပုံ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူတော်စင်တစ်ပိုင်းကျို့ယန်သည် ဒေါသနှင့် စိတ်ပျက်အားငယ်မှုတို့ ခံစားလိုက်ရ၏။သူ့ နှုတ်ခမ်းများမှ သွေးတစ်လုတ် အန်ထုတ်မိတော့သည်။
ဖွီး
ယဲ့မိသားစု ဘိုးဘေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက ကျို့ယန်ကို အမြန်တွဲပေးရင်း မေးလိုက်သည်။
“တာအိုရောင်းရင်း ကျို့ယန်၊ အဆင်ပြေရဲ့လား”
သူတော်စင်တစ်ပိုင်းကျို့ယန်၏ အသံမှာ ဒေါသကြောင့် တုန်ရီနေသည်။
“ချူ... ချူဖုန်း ငါ မင်းနဲ့ တစ်မိုးအောက်မှာ မနေဘူးလို့ ငါကျိန်ဆိုတယ်”
ထိုစကားများ ပြောပြီးသည်နှင့် အမြင်အာရုံများ မှောင်အတိကျကာ သတိလစ်လဲကျသွားတော့သည်။
ယဲ့မိသားစုဘိုးဘေးမှာ စိတ်ထဲမှသာ သက်ပြင်းချရင်း ရေရွတ်နိုင်တော့သည်။ “တာအိုရောင်းရင်းကျို့ယန်၊ ခင်ဗျား သူ့ကို မနိုင်ဘဲနဲ့ အပိုစကားတွေ ပြောနေတုန်း။ ခင်ဗျားရဲ့ စိတ်ထားက တကယ့်ကို လိုအပ်ချက်ရှိနေတာပဲ”
ဟတ်ချိုး
ယဲ့မိသားစု ခြံဝင်းအတွင်း၌ ချူဖုန်းသည် မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် နှာချေလိုက်သည်။
သူ နှာခေါင်းကို ပွတ်ရင်း ရေရွတ်လိုက်၏။
“အဲ့ဒီ အဘိုးကြီးကျို့ယန်က တကယ့်ကို စိတ်ဓာတ် ကောင်းတာပဲ။ ငါက သူ့သိုလှောင်လက်စွပ်နှစ်ကွင်းပဲ ယူလိုက်တာကို ကွယ်ရာမှာ ကျိန်ဆဲနေပြီ”
သူ့ဘေးတွင် အကြီးအကဲပင်း၏ မျက်နှာမှာ ဇဝေဇဝါဖြစ်နေသည်။ “ဌာနမှူး၊ ဘာတွေ ပြောနေတာလဲ”
***