ညဉ့်နက်လာသော်လည်း
ယဲ့မျိုးနွယ်စုနေအိမ်၏ ဧည့်သည်ဆောင်တစ်ခုအတွင်း၌ မီးရောင်များမှာ ထိန်ထိန်လင်းနေဆဲပင်။
ချူဖုန်းသည် ခုတင်ပေါ်တွင် ထိုင်နေရင်း သူ၏ နတ်ဘုရားအာရုံ ကို အသုံးပြုကာ ကျိုယန်၏ သိုလှောင်လက်စွပ်များပေါ်ရှိ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးနေသည်။
တစ်နာရီခန့်အကြာတွင် ချူဖုန်း၏ မျက်နှာ၌ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“နောက်ဆုံးတော့ ပြီးသွားပြီ။ ရတနာသေတ္တာတွေ ဖွင့်ရမယ့်အချိန်ပဲ။ ဒီအဘိုးကြီးက ငါ့အတွက် ရတနာဘယ်လောက်တောင် ချန်ထားခဲ့မလဲ ကြည့်ရသေးတာပေါ့”
ချူဖုန်းသည် သိုလှောင်လက်စွပ်တစ်ကွင်းကို တိုက်ရိုက်ပင် ဖွင့်လိုက်သည်။
သူ့ မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ ကုဗမီတာ တစ်ရာခန့် ပမာဏရှိသော ဝိညာဉ်ကျောက်တုံးပုံကြီးဖြစ်ပြီး အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်အထိ အစုံအလင်ပေ။
သူက တစ်ချက်မျှ ခပ်သွက်သွက် ကြည့်လိုက်ပြီး စိတ်ဝင်စားမှု လျော့သွားသည်။ ချူဖုန်းက ဝိညာဉ်ကျောက်တုံး ရှားပါးနေသည့် လူစားမျိုးမဟုတ်ပေ။
သူ ဒုတိယလက်စွပ်ကို ဖွင့်လိုက်သည်။ ၎င်းသည်လည်း ကုဗမီတာ တစ်ရာခန့် အရွယ်အစားရှိသော်လည်း ဤတစ်ကွင်းထဲတွင် အစီအစဉ်တကျ ရှိနေသော တန်ဆာဆင်ထားသည့် သေတ္တာများဖြင့် ပြည့်နှက်နေသည်။
အချို့မှာ သစ်သားဖြင့် ပြုလုပ်ထားပြီး အချို့မှာ သတ္တုဖြင့် ပြုလုပ်ထားသော်လည်း ခြွင်းချက်မရှိ အားလုံးမှာ အနည်းဆုံး မှော်လက်နက်အဆင့်ရှိကာ အချို့မှာ ဝိညာဉ်လက်နက် အဆင့်အထိပင် ရှိကြသည်။
“ဒီအဘိုးကြီးမှာ အိုစီဒီ [အရာရာ သပ်ရပ်နေမှ ကျေနပ်သည့် စိတ်ရောဂါတစ်မျိုး] ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကဲ... ဒီသေတ္တာတွေထဲက ဘယ်တစ်ခုမှာ ကောင်းကင်မီးတောက် ပုန်းနေမလဲ”
ကောင်းကင်မီးတောက်များသည် ကိုယ်ပိုင်အသိဉာဏ် ရှိကြသဖြင့် သာမန်မှော်လက်နက်များဖြင့် ချိပ်ပိတ်ထား၍ မရနိုင်ပေ။
ချူဖုန်းသည် နောက်ဆုံးတွင် ဝိညာဉ်ရတနာသေတ္တာ ဆယ်လုံးပေါ်သို့ သူ၏ အကြည့်ကို ပို့လိုက်သည်။
ထိုအထဲမှ နှစ်လုံးမှာ ထောင့်တစ်နေရာတွင် သီးသန့်ရှိနေပြီး ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
တစ်ချက် ကြည့်လိုက်ပြီးနောက် သူသည် ထိုသေတ္တာနှစ်လုံးကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။
သူက သေတ္တာများကို သေချာစစ်ဆေးပြီး တစ်လုံးကို အရင်ဖွင့်ရန် ရွေးချယ်လိုက်သည်။
အဖုံးကို လှန်လိုက်သည်နှင့် တပြိုင်နက် တောက်လောင်နေသော အညိုရောင် မီးလျှံများ ပွင့်ထွက်လာပြီး မီးလျှံဆူးများ ဖုံးလွှမ်းနေသည့် ဧရာမလိပ်ကြီးတစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။
ထိုမီးတောက်သည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ သေတ္တာထဲမှ ဟိန်းဟောက်ထွက်လာ၏။
‘လိပ်ဝိညာဉ် မြေကမ္ဘာမီးတောက်’
ထိုအမည်မှာ ချူဖုန်း၏ စိတ်ထဲသို့ ချက်ချင်း ရောက်လာသည်။ သူသည် ဝိညာဉ်စွမ်းအားဖြင့် ထိုမီးတောက်ကို အမြန်ပင် ဖိနှိပ်လိုက်ပြီး သေတ္တာကို ပြန်လည် ချိပ်ပိတ်လိုက်သည်။
“အဲ့ဒီအဘိုးကြီးမှာ ကျောက်မီးတောက် ထက်တောင် သာတဲ့အရာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီတစ်ခေါက် ခရီးစဉ်က တကယ့်ကို တန်သွားပြီ”
သူသည် မီးတောက်ကို သန့်စင်ရန် မလောသေးပေ။ ဒုတိယသေတ္တာကို အသာအယာ စစ်ဆေးပြီး ကျောက်မီးတောက် ပါဝင်ကြောင်း အတည်ပြုပြီးနောက် ချူဖုန်းသည် အခြားသေတ္တာများကို စတင်ဖွင့်တော့သည်။
နှစ်တစ်ထောင် ဆေးပင်များ၊ သူတော်စင်အဆင့် မီးလင်းနဂါးချပ်ဝတ်၊ ကောင်းကင်မီးတောက် ကျောက်စိမ်းခဲများ... အဆုံးမရှိသော ရတနာပုံကြီးမှာ သူ၏ မျက်စိကို ကျိန်းသွားစေသည်။
တစ်ညလုံး ရတနာသေတ္တာများ ဖွင့်ပြီးနောက် ချူဖုန်းသည် တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရလေ၏။
‘တကယ်ပါပဲ... အဖိုးအခမပေးရဘဲ တန်ဖိုးကြီးပစ္စည်းတွေ ရတာရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ ယှဉ်နိုင်တာ ဘာမှမရှိဘူး’
သူသည် ကျန်ရှိသော သေတ္တာများကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပြီး ကျောက်မီးတောက် ပါသည့် သေတ္တာကို ယူဆောင်ကာ ယဲ့မျိုးနွယ်စု ဘိုးဘေးနှင့် အရောင်းအဝယ် အပြီးသတ်ရန် ထွက်လာခဲ့သည်။
နှစ်ရက်အကြာ နေဝင်ရီတရော အချိန်တွင်
ဘိုင်ယွင်မြို့ ဖလှယ်ပွဲကြီး ပြီးဆုံးသွားတော့သည်။
ကျင့်ကြံရေးခရီးကို ဆက်လက်ထွက်ခွာကြမည့် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို နှုတ်ဆက်ပြီးနောက် ချူဖုန်းသည် ကျန်ရှိသော တပည့်များကို ဦးဆောင်ကာ ဝမ်တောက်ကျောင်းတော်သို့ ပြန်လာခဲ့သည်။
ပြန်ရောက်သည်နှင့် လူတိုင်းသည် ကျင့်ကြံခြင်းကို အာရုံစိုက်တော့သည်။
ရတနာများစွာနှင့် ပြန်လာခဲ့သော ချူဖုန်းသည် ဝိုင်ချက်ခြင်းလုပ်ငန်းကို ပြန်စသည်။ ပြီးခဲ့သည့်အကြိမ်က သူချက်ခဲ့သော ဉာဏ်အလင်းပွင့်ဝိုင်ကို တပည့်များအား ခွဲဝေပေးပြီးနောက် သူ့အတွက် အနည်းငယ်သာ ကျန်တော့၏။
မိမိ၏ အာသီသကို ဖြည့်ရန် မြင့်မြတ်ဝိုင် အသစ်တစ်သုတ်ကို ထပ်မံ ချက်ရဦးမည်ပင်။
သုံးလဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပြီး နှစ်ကုန်ပိုင်းသို့ နီးကပ်လာခဲ့သည်။
ချူဖုန်း၏ မြင့်မြတ်ဝိုင်အသစ်မှာ နောက်ဆုံးတွင် ပြီးစီးသွား၏။ တစ်ချိန်တည်းမှာပင် နျဲ့ရှို့ယွမ်သည်လည်း သူ၏ အိပ်မက်ဝိုင် ကို ချက်လုပ်ပြီးစီးသွားခဲ့၏။
ဝိုင်များကို ချိပ်ပိတ်ပြီးနောက် ချူဖုန်းက နျဲ့ရှို့ယွမ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ရှို့ယွမ်၊ မင်း ဘယ်လိုထင်လဲ ငါတို့ ဝိုင်မြည်းစမ်းပွဲ နောက်တစ်ပွဲလောက် ကျင်းပပြီး မိတ်ဆွေဟောင်းတွေကို စည်စည်ကားကား ဖိတ်ကြမလား”
နျဲ့ရှို့ယွမ်က ခေါင်းညိတ်သည်။
“အကြံကောင်းပဲ။ ကျွန်တော့်ရဲ့ အိပ်မက်ဝိုင်က ကျွန်တော့်ကို တကယ်ပဲ... အိပ်မက်မက်စေနိုင်မလားဆိုတာလည်း စမ်းကြည့်ချင်နေတာ”
ချူဖုန်း၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားပြီး သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
“ဒီကလေးတော့... ကောင်းတဲ့ အိပ်မက်တွေပဲ အမြဲ စဉ်းစားနေတော့တာပဲ။ ငါပေးထားတဲ့ နန်ဟွာကျင့်ကျမ်းစာ ကိုရော ဘယ်လောက်အထိ တိုးတက်နေပြီလဲ”
နျဲ့ရှို့ယွမ်က ပြန်ဖြေသည်။
“ဆရာ၊ ကျွန်တော် အကုန်လုံးနီးပါး နားလည်နေပါပြီ။ ဒီအိပ်မက်ဝိုင် တစ်ခွက်ကနေ နောက်ဆုံးတွန်းအားတစ်ခု ရဖို့ပဲ လိုတာ။ ဖြစ်နိုင်ရင် အိပ်မက်ထဲမှာ စစ်မှန်တဲ့ လွတ်လပ်မှုကို ရရှိပြီး နန်ဟွာကျင့်ကျမ်းစာရဲ့ အနှစ်သာရစစ်စစ်ကို သဘောပေါက်သွားနိုင်မလားလို့ပါ”
ချူဖုန်းက ရယ်မောလိုက်သည်။ “ကောင်းပြီလေ၊ ဒါဆိုရင် ဖိတ်စာတွေ ပို့လိုက်ကြတာပေါ့။ အဲ့ဒီ မိတ်ဆွေဟောင်းတွေလည်း သူတို့ရဲ့ ဌာနအသီးသီးမှာ စောင့်နေကြလောက်ပြီ”
ထိုသို့ပြောပြီးနောက် နှစ်ဦးသား မိမိတို့၏ခြံဝင်းများသို့ ပြန်သွားကြ၏။
ချူဖုန်းသည် ချက်ချင်းပင် ဖိတ်စာ တစ်ဒါဇင်ကျော်ကို ရေးသားလိုက်သည်။
တစ်စောင်ချင်းစီတွင် စာလုံးကြီးကြီး အနည်းငယ်သာ ပါဝင်သည်။
“ဒီည မြောင်တောင်မှာ ဝိုင်မြည်းစမ်းပွဲရှိတယ်။ အမြန်လာခဲ့ကြ”
ကျန်ရှိသော ဌာနကိုးခုတွင် ချူဖုန်းနှင့် ရင်းနှီးသော အကြီးအကဲ အများအပြားမှာ မြောင်တောင်ဘက်မှ ထူးဆန်းသော နိမိတ်လက္ခဏာများ ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် မိမိတို့၏ ဝင်းအတွင်း၌ မနေနိုင်မထိုင်နိုင် လမ်းလျှောက်နေကြသည်။
ပြင်ပရေးရာဌာန အတွင်း၌
အကြီးအကဲပိုင်သည် သူ၏ မုတ်ဆိတ်မွေးကို မရပ်မနား ပွတ်သပ်နေပြီး စိတ်ထဲတွင် ပုရွက်ဆိတ် တစ်သောင်းကောင် တွားသွားနေသကဲ့သို့ စပ်စုလိုစိတ်များဖြင့် ယားယံနေသည်။
‘ဌာနမှူးချူ... ခင်ဗျား နည်းနည်းလောက် အေးအေးဆေးဆေး မနေနိုင်ဘူးလား
သိပ်တောင် မကြာသေးဘူး၊ အခု နောက်ထပ် မြင့်မြတ်ဝိုင်တစ်မျိုး ထပ်ထွက်လာပြန်ပြီလား။ ငါက ဘယ်လိုမျက်နှာမျိုးနဲ့ ထပ်ပြီး သွားသောက်ရမှာလဲ’
အနီးနားရှိ အမှုထမ်းများနှင့် တပည့်များက အကြီးအကဲပိုင်ကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
နောက်ဆုံးတွင် ရဲတင်းသော တပည့်တစ်ဦးက မေးလိုက်၏။
“ဆရာ... ဘာဖြစ်လို့လဲခင်ဗျာ”
အကြီးအကဲပိုင်က သူတစ်ပါးကိစ္စ ဝင်စွက်ဖက်ရမလားဆိုပြီး တပည့်ကို ဆူပူရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်မှ စက္ကူကြိုးကြာငှက်တစ်ကောင် ဆင်းသက်လာပြီး သူ့ရှေ့တွင် ဝဲပျံလာခဲ့သည်။
ကြိုးကြာငှက်က ဖြည်းဖြည်းချင်းဆင်းသက်လာကာ
အကြီးအကဲပိုင်၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ငါ သိသားပဲ။ ဌာနမှူးချူက ငါ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”
အကြီးအကဲပိုင်၏ မျက်နှာမှာ ချက်ချင်းဆိုသလို စီချွမ်အော်ပရာမှ မျက်နှာဖုံးလဲသကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် စုဝေးနေသော တပည့်များမှာ မှင်သက်သွားကြသည်။
သူတို့ကို ဂရုမစိုက်ဘဲ အကြီးအကဲပိုင်သည် လှည့်ထွက်သွားကာ အခန်းထဲသို့ အပြေးအလွှား ဝင်သွားပြီး ဝိုင်ပွဲအတွက် သင့်တော်မည့် လက်ဆောင်ကို အသည်းအသန် ရှာတော့သည်။
ဌာနမှူးချူက ဂရုမစိုက်သော်လည်း လက်ဗလာနှင့် သွားခြင်းကမူ သူ၏ အပြစ်သာ ဖြစ်ပေလိမ့်မည်။
အခြားတစ်နေရာ၊
သားရဲထိန်းဌာန တွင် အကြီးအကဲရှီသည် စက္ကူကြိုးကြာငှက်၏ သတင်းစကားကို ကြားလိုက်ရသည်နှင့် လုပ်လက်စများကို ရပ်တန့်လိုက်သည်။ သူက တပည့်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒီညရဲ့ အစီအစဉ်တွေ အကုန်ဖျက်လိုက်။ ငါ ဌာနမှူးချူရဲ့ ပွဲကို သွားမလို့”
တပည့်များအားလုံးမှာ သူ့ကို ကြောင်ကြည့်နေကြသည်။
‘ဆရာက ဒီည ကျွန်တော်တို့ကို ဝိညာဉ်သားရဲ အမဲလိုက်ဖို့ ခေါ်သွားမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား’
အလားတူ မြင်ကွင်းမျိုးများမှာ အခြားသော ဌာနများတွင်လည်း ဖြစ်ပျက်နေသည်။
ညနေစောင်းသောအခါ အရပ်ရပ်မှ အကြီးအကဲများသည် လက်ဆောင်များကိုယ်စီဖြင့် ဝိုင်မြည်းစမ်းပွဲသို့ တက်ရောက်ရန် အားတက်သရော ရောက်ရှိလာကြသည်။
ဝမ်ပေါင်လဲ့သည် မီးဖိုချောင်ကို ကိုယ်တိုင် တာဝန်ယူထားရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေသည်။ သူသည် စားဖိုမှူးလမ်းစဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ဤမျှ ကြီးကျယ်သော ပွဲမျိုးကို ပထမဆုံးအကြိမ် တည်ခင်းဧည့်ခံဖူးခြင်းပင်။
ကံကောင်းထောက်မစွာ သူသည် စစ်မှန်ကံကြမ္မာအဆင့် သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ သူ၏ ဓားကျွမ်းကျင်မှုမှာ အပြစ်ပြောစရာမရှိသလို၊ ယင်ယန်သဟဇာတဖြစ်ခြင်းနှင့် ထိုက်ကျိ နည်းစနစ် များဖြင့် ဖန်တီးထားသော ဟင်းလျာများမှာလည်း အနုပညာလက်ရာများပင်။
မကြာမီ ဝိုင်မြည်းစမ်းပွဲ စတင်လေသည်။
ဝိုင်များမှာ အဆက်မပြတ် စီးဆင်းနေပြီး ဧည့်သည်များမှာလည်း စိတ်ကြိုက်ကို သောက်နေကြ၏။
ဝိုင်သုံးခွက်ခန့် သောက်ပြီးနောက်
အကြီးအကဲရှီက မေးလိုက်သည်။ “ဌာနမှူးချူ၊ အခုတစ်ခေါက် ခင်ဗျားချက်တဲ့ မြင့်မြတ်ဝိုင်က ဘာနာမည်လဲ”
ချူဖုန်းက ပြုံးလျက် ပြန်ဖြေသည်။ “ဒီတစ်သုတ်ကိုတော့ နတ်ဘုရားယစ်မူးဝိုင် လို့ ခေါ်ပါတယ်။ နတ်ဘုရားတစ်ပါး သောက်ရင်တောင် မူးသွားနိုင်တာမလို့လေ။ နှစ်တစ်ထောင် ဝိညာဉ်သစ်သီးတွေကနေ ချက်ထားတာဖြစ်ပြီး သောက်ပြီးရင် ကျင့်ကြံမှုကို မြှင့်တင်ပေးရုံတင်မကဘဲ ဆေးအဆိပ်တွေကို ဖယ်ရှားပေးပြီး ကွယ်ဝှက်နေတဲ့ ဝေဒနာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ကျန်းမာရေးနဲ့ အသက်ရှည်ဖို့အတွက် အလွန်ကောင်းတဲ့ ဝိုင်မျိုးပါပဲ”
သူ စကားပြောပြီးသည်နှင့် ပွဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အကြီးအကဲများ အားလုံး၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးမှာ
“ခင်ဗျားက ဒါကိုမှ ကျန်းမာရေးဝိုင်လို့ ခေါ်သလား”
ချူဖုန်းသည် သူတို့၏ မှင်သက်နေသော မျက်နှာများကို ဂရုမစိုက်ဘဲ နျဲ့ရှို့ယွမ်ကို တစ်ချက် ကြည့်လိုက်သည်။
“ရှို့ယွမ်၊ မင်းရဲ့ အိပ်မက်ဝိုင်ကို မိတ်ဆက်ပေးလိုက်ဦးလေ”
ဝိုင်နောက်တစ်မျိုး ရှိသေးတာလား
အကြီးအကဲများသည် အံ့ဩနေရာမှ သတိဝင်လာပြီး ဝမ်တောက်ကျောင်းတော်၏ ယခင် နံပါတ်တစ် ဝိုင်ချက်ဆရာဖြစ်သော နျဲ့ရှို့ယွမ်ထံသို့ အကြည့်များ ပို့လိုက်ကြသည်။
နျဲ့ရှို့ယွမ်က ရယ်မောလိုက်သည်။ “ကျွန်တော့်ရဲ့ ဒီအိပ်မက်ဝိုင်ကတော့ ပြီးခဲ့တဲ့အကြိမ်က ဆရာ့ဆီက သောက်ခဲ့ရတဲ့ ဉာဏ်အလင်းပွင့်ဝိုင်ကို အခြေခံထားတဲ့ အပျော့စား ဝိုင်တစ်မျိုးပါ။ သောက်ပြီးရင် အိပ်မက်ထဲမှာ တိုက်ခိုက်နိုင်တယ်၊ ဒါမှမဟုတ် အိပ်မက်ထဲမှာ ကျင့်ကြံနိုင်ပါတယ်။ လေ့ကျင့်တာပဲဖြစ်ဖြစ်၊ တခြားဘာပဲလုပ်လုပ် အပြင်လောကမှာထက် ပိုပြီးတော့ စိတ်ကြည်လင်နေပါလိမ့်မယ်”
အကြီးအကဲများ အားလုံး အသက်ရှူမှားသွားကြသည်။
အကြီးအကဲပိုင်က ရေရွတ်လိုက်သည်။
“ရှို့ယွမ်... မင်း ပြောင်းလဲသွားပြီ။ မင်းရဲ့ ဝိုင်ဟောင်းတွေက သောက်လေ သောက်လေ မူးလေပဲ။ အခု မင်းရဲ့ဝိုင်က သောက်လေ သောက်လေ နိုးကြားလေ ဖြစ်နေပါလား”
နျဲ့ရှို့ယွမ်က ပြန်ဖြေ၏။
“ကျွန်တော် အခုတလော နန်ဟွာကျင့်ကျမ်းစာကို ဖတ်နေလို့ ဖြစ်မှာပါဗျာ”
အကြီးအကဲပိုင် “...”
***