“စီနီယာအစ်ကိုကြီး၊ ခဏနေရင် ဘာပဲမြင်မြင် ဘာမှဝင်မပြောပါနဲ့ ဝင်မစွက်ဖက်ပါနဲ့”
ကောင်းကင်ယံတွင် ပျံသန်းနေရင်း အကြီးအကဲပိုင်က အထူးတလည် သတိပေးလိုက်သည်။
“ဒီအဘိုးကြီး နားလည်ပါတယ်”
မိုယုသည် ဂျူနီယာညီလေးပိုင်မှာ ဘာကြောင့် ဤမျှအလုပ်ရှုပ်ခံကာ စိုးရိမ်ပူပန်နေရသည်ကို နားမလည်နိုင်ဖြစ်နေ၏။
သူ့မှတ်ဉာဏ်ထဲတွင် သောင်းပြောင်းပညာရပ်ဌာန ဆိုသည်မှာ ဖျက်သိမ်းလုနီးပါး ဖြစ်နေချေပြီ။
အကယ်၍ သူ့ချစ်လှစွာသော မြေးလေးသာ ထိုနေရာတွင် မတရားနှိပ်စက်ခံထားရပါက ထိုလူများကို ကောင်းကောင်းကြီး ပညာပေးရန် သူ ဆုံးဖြတ်ထား၏။
မကြာမီတွင် သူတို့နှစ်ဦးသည် ပင်မစံအိမ်အပြင်ဘက်သို့ ဆင်းသက်လိုက်ကြသည်။
အကြီးအကဲပိုင်က ရှေ့ဆုံးမှနေ၍ ရိုသေစွာ လှမ်းခေါ်လိုက်သည်။ “ကျုပ် ဌာနမှူးချူ ကို လာရောက်ဂါရဝပြုပါတယ်”
“အကြီးအကဲပိုင်၊ အထဲကို ဝင်ခဲ့လေ”
နူးညံ့သိမ်မွေ့သောအသံတစ်ခု စံအိမ်အတွင်းမှ ထွက်ပေါ်လာရာ မိုယု၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ဆိုးဝါးသွားတော့သည်။
‘သောင်းပြောင်းပညာရပ်ဌာနက ဒီလောက်တောင် နိမ့်ကျသွားတာလား။လူမမယ်လေးတစ်ယောက်ကတောင် ဌာနမှူး လုပ်နေရတယ်ပေါ့၊ ဒါကို ပိုင်က ပေါင်လဲ့အတွက် အခွင့်အရေးကောင်းကြီး စီစဉ်ပေးထားသလိုလို လုပ်နေသေးတယ်’
‘ဒီအဘိုးကြီးရဲ့ အရှိန်အဝါကို ခဏနေရင် ဘယ်လိုပြရမလဲ ကြည့်သေးတာပေါ့’
သူတို့နှစ်ဦးသည် ကျောင်းတော်အတွင်းသို့ ဝင်လာကြသည်။
မိုယု ခြေလှမ်းစတင်လှမ်းလိုက်သည်နှင့် ထိုနေရာမှာတင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားတော့၏။ သူ့အမူအရာမှာ သရဲမြင်လိုက်ရသကဲ့သို့ပင်။
‘အဲဒီကြောက်မက်ဖွယ်ရာ အရှိန်အဝါက ကောင်းကင်စိတ်ဝိညာဉ်ဌာန မှာ ရှိနေရမှာ မဟုတ်ဘူးလား’
သူက စကားပင် ထစ်သွားသည်။ “စီနီယာ... စီနီယာအစ်မပင်း၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
အကြီးအကဲပိုင်သည် ဤစကားကို ကြားလိုက်ရသဖြင့် မျက်နှာပျက်သွားကာ စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။
‘ဘာပဲမြင်မြင် ဘာမှမပြောပါနဲ့လို့ ငါ အတန်တန်မှာထားရဲ့သားနဲ့။ ဘာလို့ တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားက ထွက်သွားရတာလဲ’
အကြီးအကဲပင်းက မိုယုဘက်သို့ ဇဝေဇဝါအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ “ရှင်က ဘယ်သူလဲ”
မိုယုမှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ သူက မိမိကိုယ်ကို မိတ်ဆက်ချင်သော်လည်း စီနီယာအစ်မပင်းက သူ့ကို လုံးဝမမှတ်မိကြောင်း မြင်လိုက်ရသည့်အခါ ဘာပြောရမှန်းမသိ အနေခက်စွာဖြင့် နှာခေါင်းကိုသာ ပွတ်နေမိတော့၏။
အကြီးအကဲပိုင်မှာ ဝင်ရောက်ရှင်းပြရုံမှတစ်ပါး မရှိတော့ပေ။
“စီနီယာအစ်မပင်း... သူက ကျွန်တော့်ရဲ့ အရင်က ဂိုဏ်းတူအစ်ကိုတစ်ယောက်ပါ။ သူက စီနီယာကို တစ်ခါက မျက်မြင်တွေ့ဖူးလို့ပါ”
အကြီးအကဲပင်းက ထိုစကားကို ကြားသော်လည်း ဘာမှထပ်မပြောသလို ဆက်လည်း မမေးမြန်းတော့ပေ။
ချူဖုန်းက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
“အကြီးအကဲပိုင်... ဒါ ခင်ဗျား ကျုပ်ကို မိတ်ဆက်ပေးချင်တဲ့ မိတ်ဆွေသစ်လား”
အကြီးအကဲပိုင်က အမြန်ပင် တုံ့ပြန်လိုက်၏။
“ဟုတ်ပါတယ်ဗျ။ ဌာနမှူးချူ... ဒါက ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ။ သူက ဒီနေ့ ဝမ်တောက် ကျောင်းတော်ကို အလည်လာရင်းနဲ့ ကျွန်တော်က သူ့ကို လိုက်ပြချင်လို့ ခေါ်လာတာပါ။ တစ်ခုခု အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ”
“ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး။ ခင်ဗျား ဝိုင်ပြတ်သွားလို့ လာတာလားလို့ တောင် ထင်နေတာ”
ချူဖုန်း စကားပြော၍ပင် မဆုံးသေးမီမှာပင် ဧရာမပုံရိပ်ကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ နေရောင်ကိုပင် ကွယ်သွားစေ၏။
မိုယု မော့ကြည့်လိုက်သည့်အခါ နောက်တစ်ကြိမ် ထပ်မံ မှင်သက်သွားပြန်ကာ သူ့လက်တွေ့ဘဝအာရုံကိုပင် သံသယဝင်လာတော့သည်။
‘လောကကြီးမှာ ဘာတွေဖြစ်နေတာလဲ အဲ့ဒီပုဂ္ဂိုလ်ကရော ဘာလို့ ဒီမှာ ရှိနေရတာလဲ’
လင်းယုန်ဘုရင်က မိုယုကို မြင်သွားပြီး ပြုံးစစဖြင့် နောက်ပြောင်လိုက်သည်။
“ဟေး... ဒါ မိုမိသားစုက ကောင်လေး မဟုတ်လား မျက်တောင်တစ်ခတ်အတွင်းမှာပဲ အဘိုးကြီး ဖြစ်သွားပြီပေါ့လေ”
“မိုယု... စီနီယာလင်းယုန်ကို ဂါရဝပြုပါတယ်ခင်ဗျာ”
မိုယုက အမြန်ပင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လင်းယုန်ဘုရင်က စိတ်မရှည်သလို လက်ကာပြလိုက်သည်။
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ထို့နောက် သူ ချူဖုန်းကို ကြည့်လိုက်သည့်အခါတွင် သူ့အမူအရာမှာ ချက်ချင်းပင် ဖားယားသော အမူအရာသို့ ပြောင်းလဲသွားလေ၏။
“ညီအစ်ကို... မင်းဆီမှာ အိပ်မက်ဝိုင် ကျန်သေးလား”
ချူဖုန်းက အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်သည်။
“လူမှားနေပြီ။ ရှို့ယွမ်ကို သွားရှာချေ။”
လင်းယုန်ဘုရင်က ညည်းညူလိုက်သည်။
“အဲ့ဒီကောင်က သူ့ဝိုင်ကို ရတနာလို ဝှက်ထားတာ။ ငါကလည်း သူ့ဆီက ခိုးဖို့ကျတော့ စိတ်မပါဘူး”
ချူဖုန်းက တည်တည်တံ့တံ့ ပြောလိုက်သည်။ “စကားလုံးကို မှန်အောင်သုံးစမ်း။ အဲ့ဒါက ခိုးတာမဟုတ်ဘူး။ ပညာရှိတွေက ခဏယူတယ်လို့ပဲ ခေါ်တာ”
“…”
ရွှေတောင်ပံလင်းယုန်ဘုရင်မှာ ခေတ္တမျှ စကားဆွံ့သွားပြီးနောက် သနားစဖွယ် အမူအရာ လုပ်လိုက်ပြန်သည်။
“ညီအစ်ကို... မင်းဆီမှာ ရှိတာ ငါသိပါတယ်။ နည်းနည်းလောက်ပဲ ပေးပါဦး။ အိပ်မက်ဝိုင် မသောက်ရတဲ့နေ့ဆိုရင် ငါ့မှာ နေလို့ထိုင်လို့ကို မကောင်းတော့လို့ပါ”
ချူဖုန်း၏ သိုလှောင်လက်စွပ်မှ အလင်းတစ်ချက် လင်းသွားပြီးနောက် ဝိုင်အိုးတစ်လုံးကို ကမ်းပေးလိုက်သည်။
“ဒါ နောက်ဆုံးတစ်အိုးပဲ။ ဒါကုန်ရင် ငါ့မှာ မရှိတော့ဘူး”
“မင်းက အကောင်းဆုံးဆိုတာ ငါသိသားပဲ”
လင်းယုန်ဘုရင်မှာ ချက်ချင်းပင် မူလအတိုင်း ထောင်ထောင်လွှားလွှား အမူအရာ ပြန်ဖြစ်သွားပြီး တောင်ပံခတ်ကာ ပျံသန်းထွက်ခွာသွားတော့သည်။
ချူဖုန်းမှာ ရွှေတောင်ပံလင်းယုန်ဘုရင်၏ အပြုအမူများကို ယဉ်ပါးနေပါ၏။ ၎င်းမှာ ခွေးများထက်တောင် ပိုပြီး ခွေးနှင့် တူနေသေးသည်။ တစ်ခါတလေကျလျှင် ဤကောင်မှာ အတိတ်ဘဝက ခွေးမိစ္ဆာများ ဖြစ်ခဲ့သလားဟုပင် သူ သံသယဝင်မိသည်။
မိုယုတစ်ယောက်သာ မှင်တက်အေးခဲနေဆဲပင်။ ကံကောင်းထောက်မစွာဖြင့် အကြီးအကဲပိုင်က အချိန်ကိုက် ဝင်ပြောလိုက်သည်။
“အင်း... အနံ့က တကယ့်ကို မွှေးကြိုင်နေတာပဲ... ဌာနမှူးချူ၊ တူလေးဝမ်က တစ်ခုခု ကောင်းကောင်းချက်နေတာလား”
“ဖြစ်နိုင်တာကတော့ ထိုက်ဆွေ့ အစပ်ချက်ထင်တယ်။ တစ်ပန်းကန်လောက် ဝင်စားမလား”
ချူဖုန်းက ဖိတ်ခေါ်လိုက်သည်။
“ကောင်းသားပဲ”
အကြီးအကဲပိုင်သည် ဝိုင်အကြောင်း ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး စိတ်လှုပ်ရှားကာ လန်းဆန်းသွားတော့၏။
ထိုအခါမှသာ မိုယုတစ်ယောက် သတိပြန်ဝင်လာပြီး သူ ဤနေရာသို့ လာရသည့် အဓိကအကြောင်းရင်းကို သတိရတော့သည်။
“သူ့ အဖိုးတန်မြေးလေးက... သောင်းပြောင်းပညာရပ်ဌာနမှာ တကယ့်ကို နိမ့်ကျတဲ့ အလုပ်ဖြစ်တဲ့ ထမင်းချက်အလုပ်ကို လုပ်နေရတယ်ပေါ့။ မတရားလိုက်တာ’
မိုယု ဒေါသပေါက်ကွဲတော့မည့်အချိန်မှာပင် တစ်စုံတစ်ယောက်က သူ့ကို ဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။ အကြီးအကဲပိုင်၏ အသံက နားထဲတွင် ပဲ့တင်ထပ်လာသည်။
“ဌာနမှူးချူ... ကျွန်တော်တို့ တူလေးဝမ် ဘာတွေချက်နေလဲဆိုတာ သွားကြည့်လို့ ရမလား”
“သွားလေ၊ သွားလေ။”
ချူဖုန်းက လက်ကာပြလိုက်သည်။
‘ဖက်တီးလေး ထမင်းချက်နေတာက လျှို့ဝှက်ချက်မှ မဟုတ်တာ သူတို့ကို ကြည့်ခိုင်းလိုက်တာ ဘာအန္တရာယ်ရှိမှာမို့လဲ’
အကြီးအကဲပင်းက ထိုလူနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ သူမ၏ ထင်ယောင်ထင်မှားလားတော့ မသေချာသော်လည်း စောစောက ထိုအဘိုးကြီးထံမှ ဒေါသအရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသလိုပင်။
မီးဖိုချောင်အပြင်ဘက်တွင်။
မိုယုသည် အတွင်းတွင် အလုပ်ရှုပ်နေသော ပုံရိပ်ကို စိုက်ကြည့်ရင်း အံကြိတ်ထားမိရာ အားပါလွန်း၍ သွားများပင် ကျိုးကြေတော့မတတ်ပင်။
သူက သွားကြားထဲမှ စကားလုံးများကို ညှစ်ထုတ်ကာ ပြောလိုက်၏
“ညီလေးပိုင်... ငါ့ကို ဒီကိစ္စ ရှင်းပြနိုင်မလား”
အကြီးအကဲပိုင်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။ “စီနီယာအစ်ကိုကြီး... အနည်းဆုံးတော့ တ လေးရဲ့ ကျင့်ကြံမှုအဆင့်ကို အရင်ကြည့်လိုက်ပါဦး။”
မိုယု ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဝမ်ပေါင်လဲ့ကို သူ၏ နတ်ဘုရားအာရုံ ဖြင့် စစ်ဆေးကြည့်လိုက်သည်။
စစ်ဆေးလိုက်သည့် ခဏမှာပင် သူ ထိတ်လန့်တကြား အော်ဟစ်မိတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ သူက စစ်မှန်ကံကြမ္မာအဆင့် ကို ရောက်နေပြီပဲ။ နှောင်းပိုင်း အဆင့်တောင် ရောက်နေပြီ။ သူ... သူ ဝမ်တောက်ကျောင်းတော်ကို ရောက်တာ နှစ်နည်းနည်းပဲ ရှိသေးတာလေ”
အကြီးအကဲမိုသည် ဝမ်ပေါင်လဲ့ ဝမ်တောက်ကျောင်းတော်သို့ စတင်ရောက်ရှိချိန်က တာအိုတည်ဆောက်ခြင်းအဆင့်သို့ပင် မရောက်သေးကြောင်း ကောင်းကောင်းကြီး မှတ်မိနေသေး၏။
အကြီးအကဲပိုင် တဟားဟား ရယ်မောလိုက်သည်။
“သူ့ရဲ့ ဓားနည်းစနစ်ကို မြင်ရတဲ့အထိသာ စောင့်ကြည့်လိုက်ပါဦး”
သူတို့ပြောရင်းဆိုရင်း မီးဖိုချောင်သုံးဓားကို ကိုင်ထားသော ဝမ်ပေါင်လဲ့က ခပ်သွက်သွက် လှီးဖြတ်နေတော့သည်။
ဓားချက်တစ်ချက်ချင်းစီမှ ဓားဆန္ဒ များမှာ အလွန်ပင် ထင်ရှားလှသဖြင့် မိုယုပင် အဝေးမှ ခံစားမိသည်။
မိုယုက အသက်ပြင်းပြင်း ရှူလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါ့မြေးက ဘယ်တုန်းကများ ဒီလို ထူးချွန်တဲ့ပါရမီရှင်ကြီး ဖြစ်သွားရတာလဲ...”
“ထူးချွန်တဲ့ပါရမီရှင်တော့ မဟုတ်သေးပါဘူး။ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ရရုံပဲ ရှိပါသေးတယ်”
အကြီးအကဲပိုင်က သွယ်ဝိုက်သော အဓိပ္ပာယ်ဖြင့် ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ငါ့မြေးက ဝမ်တောက်ကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ”
စိတ်လှုပ်ရှားလွန်းသဖြင့် မိုယုက ထိုစကားများကို အကျယ်ကြီး အော်ဟစ်လိုက်မိ၏။
ထိုအော်ဟစ်သံမှာ မီးဖိုချောင်အတွင်းရှိ ဝမ်ပေါင်လဲ့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသလို၊ ဝင်းအတွင်းရှိ ချူဖုန်းနှင့် အကြီးအကဲပင်းတို့ပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ချူဖုန်းက အကြီးအကဲပင်းဘက် လှည့်ကာ ပြောလိုက်သည်။
“အကြီးအကဲပင်း... အဲ့ဒီ အဘိုးကြီးမိုရဲ့ ဦးနှောက်က တစ်ခုခုများ ဖြစ်နေတာလား။ ငါတို့ သောင်းပြောင်းပညာရပ်ဌာနကို လာပြီး အဲ့ဒီလိုတွေ လျှောက်အော်နေရအောင်”
အကြီးအကဲပင်းက ခေါင်းညိတ်လိုက်သည်။ “ ဟုတ်လောက်တယ်”
အကြီးအကဲပိုင် ဆွံ့အသွားတော့၏။ သူကိုယ်တိုင် စီနီယာအစ်ကိုကြီးမိုကို ဤနေရာသို့ ခေါ်လာမိသည့်အတွက် အကြီးအကျယ် နောင်တရနေမိသည်။ အကယ်၍သာ ကြိုသိခဲ့ပါက ထိုအဘိုးကြီးကို သူ့ဘာသာသူ ဒုက္ခခံခိုင်းလိုက်ပေမည်။ မည်သို့ပင်ဆိုစေ သူသည် ဝမ်တောက်ကျောင်းတော်တွင် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရဦးပေမည်။
ဝမ်ပေါင်လဲ့သည် အပြင်ဘက်မှ ထွက်ပေါ်လာသော အသံကိုကြားသော်လည်း၊ ထိုအသံမှာ အဘိုးဖြစ်သူ၏ အသံနှင့် အလွန်တူနေသော်လည်း မတုံ့ပြန်ပေ။
သူသည် အမြဲတမ်း ယုံကြည်ချက်တစ်ခုကို ဆုပ်ကိုင်ထား၏။ ချက်ပြုတ်ခြင်းသည်လည်း ကျင့်ကြံခြင်းဖြစ်သည်ဟူ၍ပင်။ မည်သူပင်ဖြစ်စေ၊ ဘာပင်ဖြစ်ပျက်နေစေ ချက်ပြုတ်ခြင်းကို မည်သည့်အရာမှ အနှောင့်အယှက်ပေးခွင့် မရှိပေ။ နောက်ဆုံးဟင်းလျာကို ချက်ပြုတ်ပြီးစီးသွားသည့်အခါမှသာ ဝမ်ပေါင်လဲ့သည် ဓားကို ချလိုက်ပြီး မီးဖိုချောင်တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။
အပြင်ဘက်တွင် ရပ်နေသော ရင်းနှီးလှသည့် အဖိုးအို၏ ပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများတွင် မျက်ရည်များ ချက်ချင်း ပြည့်လျှံလာတော့သည်။
သူ့ မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။ “အဘိုး၊ ဒါ တကယ်ပဲ အဘိုးပဲလားဗျာ”
***